← Chapters

အဖေ… သားက စောင့်ရှောက်ပါ့မယ်

Vol. 6 Ch. 79

အဖေ… သားက စောင့်ရှောက်ပါ့မယ်

Vol. 6 Ch. 79

တစ်နှစ်သာလျှင် ခွဲခွာခဲ့ရခြင်း ဖြစ်သော်လည်း ထိုပုံရိပ်အား မြင်လိုက်ရသည့် အခါတွင် အန်လင်း၏ မျက်လုံးများသည် မျက်ရည်များ ပြည့်လျှံ လာတော့သည်။

ဆံပင် တစ်ဝက်လောက်က ဘာလို့ ဖြူသွားရတာလဲ … သူ့အသက်က အခုမှ ငါးဆယ်ပဲ ရှိသေးတာလေ …

ဆံပင်ဖြူများသည် အနက်များကြားတွင် ထိုးထိုးထောင်ထောင် ဖြစ်နေပြီး ထင်းလင်းလျက် ရှိပေသည်။ ငွေအပ်များနှင့် တူသည့် ထိုဆံပင်များသည် အန်လင်းအား နာကျင်အောင် ထိုးဆွနေလေသည်။

တစ်နှစ်ပဲ ရှိသေးတာလေ … အဖေက ဘာလို့များ အဲလောက်တောင် ပြောင်းလဲ သွားရတာလဲ …

ပူပူစပ်စပ် ခေါက်ဆွဲတစ်ထုပ်အား ပြုတ်ပြီးနောက်တွင် အန်မင်ချွန်သည် တီဗွီအား ဖွင့်လိုက်သည်။ ထို့နောက်တွင် ခေါက်ဆွဲ စားနေရင်းနှင့် ကြည့်နေလေသည်။

အန်မင်ချွန်သည် စားသောက်နေစဉ် တီဗွီကြည့်ရခြင်းအား အမှန်ကယတ် ကြိုက်နှစ်သက်သည်။ တီဗွီမှ ထွက်ပေါ်လာသည့် အသံနှင့် ခေါက်ဆွဲစားရာမှ ထွက်ပေါ်လာသည့် အသံသည် အစာ စားချင်စိတ်ကို တိုးလာစေသည်ဟု ခံစားရခြင်းကြောင့် ဖြစ်သည်။

ယခုအချိန်ထိပင်လျှင် သူ၏ အချို့သော အပြုအမူများသည် ပြောင်းလဲသွားခြင်း မရှိချေ။

ဥပမာဆိုရလျှင် ခေါက်ဆွဲ မစားခင်တွင် သူ့လက်နှစ်ဖက်အား ပွတ်လိမ့်မည်။ ထို့နောက်တွင်မှ တူကို ကောက်ကိုင်မည် ဖြစ်သည်။ ထိုအချင်းအရာအား ကြည့်နေရင်းဖြင့် အန်လင်း၏ စိတ်ထဲသို့ ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်များ ဝင်ရောက် လာတော့သည်။

အန်လင်း ကလေး အရွယ်တွင် သူ့အဖေ၏ အပြုအမူများကို တုပရခြင်းအား သဘောကျသဖြင့် ခေါက်ဆွဲမစားခင်တွင် လက်နှစ်ဖက်အား ပွတ်လေ့ရှိသည်။ သူ့မိခင်သည် ဘေးတွင် ထိုင်နေပြီး အဖေနှင့်သားတို့၏ ပျော်ရွှင်မြူးထူးနေပုံအား ကြည့်နေလေ့ရှိသည်။

ထိုခံစားချက်သည် အလွန်အမင်း နှစ်သိမ့်မှုအား ပေးစွမ်းလေသည်။ နှမျောစရာမှာ သူ့အနေနှင့် ထိုအတွေ့အကြုံအား ပြန်မရနိုင်တော့ခြင်းပေ။ တီဗွီဖန်သားပြင်ပေါ်တွင် လှပသည့် သတင်းကြော်ငြာသူ အမျိုးသမီးသည် အနုပညာ သတင်းအချို့ကို တင်ဆက် နေလေသည်။

“မနေ့က တုန်ဖန်ရွှယ်၏ ဖျော်ဖြေပွဲတွင် အန်လင်းဟုခေါ်သည့် ထူးဆန်းသည့် အဆိုတော်တစ်ဦး ပေါ်ထွက်လာခဲ့သည်။”

“သူ၏သီချင်း ‘လူဆိုတာ’သည် ဖျော်ဖြေရေး ကွင်းပြင် တစ်ခုလုံးအား ကျေနပ် အားရစေခဲ့သည်။”

