တန်လင်းကလန်
Vol. 132 Ch. 1819
အရူးကို ဒိုင်းအဖြစ် အသုံးပြုလိုက်ခြင်းကြောင့် အဖျက်အစီးအားသည် ဝမ်လင်း၏ရှေးတောက်အမွေအနှစ် ခုခံနိုင်လောက်သည့်အထိ အားပျော့သွားလေသည်။
အရူးသည် ပြန်အိပ်ပျော်သွားစဉ် သူက ငါးမျက်လုံးသားရဲကိုးကောင်ထံသို့ မြန်မြန်ဆုတ်သည်။
သူက အလွန်မြန်၏။ ချက်ခြင်းပင် အိပ်ပျော်နေသော အရူးကို ဆုပ်ကိုင်၍ ငါးမျက်လုံးကိုးကောင်နားသို့ ရောက်လာသည်။ သူက လှမ်းမျှော်ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားမိ၏။
သူက ငါးမျက်လုံးကိုးကောင်တွင် လေးကောင်သာ ကျန်တော့သည်ကို မြင်လိုက်ရသည်။ ကျန်သည့်ငါးကောင်မှာ ပျောက်ကွယ်လို့နေသည်။
ဝမ်လင်းက တွေးနေရန် အချိန်မရပေ။ ထို့အတွက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ငါးမျက်လုံးသားရဲ သုံးကောင်ကို သူ သိမ်းဆည်းလိုက်သည်။ သို့သော် သူက လေးခုမြောက်ငါးမျက်လုံးကို လှမ်းယူရန် ဟန်ပြင်စဉ် ၎င်းက သူ၏ရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။
ဝမ်လင်း၏ဦးရေပြားမှာ ထုံထိုင်းမိသွား၏။ သူက ငါးမျက်လုံး ပျောက်ကွယ်သွားသော နေရာသို့ လှမ်းကြည့်၏။ မည်သည့်အရာမျှ ရှိမနေပေ။ အဖျက်အစီးလောကသုံးရာ ပျက်စီးနေသံသာ ပဲ့တင်ထပ်နေသည်။
ရွှမ်လောက နေရာတွင် ရပ်ကာ သတိထား၍ အံ့အားသင့်ဟန် ဖြစ်နေသော ဝမ်လင်းကို ကြည့်ကာ ဂုဏ်ယူဟန်ဖြင့် ပြုံး၏။ ဝမ်လင်း၏အမူအရာကို တွေ့မြင်သည့်အခါ သူ၏အပြုံးသည် ပိုပီပြင်လာသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ မဆိုသလို လှုပ်ခတ်စွာ လင်းလက်သွား၏။ သူက ငါးမျက်လုံးများနှင့် ပတ်သတ်၍ လျှို့ဝှက်ချက်ကို သိထားပေသည်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက အဖျက်အစီးလောကသုံးရာအတွင်း ယင်းသားရဲများကို ပျိုးထောင်ခဲ့ချိန်က သူသည် တစ်စုံတစ်ခုကို သိခဲ့၏။ ဝမ်လင်းက ၎င်းကို တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်ထဲ၌ ရှာတွေ့ခဲ့တာပင်။
ငါးမျက်လုံးသားရဲ အထီးတစ်ကောင်နှင့်အမတစ်ကောင် ရှိပါက ယင်းတို့ကြား၌ ချိတ်ဆက်မှုတစ်ခု ရှိပေလိမ့်မည်။ ထိုချိတ်ဆက်မှုက ထိုသားရဲတစ်ကောင်သည် သိုလှောင်နေရာလွတ် သို့မဟုတ် အရံအတားတစ်ခုအတွင်းသို့ သွားခဲ့လျှင်ပင် တည်ရှိနေနိုင်၏။ ထိုချိတ်ဆက်မှုက သေသည့်အထိ ရှိနေမည် ဖြစ်၏။
