ကုသိုလ်တရားကို တန်ဖိုးဖြတ်ခြင်း (2)
Vol. 25 Ch. 244
အရှင် ကျင်းဇီဝမ်က လက်တစ်ချက်ကို လှုပ်လိုက်ချိန်တွင် ပင်မနန်းဆောင်၏ အထက်ကောင်းကင်မှ ရွှေရောင်ထွန်းလင်းတောက်နေသည့် အနက်ရောင်စာအုပ်ကြီးတစ်အုပ် ပေါ်လာခဲ့သည်။
စာအုပ်ပေါ်တွင် ရေးသားထားသည့် စကားလုံးများမှာ ‘ကုသိုလ်ကောင်းမှုစာအုပ်’ ဟုပင် ဖြစ်သည်။
“ဒီက မိန်းကလေးကု၊ အခု ပြစ်မှုတွေအတွက် အပြစ်ဒဏ်နဲ့ ကုသိုလ်တွေအတွက် ကောင်းကျိုးဆုလာဘ်တွေအကြောင်း ပြောဖို့ အချိန်ကျပြီ”
သူ၏စကားဆုံးသည်နှင့် ‘ကုသိုလ်ကောင်းမှုစာအုပ်’က ယမဘုရင် လက်တစ်ချက်မှ မလှုပ်ရပါဘဲနှင့် အလိုအလျောက် စာရွက်များ လှန်နေခဲ့သည်။
“ယခုနှစ်၏ စက်တင်ဘာလ ၇ရက်မြောက်နေ့တွင် ယင်အရာရှိ ‘ကုကျစ်စုန့်’ သက်ရှိကမ္ဘာမှ အကြီးစားအမှုတစ်ခုအား ဖြေရှင်းနိုင်ခဲ့ပြီး သက်ရှိထောင်ပေါင်းများစွာ၏ ဘဝများကို ပြောင်းလဲပေးနိုင်ခဲ့သည်။ သူတို့အား စိတ်ကျရောဂါဖြင့် သေဆုံးခြင်း၊ နေရာရွှေ့ပြောင်းခံရခြင်းနှင့် အနာဂတ်တွင် လူကုန်ကူးခံရမည့် ကံကြမ္မာတို့မှ ကာကွယ်ပေးနိုင်ခဲ့သည်”
“ဤလုပ်ဆောင်မှုကောင်းများသည် ထိုက်လျောက်သည့် ကုသိုလ်ကောင်းမှုအဖြစ် သတ်မှတ်ခံရပြီးနောက် အမှတ် ၇၀ တိုးပေးမည်ဖြစ်သည်”
စကားဆုံးသည်နှင့် ‘ကုသိုလ်ကောင်းမှုစာအုပ်’မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် ကုကျစ်စုန့် ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာခဲ့သည်။
အစိတ်အပိုင်းအနည်းငယ်က ကုကျစ်စုန့်၏ ကိုယ်ခန္ဓာထဲသို့ စီးဝင်လာခဲ့ပြီး သူမကိုယ်ပေါ်မှ ချုပ်နှောင်ထားသည့် အရာများကို ဖြေလျော့ပေးခဲ့သည်။
သို့သော် ကုသိုလ်ကောင်းမှုအများစုက သူမ၏ ကိုယ်ပေါ်တွင် သက်ရောက်နေသော အကြောင်း၊အကျိုးစွမ်းအင်ထံမှ ပြန်လည်ချေပတိုက်ခိုက်ခြင်း ခံလိုက်ရသည်။
သူမ၏ ကိုယ်ပေါ်တွင် လေးလံစွာ ဖိနှိပ်ထားသည့် ခံစားချက်များ မရှိတော့ပေ။
သို့သော် မချေပနိုင်သေးသည့် အကျိုး၊အကြောင်းစွမ်းအင် အနည်းငယ် ကျန်ရှိနေသေးသည်။
အပြင်မှ ကြည့်နေသည့် သရဲတစ္ဆေများက အော်ပြောလိုက်သည်။
“ဒီက ယင်အရာရှိက လူတွေကို ဒုက္ခပေးမယ့်အရာတွေကို ဖယ်ရှားပေးလိုက်တာလေ၊ သူက ဘာလို့ အဲဒီလူတွေအတွက်နဲ့ ထိခိုက်နေရတာပါလဲ?”