“ထိုသီချင်းသည် ဂီတဇယားများတွင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။”

“အန်လင်းရဲ့ ‘လူဆိုတာ’ကို အတူတူ နားဆင် လိုက်ကြရအောင်လား …”

အန်မင်ချွန်သည် ထိုအကြောင်းအား ကြားလိုက်သည့် အခါတွင် သူ့လက်များက တုန်ရီ လာတော့သည်။

ခေါင်းမော့ကာ သူ့အကြည့်အား  တီဗွီသို့ ပို့လိုက်သည်။

ပုံရိပ်များသည်လည်း ဖျော်ဖြေပွဲ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရင်းနှီးနေသည့် မျက်နှာလေး ပေါ်လာသည်။ အန်မင်ချွန်၏ မျက်လုံးများမှာ ပြူးကျယ်လာပြီး နဖူးကြောများ ရှုံ့တွန့်လာသည်။ အသက်ရှူရန်ပင် ခက်ခဲ လာတော့သည်။ အန်လင်းသည် တည်ငြိမ်စွာဖြင့် သီဆိုနေပြီး တီဗွီမှနေ သာယာနာပျော်ဖွယ် ရှိသည့် သီချင်းဆိုသံ ထွက်ပေါ်လာသည်။

ကျက်သရေ ရှိလှသည့် သံစဉ်နှင့် အန်လင်း၏ ကြည်လင်သည့် အသံသည် အခန်းအတွင်း ပဲ့တင်ခတ်လျက် ရှိနေသည်။

သီချင်းအား တိုက်ရိုက် နားထောင်ရခြင်း မဟုတ်သည်ကြောင့် တာအို၏ သဘော သဘာဝ ပျောက်ဆုံးလျက် ရှိပေသည်။ သို့ပေမဲ့လည်း ‘လူဆိုတာ’၏ သံစဉ်သည် ထိပ်တန်းသီချင်း အနေဖြင့် ရှိနေဆဲဖြစ်သည်။

အွန်လိုင်းပေါ်တွင် တင်လိုက်သည့် အခါတွင်လည်း ကောင်းမွန်သည့် တုံ့ပြန်ချက် များကို ရရှိလေသည်။ ခေါက်ဆွဲသည် ယခုလေးတွင်မှ ပြုတ်ထားခြင်း ဖြစ်သည်ကြောင့် ပူနေသေးသည်။

သို့သော်လည်း ခေါက်ဆွဲစားသည့် အသံမှာ ပျောက်ကွယ်လျက်ရှိပြီး အန်လင်း၏ သီချင်းဆိုသံကိုသာလျှင် ကြားနေ ရပေသည်။ အန်မင်ချွန်၏ တူကြားတွင် ရှိနေသည့် ခေါက်ဆွဲ များသည်လည်း အေးစက်စ ပြုလေပြီ ဖြစ်သေည်လည်း ထိုခေါက်ဆွဲများအား လုံးလုံးလျားလျား မေ့လျော့နေပေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ အန်လင်း၏ သီဆိုမှုကြောင့် ဖမ်းစား ခံလိုက်ရခြင်းများလား …၊ သို့တည်းမဟုတ် ရင်းနှီးနေသည့် ပုံရိပ်လေးကြောင့်များလား …။

နောက်ဆုံးတွင် အန်လင်းသည် ကုချင်းတီးသည့် မိန်းမပျိုလေးနှင့် လက်ချင်းတွဲကာ လူများအား ဦးညွတ်ကာဖြင့် နှုတ်ဆက် လိုက်ကြသည်။ ထို့နောက်တွင် ကျယ်လောင်သည့် ဩဘာပေးမှုများ အောက်မှာပင် စင်မြင့်အား နှုတ်ဆက် ထွက်ခွာသွားကြသည်။

တီဗွီပေါ်ရှိ ပုံရိပ်သည်လည်း သတင်းကြော်ငြာသူ အမျိုးသမီးပုံ ပြန်ပြောင်း သွားတော့သည်။ သူမသည် သီချင်းကြောင့် ရရှိလာသည့် မှတ်ချက် စကားများအား ကြည့်နေလေသည်။

အသိပြန်လည် လာသည့်နောက်တွင် အန်မင်ချွန်သည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းအား ထုတ်လိုက်ပြီးနောက် ရင်းနှီးနေသည့် နံပါတ်လေးအား ခေါ်ဆို လိုက်ပြန်သည်။

“မိတ်ဆွေခေါ်ဆိုသည့် တယ်လီဖုန်းနံပါတ်မှာ ဆက်သွယ်၍ မရနိုင်ပါရှင် …”

