မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (5)
Vol. 25 Ch. 242
နောက်ပိုင်း ရှာဖွေစစ်ဆေးမှုကတော့ မြန်ဆန်လွန်းလှသည်။
သတင်းကြားရသည့်နောက်တွင် တချို့လူများ အလျင်အမြန် ခြေရာဖျောက်သွားကြသော်လည်း တုံ့ပြန်မှုနှေးကွေးသူများ၊ သတင်းမရသေးသူများအား ရဲများမှ အမိအရ ဖမ်းဆီးနိုင်ခဲ့ကြသည်။
ထိုလူများမှတစ်ဆင့် သဲလွန်စများ ဆက်လက်ရှာဖွေခဲ့ကြသည်။ ဤအခွင့်အရေးအား နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသည့် တောင်ပိုင်းပြည်နယ်ရဲတပ်ဖွဲ့သည်လည်း အင်မတန် စိတ်လှုပ်ရှားနေကြပြီး တာဝန်ကျမစ်ရှင်များအား သွက်လက်တိကျစွာ ဆောင်ရွက်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့က လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ဖြစ်ပွားနေခဲ့သော လူကုန်ကူးမှုများမှ နစ်နာသူ ထောင်ပေါင်းများစွာ၏ အချက်အလက်များနှင့် တရားခံပေါင်း တစ်ရာကျော်အား ဖမ်းဆီးနိုင်ခဲ့သည်။
ထိုအရေအတွက်က များပြားလွန်းသည်ဟု ထင်ရသော်ငြား သတင်းအချက်အလက် အတိအကျမရနိုင်သေးသည့် နစ်နာသူများနှင့် ထွက်ပြေးတိမ်းရှောင်သွားသော တရားခံများ ရှိနေဆဲပင်ဖြစ်သည်။
ဤအဖွဲ့လိုက် ပြစ်မှုကျူးလွန်မှုတွင် အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကူးခြင်းအပြင် လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းများ မှောင်ခိုရောင်းချမှုများလည်း ပါဝင်နေခဲ့သည်။
ဒုတိယအမှုမှ နစ်နာသူများကတော့ အရိုးများပင် မကျန်တော့သည့်အတွက်ကြောင့် ခြေရာခံရန် ခက်ခဲလှသည်။
ဖမ်းမိသူများထဲတွင် နယ်စပ်မှ တရားခံများမှာ ရှားနိုင်ငံသားများ မဟုတ်ကြပေ။
သူတို့၏လက်ထဲတွင် ရှိနေသော နိုင်ငံခြားစာရင်းက ပို၍ပင် တန်ဖိုးရှိသော အချက်အလက်ဖြစ်သည်။ နိုင်ငံခြားသို့ ရောင်းချခံလိုက်ရသူများအား နိုင်ငံတွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် အခွင့်အရေးလမ်းစတစ်ခု ပေါ်လာခဲ့ခြင်းပင်။
တောင်ပိုင်းပြည်နယ်နှင့် နယ်စပ်ဒေသတို့တွင် ကြီးစိုးနေခဲ့သည့် ဤပြစ်မှုကြီး၏ နောက်ကွယ်မှ ကြိုးဆွဲသူများသည်လည်း စစ်ဆေးမှုတွင် ပေါ်ပေါက်လာခဲ့သည်။
ထိုတောက်ကျန့်များထဲတွင် မကောင်းမှုကျင့်ကြံသည့် တောက်ကျန့်များ၊ ရှားနိုင်ငံသို့ နယ်ခြားမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအပြင် တောင်ပိုင်းပြည်နယ် တောက်ဓမ္မဂိုဏ်းခွဲ၏ အဓိက ခေါင်းဆောင်တို့ပါ ပါဝင်နေခဲ့သည်။
သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများသည်က ရေတွက်၍ပင် မရနိုင်ပါချေ။
