← Chapters

ကုသိုလ်တရားကို တန်ဖိုးဖြတ်ခြင်း(1)

Vol. 25 Ch. 243

ကုသိုလ်တရားကို တန်ဖိုးဖြတ်ခြင်း(1)

Vol. 25 Ch. 243

သုံးရက်ကြာပြီးနောက် နန်ပြည်နယ်မှ ပြဿနာများ အနည်ထိုင်စပြုချိန်တွင် ကုကျစစ်စုန့်နှင့် အခြားပြိုင်ပွဲဝင်များလည်း ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။

ယခုတစ်ကြိမ်တွင်တော့ သူမ အပြန်လက်မှတ်မဝယ်တော့ပေ။ ဟိုတယ်ခန်းမှ ထွက်လာပြီးနောက် ညအမှောင်ကို အားပြုကာ လမ်းကြားလေးတစ်ခုထဲသို့ လျှောက်လာခဲ့သည်။

ထိုလမ်းပေါ်မှ အဘွားအိုတစ်ဦးက ကန်စွန်းဥမီးဖုတ်၊ ပြောင်းဖူးမီးဖုတ်များ တွန်းလှည်းဖြင့် ရောင်းချနေခဲ့သည်။

ပိန်ပိန်ပါးပါး မိန်းမငယ်လေးတစ်ဦးတည်း လမ်းကြားထဲသို့ လျှောက်သွားသည်ကို မြင်လိုက်ရသောကြောင့် လှမ်း၍ သတိပေးလိုက်သည်။

“ကလေးမလေး၊ အဲဒါက လမ်းအပိတ်ကြီးနော်၊တစ်ဖက်မှာ နံရံတွေပဲ ရှိတော့တယ်!”

သူမလှမ်းအော်လိုက်သော်ငြား မိန်းကလေးမှာ မရပ်ဘဲ ဆက်လျှောက်သွားသော်ကြောင့် အဘွားအို ခေါင်းရမ်းကာ လမ်းဆုံးအား ကြည့်လိုက်မိသည်။

ထို့နောက်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူမ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရလေသည်။

ညဘက် လမ်းမီးများ၏ အလင်းရောင်မှိန်ပျပျကြောင့် လမ်းအပိတ်၏ အဆုံးသတ်အား ထင်ထင်ရှားရှား မြင်တွေ့နေရသည်။

အမှိုက်အစအနနှင့် သစ်ရွက်ကြွေများမှအပါး ထိုလမ်းကျဉ်းလေးထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။

ယခုလေးတင် ထိုလမ်းကြားထဲသို့ ဝင်ရောက်သွားသည့် အမျိုးသမီးသည် လုံးဝမရှိတော့ပေ။

အဘွားအို တုန်လှုပ်သွားခဲ့သည်။

သူမကိုယ်သူမ မျက်စိအမြင်မမှားကြောင်းကို သေချာပေသည်။

သူမ… သရဲများ မြင်လိုက်ရသည်လား!?

ငရဲဂိတ်တံခါးဝထဲသို့ ဝင်ရောက်သွားသည့် ကုကျစ်စုန့်ကတော့ သူမကြောင့် အဘွားအိုတစ်ယောက် ကြောက်လန့်တုန်လှုပ်နေကြောင်း မသိ။

သူမ ဂိတ်တံခါးဝအတွင်းမှ ထွက်လာပြီးနောက် သူမအား ဆွဲထားရန်ပြင်နေသည့် မကောင်းမှုဝိဉာဉ်များကို လျစ်လျှူရှုလိုက်သည်။

သူမ၏ ခြေထောက်အနီးသို့ ရောက်လာသည့် သရဲ၊တစ္ဆေလက်များမှာ လျှပ်စစ်ဖြင့် အတို့ခံလိုက်ရသကဲ့သို့ ပြန်လည်ကန်ထွက်သွားပြီးနောက် ဒေါသသံဖြင့် ညည်းညူကာ ပျောက်ကွယ်သွားကြသည်။