***

အန်မင်ချွန်က စိတ်ပျက်စွာဖြင့် ဖုန်းချ လိုက်သည်။ တူကို ကောက်ကိုင် လိုက်ပြီးနောက် ခေါင်းကိုငုံ့ကာဖြင့် မျက်လုံးများအား ပွတ်လိုက်သည်။ “ဒီခေါက်ဆွဲက ဘာလို့များ အရမ်းစပ်နေရတာလဲ … နှာရည်တွေကော မျက်ရည်တွေပါ ကျလာရပြီ …” သူက ရေရွတ်လိုက်သည်။

အန်လင်းသည် သူ့အဖေ ခေါင်းငုံ့ကာဖြင့် ခေါက်ဆွဲ စားနေသည်ကို ဆက်ကြည့်နေပြီး သူ့မျက်လုံးများအား ပွတ်လိုက်သည်။ ယခင်က အတိုင်း သူ့အဖေ၏ အမူအရာများကို အတုခိုးလိုက်ခြင်းပင်။

အတိတ်ကာလများတွင် လောင်းကစား စွဲနေသည့် သူ့အဖေကြောင့် သူက လှည့်ဖျား ခံခဲ့ရသည်။

သူ့အဖေကြောင့်သာ မဟုတ်လျှင် သူသည် ကျောင်းထွက်ရမည် မဟုတ်သလို ဖမ်းဆီးခံရပြီး နှိပ်စက်ခံရမည်လည်း မဟုတ်ချေ။

သို့သော်လည်း ယခင်အချိန်များက သူ့အဖေ၏ သူ့အား စောင့်ရှောက်ခဲ့ပုံများကိုသာ ပြန်ကြည့်တော့မည် ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာကို ဘေးဖယ်ကာဖြင့် ပိုက်ဆံချေးငှား နေခြင်းအား သူ့အနေဖြင့် ဆက်မကြည့်နိုင်တော့ပါ။

ထို့အပြင် တစ်နှစ်ခန့် အချိန်အတွင်း သူ့အဖေ၏ ဆံပင်များသည် တစ်ဝက်ခန့် ဖြူသွားခြင်းအားလည်း သူနားမလည်နိုင်ပါ။ အန်လင်း သိသည့်အရာမှာ သူ့အဖေသည် ရက်အနည်းငယ် အတွင်း ဟုန်တာ လုပ်ငန်းစုသို့ သွားရောက်ပြီး ဒါရိုက်တာကျန်းသား သားဖြစ်သူကို လွှတ်ပေးပါရန် တောင်းပန်လိမ့်မည် ဆိုသည်ကိုပင် ဖြစ်သည်။

အန်လင်းသည် ထိုနေရာတွင် မရှိခြင်းအားလည်း သိနေပေလိမ့်မည်။

***

သူ့အဖေသည် လောင်းကစား စွဲနေသည့် မကောင်းသည့်လူ ဖြစ်သည်။

သို့ပေမဲ့လည်း သားတစ်ဦးအနေဖြင့် အန်လင်းသည် သူ့အတွက် ဘာမျှ လုပ်ပေးခဲ့ဖူးခြင်း မရှိချေ။ သူသည် ယခုအချိန်ထိ တိုင်အောင် သူ့အဖေအား တစ်ခုတစ်လေမျှပင် ကူညီလုပ်ကိုင် ပေးဖူးခြင်း မရှိချေ။

သူ့အဖေ တစ်ဦးတည်း ပုခုံးပေါ်တွင် တာဝန်များ ဝန်ထုပ်ဝန်ပိုးများ ထမ်းထားခဲ့ရခြင်း ဖြစ်သည်။

***

ဒေါက် … ဒေါက် … ဒေါက် …

တံခါးခေါက်သံကို ကြားလိုက်ရသဖြင့် အန်မင်ချွန်သည် ဖြည်းဖြည်းချင်း ထကာ တံခါး ဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သည့် အခါတွင် အလွန်ရင်းနှီးနေသည့် မျက်နှာ တစ်ခုသည် သူ့အား ဆီးကြို နှုတ်ဆက်လျက် ရှိသည်။

အန်မင်ချွန်သည် ရုတ်တရက် ဆိုသလို ကြောင်အ သွားတော့သည်။ တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ကာ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ရီ လာတော့သည်။

“လင်း … လင်းလေး ပြန်လာပြီလား …”

အန်မင်ချွန်၏ နှုတ်ခမ်းများသည် စကားပြောသည့် အခါတွင် တဆတ်ဆတ် တုန်ခါနေပြီး သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးအား တွေဝေစွာဖြင့် စိုက်ကြည့် နေလေသည်။