ဝမ်လင်းက အရာအားလုံးကို ခပ်သွက်သွက်တွေးကာ တုံ့နှေးခြင်းမရှိ နောက်ဆုတ်သည်။
သည်အခိုက်၌ တစ္ဆေအိုကြီးကျန့်မှာလည်း သတိဝင်လာခဲ့ပေပြိ။ သူက ဝန်းရံခံထားရသော မြူအတွင်းမှ လှမ်းထွက်လာ၏။
မြူအတွင်းမှ ထွက်ခွာလာပြီးနောက် တစ္ဆေအိုကြီးကျန့်၏ရှေ့၌ ရွေးချယ်စရာနှစ်ခု ရှိလေ၏။ သူက ဝမ်လင်းကို သတ်၍ တတိယစိတ်ဝိညာဉ်ကို ယူဆောင်မလား၊ သို့မဟုတ် တစ်သက်တွင်သာ တစ်ခါသာရနိုင်မည့် ခုနစ်ရောင်စုံတာအိုသခင် အပြင်းအထန် ဒဏ်ရာရထားစဉ် သူတို့၏ စိတ်ဝိညာဉ်များကို ပေါင်းစပ်ရမည်လား။
သည်ပေါင်းစပ်မှုက တတိယစိတ်ဝိညာဉ် မပါဘဲ ပြီးပြည့်စုံလိမ့်မည် မဟုတ်သော်လည်း ၎င်းမှာ ထိန်းချုပ်နိုင်ခြင်း ရှိလာနိုင်သည်။ ထိုအခါကျလျှင် သူ၏ကျင့်ကြံမှုအဆင့်က အတူတူသာ ရှိနေအုံးမည် ဖြစ်သော်လည်း မည်သူကမျှ တတိယစိတ်ဝိညာဉ်အတွက် သူနှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
ရွေးချယ်မှုနှစ်ခုစလုံးက တစ္ဆေအိုကြီးကျန့်အတွက် အကျိုးများလွန်းလှ၏။ သူက ဝမ်လင်းကို သတ်ဖို့ အရင်ဆုံး ကြိုးစားခဲ့လျှင် လီကောင်း၏လေးကို ထိတ်လန့်နေရသေး၏။ သူက ဝမ်လင်း ၎င်းလေးကို အကြိမ်မည်မျှ ထပ်ပစ်လွှတ်နိုင်မည့် အပေါ် မသေချာပေ။ သူသာ အချိန်အများကြီး ဖြုန်းမိပါက ခုနစ်ရောင်စုံတာအိုသခင်သည် ပြန်ကောင်းမွန်လာလိမ့်မည်။ ထိုအခါကျလျှင် ဤသည်က ထိုက်တန်တော့မည် မဟုတ်ပေ။
သို့ပေမည့် သူက ဝမ်လင်းကို သည်အတိုင်းလည်း မလွှတ်ပေးချင်ပေ။ သူက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ကာ သူတို့နှစ်ယောက်လုံးကို ဒီနေရာတွင် ဖမ်းဆီးချင်နေ၏။
တစ္ဆေအိုကြီးကျန့်က မြူအတွင်းမှ ထွက်လာပြီးနောက် ခဏတာ တွေဝေနေ၏။ သည်အခိုက်၌ ဝမ်လင်း၏ ကြမ်းရှအေးစက်သော အသံသည် ပျက်စီးနေသော ဒီလောကသုံးရာအနှံ့ ပဲ့တင်ထပ်လာသည်။
“တစ္ဆေအိုကြီးကျန့်…ငါ့မှာ မြားဘယ်နှစ်ချက် ကျန်သေးလဲ သင် တွေးနေတာလား…”
ဝမ်လင်းက အရူးကို သယ်ဆောင်ကာ ဝဲကတော့ထံ နောက်ဆုတ်လျက် သုန်မှုန်စွာ ပြော၏။ သူသည် ဝဲကတော့ထံ ပျောက်ကွယ်သွားချိန်မှာပင် သူက တစ္ဆေအိုကြီးကျန့်ထံသို့ အေးတိအေးစက် ကြည့်နေသေးသည်။
