← Chapters

အတူတူ ကျင့်ကြံကြစို့!

Vol. 6 Ch. 80

အတူတူ ကျင့်ကြံကြစို့!

Vol. 6 Ch. 80

“အဖေ့ကို စောင့်ရှောက်မယ် ဟုတ်လား …”

အန်မင်ချွန်သည် တသိမ့်သိမ့် တုန်နေပြီး အန်လင်းအား တွေဝေစွာဖြင့် ကြည့်နေလေသည်။

သို့သော်လည်း အလျင်အမြန်ပင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။

ထို့နောက်တွင် ခေါင်းခါ လိုက်ပြီးနောက် “မဟုတ်ဘူး … အဖေပြောပြီးသားလေ … သားက သီချင်းဆိုပြီး ပိုက်ဆံရှာနေတာကို အဖေမလိုချင်ဘူး … ကျောင်းပြီးအောင် အရင်ဆုံး တက်သင့်တယ် …”

“ကျွန်တော်ပြောတာ အဲလိုမဟုတ်ဘူးရယ် … ကျွန်တော်ကလည်း သီချင်းဆိုပြီး ပိုက်ဆံရှာဖို့ အစီအစဉ် မရှိပါဘူး …” အန်လင်းက ခိုင်မာစွာ ပြောသည်။

“ကျွန်တော်က အခုချမ်းသာနေပြီမို့ အဖေ့ကို စောင့်ရှောက်နိုင်ပြီလို့ ပြောနေတာ …”

ထိုသို့ပြောနေရင်း အန်လင်းသည် အိတ်ကပ် အတွင်းမှ ဘဏ်ကဒ်အား ထုတ်ယူ လိုက်သည်။ “ဒီကဒ်ထဲမှာ ယမ်သန်း ၃၅၀ လောက် ရှိတယ် … ကြိုက်သလို သုံးလို့ရတယ် … ငွေသားသုံးစရာကို မလိုဘူး …”

အန်မင်ချွန်သည် နောက်တစ်ဖန် တွေဝေ သွားပြန်သည်။

သူက အချိန်အတော် ကြာသည်အထိ ကဒ်အား စိုက်ကြည့်နေပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။ “လင်းလေး … အခုက နောက်ရမဲ့အချိန် မဟုတ်ဘူးနော် …”

အန်လင်းသည် လေးနက်သည့် အမူအရာဖြင့် ခေါင်းယမ်း လိုက်ပြီးနောက် “ကျွန်တော်က မနောက်ပါဘူး … အဖေမယုံရင် ATM မှာ သွားပြီးတော့ စစ်ကြည့်မလား အခု …”

အန်မင်ချွန်သည် အန်လင်းအား စိုက်ကြည့်လိုက်သည်။ အန်လင်း၏ အမူအရာမှ တစ်ဆင့် လိမ်နေခြင်း မဟုတ်ကြောင်း ပြောနိုင်ပေသည်။

ခေတ္တမျှ ကြာပြီးသည့် နောက်တွင် အန်မင်ချွန်သည် လေးနက်စွာဖြင့် ပြောကြား လာသည်။ “လင်းလေး … အမှန်အတိုင်းပြောနော် … အဲဒီပိုက်ဆံတွေ ဘယ်ကနေ ရလာတာလဲ …”

“ထီပေါက်လာတာလား ဒါမှမဟုတ် လောင်းကစားလုပ်ရင်း နိုင်လာတာလား …”

အန်လင်း၏ ရင်ထဲတွင် ပြည့်ကျပ်လာတော့သည်။ “အဖေသာ လောင်းကစားအကြောင်း ပြောမလာရင် ကျွန်တော်တို့က ကောင်းမွန်တဲ့ အချိန်တွေမှာပဲ ရှိနေဦးမှာ …”

အန်မင်ချွန်သည် ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်သည်။ သို့သော်လည်း တစ်နှစ် မပြည့်သည့် အချိန်အတွင်း အန်လင်းသည် ယွမ်သန်း ၃၅၀ ကျော်အား ရရှိလာခြင်းကို သူမယုံကြည်နိုင်သေးပေ။