အရှင်ကျန်းဇီဝမ် ပြန်လည်ရှင်းပြလိုက်သည်။
“အဲဒီမကောင်းမှုတွေ လုပ်တဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ မျိုးဆက်သစ်တွေက ဒီကိစ္စတွေကို မသိဘူးဆိုတာတော့ အမှန်ပဲ၊
ဒါပေမယ့် သူတို့ရဲ့ ကံကြမ္မာတွေက အခုဒီကိစ္စကြောင့် အနည်းငယ်တော့ ပြောင်းလဲသွားရလိမ့်မယ်၊ အဲဒီပြောင်းလဲခြင်းတွေက ကုသိုလ်ကောင်းမှုနဲ့တောင် ခြေဖျက်လို့ မရနိုင်တဲ့ အကျိုး၊အကြောင်းစွမ်းအင်တွေပဲ”
သရဲများ ယမမင်း၏ ရှင်းပြချက်အား ကြားလိုက်ရလျှင် သူတို့ နားလည်သွားကြသော်ငြားလည်း ရလဒ်ကိုတော့ လက်မခံချင်ကြပေ။
ကုကျစ်စုန့် မည်သည့်စကားကိုမှ မပြောနိုင်သေးခင်မှာပင် သရဲအများစုက သူမအတွက် အသနားခံပေးနေကြသည်။ သူမဒကိုယ်ပေါ်တွင် ကျန်ရှိနေသေးသော အကျိုး၊အကြောင်းစွမ်းအင်များကို အရှင်ကျန်းဇီဝမ်မှ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေခဲ့ကြသည်။
ယမဘုရင်ကျန်းဇီဝမ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆူပူလိုက်သည်။
“အဓိပ္ပာယ်မဲ့လိုက်တာ! ‘ကုသိုလ်ကောင်းမှုစာအုပ်’မှာ ဆုပေး၊ဒဏ်ပေးစနစ်တွေနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကောက်နုတ်ချက်တွေ ရှိပြီးသား၊
မင်းတို့တွေ စိတ်ထင်တိုင်း ပြောင်းလို့ ရမယ်လို့ထင်နေတာလား?”
ခေတ္တကြာပြီးနောက် ပင်မနန်းဆောင်ထဲတွင် အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာခဲ့သည်။ ထို့နောက် အဖြူရောင်ဝတ်ရုံနှင့် ဦးထုပ်ဝတ်ဆင်ထားသော အဖြူရောင် မတည်မြဲခြင်းအရာရှိ ရှဲ့ပြန့်က ပင်မနန်းဆောင်ပလ္လင်ထက်မှ အနည်းငယ်စိတ်ဆိုးနေသည့် ဘုရင် ကျန်းဇီဝမ်အား အရိုအသေပြုလိုက်လေသည်။
သူက ကုကျစ်စုန့်ထံသို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ လေသံအေးအေးဖြင့် ပြောလိုက်သည်။
“တော်ဝင်အရှင်သခင် ဘုရင်မင်းမြတ်ကျန်းဇီဝမ်ခင်ဗျား၊ ကျွန်တော်မျိုးရဲ့စကားကို နားထောင်ပေးတော်မူပါ၊
ကုကျစ်စုန့်က မြေအောက်ကမ္ဘာရဲ့ အရာရှိတစ်ဦးဖြစ်ပြီး မြေအောက်ကမ္ဘာရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ သတ်မှတ်သင့်ပါတယ်၊ ဒါကြောင့် သူ ခရီးသွားပြီး အလုပ်လုပ်တာတွေကို တရားဝင်ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လို့ရပြီး မြေအောက်ကမ္ဘာအတွက်လည်း သူက သီလစွမ်းအင်တွေကို စုဆောင်းပေးနိုင်ပါတယ်”
“အဲဒီလို စဉ်းစားလိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ ဒီလောက် အကျိုးဆက်အပြစ်ဒဏ်တွေကို ခံစားရတာ မသင့်တော်ဘူးလို့ ထင်မိပါတယ် အရှင်၊ ဒါက ကျွန်တော်မျိုး သူမကို ဘက်လိုက်ပြီး အပြစ်လွတ်အောင် ပြောရခြင်း လုံးဝလုံးဝ မဟုတ်ကြောင်းပါ”
သူ၏ ညာလက်ရုံးကိုယ်တိုင်နှင့် သတ္တိရှိသည့် သရဲတစ်စုတို့၏ စကားကို နားထောင်ပြီးနောက် ယမဘုရင် ကျန်းဇီဝမ်လည်း မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျော့လိုက်သည်။
ထို့နောက် ကုကျစ်စုန့်အား အဓိပ္ပာယ်ရှိသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
“မိန်းကလေး ကု၊ မင်းမှာလည်း မြှုပ်ထားတဲ့ အကွက်တွေ ရှိနေတာကိုး၊ ဘယ်တုန်းက မင်းနဲ့ ရှဲ့ပြန့်တို့က စည်းမျဉ်းချက်တွေထဲက လစ်ဟာချက်တွေကို အခွင့်ကောင်းယူတတ်သွားကြတာလဲ?