တစ္ဆေအိုကြီးကျန့်၏ ပတ်လည်ရှိ ပုံရိပ်ယောင်သည် ဝေဝါး၏။ သို့သော် သူကလည်း ဝမ်လင်းကို စိုက်ကြည့်၏။ သို့သော် သူက ဝမ်လင်းနောက်သို့ မလိုက်တော့ပေ။ သူသညည် ဝမ်လင်းထံ၌ မြားချက်မည်မျှ ကျန်သေးသည်ကို မသိပေ။ သူသည် အမြဲတမ်း သတိထားကာ လောင်းကြေးထပ်ချင်စိတ် မရှိချေ။
ဝမ်လင်းသည် တစ္ဆေအိုကြီးကျန့်အစား ခုနစ်ရောင်စုံတာအိုသခင်ကို အပြင်းအထန် ဒဏ်ရာရစေဖို့ ရွေးချယ်ခဲ့ခြင်းမှာလည်း သည့်အတွက်ကြောင့်ပင်။ သူ စမ်းစစ်ကြည့်ရာ ခုနစ်ရောင်စုံတာအိုသခင်က တစ္ဆေအိုကြီးကျန့်ထက် စိတ်ခံစားချက်ကို ပိုဦးစားပေးတတ်သည်။ တကယ်တော့ သူ၏စိတ်ဝိညာဉ်က မန္တာန်များကို အမွေဆက်ခံထားသောစိတ်ဝိညာဉ် ဖြစ်သည် မဟုတ်လား။ တစ္ဆေအိုကြီးကျန့်ကတော့ နားလည်မှုဉာဏ်အလင်းကို အမွေဆက်ခံထားသူပင်။ ထို့အတွက်ကြောင့် တစ္ဆေအိုကြီးကျန့်သည် ပို၍ အကျိုးအကြောင်းကို စဉ်းစားလေ့ရှိသည်။
ဝမ်လင်းသည် သူ၏ချုံခိုတိုက်ကွက်ခုနစ်ကွက်ထံမှ အကျေနပ်ဆုံးရလဒ်ကို ရလိုက်၏။ ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်ကို သတ်နိုင်လိမ့်မည်ဟု တွေးထားသည့်အထိ မမောက်လှပေ။ သို့သော် သူက သူ၏ခွန်အားကို ပြသဖို့ အခွင့်အရေးကို အသုံးချခဲ့ပေသည်။
သူက ခုနစ်ရောင်စုံအတွက် အရေးမသာနိုင်အောင် ဖန်တီးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ပါ ရသွားစေခဲ့သည်။ ထို့အတွက် တစ္ဆေအိုကြီးကျန့်အဖို့ အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့သည်။ တဖက်မှာလည်း ခုနစ်ရောင်စုံတာအိုသခင်ကို ခုလို တိုက်ခိုက်ခဲ့သည့်အတွက် တစ္ဆေအိုကြီးကျန့်ကို ရှိန်သွားစေကာ မဆင်မခြင် မလုပ်စေတော့ပေ။ တနည်းအားဖြင့် သူက တစ္ဆေအိုကြီးကျန့်အတွက် ကြီးကြီးမားမားလက်ဆောင်တစ်ခု ပေးလိုက်တာလည်း ဖြစ်၏။
ထိုလက်ဆောင်ကို လက်ခံ၊မလက်ခံကတော့ တစ္ဆေအိုကြီးကျန့်အပေါ်သာ မူတည်သည်။
အမှန်တော့ ဝမ်လင်း၏ အကြံအစည်များ၌ ချို့ယွင်းချက်များ ရှိသော်လည်း တစ္ဆေအိုကြီးကျန့်က ပို၍ တွေဝေလာခဲ့၏။ ဝမ်လင်းသည် ပျောက်ကွယ်သွားသော်လည်း တစ္ဆေအိုကြီးကျန့်၏ မျက်လုံးတို့မှာ လင်းလက်လာ၏။ သူက ခုနစ်ရောင်စုံတာအိုသခင် ထွက်ပြေးပျောက်ကွယ်သွားသော နေရာထံသို့ ဦးတည်လေတော့၏။