သီချင်းဆိုခြင်းမှနေ ရရှိလာခြင်း ဆိုလျှင်ပင် အန်လင်းသည် အခုမှ လူသစ်သာ ရှိနေသေးသည် မဟုတ်ပါလား။ ထိုမျှလောက် ပိုက်ဆံရစရာ အကြောင်းမရှိချေ။

အန်လင်းသည် အန်မင်ချွန် စဉ်းစားမရနိုင်ဘဲ ရှိနေသည်ကို သိသဖြင့် ရိုးသားစွာ ပြောလိုက်တော့သည်။ “အဖေ … အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဗျ … အခုလိုမျိုး ပိုင်ဆိုင်မှုတွေ လောက်ကတော့ ကျွန်တော် လိုချင်သလောက် ရနိုင်သေးတယ် …”

ထိုစကားအား ကြားလိုက်သည့် အခါတွင် အန်မင်ချွန်၏ မျက်လုံးများသည် တဖျပ်ဖျပ် ခပ်လာသည်။ “ပြန်ပြောကြည့်စမ်း …”

“ကျွန်တော် ပြောတာက ကျွန်တော်က အခု ကျင့်ကြံနေပြီလို့ …”

“အဖေ သိတယ်မလား … ရုပ်ရှင်တွေထဲမှာ ပါတဲ့ အင်မော်တယ်တွေလေ … သူတို့လိုမျိုးပဲ …”

“အာ … သဘောပေါက်ပြီ သဘာပေါက်ပြီ …” အန်မင်ချွန်က နားလည်သွားပြီ ဖြစ်သည်။ “သားကအခု မင်းသား တစ်ယောက် ဖြစ်နေပြီလို့ ပြောတာလား … သားသရုပ်ဆောင်ရတဲ့ အခန်းက ကျင့်ကြံတဲ့ အင်မော်တယ် တစ်ယောက် အဲလိုမျိုးမလား …”

“အန်လင်း …”

တစ်ကွက် နှစ်ကွက်လောက် မပြဘူးဆိုလျှင် သူ့အဖေသည် သူ့အား ယုံကြည်မည် မဟုတ်ကြောင်း သူသိသည်။

“အဖေ … ကျွန်တော့်ကို ကြည့် …”

အန်မင်ချွန်သည် အန်လင်းအား ကြည့်လိုက်သည်။

အန်လင်းက လက်တံဆိပ်တော်တစ်ခု ပြုလုပ်လိုက်သည်။ ရုတ်တရက် ဆိုသလိုပင် ပန်းကန်လုံး အတွင်းရှိ ခေါက်ဆွဲများသည် ခုန်ပေါက် လာကြသည်။ ထို့နောက်တွင် ထိုခေါက်ဆွဲမျှင် များသည် အသက်ဝင်လာကြပြီး ခုန်ပေါက်ကာဖြင့် အန်လင်း၏ ပါးစပ်အတွင်း ပျံသန်း ဝင်ရောက်လာကြသည်။

ခေါက်ဆွဲများနှင့် ဟင်းရည်များ အားလုံးတို့သည့် သူ့ပါးစပ်အတွင်း အဆက်မပြတ် ဝင်ရောက် လာကြသည်။ အန်လင်းသည်တော့ ထိုင်လျက်သား ရှိနေပြီး ဝါးစားနေရန်သာ လိုအပ်သည်။

အန်မင်ချွန် သည်လည်း ဆွံ့အလျက်ရှိသည်။ သူက သရဲအား မြင်လိုက်သကဲ့သို့ ပါးစပ် အဟောင်းသားဖြင့် ကြည့်နေလေသည်။ ခေါက်ဆွဲအား ထိုကဲ့သို့နည်းဖြင့် စားနိုင်ကြောင်း သူတစ်ခါလေးမျှပင် မျှော်လင့် မထားဖူးခဲ့ချေ။

ပါးစပ်နှင့်အပြည့် ခေါက်ဆွဲမားအား စားသောက်ပြီးသည့် နောက်တွင် အန်လင်းက ရယ်မောလိုက်သည်။

