လျန်တောက်ဖေ ပေါ်လာခြင်း
Vol. 132 Ch. 1818
ဒုတိယမြားချက် ထိုးထွက်လာသည်နှင့် ဝမ်လင်း၏မျက်လုံးထဲတွင် ရွှေရောင်အလင်း တောက်ပသည်။ ၎င်းသည် ပျောက်ကွယ်တော့မည့်အလား။ သို့ပေမည့် သည်အခိုက်၌ ဝမ်လင်းက ၎င်းမြားချက်ကို အတင်းအကြပ် ဖြစ်ပေါ်စေပြီး အမျှင်တန်းတစ်ခုကိုသာ ချန်ထားလိုက်၏။ ထိုအမျှင်တန်းက သူ၏ကောင်းကင်ဘုံသွေးမျိုးဆက် နောက်ဆုံးစွမ်းအားပင်။
ဝမ်လင်းသည် တခြားသူများ ဒီအရာကို မြင်သွားမှာ စိုးရိမ်၏။ ထို့ကြောင့် သူက ဒုတိယမြားချက် ပစ်လွှတ်လိုက်ချိန်တွင် မျက်လုံးမှိတ်ထားလိုက်သည်။
ဝမ်လင်းသည် သူ၏ထံ၌ နောက်ထပ် မြားတစ်ချက်စွမ်းအားသာ ကျန်ရှိတော့သည်ကို နားလည်သည်။
ဒုတိယမြောက်မြားသည် ထိုးထွက်လာကာ လောကသည် တုန်ဟည်း၏။ ဟင်းလင်းပြင်သည် ပျက်စီးတော့မည့်အလား တွန့်ခေါက်ပုံပျက်သည်။ ခုနစ်ရောင်စုံတာအိုသခင်က မာန်သွင်းလိုက်၏။ ငါးမျက်လုံးသားရဲများက မျက်လုံးဖွင့်လာခဲ့ပြီး ဖြစ်၍ သူ့အား မင်သက်စေခဲ့ပြီပင်။ ဝမ်လင်း၏ ဒုတိယမြားချက် ထိုးထွက်လာချိန်၌သူက ပို၍ပင် တုန်လှုပ်သွားပြီး သူ၏ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်သည်။
ခုနစ်ရောင်စုံအလင်း ပျံ့လွင့်လာကာ သူ၏ရှေ့၌ မတူညီသောအလင်းခုနစ်ခုမှာ အလွှာလိုက် ဖြစ်ပေါ်၏။ ယင်းတို့ ပေါ်လာသည်နှင့် ငါးမျက်လုံးသားရဲတို့က ချဉ်းကပ်လာသည်။
ငါးမျက်လုံးသားရဲတို့သည် ချဉ်းကပ်လာရင်း ကြုံ့လာ၏။ အနက်ရောင်အလင်း တောက်ပကာ ၎င်းတို့သည် မြားရှစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုမြားရှစ်စင်းက လီကောင်း၏မြားနှင့် အတူတူပင်။ မည်သည့်ကွာခြားချက်မှ မရှိလေပေ။ တူညီသောအော်ရာပင် ရှိနေသေး၏။ သည်နေရာရှိ လူတိုင်းမှာ ထိုအဖြစ်ကြောင့် မင်သက်ကုန်၏။
“ငါးမျက်လုံးတွေ ဖွင့်ဟလာတာနဲ့ ထူးကဲတဲ့စွမ်းအားကို ပိုင်ဆိုင်တယ်ဆိုတဲ့ ကောလဟာလဟာ တကယ်ပဲ ဖြစ်နေတာလား…” ဒြပ်စင်ငါးခုဂြိုဟ်မှ အဘိုးအိုမာက အကွာအဝေးတစ်ခုကနေ သေချာလှမ်းကြည့်သည်။
မဟာအင်ပါယာရွှမ်လောသည်သာ ဒီငါးမျက်လုံးရှစ်ကောင်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သူတစ်ယောက်သာ ထိုသားရဲများ၏ ထူးခြားစွမ်းအားနှင့် ပတ်သတ်၍ သိရှိထားသည်။
“ငါးမျက်လုံးသားရဲ မျက်လုံးဖွင့်လာတာနဲ့ သူတို့ဟာ ဘယ်အရာမဆို ဖြစ်ပေါ်နိုင်ပြီး ၎င်းရဲ့စွမ်းအား အစိတ်အပိုင်း ဖြစ်လာနိုင်ကြတယ်။ ဒါပေမဲ့ ငါးမျက်လုံးတွေ မျက်လုံးဖွင့်လာဖို့ဆိုတာ အလွန်ခက်ခဲတယ်…။ ဒီလှိုဏ်ဂူလောကထဲက ငါးမျက်လုံးတွေက စိတ်ဝင်စားဖို့ ကောင်းသားပဲ…”