အုပ်စိုးသူသည် အကွာအဝေးတစ်ခုကနေ ဒီအဖြစ်သနစ်အားလုံးကို မြင်၏။ သူ၏မျက်လုံးမှာ အရောင်တောက်လာသည်။ သူက တစ်စုံတစ်ခုကို ခပ်ရေးရေး ဖြတ်မြင်သွားကာ နှလုံးတစ်ချက် ခုန်သွားမိ၏။ သို့သော် သူက တစ္ဆေအိုကြီးကျန့်ကို သတိလှမ်းမပေးပေ။ သူ၏အကြံနှင့်သူ ရှိနေလေ၏။
ဝမ်လင်း ဝဲကတော့အတွင်းသို့ ဝင်ရောက်လာသည့်အခါ ဒီအဖျက်အစီးလောကသုံးရာသည် ပြိုလဲပျက်စီးသွားခဲ့လေပြီ။ လှိုဏ်ဂူလောက၏ ဗဟိုချက်၌ မီးပြင်းဖိုအတွင်းရှိ အဝါရောင်ပန်းပွင့်ပေါ်မှ နှင်းရည်စက်အားလုံး အငွေ့ပျံ့ကာ ပျောက်ကွယ်သွားခဲ့ပြီ။ ထို့နောက် ထိုပန်းပွင့်ကြီးမှာ တဖြည်းဖြည်း သွေ့ခြောက်သွားတော့၏။
ဝမ်လင်းသည် ကျန်သည့်သူများ အသက်ရှင်လား၊ သေလားကို မသိပေ။ သူ ဝဲကတော့အတွင်း ပျောက်ကွယ်သွားသည့်နောက် ပထမဆုံးပန်းပွင့်ထံမှ ပျောက်ကွယ်သွားပြီး နောက်ထပ်တခြားလောကတစ်ခုတွင် ပေါ်လာလေ၏။
သူ ပေါ်လာသည့်နောက် ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများ ကျနေပြီး သူ့မျက်နှာမှာ ဖြူရောနေသည်။ သူက အိပ်ပျော်နေသော အရူးကို သိမ်းဆည်းကာ ဒဏ်ရာကုသနေဖို့ အချိန်မရဘဲ ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်၏။
သည်နေရာမှာ မှိန်ဖျော့နေ၏။ တစ္ဆေအလင်းနှင့် အေးစက်မှုကို ပေးစွမ်းနေသော ပန်းပွင့်တစ်ပွင့်လည်း ရှိ၏။ ထိုအေးစက်မှုမှာ အေးခဲမှုမှလာ၏။ သည်ပန်းပွင့်မှာ အေးခဲနေသောပန်းပွင့်တစ်ပွင့်ပင်။
“ပန်းငါးပွင့်၊ တံခါးရှစ်ခု။ ဒါဟာ ဒီလှိုဏ်ဂူလောက ဗဟိုချက်ရဲ့ အကာအကွယ်လည်ပတ်မှုပုံစံရဲ့ နာမည်ပဲ…” ဝမ်လင်းသည် ထိုအေးခဲနေသောပန်းကို စိုက်ကြည့်၏။ သူ့ထံ၌ တတိယစိတ်ဝိညာဉ်ထံမှ သတင်းအချက်အလက်များစွာကို မရထားသေးပေ။ သူက သည်ခုခံကာကွယ်မှု၏ အမည်ကိုသာ သိသည်။
အဖျက်အစီးလောကသုံးရာသည် ပထမပန်းပွင့် ဖြစ်၏။ သည်အေးခဲသာလောကမှာ ဒုတိယပန်းပွင့် ဖြစ်၏။ ကျန်သည့် ပန်းပွင့်များမှာ ထိခိုက်ထားတာ သို့မဟုတ် ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်သည်။ သို့သော် ဝမ်လင်းက ယင်းတို့ကို မမြင်နိုင်ပေ။ ထို့ကြောင့် သူသည် ကောင်းကောင်းမခန့်မှန်းတတ်ပေ။
နောက်ဆုံးပန်းပွင့်၌ တံခါးရှစ်ချပ်ဟုခေါ်သောအရာ ပုန်းကွယ်တည်ရှိလေ၏။ ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်မှာ နောက်ဆုံးပန်းပွင့်ကို ဖွင့်လှစ်မည့် သော့ချက်ဖြစ်မှန်း တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များမှ သိထားသည်။