“ဘယ်လိုလဲ …”

“အရမ်းကို မိုက်တယ် … ဒါ ဘယ်လိုမျက်လှည့် ပညာမျိုးလဲ …”

အန်မင်ချွန်သည် အလွန်ဂုဏ်ယူလျက် ရှိသည်။ ထိုသို့သော အံ့အားသင့်ဖွယ်ရာ မျက်လှည့်ပြကွက်အား တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။

အန်လင်းမှာ ရှုံ့မဲ့လာသည်။ သူ့လက်များတွင် မီးပွားများပေါ်လာပြီး လျှပ်စီးကြောင်းများ ဖြစ်လာသည်။ အန်လင်း၏ လက်ချောင်း ထိပ်များတွင် လျှပ်စီးကြောင်းများကို မြင်လိုက်သည့် အခါတွင် အန်မင်ချွန်သည် နောက်ထပ် တစ်ဖန် မိန်းမော သွားပြန်သည်။

ချက်ချင်း ဆိုသလိုပင် လျှပ်စီးကြောင်းများသည် စားပွဲထံသို့ ရောက်ရှိလာကြသည်။

ဘုန်း ...

လျှပ်စီးနှင့် ထိမိသည့်အတွက် စားပွဲခုံသည် လောင်ကျွမ်း မည်းနက်သွားသည်။

အန်မင်ချွန်သည် ထမင်းစား စားပွဲအား ထိကြည့်လိုက်သည့် အခါတွင် အနက်ရောင် သဲများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြမ်းပြင်တွင် စုပုံလေနေသည်။

ခေါက်ဆွဲပန်းကန်လုံး နှစ်ခုမှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော်လည်း ယင်းတို့သည် မျှော်လင့်ထားသလိုမျိုး ကွဲကြေမသွားဘဲ ထူးဆန်းစွာဖြင့်ပင် လေထဲတွင် တန့်လျက် ရှိနေကြသည်။

အန်လင်းက လက်ကို ဆတ်ခနဲ လှုပ်လိုက်သည့် အခါတွင် ခေါက်ဆွဲပန်းကန်လုံး နှစ်ခုသည့် မီးဖိုချောင်အတွင်းသို့ ပျံသန်း သွားတော့သည်။ ထို့နောက်တွင် အန်လင်းက လက်ဖျောက်တီး လိုက်သည်။

မီးလောက်များ ပေါ်လာပြီးနောက် အန်မင်ချွန်၏ စားပွဲပေါ်ရှိ ဆွဲလက်စ ဒီဇိုင်းပုံများအား ပြာပုံအဖြစ်သို့ ပြောင်းလဲ ပေးလိုက်လေသည်။ အန်လင်းသည် သူ့လက်ကို ပိုင်းဖြတ်သည့်ပုံစံ ပြုလုပ်လိုက်သည်။

သူ့လက်မှနေ လေဓားတစ်လက် ထွက်ပေါ်လာပြီးနောက် တီဗွီအား နှစ်ပိုင်း ပိုင်းချ လိုက်လေသည်။

***

တစ်မျိုးပြီး တစ်မျိုးနှင့် အန်လင်းသည် အင်မော်တယ်မန္တန် အားလုံးနီးပါးကို အသုံးပြု လိုက်တော့သည်။

ကမ္ဘာကြီးအပေါ်တွင် အန်မင်ချွန်၏ သုံးသပ်ချက်များ အားလုံးတို့သည် ပြန်လည် စမ်းစစ်ရန် လိုအပ်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် နက်ရှိုင်းစွာဖြင့် အမြစ်တွယ်နေသာ ယုံကြည်မှုများ အားလုံးတို့သည် ပြိုလဲသွားလေပြီ။ သူယုံကြည်သွားပြီ ဖြစ်သည်။ သူ့သားသည် အင်မော်တယ် တစ်ဦးဖြစ်ကြောင်း ယုံကြည်ခဲ့ပြီ ဖြစ်သည်။