ကုကျစ်စုန့် ငရဲဂိတ်တံခါးဝထဲသို့ ခြေချလိုက်သည်နှင့် တာဝန်ကျ ယင်အရာရှိဖြစ်သည့် မားမြန်ကသတိထားမိလိုက်ကာ နိုင်ဟဲတံတားအနီးတွင် ဝေ့လည်နေသည့် သရဲ၊တစ္ဆေတစ်အုပ်လည်း သတိထားမိသွားပြီးနောက် သူမထံသို့ မီးခိုးရောင်တိမ်တိုက် အလုံးအရင်းလိုက် ပြေးဝင်လာခဲ့သည်။

သူမလည်း ထိုတစ္ဆေမြူခိုးများကြားတွင် ထင်ရှားနေသော အရောင်စုံနဖူးစည်းများ၊ ဆိုင်းဘုတ်များအား မြင်တွေ့လိုက်ရသောကြောင့် ရပ်ကြည့်လိုက်မိသည်။

ထိုအရာများသည်က မြေအောက်ကမ္ဘာမှ သရဲ၊တစ္ဆေများက သက်ရှိကမ္ဘာမှ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းများထံ အိပ်မက်ပေး၍ မီးရှို့လှူဒါန်းရန် ပြောထားသည့် အရာများပင်ဖြစ်သည်။

သူတို့ တောင်းဆိုသည်မှာ ပုံထုတ်ထားသော ကုကျစ်စုန့်၏ ဓာတ်ပုံများ၊ သက်ရှိကမ္ဘာမှ ပရိတ်သတ်များ ရေးဆွဲထားသည့် ကာတွန်းပုံများ အစရှိသည်တို့ပင်။

ကုကျစ်စုန့် ဤကမ္ဘာသို့ ရောက်ရှိလာချိန်မှစ၍ ဤမျှများပြားသော ဓာတ်ပုံများကို မမြင်ခဲ့ဖူးပေ။ သူမ၏ ပရိတ်သတ်များဖြစ်သည့် ပိုးစာရွက်များထံမှာပင် ပုံအနည်းငယ်ခန့်သာ ရှိသည်။

တစ္ဆေပရိတ်သတ်များသည်က အပတ်စဉ်တိုက်ရိုက်ထုတ်လွှင့်မှုများကိုသာ ကြည့်ရှုနိုင်ပြီး ကုကျစ်စုန့်၏ အပြုံးများအား သေချာရိုက်ကူးထားပြီးနောက် အားပေးသည့် ဆိုင်းဘုတ်များအဖြစ် ပြောင်းလဲထားကြသည်။

“စုန့်စုန့် ဒီကိုကြည့်ပါဦး၊ ငါတို့ မင်းကို အရမ်းသဘောကျလွန်းလို့ မင်းကို မြေအောက်ကမ္ဘာရဲ့ နံပါတ် ၁ အိုင်ဒေါနေရာ ပေးထားတာ၊ ငါတို့တွေ စံချိန်ချိုးနေတာ ဒါဆို သုံးကြိမ်မြောက်ပဲ!”

“လူတွေကို ကူညီပေးနေလို့ ကျေးဇူးတင်ပါတယ် စုန့်စုန့်၊ မင်းရဲ့ ထာဝရပရိတ်သတ်ဖြစ်ပါရစေ!”

ထိုဆူညံသံများကြားမှ ကုကျစ်စု့န့် မေးခွန်းထုတ်မိသည်။

“ကျွန်မ လာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး သိတာလဲ?”

သရဲပရိတ်သတ်တစ်ယောက်က အေးအေးဆေးဆေး ပြန်ဖြေသည်။

“လွန်ခဲ့တဲ့ နှစ်ရက်မှာ နှလုံးသားထဲက အစိုင်အခဲတွေကို ဖြေရှင်းနိုင်ပြီး ငရဲဂိတ်တံခါးဝကနေ ဝင်လာခဲ့တဲ့ သရဲ၊တစ္ဆေတွေ မနည်းဘူးလေ၊ အဲဒီမှာ ငါတို့တွေ သိလိုက်ရတာက ယင်အရာရှိတစ်ယောက်က အကူအညီတောင်းသူတစ်ယောက်ရဲ့ တောင်းဆိုချက်ကို ဖြေရှင်းပေးနိုင်လိုက်ပြီးတော့ အဲဒီလူကုန်ကူးသမားတွေရဲ့ နယ်မြေအကုန်လုံးကို ရှာတွေ့ခဲ့တာတဲ့