အန်လင်း၏ မျက်လုံး များသည်လည်း အနည်းငယ် နီရဲလျက်ရှိသည်။ သူက ဖျစ်ညှစ်ကာ ပြုံးလိုက်ပြီးနောက် အန်မင်ချွန်၏ ရင်ဘတ်သို့ လက်သီးဖြင့် အသာထိုး လိုက်သည်။ “နောက်ဆုံးတော့ ကျွန်တော်က ရှာတွေ့ခဲ့ပြီ လောင်းကစားစွဲနေတဲ့ အဘိုးကြီး … ဘာလို့ တံခါးဝမှာ ရပ်နေတာလဲ … အထဲကို မခေါ်တော့ဘူးလား …”

“အာ … လာ လာ … ဝင်လာခဲ့ …” အန်လင်း ပြန်ထွက်သွားမည်ကို ကြောက်ရွံ့သဖြင့် အန်မင်ချွန်သည် သူ့အား အထဲသို့ ဆွဲခေါ်လိုက်ပြီး ထိုင်ခုံတစ်လုံးအား ဆွဲယူ ပေးလိုက်သည်။

အန်လင်း ထိုင်ချသည်ကို မြင်ပြီးနောက်တွင် အန်မင်ချွန် သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဘေးတွင် ဝင်ထိုင်လိုက်သည်။ လှပသည့် အမျိုးသမီးများအား ကြည့်သကဲ့သို့ အန်လင်းအားလည်း မျက်လုံးများဖြင့် ထိုးဖောက်လုမကြည့် ကြည့်နေ လေတော့သည်။

“လင်းလေး … ဗိုက်ဆာနေလား … အဖေက ခေါက်ဆွဲ လုပ်ပေးရမလား …” အန်မင်ချွန်သည် မျှော်လင့်တကြီး မေးလာသည်။

“ဆာနေပြီ … ကျွန်တော်က ညစာ မစားရသေးဘူး …” အန်လင်းက ခေါင်းညိတ် လိုက်သည်။

အန်လင်း၏ အဖြေအား ကြားပြီးသည့်နောက်တွင် အန်မင်ချွန်သည် မီးဖိုချောင် အတွင်းသို့ ပျော်ရွှင်စွာ ဝင်သွားပြီးနောက် ယောက်ယက်ခပ်စွာဖြင့် ချက်ပြုတ် နေတော့သည်။

မီးဖိုချောင်ထဲတွင် ယောက်ယက်ခပ် နေသည့် ပုံရပ်လေးအား ကြည့်နေရင်း မွေးပျံ့သည့်ရနံ့ကို ရှူရှိုက်မိသည့် အခါတွင် အန်လင်းသည် တဖြည်းဖြည်း တည်ငြိမ် လာတော့သည်။ များမကြာမီမှာပင် သူ့အရှေ့တွင် ခေါက်ဆွဲပြုတ် တစ်ပန်းကန်သည် ရောက်ရှိလာသည်။

အန်မင်ချွန် သည်လည်း သူ့အတွက် ခေါက်ဆွဲပိုချက် လာပြီးနောက် “အဖေလည်း သားနဲ့အတူ စားမလို့ …” ထိုသို့ပြောပြီး ရယ်မော လိုက်သည်။

သူတို့သည် စားပွဲတစ်လုံးတည်းတွင် ထိုင်ကာ စားသောက် နေကြသည်။ မျက်လုံး များမှာလည်း ခေါက်ဆွဲစပ်စပ်ကြောင့် နီရဲနေလေသည်။

“လင်းလေ … အားလုံးက အဖေ့ရဲ့ အမှားတွေပါ … သားက အများကြီး နာကျင်ခဲ့ရတယ် …”

“ဒီလိုဆိုရင်ကော … ကျောင်းပြန်တက်လေ … တခြားကိစ္စတွေ အကုန် အဖေရှင်းပေးမယ် … သားရဲ့ ပညာရေးကို လုံးဝ အနှောင့်အယှက် မဖြစ်စေရတော့ဘူး …” အန်မင်ချွန်က ရုတ်တရက် ပြောလာသည်။

ထိုစကားကြောင့် အန်လင်းသည် စိတ်လှုပ်ရှား လာမိသည်။ သူ့အဖေအား ကြည့်လိုက်ပြီးနောက်

“အဖေက တီဗွီမကြည့်ဘူးလား … ကျွန်တော်က အခု နာမည်ကြီး အဆိုတော်ပါနော် … တက္ကသိုလ်မတက်လည်း ရပါပြီဗျ …”