ထို ‘မောက်မာ’၍ ကိုယ့်ကိုကိုယ် ထူးခြားပညာရှင်ဟု သမုတ်ထားကြသော လူများသည် သာမန်အဆင့်နိမ့်လူများနှင့် ပေါင်းစည်းလုပ်ကိုင်ခြင်း၊ ထိုလူများ၏ လူကုန်ကူးခြင်းအား ကူညီပေးရန် ဖွဲ့စည်းပုံများပင် တည်ဆောက်ပေးခဲ့ခြင်း၊ ရွာနှစ်ရွာမှ လူများအား ဆယ်နှစ်ကျော်ကြာသည်ထိ ပြစ်မှုကျူးလွန်နိုင်ရန် ကူညီပေးခဲ့ရသည့် အကြောင်းရင်းမှာ -
သူတို့ကိုယ်တိုင်၏ အရှက်မရှိသော၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကြောင့်သာလျှင်ဖြစ်သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်၏ စစ်ဆေးမှုမှတဆင့် တွေ့ရှိခဲ့ရသည်မှာ ထိုထူးခြားပညာရှင်များက ဖမ်းဆီးခံရသည့် ကလေးငယ်များတွင်မှ ကျား၊မ,မရွေး ထူးခြားသော အရည်အချင်း၊ ဝိဉာဉ်ဆိုင်ရာ အာရုံခံနိုင်စွမ်း၊ သို့မဟုတ် စွမ်းရည်ရှိသည့် ကလေးငယ်များကို ရွေးချယ်ကာ လျှို့ဝှက်နည်းလမ်းများအသုံးပြု၍ ထိုကလေးငယ်များထံမှ ဝိဉာဉ်စွမ်းအင်များဖြင့် သူတို့ကိုယ်သူတို့ မြန်မြန်အဆင့်မြှင့်တင်နိုင်ရန် အသုံးချခဲ့ခြင်းသာ ဖြစ်သည်။
တတချို့လူများသည် ကူပိုးကောင်များ သို့မဟုတ် ဆေးဝါးများဖြင့် စမ်းသပ်အသုံးပြုကြသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး တရားမကျသော နည်းလမ်းများကြောင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်၏ ထုတ်ပြန်ချက်အား ကြားရပြီးနောက် သဘာဝလွန်လောကတွင် အုံးအုံးကျက်ကျက် ဖြစ်သွားခဲ့ကြသည်။
အကူအညီတောင်းရန်ပင် မလိုအပ်ပါချေ။ သဘာဝလွန်လောကမှ အဖွဲ့အစည်းတိုင်းသည်လည်း ထိုထူးခြားပညာရှင်များအား အမဲလိုက်နေခဲ့ကြသည်။
ထိုလူစုထဲတွင် ချန်ချင်းဂိုဏ်းမှ တောက်ကျန့်တစ်ဦးလည်း ပါဝင်နေသောကြောင့် သူတို့က တောင်ပိုင်းပြည်နယ်တွင် ဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်၏ ‘နယ်မြေကျူးကျော်ခြင်း’အား အသံမထွက်ရဲကြပေ။
ဝူဖန်နှင့် ချန်ရှန်းပြောင်တို့ကဲ့သို့ အဓိကတရားခံများအတွက် စောင့်ဆိုင်းနေသော ပြစ်ဒဏ်မှာ သေဒဏ်မှတစ်ပါး အခြားပြစ်ဒဏ်မရှိပေ။
ကျန်နေသေးသည့် ရောင်းချသူများ၊ ဝယ်သူများသည်လည်း အသီးသီး အပြစ်ဒဏ်ခံရမည်ဖြစ်သည်။
*
ကုကျစ်စုန့် မထွက်ခွာမှီ သူမက ဝူဖန်နှင့် ချန်ရှန်းပြောင်တို့အား သွားရောက်တွေ့ဆုံခဲ့သေးသည်။
သူတို့၏ရွာအား ဒုက္ခပေးခဲ့သည့် ‘အဓိကတရားခံ’ဖြစ်သော သူမကို ကြည့်သည့် သူတို့နှစ်ဦး၏ မျက်လုံးမှာ ဒေါသရိပ်လွှမ်း၍ နီမြန်းနေခဲ့သည်။
သူတို့က အံကိုတင်းတင်းကြိတ်ထားကြပြီး လက်ထိပ်မခတ်ထားပါက သူမအား မသေမချင်း တိုက်ခိုက်ကြမည့်ဟန်ပေါ်သည်။
ကုကျစ်စုန့်က ဝူဖန်အား ရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် မလှုပ်မယှက်စိုက်ကြည့်နေခဲ့သည်။
ဝူဖန်က ဒေါသတကြီးဖြင့်ဆိုသည်။
“ကုတောက်ကျန့်ရဲ့ လှည့်ကွက်တွေက ကောင်းသားပဲ၊ ကျုပ်လို တိုက်ပွဲကျတဲ့ စစ်သူကြီးကို မြင်ရတော့ ရယ်ချင်နေတယ် မဟုတ်လား? ကောက်ကျစ်တဲ့ မိန်းမယုတ်မ!”