ဒီကိစ္စက မြေအောက်ကမ္ဘာနဲ့လည်း သက်ဆိုင်နေတာဆိုတော့ စုန့်စုန့် ဒီကိုလာလိမ့်မယ်ဆိုတာကို ငါတို့ သိနေခဲ့တယ်”

“ဟုတ်တယ် ဟုတ်တယ်၊ ငါဆို ပြီးခဲ့တဲ့ နှစ်ရက်လုံး ငရဲဂိတ်တံခါးဝရှေ့မှာပဲ ငုတ်တုပ်ထိုင်စောင့်နေခဲ့တာ၊ မင်းကို တွေ့ရတာ အရမ်းကံကောင်းတာပဲ”

“ငါက ပြန်ပေးဆွဲခံပြီး အသတ်ခံလိုက်ရတဲ့ သရဲလေ၊ စုန့်စုန့် ငါ့ကိုကြည့်ပါဦး!! မင်း ဖြေရှင်းပေးခဲ့တဲ့ ပြဿနာမှာ ငါလည်း ပါနေတယ်နော်၊ ငါတို့တွေကို ပြဿနာအခြေအမြစ် ရှာတွေ့အောင် ကူညီပြီး မြေအောက်ကမ္ဘာကို ဝင်နိုင်အောင် ကူညီပေးခဲ့လို့ ကျေးဇူးအရမ်းတင်တယ်

ငါတို့ အထီးကျန်တစ္ဆေတွေက မင်းကို ဒီတစ်သက်လုံးရော၊ နောက်ဘဝထိပါ ကျေးဇူးမမေ့ပါဘူး!”

“……”

ပြန်ပေးဆွဲခံရသည့် လမ်းတွင် သေဆုံးသူများ၊ နိုင်ငံခြားနယ်မြေတွင် သေဆုံးကြသူများက မကျေနပ်ခြင်းအမုန်းတရားများ ရှိကြသကဲ့သို့ သင်္ချိုင်း၊ အုတ်ဂူမရှိသောကြောင့် မျက်စိလည်လမ်းမှားကာ သူတို့၏ ဘဝအမှန်၊ နေရာအမှန်အား မေ့လျော့သွားတတ်ကြသည်။

ထိုသရဲများသည်က သက်ရှိကမ္ဘာတွင် ဝဲပျံနေသော အထီးကျန်တစ္ဆေများ ဖြစ်လာကြသည်။

သူတို့က ပူဇော်ပသခြင်းများလည်း မရသောကြောင့် စွမ်းအားမကြီးကြပေ။

သူတို့၏ ဘဝက အသိစိတ်ပျောက်၍ အခြားသူများကို ဒုက္ခပေးခြင်း၊ သို့မဟုတ် တစ်နေ့ထက် တစ်နေ့ အားနည်းလာပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံနှင့် မြေကမ္ဘာကြား ပျောက်ကွယ်သွားရခြင်းတို့နှင့်သာ အဆုံးသတ်ကြရသည်။

လူကုန်ကူးမှုအား ဖြေရှင်းပြီးချိန်တွင် တောင်ပိုင်းပြည်နယ်ရဲစခန်းသည်လည်း နစ်နာသူများ၏ အချက်အလက်များအား စိစစ်ပြီးနောက် ဆွေမျိုးသားချင်းများကို အသိပေးခဲ့ကြပြီး ပျောက်ဆုံးဆဲလူများကို ဆက်လက်ရှာဖွေခဲ့ကြသည်။

သေဆုံးသွားသူများ၏ မိသားစုများကိုလည်း အကြောင်းကြားခဲ့ကြသည်။

ရလဒ်မှာတော့ တောင်ပိုင်းပြည်နယ်တွင်သာ သောင်တင်နေခဲ့သည့် အထီးကျန်ဝိဉာဉ်များမှာ မိသားစုများ၊ မွေးရပ်မြေများအား တဖန် သတိရလာခဲ့ကြသည်။