တံခါးရှစ်ချပ်ကြား၌ ခုနစ်ခုသည် အတုအယောင်၊ တစ်ခုကသာ အစစ်အမှန် ဖြစ်၏။ ထိုတံခါးသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေထံသို့ ဦးတည်သည်။
အေးခဲသောပန်းကို စိုက်ကြည့်ကာ ဝမ်လင်းသည် ချီတုံချတုံ ဖြစ်နေ၏။ သို့သော် မကြာမီတွင် သူ့မျက်လုံးထဲ၌ ပြတ်သားမှုတို့ ရှိလာသည်။ သူ၏ခန္ဓာကိုယ်သည် ပန်းနှင့် ပေါင်းစပ်သွားကာ ဖြည်းဖြည်းချင်း ရေခဲအတွင်းသို့ ပျောက်ကွယ်သွား၏။
သူသည် ဒဏ်ရာအပြင်းအထန် ရထားပြီး ဖြစ်၏။ သူက ဒဏ်ရာကုသခြင်း မရှိဘဲ ဒုတိယပန်းအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းပင်။ အအေးစွမ်းအင်က သူ့အား ဝန်းရံထားသည်။ သူ၏ခန္ဓာကိုယ်က အေးခဲလောကအတွင်း ပေါ်လာချိန်၌ သူသည် သွေးအပြည့် အန်ထုတ်လိုက်ရသည်။
သူ့သွေးများ ပန်းထွက်လာချိန်၌ ၎င်းသွေးမှာ အေးခဲ၍ မြေပြင်ထက်သို့ ကျသွားသည်။ ဝမ်လင်းသည်လည်း မြေပြင်ထက်သို့ ကျရောက်ကာ ခေါင်းမော့၍ ဘေးပတ်လည်သို့ ကြည့်လိုက်၏။ ထိုအခါ သူသညည် မင်သက်သွားမိသည်။
သည်နေရာမှာ အေးခဲနေ၏။ မြေပြင်၊ ကောင်းကင်၊ တိမ်စိုင်များပါ အေးခဲနေ၏။ မြောလွင့်နေသော ကုန်းမြေများမှာ ဧရာမရေခဲစိုင်ကြီးများနှင့်ပင် တူနေတော့သည်။
“ဒီဒုတိယပန်းက ဘယ်လိုနေရာမျိုးလဲ…” ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လျက် သူ၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။ သူက တတိယစိတ်ဝိညာဉ်ထံမှ သည်နေရာနှင့် ပတ်သတ်၍ မည်သည့်အချက်အလက်မျှ မသိထားခဲ့ပေ။ သူ၏နတ်ဘုရားအာရုံ ပျံ့နှံ့လာရင်း သူ၏မျက်လုံးသည် တဖြည်းဖြည်း တောက်ပလာသည်။
သည်လောက၌ အသက်ဓာတ်အား အမြောက်အများ ရှိနေသည်။ သည်အေးခဲလောကအတွင်းရှိ အသက်ဓာတ်အားများမှာ အိပ်ပျော်နေသည့်အလား။ ဝမ်လင်းသည် သည်နေရာ၌ ရင်းနှီးသော ရှေးဟောင်းနတ်ဘုရားအော်ရာကို ခံစားမိသည်။
ခဏအကြာတွင် ဝမ်လင်း၏အမူအရာက ရုတ်တရက် ပြောင်းသွားကာ သူ့ဘယ်ဘက်ခြမ်းသို့ အကြည့်ရောက်သွားသည်။ ထိုအရပ်မှ ထွက်ပေါ်လာနေသော ရှေးဟောင်းနတ်ဘုရားအော်ရာက အလွန်အားကောင်းသည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ၏ဒဏ်ရာများကို ဖိနှိပ်ကာ ၎င်းအော်ရာထံသို့ ရွှေ့လျားသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ကြာပြီးနောက် ဝမ်လင်းက ရပ်တန့်၏။ သူက အေးစက်စက်လေးများ သူ့မျက်နှာထက် တိုက်ခတ်သည်ကို ခွင့်ပြုထားလျက် ရှေ့တည့်တည့်သို့ ကြည့်သည်။