ရွှမ်လော၏မျက်လုံးသည် အရောင်တောက်၏။
လီကောင်း၏မြားကိုးစင်းက အတူတကွ ရောယှက်ကာ မည်သည်က အစစ်အမှန်မှန်း ခွဲခြား၍ မဖြစ်နိုင်တော့ပေ။ ယင်းတို့က ခုနစ်ရောင်စုံတာအိုသခင်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ သူ၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားကာ သူ့ပတ်လည်ရှိ ခုနစ်ရောင်စုံအလင်းကာများက တွန့်ခေါက်သွား၏။ ကျယ်လောင်စွာ ဟိန်းမည်သံ ပဲ့တင်ထပ်သည်။
ခုနစ်ရောင်စုံအလင်းကာများ ပျက်စီးကာ ယင်းတို့နှင့်အတူ လီကောင်း၏မြားချက်များလည်း ပျက်စီးလေ၏။ သို့ပေမည့် ၎င်းတို့က ပျောက်ကွယ်မသွားဘဲ ငါးမျက်လုံးရှစ်ကောင်အဖြစ်သို့ ပြန်ဖွဲ့စည်းသည်။ ယင်းတို့သည် ပထမဆုံး ငါးမျက်လုံးနှင့် အနီးအနားသို့ ကျရောက်သွားပြီး ငါးမျက်လုံးကိုးကောင်က အသက်ငင်သွားရလေ၏။
သည်ပျက်စီးမှုမှ ဖြစ်ပေါ်လာသော တုန်ခါလှိုင်းက လူတစ်ယောက်၏အမြင်နှင့် နတ်ဘုရားအာရုံကို ဖုံးလွှမ်းသွားချေ၏။ ကိုးခုမြောက်လီကောင်း၏မြားက အရာအားလုံးကို ထွင်းဖောက်ကာ ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ဦးတည်သည်။
ထိုတုန်ခါလှိုင်းထံမှ ငြီးငြူသံ ထွက်ပေါ်လာ၏။ ယင်းတုန်ခါလှိုင်း ပျောက်ကွယ်သွားချိန်၌ ခုနစ်ရောင်စုံတာအိုသခင်ကို မြင်တွေ့ရသည်။ သူက သွေးအန်လိုက်ရပြီး သူ၏ရင်ဘက်၌ လက်သီးဆုပ်ခန့် အပေါက်တစ်ပေါက် ပေါ်နေသည်။ သူက လီကောင်းလေးကြောင့် ဒဏ်ရာအပြင်းအထန် ရသွားလေပြီ။
သူက ဒေါသတကြီး မာန်သွင်းကာ ရှေ့သို့ ဦးတည်သည်။ သူ၏ဒဏ်ရာများကို လစ်လျူရှု၍ သူက ဝမ်လင်းထံ ဦးတည်ဝင်လာသည်။ သူ့ထံ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသလို ရူးသွပ်မှုအရိပ်အမြွက် ပါဝင်နေ၏။
“ဒီအဘိုးအိုဟာ မင်းကို သတ်ဖို့ တတိယစိတ်ဝိညာဉ်ကို လက်လျှော့လိုက်မယ်…”
ခုနစ်ရောင်စုံတာအိုသခင်က မာန်သွင်း၏။ သူ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ပတ်လည်၌ တောက်ပသောနေကိုးစင်း ပေါ်လာသည်။
နေကိုးစင်းသည် ခုနစ်ရောင်စုံတာအိုသခင်၏ အစွမ်းထက်ဆုံးမန္တာန်ပင်။ သူက တုံ့နှေးခြင်းမရှိ ဝမ်လင်းကို သတ်ဖို့ ၎င်းကို အသုံးပြုပေတော့မည်။