သူတို့ရင်ထဲမှ အစိုင်အခဲများ ကြေပျက်သွားပြီးနောက် မိသားစုအမှန်အား ပြန်လည်ရှာတွေ့ပြီးချိန်တွင် မြေအောက်ကမ္ဘာသို့ အလုံးအရင်းလိုက် ဝင်ရောက်လာနိုင်ခဲ့ကြသည်။

မြေအောက်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူတို့၏ ပြဿနာအား ကူညီဖြေရှင်းပေးခဲ့သော ထူးခြားပညာရှင်သည်က မြေအောက်ကမ္ဘာတွင်လည်း နာမည်ကြီးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် သူတို့အားလုံးစုဝေးကာ ကုကျစ်စုန့်၏ ပရိတ်သတ်အသစ်များ ဖြစ်လာခဲ့ကြသည်။

မီးခိုးရောင်အရိပ်များ သူမအနီးတွင် မြစ်တစ်စင်းအလား ပျံ့နှံ့နေပြီး သူမနှင့် တွေ့ဆုံရန် ငရဲဂိတ်တံခါးဝရှေ့တွင် တစ်ချိန်လုံး ထိုင်စောင့်နေခဲ့ကြကြောင်း ကြားသိလိုက်ရပြီးနောက် ကုကျစ်စုန့် စိတ်ထဲတွင် အနည်းငယ် ကြည်နူးမိသွားခဲ့ရသည်။

“ကျွန်မကို သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်”

သူမအား ထောက်ခံသည့် သရဲငယ်တစ်ကောင်မှ စကားဆက်သည်။

“အားလုံးပဲ အရမ်းကြီး စုမနေကြပါနဲ့တော့၊ ယင်အရာရှိက အရေးကြီးကိစ္စတစ်ခုခုရှိလို့ လာတာဖြစ်ပါလိမ့်မယ်”

သူ၏ စကားက အမှန်ပင်ဖြစ်သည်။

ကုကျစ်စုန့် ယခုတစ်ကြိမ် လာခဲ့ရသည့် အကြောင်းရင်းမှာ ယမမင်းနှင့် တွေ့ဆုံရန်ပင်။

သရဲ၊တစ္ဆေများ လူစုကွဲသွားပြီးနောက် သူမ ယမမင်းနန်းတော်၏ ပင်မခန်းဆောင်ထံသို့ လျှောက်သွားခဲ့သည်။

ယနေ့ ယမမင်းနန်းတော်တွင် တာဝန်ကျသူမှာ တစ်ခြားသူမဟုတ်၊ ဆယ်ထပ်မြောက်ငရဲ၏ ဘုရင် ကျန်းဇီဝမ်ပင်ဖြစ်သည်။

သူသည်က ‘သရဲတစ္ဆေဆုံးဖြတ်ချက်ချမှတ်ခြင်းနန်းဆောင်’အား တာဝန်ယူရသူဖြစ်ကာ သက်ရှိကမ္ဘာမှ လူသားများ၏ သေဆုံးခြင်းမှတ်တမ်းကောက်ယူပြီးနောက် ထူးခြားဝိဉာဉ်များအား လွှဲပြောင်းအပ်နှံရသော ယမမင်းဖြစ်သည်။

နန်းတော်ထဲသို့ ဝင်ရောက်ခွင့်ရပြီးနောက်တွင် ကုကျစ်စုန့်က အိတ်ကပ်ထဲမှ အဖြူရောင်ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။

ပုလင်းငယ်၏ အဖုံးကို ဖွင့်လိုက်ချိန်တွင် ဖောက်ထွင်းမြင်ရလုနီးဖြစ်နေသော ဝိဉာဉ်အပိုင်းအစငယ်များ ထွက်လာခဲ့ပြီးနောက် မြေအောက်ကမ္ဘာ၏ မှောင်မိုက်သော ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်ကာ တုန်ယင်နေခဲ့ကြသည်။

ပင်မနန်းဆောင်၏ ပလ္လင်ထက်မှ ဘုရင်ကျန်းဇီဝမ် မျက်မှောင်ကြုတ်မိသည်။

“အဲဒါက ဘာတွေလဲ?”