ကုကျစ်စုန့်၏ အသံကတော့ တည်ငြိမ်လွန်းလှသည်။
“ရွာသူကြီးဝူနဲ့ ယှဉ်ရင်တော့ ကျွန်မက အများကြီးကို ဖြူစင်ပါတယ်၊ ရှင်တို့တစ်ရွာလုံးက လူတွေကမှ အပြစ်သားတွေချည်းပဲ”
သူတို့နှင့် အတူ မလုပ်ကိုင်လိုသူများ၊ လူကုန်ကူးခြင်းကို သဘောမတူသူများသည်က ယခင်ကတည်းက ထိုယုတ်မာသည့်နေရာမှ မိသားစုများနှင့်အတူ ရွှေ့ပြောင်းသွားခဲ့ပြီးဖြစ်သည်။
ရွာထဲတွင် ကျန်ရှိနေသည့် သူများမှာ ပြစ်မှုတွင် ကြံရာပါများ၊ သိရက်နှင့် မတိုင်ကြားပဲ မျက်စိမှိတ်၊ နားပိတ်ကာ နေထိုင်နေကြပြီး အခြေအနေပိုဆိုးသထက် ဆိုးလာအောင် ကူညီခဲ့ကြသူများသာ ဖြစ်ကြသည်။
သူတို့၏ ပြစ်မှုများမှတစ်ဆင့် တစ်သက်စားမကုန်နိုင်သော စည်းစိမ်များ ရှာနိုင်ခဲ့ကြသည်။
သူတို့၏ ဆွေမျိုးသားချင်းများတွင် အပြစ်မရှိဟု ဆိုကြသော်လည်း ထိုဆွေမျိုးသားချင်းများ သုံးစွဲနေသည့် ငွေများက အမှန်တကယ် အပြစ်မရှိသော ဘဝများ၏ သွေးများ၊ မျက်ရည်များ ဖြစ်ကြောင်း မတွေးခဲ့ကြပေ။
ပို၍ အရယ်ရဆုံးစကားမှာ သူတို့သည်က တောင်ပိုင်းပြည်နယ်နှင့် တောင်တန်းများအား ချစ်မြတ်နိုးပါသည်ဆိုသော စကားပင်ဖြစ်သည်။
တခြားနယ်မြေများမှ ကြိုးစားပညာသင်ယူခဲ့ကြသည့် မိန်းမငယ်များက တစ်ချိန်လုံး တောတောင်ထဲတွင် ကြီးပြင်းခဲ့ရသော သူတို့ကဲ့သို့ မဖြူစင်ကြဟု ဆိုကြသေးသည်။
သူတို့၏ ကလေးများကိုတော့ တောင်တန်းဒေသများမှ မြို့ပြသို့ ကြိုးကြိုးစားစားဖြင့်ပို့ကြသေးသည်။
အဓိပ္ပာယ်မဲ့လှသည်မဟုတ်ပါလော?