အန်လင်းသည် အင်မော်တယ် မန္တန်များအား အသုံးပြုကာ အခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။ မယုံကြည်ဘဲ ရှိပါတော့အံ့နည်း။

သူ့အဖေ ယုံကြည်သွားသည်ကို မြင်လိုက်သည့် အခါမှသာ အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချ မိတော့သည်။

ထို့နောက်တွင် အန်လင်းသည် တောင်ခွင်း လက်သီးအား အသုံးပြုကာဖြင့် ယိုင်နဲ့နဲ့အိမ်လေးအား ဖျက်ဆီး လိုက်တော့သည်။ အန်လင်းသည် သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအား မမောမပန်းစွာဖြင့် စတင် ပြောတော့သည်။

သူ့အဖေအား အရာအားလုံး ပြောလိုက်သည် - အင်မော်တယ်ကြီးနှင့် တွေ့ဆုံပုံ၊ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်သားဘဝ၊ သေမျိုးကမ္ဘာသို့ ဆင်းသက်လာရသည့် အကြောင်းအရင်းပါ မချန်။

အန်မင်ချွန်သည် အလွန်အံ့အားသင့်လျက် ရှိနေလေသည်။ သူ့သားသည် တစ်နှစ် အတွင်းမှာပင် ထိုမျှလောက် များပြားသည့် အရာများဖြင့် တွေ့ကြုံခဲ့ရမည်ဟု သူတွေးမကြည့်ဖူးချေ။

အချိန်ကျပြီ ဖြစ်သည့်အတွက် အန်လင်းက ပြောလိုက်သည်။ “အဖေ အတူတူ ကျင့်ကြံကြစို့ … ကျွန်တော်နဲ့အတူ ကျင့်ကြံပြီး အတူတူ ပျံသန်းကြမယ် …”

ကျင့်ကြံရမယ် …

အန်မင်ချွန်သည် ယခင်ကသာ ထိုစကားလုံးအား ကြားမိပါက ထူးဆန်းပြီး ကျိုးကြောင်းမဆီလျော်သည့် စကားများကို ပြောကြားနေခြင်းဟု မှတ်ယူ မိပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင် အရာအားလုံး ပြောင်းလဲသွားချေပြီ။

အင်မော်တယ်များသည် အမှန်တကယ် ရှိနေပြီး သူသည်လည်းပဲ အင်မော်တယ်တစ်ဦး ဖြစ်ရန် အခွင့်အရေး ရှိနေလေပြီ။ ထိုကဲ့သို့ အခွင့်အရေးအား မည်သည့် အတွက်ကြောင့် စွန့်လွှတ်နိုင်မည်နည်း။

“ဒါပေမဲ့လည်း အဖေ့ရဲ့အသက်က ကျင့်ကြံဖို့အတွက် သင့်တော်ပါဦးမလား …” အန်မင်ချွန်သည် တုံ့ဆိုင်းစွာဖြင့် မေးလာသည်။

“အင်း …  အဖေ့ရဲ့အသက်က ကျင့်ကြံဖို့အတွက် မသင့်တော်တော့ဘူး … အဖေ့ရဲ့ ကျင့်ကြံနှုန်းက အရမ်းကို နှေးကွေးလိမ့်မယ် …”

အန်လင်း၏ မျက်နှာတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် ချပြီးပုံရကာ “ဒါပေမဲ့လည်း ကျွန်တော် ပြောပြီးသားလေ … ကျွန်တော်က စောင့်ရှောက်ပါမယ်လို့ …”

“အသက်ကြီးတော့ကော ဘာဖြစ်လဲ … ဆေးရည်တွေ … စိတ်ဝိညာဉ် ကျောက်တုံးတွေ … ကျင့်ကြံခြင်း နည်းစနစ်တွေ အားလုံးရှိနေပြီးသား …”

“ကျွန်တော့်ကိုပဲ ယုံလိုက်တော့ … တစ်နေ့ကျရင် ကျွန်တော်နဲ့ အတူတူ ကောင်းကင်ဘုံ အမြင့်ဆုံးအထိ ခေါ်သွားပေးမယ် …”