အန်လင်း၏ ပြောစကားကို ကြားလိုက်သည့် အခါတွင် အန်မင်ချွန်မှာ စိုးရိမ်ပူပန် လာတော့သည်။ “လင်းလေး … အဖေပြောတာကို နားထောင် … ပညာအရင်သင်လိုက် … ဒီနေ့ခေတ်မှာ အသိပညာဆိုတာ အရေးအကြီးဆုံး အရာပဲကွ …”

“အသိပညာတွေ ရှိနေမယ်ဆိုရင် ဘာတွေပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ဘဝကို ဦးဆောင်နိုင်လိမ့်မယ် …”

“အဖေ့ကိုကြည့်စမ်း … လုပ်ငန်းတွေ ဆုံးရှုံးလိုက် ရတာတောင်မှပဲ အခုလို ပြန်ပြီး ရပ်တည်နိုင်နေတယ် မဟုတ်ဘူးလား …”

“မင်းရဲ့အဖေကို အားကိုး လိုက်စမ်းပါကွ … သီချင်းဆိုပြီး ပိုက်ဆံရှာစရာ မလိုပါဘူး … ပိုက်ဆံက အဖေတို့ အတွက် ပြဿနာတစ်ခု မဟုတ်ဘူးလေ … ဘာလို့များ ကျောင်းပြန်မတက်ရတာလဲ …”

ထိုသို့ပြောပြီး နောက်တွင် အန်မင်ချွန်၏ မျက်နှာတွင် အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် နေမင်းကဲ့သို့ တောက်ပသည့် အပြုံး တစ်ခုပေါ်လာပြီး သူ့မျက်လုံးများ သည်လည်း တောက်ပရွှန်းစိုလျှက် ရှိနေသည်။

အဖေ့ကို အားကိုးရမယ် …

မှီတွယ်ဖို့အတွက် တစ်ယောက်ယောက် ရှိနေတဲ့ ခံစားချက်က ကောင်းလိုက်တာ …

ဘာတွေပဲဖြစ်ဖြစ် အရှေ့မှာ တစ်ယောက်ယောက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့သူ ရှိနေတာ ကောင်းလိုက်တာ … မိုးဒဏ် လေဒဏ်တွေကနေ ကာကွယ်ပေးတယ် …

ဒီလိုခံစားချက်မျိုး မရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ … ငါက တစ်နှစ်နီးပါး လှည့်ပတ်သွားလာပြီးမှ အိမ်ပြန် ရောက်လာခဲ့ပြီလေ …

အသက်အရွယ် ရနေပြီဖြစ်သည့် အဖေမှ ထိုသို့ပြော လာသည့်အခါတွင် အန်လင်း၏ နှလုံးသားထဲတွင် ဖော်ပြလို့ မရနိုင်သည့် နွေးထွေးမှုများ လွှမ်းခြုံ လာတော့သည်။

အန်လင်းက ပြုံးလိုက်သည်။ သို့သော်လည်း မျက်လုံးထဲမှ မျက်ရည်များ ဝေ့သီလာပြီးနောက် အတားအဆီးမရှိ ကျဆင်းလာတော့သည်။

သူ၏အိမ်သို့ ပြန်ရောက်ခဲ့လေပြီ။ သူပိုင်ဆိုင်သည့်နေရာ …၊ သူ၏ အစစ်အမှန်နေရာ …။

***

အန်လင်းသည် ကျင့်ကြံသူ တစ်ဦးဖြစ်သည့် အတွက် သူ့အဖေ၏ အခြေအနေအား အာရုံခံနိုင်စွမ်းရှိသည်။ တစ်နေ့ပြီးတစ်နေ့ အလွန်အမင်း ပင်ပန်းကာ လုပ်ကိုင်ခဲ့မှုကြောင့် သူ့အဖေ၏ ခန္ဓာကိုယ်သည် ချုံးချုံးကျနေလေပြီ။

အသက်ငါးဆယ်အရွယ်တွင် ဆံပင်ဖြူများ ပေါက်လာခြင်းသည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်သည်။ သူ့အဖေအား ထိုကဲ့သို့ ဆက်ထားလိုက်မည် ဆိုပါက မည်သည့်အတွက် ကျင့်ကြံနေခြင်း ဖြစ်တော့မည်နည်း ..

အန်လင်းသည် သူ့အဖေ၏လက်အား ဆုပ်ကိုင်ကာဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။ “အဖေ … အခုကစပြီး သားက စောင့်ရှောက်ပါ့မယ် …”

***

All Chapters