ဝမ်လင်း၏ ရှေ့၊ ကီလိုမီတာတစ်သိန်းအကွာ၌ နောက်ထပ်အေးခဲလောကတစ်ခု ရှိနေ၏။ ထိုနေရာတွင် ဆံပင်ရှည်အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမက ဝမ်လင်းကို မျက်နှာချင်းဆိုင်သည်။ သူမက ဝမ်လင်းကို မျက်နှာချင်းဆိုင်ထားသည်။ သူမ၏မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးလည်း ရှိနေသည်။
အမျိုးသမီးရှေးဟောင်းနတ်ဘုရား။
တန်လင်းဂြိုဟ်၏ အပြင်ဘက်ဟင်းလင်းပြင်အက်ကြောင်း။
ထိုအမျိုးသမီး၏ မျက်တောင်မှာ လှုပ်ခတ်သွားပြီး တဖြည်းဖြည်း မျက်လုံးဖွင့်လာသည်။ သူမက အကွာအဝေးတစ်ခုထံသို့ တည်တည်ငြိမ်ငြိမ် လှမ်းကြည့်ရာ ဝမ်လင်းကို မြင်သည်။သူတို့၏အကြည့်များက တွေ့ဆုံကြ၏။
“တန်လင်းဂြိုဟ်ကနေ ကြိုဆိုပါတယ်…” ထိုအမျိုးသမီးက ညင်သာစွာ ပြောသည်။ သူမ၏အသံသည် အလွန်သာယာကာ သည်အေးခဲလောကတွင် ပဲ့တင်ထပ်သည်။
ကီလိုမီတာတစ်သိန်းအကွာအဝေးရှိ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေသည်။ ဝမ်လင်းသည် ဒီရှေးဟောင်းနတ်ဘုရားအော်ရာကို ဘာကြောင့် ရင်းနှီးနေရသည်ကို ပြန်အမှတ်ရသွားသည်။ သူ တန်လင်းဂြိုဟ်ပေါ်ရှိ ရှောင်မိသားစုဘိုးဘေးကို သတ်ခဲ့သည့်အခါ၌ သူက ထိုအော်ရာကို ခံစားမိခဲ့ဖူးခြင်းပင်။
“ဒီနေရာဟာ တန်လင်းဂြိုဟ်လား…” ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၏။ သူက ခြေတစ်လှမ်းဖြင့်ပင် ကီလိုမီတာတစ်သိန်းကို ဖြတ်သန်းကာ အမျိုးသမီးရှေးဟောင်းနတ်ဘုရားနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည်။
ထိုအမျိုးသမီးက ဝမ်လင်းကို ကြည့်၏။ သူမ၏တည်ငြိမ်သော အကြည့်အောက်၌ ဆန်းကြယ်သောအလင်းကို ဖုံးကွယ်ထားသည်။ ဝမ်လင်း၏စကားများကို ကြားရသည့်နောက် သူမက ခေါင်းယမ်းလိုက်သည်။
“ဒီနေရာဟာ တန်လင်းကလန်ပဲ။ တန်လင်းဂြိုဟ် မဟုတ်ဘူး…”
“ငါတို့ အရင်က တွေ့ခဲ့ဖူးတယ်။ ငါ့နာမည်က ဝမ်လင်းပါ။ နင့် နာမည်က ဘယ်သူလဲ ငါ သိချင်တယ်…”
ဝမ်လင်းက ထိုအမျိုးသမီးကို ကြည့်၏။ အထူးသဖြင့် သူမ၏မျက်ခုံးနှစ်ခုကြားရှ ကြယ်ခုနစ်လုံးထံသို့ပင်။ ထို့နောက် သူက ထိုင်ချလိုက်သည်။