ထိုတရားခံများ၏ ဆွေမျိုးများတွင် အပြစ်ရှိ၊မရှိ ကုကျစ်စုန့် မဝေဖန်လို။
သို့သော် သူမ၏ ဆုံးဖြတ်ချက်ကိုတော့ ပြောင်းလဲမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အမှန်တကယ်သနားစရာကောင်းသူများမှာ လူကုန်ကူးမှုများ၏ နစ်နာသူများပင်။
ဝူဖန် မကျေမချမ်း ပြောလာပြန်သေးသည်။
“သိပ်ပြီး ဂုဏ်ဆာမနေနဲ့၊ မင်းက အဲဒီပညာရှင်တွေရဲ့ ကြိုးစားမှုကို ဖျက်ဆီးခဲ့တာ၊ သူတို့က မင်းကို အလွတ်ပေးမယ်ထင်နေလား!”
ကုကျစ်စုန့် နှုတ်ခမ်းပါးလေးများ တွန့်ရုံ ပြုံးလိုက်သည်။
“ကျွန်မ တစ်ခုပဲ ပြောချင်တာပါ၊ ရှင် ကျန်းရှောင်ယန်ကို ကျိန်စာတိုက်ထားတဲ့ ‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’ကို ကျွန်မ ဖျက်လိုက်ပြီ? မကြာလောက်ဘူး၊
. ရှင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ တွေ့ရလိမ့်မယ်၊ အဲဒါက ကျိန်စာရဲ့ တန်ပြန်သက်ရောက်ခြင်းပဲ”
“ဘာနဲ့ စ,မလဲဆိုတော့ အရေပြားပေါ်မှာ အဖုအပိန့်တွေထလာမယ်၊ ခန္ဓာကိုယ်ဖောရောင်လာလိမ့်မယ်၊ နောက်ကျရင်တော့ ကိုယ်တွင်းအင်္ဂါတွေက ဓားနဲ့ ဖြတ်ခံရသလိုမျိုး မချိမဆန့် နာလာလိမ့်မယ်
နောက်ဆုံးကျရင်တော့ ရှင်က ခန္ဓာကိုယ်တစ်ခုလုံးက အကြိတ်တွေကြောင့် သေရင်သေ၊ မသေရင် နာကျင်တဲ့ ခံစားချက်ကြောင့်သေမှာပဲ၊ သေချာတာကတော့ အဲ့ဝေဒနာကို ရှင်… အကြာကြီး ခံစားရမှာ၊ အင်း၊ ဒါပေမဲ့ ရှင်က မကြာခင် သေဒဏ်ကြောင့် ပစ်သတ်ခံရမှာဆိုတော့ သိပ်အကြာကြီး ဝေဒနာခံရမယ်မထင်ဘူး”
သူမ အရှေ့သို့ ခါးလေးညွှတ်လိုက်ပြီး မျက်လုံးများ မှိတ်အောင်ပင် ပြုံးပြလိုက်သည်။
“ဒါပေမယ့် ရှင့်ကို ဘဝခံစားချက်အပြည့်အဝရအောင်လို့ ကျွန်မ နည်းလမ်းလေး သုံးပြီးတော့မှ အဲ့ဒီတန်ပြန်တိုက်ခိုက်မှုကို မြန်မြန်လေး ဖြစ်အောင်လုပ်လိုက်တယ်လေ၊ ဒီတော့ သိပ်စိတ်မပူပါနဲ့၊ ရှင်မသေမချင်း အဲဒီဝေဒနာကို လှလှကြီး ခံစားသွားရမှာပါ”
ဝူဖန် ဒေါသထွက်သလို အံ့ဩထိတ်လန့်သွားခဲ့သည်။
ကုကျစ်စုန့် ပြောပြသွားသည့် မြင်ကွင်းအား မျက်လုံးထဲတွင် ကွင်းကွင်းကွက်ကွက် မြင်နေပြီးနောက် အလွန်ပင်ကြောက်လန့်လာခဲ့သည်။
စိတ်ခံစားချက်ကြောင့်လော မသိရသော်လည်း သူ၏ အရေပြားက ချက်ချင်းပင် ယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။