ကုကျစ်စုန့်: “ဒီဝိဉာဉ်တွေအကုန်လုံးက အသက်ရှိစဉ်အချိန်မှာ လူကုန်ကူးခံခဲ့ရတာပါ၊ သူတို့မှာ ကံကောင်းခြင်းနဲ့ ကံကြမ္မာတွေ ရှိပါသေးတယ်၊ သူတို့တွေက အဆိပ်ပြင်းတဲ့ လက်တွေကြောင့် မတရားစွာ အသက်ဝိဉာဉ် နှုတ်ယူခံခဲ့ရတာ

သေဆုံးပြီးချိန်မှာလည်း သူတို့ရဲ့ ဝိဉာဉ်တွေက ပြင်းပြင်းထန်ထန် ထိခိုက်ထားတာကြောင့် ပြန်လည်း မဝင်စားနိုင်သလို သူတို့ရဲ့ အသက်ရှိစဉ်က ဘဝကိုလည်း ပြန်မမှတ်မိနိုင်ကြပါဘူး”

“ကျွန်မလုပ်နိုင်တာကတော့ သူတို့လေးတွေရဲ့ ဝိဉာဉ်ကို စုဆောင်းလာနိုင်တာပါပဲ၊ မြေအောက်ကမ္ဘာမှာ သူတို့တွေကို ကူညီပေးနိုင်မယ့် နည်းလမ်းများ ရှိနိုင်မလား ယမမင်းအရှင်”

ဘုရင် ကျန်းဇီဝမ်၏ မျက်လုံးများ ပို၍ပင် ကျဉ်းမြောင်းသွားခဲ့ပြီးနောက် အနည်းငယ် အကျပ်ရိုက်နေဟန် ပေါ်လာခဲ့သည်။

ခေတ္တမျှ စဉ်းစားနေပြီးနောက် ယမဘုရင် စကားပြန်လာသည်။

“ဒီကိစ္စအရဆိုရင် သူတို့တွေက အပြစ်ကင်းတဲ့ ကပ်ဆိုးတစ်ခုလို့သတ်မှတ်နိုင်တယ်၊ ဒီတော့ သူတို့တွေကို ‘ဝိဉာဉ်ပြန်လည်အားဖြည့်ခြင်းရေကန်’မှာ သုံးရက်တိတိ ကျင့်ကြံဖို့ ခေါ်သွားပေးမယ်

သူတို့ ကံကောင်းပြီး ဝိဉာဉ်တွေကို အားပြန်ဖြည့်နိုင်တယ်ဆိုရင်တော့ အဲ့ဒါက သူတို့ရဲ့ ကံကြမ္မာပဲ၊ သုံးရက်ပြည့်တာတောင်မှ သူတို့ရဲ့ ဝိဉာဉ်စွမ်းအင် အားမပြည့်နိုင်ရင်တော့… ငါ့မှာလည်း အခြားနည်းလမ်းမရှိတော့ဘူး”

‘ဝိဉာဉ်ပြန်လည်အားဖြည့်ခြင်းရေကန်’ သည်ကား ယင်မြစ်၏ အစွန်အဖျားတွင် တည်ရှိသော စွမ်းအင်ရေကန်တစ်ကန်ဖြစ်သည်။

ထိုနေရာသည်ကား ဝိဉာဉ်များအား ပြန်လည်အားဖြည့်ပေးနိုင်သကဲ့သို့ ဝိဉာဉ်စွမ်းအင်များကိုလည်း စုဆောင်းနိုင်သည့် နေရာဖြစ်သည်။

ယမဘုရင် ကျန်းဇီဝမ်က ဆင့်ခေါ်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ ဦးထုတ်ရှည်တစ်လုံးဆောင်းထားသည့် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။

သူသည်ကား တခြားသူမဟုတ်၊ အနက်ရောင် မတည်မြဲခြင်းအရာရှိ ဖန်းဝူကျုးပင်။

ဖန်းဝူကျူးကကုကျစ်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လေသံမာမာဖြင့် ပြောလိုက်သည်။