ဝမ်လင်း၏မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သည်အခိုက်၌ သူက ဆီကုန်ခါနီး မီးအိမ်အလား။ အလွန်အားနည်းနေပေပြိ။ သူက အံတင်းတင်းကြိတ်ကာ လီကောင်းလေးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်၊ညာလက်ဖြင့် လေးကြိုးကို ဆွဲတင်၏။ ဤသည်မှာ သူ၏ တတိယကြိမ်မြောက်မြားချက်ပင်။ ဝမ်လင်းက သည်တစ်ကြိမ်မှာ နောက်ဆုံးမြားချက်ဖြစ်မှန်း သိသည်။
လေးကြိုးသည် နောက်ပြန်ကန်လာကာ မြား ပေါ်လာသည်။ ထိုမြားပေါ်၌ သွေးစအချို့ ရှိနေသည်။ ဝမ်လင်းက သူ့ညာလက်ကို ဖြေလျှော့လိုက်ရာ မြားချက်သည် တတိယကြိမ်မြောက် ထိုးထွက်လာတော့သည်။
တတိယမြောက် မြားချက် ထိုးထွက်လာချိန်၌ ဝမ်လင်းက သူ၏မျက်လုံးထဲမှ ရွှေရောင်အလင်း ပျောက်ကွယ်သွားသည်ကို ဖုံးကွယ်ဖို့ ချက်ခြင်း မျက်လုံးမှိတ်လိုက်သည်။
ခုနစ်ရောင်စုံတာအိုသခင်၏ ရင်ဘက်မှာ သွေးများ ဖုံးနေသည်။ တတိယမြား ထိုးထွက်လာသည့်အခါ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူက လက်ဝေ့ယမ်းသည်။ သူ၏မျက်လုံးထဲ၌ ရူးသွပ်မှု ပေါ်လာ၏။ သူက သူ့ဘဝတွင် လုံးဝ ဒဏ်ရာ မရခဲ့ဖူးပေ။ သူ့ကို ပို၍ ရူးသွပ်သွားစေသည်က သူ ဒဏ်ရာရအောင် လုပ်သူမှာ သူ့ထက် ကျင့်ကြံမှုအဆင့်နိမ့်လှသော ဝမ်လင်း ဖြစ်နေခြင်းကြောင့်ပင်။
ထို့အပြင် သူက သူ အုပ်စိုးသူကို လက်ဆောင်ပေးခဲ့သော လီကောင်း၏လေးကြောင့် ဒဏ်ရာ ရခဲ့သည် ဖြစ်၍ ပို၍ မခံချိမခံသာ ဖြစ်ရသည်။ မူလတုန်းက သူသည် လျန်တောက်ဖေ ထွက်လာအောင် မြှူဆွယ်ဖို့ လီကောင်းလေးကို ဝမ်လင်းအား ပေးခဲ့ခြင်းဖြစ်၏။ နောက်ရည်ရွယ်ချက်တစ်ခုကတော့ ဝမ်လင်းနှင့် တစ္ဆေအိုကြီးကျန့်တို့ကြား ရန်ငြှိုး ဖြစ်လာစေရန်အတွက်ပင်။ ဝမ်လင်းက သည်လေးကို သုံး၍ တစ္ဆေအိုကြီးကျန့်ကို ဒဏ်ရာရစေရန်ဟု တာအိုသခင်က ရည်ရွယ်ထားခဲ့၏။
တကယ်တော့ သူဖြစ်စေ၊ တစ္ဆေအိုကြီးကျန့်တို့ ဖြစ်စေ သည်လေးကို အသုံးမပြုနိုင်မှန်း သူ သိထား၏။
သို့ပေမည့် သူက လီကောင်းလေးကြောင့် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူ၏စိတ်ထဲရှိ ရူးသွပ်မှုက အရာအားလုံးကို လစ်လျူရှု၍ ဝမ်လင်းကိုသာ သတ်ပစ်ချင်နေတော့သည်။
သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ နေကိုးစင်းက တောက်ပလာ၏။ ယင်းတို့က ပျံသန်းထွက်ကာ တတိယမြောက်မြားထံသို့ ဦးတည်သည်။
တတိယမြားချက် နေကိုးစင်းနှင့် ထိပ်တိုက်တွေ့သည့်အခါ ကျယ်လောင်စွာ ဟိန်းသံ ထွက်ပေါ်သည်။ နေကိုးစင်းသည် ပျက်စီးသွားရ၏။ အလားတူပင် တတိယမြားသည်လည်း လွင့်ပျောက်မည့် အရိပ်အယောင် ပြသလာသည်။ တောက်ပသောအလင်းက ပေါက်ကွဲထွက်ကာ အရာအားလုံးကို လွှမ်းခြုံသွားသည်။