ကုကျစ်စုန့် ခါးကို ပြန်မတ်လိုက်ပြီးနောက် အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ရှင် ဒီနှစ်တွေထဲမှာ ကျန်းရှောင်ယန်ဆီကနေ ခိုးယူခဲ့တာတွေ၊ နစ်နာသူတွေကို ရှင့်ကြောင့် ထိခိုက်ခဲ့ရတာတွေ အားလုံးကို ပြန်ပြီး ပေးဆပ်ရလိမ့်မယ်”
‘ဝိဉာဉ်အစားထိုးခြင်းကျိန်စာ’အား ပယ်ဖျက်ပြီးနောက် ပိုင်စစ်က ကျန်းရှောင်ယန်၏ စိတ်အား အကြိမ်ပေါင်းများစွာ စီစဉ်ကုသပေးခဲ့သည်။
သူမ၏ လက်ရှိစိတ်ပိုင်းအခြေအနေသည် ပုံမှန်မဟုတ်သေးသကဲ့သို့ တိုးတက်မှုလည်း မရှိသေးသော်ငြား ကျန်းမိသားစုမှ အဘိုး၊အဘွားနှင့် ကျန်းရှောင်နာတို့ကတော့ ဝမ်းပန်းတသာပင် ကျန်းရှောင်ယန်နှင့် အားယာတို့အား ခေါ်သွားခဲ့လေသည်။
နောင်နှစ်တစ်ဝက်ခန့်တွင် သူမ၏ အသိစိတ်သည် ပို၊ပို၍ ကြည်လင်လာမည်ဖြစ်ပြီး လူကောင်းပကတိ ပြန်ဖြစ်နိုင်ရန် အခွင့်အလမ်းလည်း များသည်။
ထိုအချိန်ရောက်လာလျှင် သူမက အားယာလေးကို မွေးထားမည်လော၊ လက်လွှတ်လိုက်မည်လောမှာ ကျန်းရှောင်ယန်၏ ရွေးချယ်မှုသာ ဖြစ်လိမ့်မည်။
ကျန်းရှောင်ယန် ထွက်ပြေးခဲ့ချိန်က အားယာလေးက အသက် ၃နှစ်အရွယ်သာ ရှိသေးသောကြောင့် သူမ နှောင်ကြိုးမတွယ်နှောင်ခင် ထွက်ပြေးနိုင်ခဲ့သည်။
ပြန်လည်ဖမ်းမိခဲ့ချိန်တွင်တော့ ဝူမိသားစုတစ်ခုလုံးတွင် သူမအား ဂရုစိုက်ကြင်နာပေးခဲ့သူမှာ အားယာတစ်ဦးသာလျှင် ရှိသည်။
သူမ၏ မိခင်ဖြစ်သူက သူမကို ပစ်သွားကြောင်း လူတိုင်းပြောကြသည်။ သို့သော် အားယာလေးကတော့ မိခင်အား မမုန်းတီးခဲ့ပေ။ မိခင်ဖြစ်သူ၏ ဝေဒနာကို နားလည်ကာ ရင်ထဲတွင်လည်း မိခင်၏ လုပ်ရပ်ကို ထောက်ခံခဲ့သည်။ သို့သော်လည်း အပြင်မှာတော့ ထုတ်မပြရဲခဲ့ပေ။
ဖခင်ဖြစ်သူနှင့် မိထွေးတို့၏ နောက်ကွယ်တွင် မိခင်အား တိတ်တိတ်လေး ဂရုစိုက်ပြုစုပေးခဲ့သည်။
ထိုအချက်များကြောင့်လည်း ကျန်းရှောင်နာတို့မိသားစုတစ်ခုလုံးက အားယာလေးအပေါ် စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ခြင်းပင်။
မထွက်ခွာမှီ ကုကျစ်စုန့် မျက်လုံးကို အသာ စောင်း၍ အချုပ်ခန်းတွင်းမှ အပြစ်သားအား လှည့်ကြည့်လိုက်သည်။
“ဒါနဲ့ ရှင်က အဲဒီ ပညာရှင်ကြီးတွေကို အထင်ကြီးလေးစားလွန်းလို့ ရှင့်ရဲ့သားကိုတောင် ပညာသင်ဖို့ လွှတ်ထားသေးတယ်မဟုတ်လား?”