“မင်းက သူများကိစ္စတွေကို အရမ်းစပ်စုလွန်းတယ်၊ ငါအရင်က မင်းကို သတိမပေးခဲ့ဘူးလား? မြေအောက်ကမ္ဘာက ဝိဉာဉ်တွေကိုပဲ ဂရုစိုက်ပါလို့

သက်ရှိကမ္ဘာက အဖြစ်အပျက်တွေမှာ အရမ်းဝင်ရောက်ပတ်သတ်နေရင် မင်း အကြောင်း၊အကျိုးစွမ်းအင်ရဲ့ သက်ရောက်မှုတွေ ခံရလိမ့်မယ်”

စကားဆုံးသည်နှင့် သူက ကြောက်လန့်နေသော ဝိဉာဉ်များအား ထွက်မပြေးနိုင်ခင်မှာပင် ဝိဉာဉ်ချုပ်တည်းသည့် အချုပ်အနှောင်များ အသုံးပြု၍ ထိန်းချုပ်လိုက်သည်။

ပင်မနန်းဆောင်၏ အထက်မှ ပလ္လင်ထက်တွင် စံမြန်းနေသော ဖြောင့်မတ်သည့်အရှင် ကျန်းဇီဝမ်က မျက်လွှာချလိုက်ပြီးနောက် နန်းဆောင်၏ အလယ်ဗဟိုတွင် ရပ်နေသည့် ကုကျစ်စုန့်အား တစ့ချက်ကြည့်လိုက်သည်။

ဖန်ဝူကျူး ပြောသကဲ့သို့ပင်။

ဤတည်ငြိမ်သော မျက်နှာ၊ သန်မာသော ဝိဉာဉ်ပိုင်ဆိုင်ထားသည့် တောက်ကျန့်တွင် အားကောင်းလွန်းသည့် အကျိုး၊အကြောင်းစွမ်းအင်များ သက်ရောက်နေခဲ့သည်။

ကောင်းကင်နှင့် မြေကမ္ဘာ၏ ဥပဒေအရ သေဆုံးပြီးသူများအား အသက်ပြန်မသွင်းနိုင်ပေ။ ယင်နှင့် ယန်တို့ကြားတွင် သဘာဝအလျောက် ခွဲခြားထားခြင်းတစ်ခုရှိနေသည်။

သရဲတစ္ဆေများ သက်ရှိကမ္ဘာတွင် နေထိုင်၍ လူသားများနှင့် ထိတွေ့မှုများ ရှိနေသည်မှာ ရှောင်လွှဲ၍ မရသည့် အချက်တစ်ခုဖြစ်သည်။

နတ်ဆိုးများကို နှိမ်နင်း၍ သရဲတစ္ဆေများအား အပနှင်ခြင်းတို့သည်က သက်ရှိလူများ၏ ကံကြမ္မာနှင့် စီးပွားချမ်းသာတို့အား ပြောင်းလဲနိုင်စွမ်းရှိသော်ငြား အကျိုး၊အကြောင်းစွမ်းအင်များ သက်ရောက်မှုမရှိ။

ယခင်က ပြိုင်ပွဲတွင် ကုကျစ်စုန့်ကိုင်တွယ်ခဲ့ရသည့် ကိစ္စအများစု၏ နောက်ကွယ်တွင် မကောင်းဆိုးဝါးဝိဉာဉ်များသာ ရှိခဲ့သည်။

သို့သော် ယခုကိစ္စမှာတော့ မတူညီတော့။ ယခုဖြစ်ရပ်၏ နောက်ကွယ်မှ အကြီးမားဆုံးစွမ်းအင်သည်က အမြတ်ကြီးစားလိုကြသည့် လူသားများသာ ဖြစ်ပြီး မကောင်းသည့် ဝိဉာဉ်များ ပါဝင်နေခြင်းမရှိပေ။

ထိုကဲ့သို့ ကိစ္စရပ်မျိုးတွင် ပါဝင်ပတ်သတ်ပြီး လူပေါင်းများစွာ၏ ကံကြမ္မာကို ပြောင်းလဲခဲ့ခြင်းမှာ မူမမှန်သည့် ကိစ္စတစ်ခုသာလျှင် ဖြစ်လာခဲ့သည်။

All Chapters