အန်လင်း၏ ရင့်ကျက် တည်ငြိမ်နေပြီဖြစ်တဲ့ မျက်နှာအား ကြည့်ကာဖြင့် အန်မင်ချွန်သည် ရင်ထဲထိ သွားတော့သည်။

နောက်ဆုံးတွင် သူက အလျှော့ပေး လိုက်ပြီးနောက် ရယ်မောကာဖြင့် “လင်းလေးကို အဖေက ယုံတာပေါ့ …”

***

အန်လင်း၏ အဖေသည် ကျင့်ကြံဖို့ရန် သဘောတူ လိုက်ပြီးနောက် သူတို့သည် ပေးဆပ်ရန်ရှိသည့် အကြွေးများအား ဆပ်လိုက်ကြသည်။

သူတို့သည် ချေးငှားခဲ့ သူများအား အတိုးလည်း အများအပြား ပေးလိုက်သေးသည်။

ခက်ခဲနေသည့် အချိန်တွင် ကူညီပေးခဲ့ကြသည့် မိတ်ဆွေများ ဖြစ်သည့်အတွက် ထိုကဲ့သို့သော ဆုလာဘ်နှင့် ထိုက်တန်ပေသည်။

***

နောက်တစ်နေ့တွင် အန်လင်းသည် ဟောင်ရှန့်ရှန့်ထံ ဖုန်းဆက်လိုက်သည်။

သေမျိုးကမ္ဘာရှိ ကျင့်ကြံခြင်းဂိုဏ်းများနှင့် အမျိုးသား ကျင့်ကြံခြင်းဌာနတွင် အန်လင်းသည် အမျိုးသာကျင့်ကြံခြင်း ဌာနအား ရွေးချယ်လိုက်သည်။ သေမျိုးကမ္ဘာရှိ ကျင့်ကြံခြင်း ဂိုဏ်းများသည် ကောင်းကင်ဘုံပိုင်နက်နှင့် ပတ်သက် ဆက်နွယ်ခြင်း မရှိကြသည့်အတွက် ဆက်သွယ်ဖို့ရန် ခက်ခဲပေသည်။ အခြားတစ်ဖက်တွင်မူ အမျိုးသားကျင့်ကြံခြင်း ဌာနသည် ကောင်းကင်ဘုံပိုင်နက်နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိပေသည်။

အန်လင်းသည် ကောင်းကင်ဘုံပိုင်နက်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အတွက် သူ့အဖေအား အမျိုးသားကျင့်ကြံခြင်း ဌာနတွင် ထားရှိခြင်းသည် ပို၍လုံခြုံစိတ်ချမှု ရှိပေသည်။

“ဟေ့ အန်လင်း … နင့်အဖေကို ရှာတွေ့ပြီလား …” ဟောင်ရှန့်ရှန့်၏ မောပန်းနေသည့် အသံမှာ ဖုန်းထဲမှ ထွက်လာသည်။

“အင်း … ကျေးဇူးပါပဲ … ရှာတွေ့ပြီ … ပြီးတော့ နင်တို့ရဲ့ အမျိုးသားကျင့်ကြံခြင်း ဌာနမှာ ငါ့အဖေကို ကျင့်ကြံခိုင်းမလို့လေ … အဲဒါက အဆင်ပြေရဲ့လား …” အန်လင်းက စိုးရိမ်စွာဖြင့် မေးသည်။

ကျင့်ကြံခြင်း ဌာနများတွင် ဆရာများစွာရှိသည်။ သို့သော်လည်း သူတို့သည် အန်လင်း၏ အဖေ ကဲ့သို့သော အသက်ကြီးသူတစ်ဦးအား သင်ကြားပေးရန်အတွက် ကန့်သတ်ချက်များစွာ ရှိပေသည်။ ဆရာများအား အရင်ဆုံး မေးမြန်းဖို့ လိုအပ်နိုင်ပေသည်။