နေကိုးစင်းက ပေါက်ကွဲထွက်၏။ အဖျက်အစီးအားတစ်ခု ပျံ့လွင့်လာသည်။ သူတို့၏စွမ်းအားက အတိုင်းအဆမဲ့သည်။ အဇူရာနဂါးဗိုလ်ချုပ်က အနီးဆုံးနေရာတွင် ရှိနေသဖြင့် ထိုအဖျက်အစီးအားက သူ့ကို လာထိသည်။ သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားကာ ချက်ခြင်း သေဆုံးသွားတော့၏။ လောကသည် စတင်၍ တစစီ ဖြစ်ကုန်၏။ သည်လောက ဖျက်စီးခံလိုက်ရပေပြီ။
သို့ပေမည့် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ အဖျက်အစီးအားထံ၌ ခုနစ်ရောင်စုံတာအိုသခင်၏ စွမ်းအား အပြည့်အဝ ပါဝင်ထားပေသည်။ ဒီအဖျက်အစီးလောကသုံးရာသည်ပင် သည်အားကို ခုခံနိုင်လိမ့်မည် မဟုတ်ပါ။ အဖျက်အစီးအား ပျံ့နှံ့လာသည့်အခါ သည်အဖျက်အစီးလောကသုံးရာသည် တစ်ခုပြီးတစ်ခု စတင် ပျက်စီးလာသည်။
လိပ်နက်ဗိုလ်ချုပ်၏မျက်နှာထက်၌ အကြောက်တရားတို့ ကြီးစိုးလာကာ သူသည် ဟင်္သာငှက်ဗိုလ်ချုပ်နှင့်အတူ နောက်သို့ အော်ဟစ်ကာ ဆုတ်၏။ အုပ်စိုးသူ၏မျက်နှာမှာလည်း ဖြူရောသွားကာ အနီရောင်အလင်းတန်းအဖြစ် ပြောင်း၍ ထွက်ပြေးတော့သည်။
အကွာအဝေးတစ်ခု၌ တတိယမြောက်ကိုယ်လုပ်တော်၊ တာအိုသခင်အိပ်မက်ပြာ၊ ဒြပ်စင်ငါးခုဂြိုဟ်မှ လူများ၏ အမူအရာများလည်း ပြောင်းလဲကုန်သည်။ သူတို့အားလုံးက အဖျက်အစီးလောကသုံးရာကို ဖြစ်ပေါ်စေသော ပထမဆုံးပန်းပွင့်ထံသို့ ပြန်ဆုတ်လိုက်ကြသည်။
ဒီအဖျက်အစီးအား၏ ဗဟိုချက်၌ ခုနစ်ရောင်စုံတာအိုသခင်၏ ရင်ဘက်မှာ တုန်ခါနေသည်။ တတိယမြားချက်နှင့် နေကိုးစင်းတို့ ထိပ်တိုက်မှုက တုန်ခါလှိုင်းကို ဖန်တီးကာ သူ၏ခန္ဓာကိုယ်ထံ တရကြမ်း ဝင်ဆောင့်၏။ သူ၏ရင်ဘက်မှ သွေးများပန်းထွက်ကာ သူက အပြင်းအထန် ဒဏ်ရာရသွားသည်။
သို့ပေမည့် သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာသည်။
“မင်းလည်း ဒီအဖျက်အစီးအားနဲ့ အရမ်းနီးကပ်နေတာ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒါကို ဘယ်လိုခုခံနိုင်မလဲ ငါ မြင်ချင်မိတယ်…”
ဝမ်လင်းသည် အမှန်ပင် အနီးဆုံးတွင် ရှိနေ၏။ ထိုအဖျက်အစီးအားက သူ့ထံ နီးကပ်လာသည်။ လောကများ ပျက်စီးနေ၏။ သူ၏ရှေးတောက်အမွေအနှစ်ဖြင့်ပင် သူသည် မခုခံနိုင်ပေ။ ၎င်းအားကသာ သူ့ခန္ဓာကိုယ်ကို ထိမိသည်နှင့် သူသည် ဖျက်စီးခံလိုက်ရမည်ပင်။