ဝူဖန် မျက်နှာပျက်သွားခဲ့သည်။ ထိုအရာကို ဤမိန်းမ အဘယ်ကြောင့် သိနေရပါသနည်း?!
သူ့စိတ်ထဲတွင် အမြဲတွေးနေခဲ့သည့် အတွေးတစ်ခုမှာ သူသည် ဤကဲ့သို့ အလုပ်ကြမ်းများနှင့် မလိုက်ဖက်ပေ။
ရွှေရည်နှင့်သာ လက်ဆေးချင်ခဲ့သည်။
သူ့အထက်မှ ပညာရှင်များသည်က အင်မတန်စွမ်းအားကြီးသည်ဟု တွေးမိလိုက်ပြီးနောက် သားဖြစ်သူအား သဘာဝလွန်ပညာသင်ကြားရန် စေလွှတ်ခဲ့သည်။
ထိုအရာအား သိကြသူ သိပ်မရှိပေ။
ကုကျစ်စုန့် စိတ်မကောင်းဟန် အပြုံး,ပြုံးလာသည်။
“အိုး… ကျွန်မ ရွာလူကြီးဝူကို ပြောဖို့ တစ်ခုကျန်သွားတာ၊ အင်း… ရှင့်သားလေးက ဝိဉာဉ်စွမ်းအင်နဲ့ပတ်သတ်ပြီး အရည်အချင်းတော့ ရှိပါတယ်၊ စိတ်မကောင်းစရာပဲ….”
သာမန်လူများကို ပုရွက်ဆိတ်တစ်ကောင်မျှပင် တန်ဖိုးမထားသည့် ထိုထူးခြားပညာရှင်များသည်က ဝိဉာဉ်စွမ်းအင် အားကောင်းသည့် ခန္ဓာကိုယ်များ ပြတ်လပ်မည်ကို စိတ်ပူနေခဲ့ကြသော်လည်း ဝူဖန်ကတော့ ထိုခန္ဓာကိုယ်များကို သူတို့တံခါးပေါက်ထိ အိမ်အရောက် လာရောက်ပို့ဆောင်ခဲ့ခြင်းပင်။
လူ့ကျင့်ဝတ်တရားနှင့် သဘောတူညီချက်?
တိရိစ္ဆာန်လောက်ပင် အသိစိတ်မရှိသော ထိုထူးခြားပညာရှင်များ၏ စိတ်ထဲတွင် ထိုအရာများ ရှိလိမ့်မည်ဟု ထင်ပါသလော?
သူမ လှည့်ထွက်လာခဲ့ချိန်တွင်တော့ နာကျင်မှုဝေဒနာကြောင့် အသည်းခိုက်မတတ် အော်ဟစ်လိုက်သည့် အသံနက်ကြီးသာ လွှမ်းမိုးနေခဲ့သည်။
“မဟုတ်ဘူး! မဖြစ်နိုင်တာ!! ငါ မင်းကို မယုံဘူး!”