သူအံ့ဩရသည့်အချက်မှာ ဟောင်ရှန့်ရှန့်သည် ချက်ချင်းပင် သဘောတူလိုက်ခြင်း ဖြစ်သည်။ “ကိစ္စမရှိဘူး … နင်တို့ ဘယ်နေ့လာဖို့ စီစဉ်ထားလဲ … နင့်အဖေနဲ့တွေ့ဖို့ လူတစ်ယောက် လွှတ်ပေးလိုက်မယ် …”

ဟောင်ရှန့်ရှန့်၏ စကားအား ကြားလိုက်သည့်အခါတွင် အန်လင်းသည် အလွန်ပျော်ရွှင် သွားသည်။ “မနက်ဖြန်ဆိုရင်ကော … မနက်ဖြန်ကျရင် ငါနဲ့ ငါ့အဖေနဲ့ နင်တို့ကို ချုံချင်းမှာ စောင့်နေလိုက်မယ်လေ …”

“ကောင်းပြီ … အဲတော့မှ ဆက်သွယ်လိုက်မယ် …” ဟောင်ရှန့်ရှန့်သည် အမြဲတမ်း ပွင့်လင်းစွာသာ ပြောလေ့ရှိသည်။

အန်လင်း ဖုန်းချကာနီးမှာပင် ရုတ်တရက် ဆိုသလို ဟောင်ရှန့်ရှန့်၏အသံ ထွက်လာပြန်သည်။ “ခဏလေး …”

“ဟမ် … ဘာလို့လဲ …”

“ဪ … ပြောဖို့ မေ့ခဲ့လို့ … နင့်အဖေက ဒီမှာကျင့်ကြံမယ် ဆိုလို့ရှိရင် ရိုးရိုးအတန်း တွေကတော့ အခမဲ့ပဲ … ဒါပေမဲ့လည်း တခြားအတန်းတွေ ရှိသေးတယ် …” ဟောင်ရှန့်ရှန့်က ရှင်းပြသည်။

“အဲလိုဟာမျိုးတွေ ရှိသေးတာလား … ငါ့ကိုပြောပြပါဦး …” သူမကျင့်ကြံသည့် နေရာတွင် ထိုကဲ့သို့ အတန်းအမျိုးမျိုး ခွဲထားသည်ဟု အန်လင်းက မျှော်လင့်မထားချေ။

“ပထမဆုံး အမျိုးအစားကတော့ စံချိန်မီလမ်းညွှန်ခြင်း လို့ခေါ်တယ် … အဲဒါက ငါတို့ဌာနရဲ့ လက်ရွေးစင် ဆရာတွေကနေ သင်ကြားပေးတာ … အဲဒီမှာ ဆေးရည်တွေ၊ အဆင့်မြင့်ကျင့်ကြံခြင်း နည်းစနစ်တွေ ပါဝင်တယ် … ငါတို့ အထူးစုံစမ်းရေးဌာနရဲ့ အဖွဲ့ဝင်တွေက အဲဒီအမျိုးအစားကို တက်ရောက်ကြတယ် … အရင်းအမြစ်တွေ အများကြီး လိုအပ်တာကြောင့် အဖိုးအခအနေနဲ့ တစ်နှစ်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ ပေးရတယ် …”

“ဒုတိယ အမျိုးအစားကတော့ အဆင့်မြင့်လမ်းညွှန်ခြင်း လို့ ခေါ်တယ် … အဲဒါက ငါတို့ဌာနရဲ့ အကောင်းဆုံး ဆရာကနေ သင်ကြားပေးတာ … စကားမစပ် အဲဒီဆရာက ငါ့ရဲ့ဆရာလေ … အဲဒီမှာဆိုရင် အကောင်းဆုံး ဆေးရည်တွေ အကောင့်ဆုံး ကျင့်ကြံခြင်း နည်းစနစ်တွေ ပါဝင်တယ် … အဲဒါကြောင့် တော်တော်လေးများတဲ့ အရင်းအမြစ်တွေ  လိုအပ်တယ် … အဖိုးအခကတော့ တစ်နှစ်ကို စိတ်ဝိညာဉ်ကျောက်တုံ တစ်ထောင်ကျော်လောက်တော့ ကျမယ် …”