သို့ပေမည့် ဝမ်လင်းက သည်ချုံခိုတိုက်ကွက်ကို ပြင်ဆင်ဝံ့မှတော့ ကြိုပြင်ဆင်ထားခဲ့ပြီးပင်။ သူက ထိုအဖျက်အစီးအား ပေါ်လာမည်ကို မျှော်လင့်ထားခဲ့ပြီးသားပင်။ အဖျက်အစီးအား သူ့ထံ နီးကပ်လာစဉ်က သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လေဟာနယ်ထံသို့ လက်ဆန့်ထုတ်၏။
“ငါ တောင်းပန်ပါတယ်…” ဝမ်လင်းက သက်ပြင်းချ၏။
ကြောက်မက်ဖွယ်ရွှေရောင်အလင်း ပေါက်ကွဲထွက်လာ၏။ ရှုပ်ပွသောဝတ်ရုံဖြင့် အိပ်ပျော်နေသော အရူးသည် ဝမ်လင်း၏ရှေ့၌ ပေါ်လာသည်။
အရူးထံ၌ ပြီးပြည့်စုံသော အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် ပိုင်ဆိုင်ထး၏။ ကြယ်အဖွဲ့အစည်းတစ်ခု ပြိုကျလျှင်ပင် သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာ ရလိမ့်မည် မဟုတ်ပေ။
သူက အိပ်ပျော်နေဆဲဖြစ်၏။ သူက ဝမ်လင်း သူ့ပုခုံးကနေ ဆွဲကိုင်၍ ထုတ်ယူလိုက်သည့်အတွက် မသက်မသာ ခံစားမိ၏။ ထို့အတွက် သူက ခန္ဓာကိုယ် အနည်းငယ် တွန့်သွားပြီးနောက် ဆက်အိပ်နေပြန်သည်။
သို့သော် ထိုအခိုက်တွင် အဖျက်အစီးအား ရောက်ရှိလာကာ အရူးကို ထိမှန်၏။ အရူး၏ခန္ဓာကိုယ်က တောက်ပသွားပြီး အဖျက်အစီးအား၏ အောက်သို့ ကျရောက်သွား၏။
အရူး၏ခန္ဓာကိုယ်သည် တုန်ယင်လာပြီး တဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးထဲ၌ ရှုပ်ထွေးမှုတို့ ရှိနေပြီး ဒေါသထွက်ဟန်လည်း ပေါ်၏။ သူက ခုထိ အသေအချာ မနိုးလာသေးဘဲ အိပ်တဝက်နိုးတဝက် အခြေအနေ ဖြစ်နေ၏။ သူက သူ့ရှေ့ရှိ ခုနစ်ရောင်စုံတာအိုသခင်ထံသို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်သူလဲ။ ဘယ်သူလဲ။ ဒီဘုရင် အိပ်ပျော်နေတာကို နှောက်ယှက်ဝံ့တာ ဘယ်သူလဲ။ မင်းတို့အားလုံးက မကောင်းတဲ့ ကောင်တွေပဲ၊ ငါ့ကို အနိုင်ကျင့်ကြတယ်။ ဒီဘုရင်က ငါ့အစ်ကိုကြီးကို တိုင်ပြောမယ်….”
အရူးသည် ခုနစ်ရောင်စုံတာအိုသခင်ထံ အော်ပြော၏။ သူက ဝမ်လင်း သူ့ပုခုံးကို ကိုင်ထားသည်ကိုပင် သတိမပြုမိဘဲ အဖျက်အစီးအား၏ အများစုကို ပိတ်ဆို့ပေးသွားလေ၏။
“မင်းတို့ များလွန်းတယ်။ မင်းတို့အားလုံး ဒီဘုရင် အိပ်ပျော်နေတာကို နှောက်ယှက်ဝံ့တယ်။ မင်း…မင်း…” အရူးသည် ဒေါသတကြီး အော်ဟစ်နေရင်း သူက အမှန်တကယ်ပင် နှာခေါင်းရှုံ့၏။ သူက ဆက်ခနဲ ခေါင်းမော့လာပြီးနောက် သူ ခုလေးတင် ပြောခဲ့သော စကားများမှာ ဘာမျှ မဟုတ်လေသည့်အလား ပြန်အိပ်ပျော်သွားပြန်သည်။