ဒါပေမယ့်.. မင်းတို့ပြောတာတွေက ဆီလျော်နေတယ်၊ ဒီတော့ မိန်းကလေးကုဆီက အကျိုးအကြောင်းစွမ်းအင်ကို အရာရှိအဆင့်သတ်မှတ်ချက်အရ ဝိဉာဉ်ကွာခြားချက်အလိုက် လျှော့ချပေးလိုက်မယ်”
သူ့စကားဆုံးသည်နှင့် ‘ကုသိုလ်ကောင်းမှုစာအုပ်’ တစ်ဖန် ပြန်ပွင့်လာခဲ့သည်။
ယခုတကြိမ်တွင်တော့ ကုကျစ်စုန့်ကိုယ်ပေါ်မှ အကျိုးအကြောင်းစွမ်းအင်သည် အလုံးစုံပျောက်ကွယ်လုနီးနီးပင်။
ထိခိုက်မှုအနည်းငယ်ရှိနေသေးသော်ငြား သူမ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီး ကြိုတင်ပြင်ဆင်ထားသည်နှင့် ယှဉ်လိုက်ပါက အသေးအမွှားသာဖြစ်သည်။
နန်းဆောင်အပြင်မှ သရဲများ၏ ဝမ်းသာအားရ ကြွေးကြော်သံများကို ကြားရပြီးနောက် ကုကျစ်စုန့်၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ်အနေဖြင့် တခြားသူများ၏ အချစ်၊ ကြင်နာတရားတို့က အတော်လေး ကြည်နူးဖွယ်ကောင်းသည်ဟု ထင်ထင်ရှားရှား ခံစားလာခဲ့ရသည်။
ထိုညတွင်တော့ ကုကျစ်စုန့်၏အိပ်မက်ထဲတွင် ယခင်ဘဝ တောင်ပေါ်မှ မြင်ကွင်းများက ဝင်ရောက်လာခဲ့သည်။
ထိုအချိန်က သူမ၏ ဆရာ တောက်ကျန့် ကျွင်းဟုန်သည်က နတ်ဘုရား မဖြစ်သေးပေ။ သူသည်က နေ့တိုင်းလိုလိုပင် သူ့ထံတွင် ပြီးပြည့်စုံသည့် တပည့်ပိုင်ဆိုင်ထားကြောင်း ပြောဆိုလေ့ရှိပြီး အင်မတန်လည်း ဂုဏ်ယူနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျွင်းဟုန်က ပူပန်မှုများကာ ကုကျစ်စုန့်အနီးတွင် ညည်းတွားနေတတ်သေးသည်။
တောက်ကျန့်ကျွင်းဟုန်: “ငါ့ရဲ့ ချစ်တပည့်လေး၊ မင်းက ဒီကမ္ဘာကြီးမှာ မင်းရဲ့ စိတ်နေစိတ်ထားရော၊ မင်းရဲ့ အကျင့်စရိုက်၊ အပြုအမူတွေကို မလေ့ကျင့်ဘူးဆိုရင် ဒီဆရာကတော့ ငါထွက်သွားတာနဲ့ မင်းပြိုလဲကျသွားမှာကို စိတ်ပူမိတယ်
ပိုဆိုးတာက အဲဒါကို အခွင့်ကောင်းယူပြီး မင်းကို တိုက်ခိုက်လာကြရင် ဘယ်လိုလုပ်မလဲ!?