ခေတ္တမျှ တိတ်ဆိတ်သွားသည်။

“ဒါပဲလား …”

ဟောင်ရှန့်ရှန့်မှာ အလွန်အံ့အား သင့်သွားသည်။ “ဟုတ်တယ်လေ … အဲဒါပဲ … နင်က ဘာတွေထပ်လိုချင်လို့တုန်း …”

“တစ်နှစ်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် ပေးရတာမျိုး မရှိဘူးလား … နင်သိတယ်မလား … VVVIP လိုမျိုးလေ…”

“ဟောင်ရှန့်ရှန့် …”

“မရှိဘူး … သွားသေလိုက် …”

“ဪ … အဲဒါဆိုရင်လည်း အဆင့်မြင့် လမ်းညွှန်ခြင်းကို ရွေးလိုက်ပါမယ်လေ …”

“ဟူး … အဲဒါက တစ်နှစ်ကိုမှ စိတ်ဝိညာဉ် ကျောက်တုံး တစ်ထောင်တည်းရယ် … ငါ့အဖေက ကောင်းကောင်းကော သင်ရပါ့မလား …”

ထိုစကားအား ကြားလိုက်သည့် အခါတွင် ဟောင်ရှန့်ရှန့်မှာ မျက်ရည်များပင် စီးကျလုမတတ် ဖြစ်သွားတော့သည်။

ဒီသောက်ရူးနဲ့တော့ … စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်က အရမ်းကို ဈေးပေါနေတယ်ပေါ့ …

နင်စကားမပြောခင် နည်းနည်းလောက် စဉ်းစားလို့ မရဘူးလား … စိတ်တိုစရာ ကောင်းလိုက်တာ …

ပြောပါဦး … နင့်မှာ ပိုက်ဆံတွေ ဘယ်လောက်တောင်မှ ရှိနေလို့တုန်း … ကျင့်ကြံခြင်းကမ္ဘာရဲ့ တိုင်ကွန်းများလား …

အန်လင်းက ငါ့ကိုကြည့်တဲ့အခါတိုင်း သူတောင်းစား တစ်ယောက်ကို ကြည့်သလိုမျိုးတော့ မဟုတ်ပါဘူးနော် … ဟုတ်နေတာလား …

ဟောင်ရှန့်ရှန့်မှာ အလွန်အမင်း ဆင်းရဲသူ တစ်ဦးဟု ခံစားနေရသည်။ ထိုအကြောင်းအား တွေးလေလေ စိတ်ဓာတ်ကျ လာလေလေ ဖြစ်သည်။ သူမသည် ဆဲဆိုစရာ စကားလုံးပင် ရှာမတွေ့တော့ချေ။

“နင်ဘာမှပြောစရာ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ် …” ဟောင်ရှန့်ရှန့်သည် အန်လင်းနှင့် ဆက်ပြီး စကားပြောနေဦး မည်ဆိုလျှင် သူမ၏ တာအိုနှလုံးသားလေးမှာ ထိခိုက်သွားနိုင်သည်ဟု ခံစားနေရသည်။

“အင်း … ကောင်းပြီလေ … တစ်နှစ်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၂၀၀ နင့်ကိုပေးမယ် …”

“အပို ၂၀၀ ကတော့ နင့်ကို ကျေးဇူးတင်ကြောင်းပြတယ်လို့ သဘော ထားလိုက်ပေါ့နော် … ငါ့အဖေကို သေချာလေး ကူညီပေးဖို့ မျှော်လင့်ပါတယ် …”

***

ဖုန်းချလိုက်ပြီးနောက်တွင် ဟောင်ရှန့်ရှန့်သည် ကောင်းကင်အား မော့ကြည့်ကာဖြင့် နှာရှုပ်လိုက်သည်။

ဒီလိုမျိုး ပျော်ဖို့ကောင်းနေလျက်နဲ့ သောကရောက်တဲ့ ခံစားချက်ကြီး …။

***

All Chapters