သို့ပေမည့် သူ ထွက်ပေါ်လာမှုနှင့် သူ့စကားလုံးများက သည်ပတ်ဝန်းကျင်ဧရိယာကို ဗရမ်းဗတာ ဖြစ်ကုန်စေ၏။ ခုနစ်ရောင်စုံတာအိုသခင်မှာ ဒဏ်ရာအပြင်းအထန် ရထားပြီးပင်။ သူက လျန်တောက်ဖေကို တွေ့မြင်သည့်နောက် သူ၏အမူအရာမှာ ပြောင်းလဲသွား၏။ သူက ရူးသွပ်နေရာကနေ သတိပြန်ဝင်လာသည်။ သူက ဝမ်လင်းသည် လီကောင်းလေးကို မည်မျှ ပစ်နိုင်အုံးမည်ကို မသိပေ။ ဝမ်လင်းကသာ လျန်တောက်ဖေနှင့် ပေါင်း၍ တိုက်ခိုက်လာခဲ့ပါက သူသည် ဒီနေရာတွင် အမှန်တကယ် သေဆုံးသွားနိုင်၏။ ခုချိန်၌ သူသည် အပြင်းအထန် ဒဏ်ရာရထားကာ အံတင်းတင်း ကြိတ်၏။ ဝမ်လင်းနှင့် စတင် တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သူသည် ပြန်ပြေးတော့၏။
အကွာအဝေးတစ်ခု၌ တစ္ဆေရွက်ဖျက်ဖြင့် ဝန်းရံခြင်း ခံထားရသော တစ္ဆေအိုကြီးကျန့်လည်း ရှိသေး၏။ သို့သော် သူက မျက်လုံးပွင့်နေပြီ ဖြစ်သော်လည်း မြူအတွင်းမှ ထွက်လာဖို့ မရွေးချယ်ပေ။ သူက ဖြစ်ပျက်သမျှကို ကိုယ်တိုင်မြင်နေရ၏။ သူ၏မျက်လုံးတို့မှာလည်း တောက်ပနေသည်။ သူ မည်သို့တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
အကွာအဝေးတစ်ခု၌ ထွက်ပြေးနေသော အုပ်စိုးသူသည် အရူး၏ အော်ဟောက်သံကို ကြားရသည့်အခါ ခြေတုံလက်တုံ ဖြစ်ကုန်သည်။
“သ…သခင်…”
ထွက်ပြေးနေသော လိပ်နက်နှင့်ဟင်္သာငှက် ဗိုလ်ချုပ်နှစ်ယောက်လည်း ရှိသေး၏။ သူတို့က အရူးကို ဝမ်လင်းက ပုခုံးအား ကိုင်ထားသည်ကို တွေ့မြင်သည့်အခါ တုန်လှုပ်ကုန်၏။
“လျန်တောက်ဖေ…”
အကွာအဝေးတစ်ခုရှိ တတိယမြောက်ကိုယ်လုပ်တော်မှာလည်း ချက်ခြင်း ဖြူရောသွားကာ တခဏတာ မင်သက်ကြောင်ရီသွား၏။
အဘိုးအိုမာ ဦးဆောင်လာသော ဒြပ်စင်ငါးခုဂြိုဟ်မှ လူများလည်း ရှိသေး၏။ အဘိုးအိုမာက အရူးကို ကြည့်ကာ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဖွယ် ကြောက်ရွှံ့မှု ဖြစ်ပေါ်လာတော့သည်။
‘သူ…သူလည်း ဒီနေရာကို တကယ် ရောက်နေတာပဲ…” အဘိုးအိုမာက လျန်တောက်ဖေ အတိတ်တုန်းက ဒီလှိုဏ်ဂူလောကသို့ ရောက်လာခဲ့သည်ကို သိမထားပေ။ သူ့စိတ်နှလုံးမှာ တုန်ခါ၍ သူ၏စိတ်မှာ ဗလာကျင်းမိသွားသည်။
မဟာအင်ပါယာရွှမ်လောကလည်း ငါးမျက်လုံးသားရဲကိုးကောင်ထံ လျှောက်လှမ်းနေ၏။ သူက ငါးကောင်မြောက်ငါးမျက်လုံးသားရဲကို ယူဆောင်ပြီးနောက် ရုတ်တရက် ရပ်တန့်ကာ အရူးထံသို့ သေချာ ကြည့်လိုက်သည်။ သူ၏မျက်လုံးထံမှ ဆန်းကြယ်သောအလင်း လှစ်ဟပေါ်သည်။
“လျန်တောက်ဖေ…လျန်တောက်ကျန်းရဲ့ ညီ။ သူလည်း ဒီကို ရောက်နေတာလား…”
***