ကုကျစ်စုန့် ချန်ရှန်းပြောင်အား ချုပ်နှောင်ထားသည့် အခန်းထဲသို့ ဝင်လာခဲ့ချိန်တွင် သူက တစ်ဖက်ခန်းမှ ဝူဖန်လောက်တော့ တက်ကြွနေပုံမပေါ်၊ ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်ဟန်ပေါ်သည်။
သူ့အား နှစ်စက္ကန့်မျှသာ ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် စကားစသည်။
“ချန်ရှန်းပြောင်၊ ရှင့်ရဲ့ သားနဲ့ သမီးကို ရှာတွေ့ပြီ”
ချန်ရှန်းပြောင် ခေါင်း ချက်ချင်းမော့လာခဲ့သည်။
“မင်း သူတို့ကို ရှာတွေ့ပြီ ဟုတ်လား!? သူတို့ အိမ်ပြန်ရောက်ကြပြီလား?”
ကုကျစ်စုန့် ညင်သာစွာ ခေါင်းခါရမ်းသည်။
“သူတို့ လတ်တလောတော့ ပြန်လာနိုင်မှာမဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့…. သူတို့က နယ်စပ်က တံတားနဲ့ တစ်သားတည်း ဖြစ်သွားကြပြီလေ”
ချန်ရှန်းပြောင်က နယ်စပ်မှ သူ၏ လုပ်ဖော်ကိုင်ဖက်က သူ့ကို လိမ်ညာခဲ့သည့်ကိစ္စကို မသိခဲ့ပါချေ။
လုပ်ဖော်ကိုင်ဖက်က အမွှာနှစ်ယောက်အား မတော်တဆမဟုတ်ဘဲ တမင် ခေါ်ဆောင်သွားခဲ့ခြင်းပင်ဖြစ်သည်။
နယ်မြေခံဒေသတစ်ခုမှ တံတားအသစ်တစ်စင်း တည်ဆောက်ရန် မြေတူးခြင်းလုပ်ငန်းမှာ အဆင်မပြေ၊ အခက်တွေ့နေခဲ့သည်။
ဒေသခံပညာရှင်များ၏ ပြောစကားမှာ မြစ်စောင့်နတ်ဘုရားသည် ‘တံတားစောင့်များ’ဟု ခေါ်သည့် စတေးခံလူသားများ လိုအပ်နေသောကြောင့် ဖြစ်လေသည်။
ပညာသည်များ၏ စကားအရ ‘တံတားစောင့်’က ယောင်္ကျားလေး၊ မိန်းကလေး အမွှာဖြစ်ရမည်။
သို့သော် စတေးခံအား ရှာဖွေ၍ မရခဲ့ကြပေ။
တံတားကို အဆင်ပြေပြေ ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံပညာရှင်များမှ နယ်စပ်လူကုန်ကူးသမားများအား ငွေအမြောက်အမြားပေး၍ သင့်တော်သည့် စတေးခံများ ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
မည်သို့ပင် ရှာဖွေပါစေ၊ မတွေ့ခဲ့သည့်အချိန်တွင် ထိုလူကုန်ကူးသမားက ချန်ရှန်းပြောင်၏ သားနှင့် သမီးကို မျက်စိကျသွားခဲ့သည်။
ချန်ရှန်းပြောင် ဖုန်းဆက်သွယ်ချိန်တွင် သူ၏ ကလေးနှစ်ယောက်မှာ တံတားတည်ဆောက်ရာတွင် စတေးခံရန်အတွက် ပညာရှင်များ၏ လက်တွင်း ရောက်ရှိနေပြီဖြစ်သည်။
ထိုညကပင် ကလေးနှစ်ဦးပေါ်သို့ အင်္ဂတေများ လောင်းချလိုက်ပြီး သက်ရှိရုပ်ထုများအဖြစ် ပြောင်းလဲလိုက်ပြီးဖြစ်သည်။
ရဲသားများ ခြေရာခံလိုက်ခဲ့ပြီးနောက် ကလေးများအား ရှာတွေ့ချိန်တွင် တံတား၏ အုတ်မြစ်ပိုင်းပင် တည်ဆောက်၍ ပြီးနေပြီဖြစ်သောကြောင့် ကလေးငယ်နှစ်ဦး၏ ခန္ဓာကိုယ်ကိုပင် ပြန်ရရန် မလွယ်ကူတော့ပေ...