ထိုအမျိုးသမီးက တိုးညင်းစွာ ပြောသည်။ “ယွမ်နန်ပါ။ တန်လင်းကလန်ရဲ့ ကောင်းကင်ဘုံအုပ်စိုးသူအောက်က နတ်ဘုရားအကြီးအကဲ…”
ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီနေရာဟာ တန်လင်းဂြိုဟ်ပဲ ဖြစ်ဖြစ်၊ ကလန်ပဲ ဖြစ်ဖြစ်။ ဘာကြောင့် ဒါဟာ ဒုတိယပန်းထဲမှာ ဖြစ်နေရတာလဲ…”
“နင်ဟာ လှိုဏ်ဂူလောကဗဟိုချက်ကနေ ဒီအေးခဲလောကထဲ ရောက်လာတဲ့ ပထမဆုံးသူပဲ။ ငါ နင့်ရှိကနေ သခင့်ရဲ့ အော်ရာကို ခံစားမိတယ်…”
ထိုအမျိုးသမီး၏ စကားများမှာ တိုးညင်း၏။ သို့သော် ဝမ်လင်းက သူမ၏စကားများကို ကြားသည့်အခါ စိတ်နှလုံးတစ်ချက် ခုန်သွားသည်။
“သခင်…” ဝမ်လင်းက စကားမဆိုဘဲ ယွမ်နန်ထံသို့သာ ကြည့်ပြီး သူမ ဆက်ပြောမည်ကို စောင့်ဆိုင်းနေလိုက်သည်။
“ဒါဟာ ပန်းငါးပွင့်၊တံခါးရှစ်ချပ်ထဲက ဒုတိယပန်းပဲ။ ဒီနေရာမှာရှိတဲ့ ယဲ့မိုရဲ့နှလုံးသွေးတစ်စက် ပါဝင်တဲ့ ငါအပါအဝင် အရာအားလုံးကို သခင်က ဖန်တီးထားခဲ့တာ…”
“ဒါဟာ တန်လင်းကလန်ပဲ။ ဒါကို သခင့်ရဲ့ မှတ်ဉာဏ်ထဲကအတိုင်း ပြုလုပ်ခဲ့တာ။ ဒီနေရာဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ တန်လင်းကလန်နဲ့ ချွတ်ဆွတ်နီးပါး တူတယ်…”
“ငါ့သခင်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပဲ။ သူ့ရဲ့ အစောပိုင်းနှစ်တွေတုန်းက သူဟာ တန်လင်းဂြိုဟ်ရဲ့ တပည့် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တချို့အကြောင်းပြချက်တွေကြောင့် သူဟ ကလန်ကနေ မောင်းထုတ်ခံခဲ့ရတယ်။ အဲ့ဒီနောက် သူ့ကလန်ဟောင်းကို အမှတ်ရနေဖို့ သူက ဒီနေရာကို ဖန်တီးခဲ့တာပဲ…”
“ဒီနေရာမှာ ရှိတဲ့ အရာအားလုံးကို ငါ့သခင်ရဲ့ အသက်ဓာတ်အားက အားဖြည့်ပေးတယ်။ သူ သေသွားတာနဲ့ ဒီမှာ ရှိတဲ့အရာအားလုံးဟာ အသက်ဓာတ်တွေ ဆုံးရှုံးပြီး အေးခဲသွားခဲ့တာ…”
“နင်ဟာ ဒီနေရာကို ပထမဆုံး ဝင်လာတဲ့သူပဲ။ နင့်မှာ သခင့်ရဲ့ ဝိညာဉ်လည်း ရှိတယ်။ ဒါ့ကြောင့် နင်ဟာ ဒီနေရာရဲ့ သခင်ပဲ…” ယွမ်နန်က ဝမ်လင်းကို ကြည့်ကာ တိုးညင်းစွာ ပြော၏။
“နင် ဒဏ်ရာရထားတာပဲ။ ငါ့မှာ ယဲ့မိုရဲ့ နှလုံးသွေးလက်ကျန် ရှိတယ်။ နင် ဒါကို ပေါင်းစပ်လိုက်ရင် နင်ဟာ ပြီးပြည့်စုံသွားပြီး ဒါကို နင့်ဒဏ်ရာ ကုသဖို့အတွက်ပါ အသုံးပြုနိုင်လောက်တယ်…”
***