မင်းသိမှာပါ၊ မသေမျိုးကမ္ဘာမှာ မွေးဖွားလာတဲ့ နတ်ဘုရားတွေဆိုရင် ငယ်ငယ်လေးကတည်းက စိတ်ခံစားမှု ၇ခု၊ တပ်မက်မှု ၆ပါးနဲ့ မသက်ရောက်၊ မထိတွေ့ရဘူးလေ
ဒါတောင်မှ သူတို့တွေက သက်ရှိကမ္ဘာနဲ့ နည်းနည်းလောက်လေး ထိတွေ့မှုရှိသွားတာနဲ့ သက်ရှိကမ္ဘာကို လေ့လာဖို့ဆိုပြီး သွားတတ်ကြသေးတယ်….”
“မင်းရဲ့ စိတ်နေစိတ်ထားက သန့်စင်တဲ့ နတ်ဘုရားတွေနဲ့ သင့်တော်တယ်၊ ဒါပေမယ့် ခံစားချက်တွေကတော့ရော? ဘယ်သူက ဘာပြောနိုင်မှာလဲ?
ဒီတော့ မင်း တောင်ပေါ်ကနေ ဆင်းပြီးတော့ လူတွေရဲ့ စိတ်နေစိတ်ထား၊ ကိုယ်တိုင်ရဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ကြည့်ပါလား?”
ထိုအချိန်က ကုကျစ်စုန့်အနေဖြင့် တောက်ကျန့်ကျွင်းဟုန်၏ စကားများအား ရင်ထဲတွင် မထားသကဲ့သို့ လူပြည်လောကတွင်းကိုလည်း တစ်ကြိမ်မျှ မဝင်ရောက်ခဲ့ဖူးပေ။
သူမ၏ ကိုယ်ကျင့်စရိုက်တွင် မည်သည့် အမှားအယွင်းမျိုးမှ ရှိနေသည်ဟု မခံစားရ။ သို့သော် သူမ၏ ဝိဉာဉ်အမူအကျင့်များကတော့ သက်ရှိကမ္ဘာတွင် ပတ်သတ်မှုမရှိသောကြောင့် အနည်းငယ် မြင့်နေခဲ့သည်။
ယခုတွင်တော့ ကုကျစ်စုန့်တစ်ယောက် သက်ရှိလူသားကမ္ဘာတွင် နေထိုင်ခဲ့ပြီးနောက် သူမ ကိုယ်တိုင် ‘လူသားဆန်’လာသည်ဟု တွေးမိလာရသည်။
သို့သော် လူသားဆန်ခြင်းက သူမအတွက်တော့ ပြဿနာရှိလိမ့်မည်ဟု မထင်ပါချေ။
•
ယခုတလောတွင် ထိပ်တန်းရှာဖွေမှုများက အနည်းငယ်တိတ်ဆိတ်နေခဲ့သည်။
သို့သော် ယနေ့တွင် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ဆဌမမြောက်အပိုင်းက အချိန်မှီမထုတ်လွှင့်နိုင်သောကြောင့် ထိုကိစ္စက ထိပ်တန်းရှာဖွေမှုတစ်ခု ဖြစ်လာခဲ့ပြန်သည်။
ရှာဖွေမှုများထဲတွင် တည်းဖြတ်ထားသည့် ဗားရှင်းကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည့် ပရိတ်သတ်များထံမှ မကျေနပ်သံများ ပါဝင်နေခဲ့သည်။
မကြာလိုက်ပေ။ ပြဿနာနှင့် အနည်းငယ်ရင်းနှီးနေသူတစ်ဦးမှ ရှင်းပြခဲ့သည်။
[ငါ့ရဲ့ သူငယ်ချင်းက ‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်အဖွဲ့ရဲ့ အယ်ဒီတာလေ၊ မင်းတို့ကို အတွင်းသတင်းပြောပြမယ်၊
တောင်ပိုင်းပြည်နယ်က လူတွေဆို သိမှာပါ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက အဲ့ဒီနယ်မှာ ‘အကြီးစားရှင်းလင်းမှု’တွေ လုပ်နေတာလေ ဟုတ်တယ်မလား?
အရင်က လုံးဝခြေရာဖျောက်ပြီး ပုန်းနေတဲ့ လူကုန်ကူးသမားတွေကို တစ်ယောက်ပြီး တစ်ယောက် မိနေတယ်၊ ယါက တောင်ပိုင်းပြည်နယ်ရဲ့ နှစ်ပေါင်း ၂၀အတွင်း အကြီးမားဆုံး ဖမ်းဆီးမှုလို့တောင် ပြောလို့ရတယ်
ငါသိသလောက်တော့ အဲဒီပြဿနာက ပရိုဂရမ်အဖွဲ့ရဲ့ ပြိုင်ပွဲဝင်တွေ ဖြေရှင်းပေးတာတဲ့၊
အစတုန်းကတော့ အယ်ဒီတာက တိုက်ရိုက်ထုတ်လွှင့်တာကိုပဲ တည်းဖြတ်ရမှာမလား၊ အခုကျတော့ သူက အဲဒီကိစ္စနဲ့ ပတ်သတ်တာကိုပါ ထည့်ပြီးပြင်ဆင်ရမှာကိုး၊
ကြည့်ရတာ တရားဝင်ထုတ်ပြန်ချက်ကို စောင့်နေတာလို့ ထင်တာပဲ၊ ဒါကြောင့် ဒီအပိုင်းတင်ဖို့ကို နောက်ကျနေတာဖြစ်မယ်]
ထိုသတင်းသည်က ချက်ချင်းပင် ထိပ်တန်းရှာဖွေမှုတစ်ခု ဖြစ်လာခဲ့သည်။
အံ့ဩသူများ၊ မယုံကြည်နိုင်သူများ၊ ကြွားဝါနေသူများလည်း ထိုထိပ်တန်းရှာဖွေမှုထဲတွင် ရောယှက်နေခဲ့သည်။
[ဘုရားရေ၊ တကယ်ကြီးလာ? သူတို့ပြောတော့ တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးမှာ လူကို ရှာတွေ့ဖို့ နည်းလမ်းမရှိဘူးဆို? ဘယ်ကနေဘယ်လို ပြစ်မှုနယ်မြေထဲမှာ ပါသွားရတာတုန်း?!]
[အဲဒါသာ တကယ်ဆိုရင်တော့ ငါ ပြိုင်ပွဲဝင်တွေကို အရမ်းချစ်သွားပြီ၊ ငါ့ရဲ့ ဝမ်းကွဲတွေထဲက တစ်ယောက်က နန်ပြည်နယ်ကို လူကုန်ကူးခံလိုက်ရတာလေ
မနေ့ကပဲ ရဲစခန်းကနေ ငါတို့မိသားစုကို အကြောင်းကြားလာတယ် ဝမ်းကွဲကို ပြန်ရှာတွေ့ပြီတဲ့!
ဦးလေးနဲ့ အဒေါ်နဲ့ဆို ပျော်လွန်းလို့ ညတောင် မအိပ်နိုင်ကြဘူး၊ ဘာပဲဖြစ်ဖြစ်ပါ၊ နန်ပြည်နယ်ဘက်မှာ လူကုန်ကူးတဲ့ အဖွဲ့တွေကို တိုက်ခိုက်ဖမ်းဆီးနေတယ်ဆိုတာတော့ အမှန်ပဲ]
[အဲဒါဆိုရင် ဒီပရိုဂရမ်ကရော ပြန်ပြီး မဲပေးဖို့ လိုဦးမလား? အခုပြဿနာက မိသားစုတွေ အများကြီးကို ကူညီပေးလိုက်တာလေ၊ ကောင်းတဲ့အရာတစ်ခုပဲ၊ ငါကတော့ ဒီကိစ္စကို ဖြေရှင်းပေးလိုက်တဲ့ ပြိုင်ပွဲဝင်ကို မဲပေးတယ် ပရိုဂရမ်အဖွဲ့ကနေ ဖြစ်ခဲ့သမျှအားလုံး ပြန်တင်ပေးရင် သိပ်ကောင်းမှာပဲ]
[ငါထင်တာတော့ ဒေစီ၊ ရှီဟိုင်ဟုန်နဲ့ ရှင်းယိချင်းတို့ ဖြေရှင်းလိုက်တာထင်တာပဲ၊ အခြားပြိုင်ပွဲဝင်သုံးယောက်ကတော့ မဖြစ်နိုင်ပါဘူး၊
ကုကျစ်စုန့်ကလည်း ဒီတစ်ခေါက်ကျ နည်းနည်း အပျင်းကြီးနေပြီးတော့ သိပ်ပြီး အရေးကြီးတဲ့ အချက်အလက်တွေ မမြင်နိုင်ဘူးလားလို့…]
အတော်ကြာသည်အထိ အင်တာနက်ပေါ်တွင် မည်သည့်ပြိုင်ပွဲဝင်က အမှုကို ကူညီဖြေရှင်းပေးနိုင်သည့် သဲလွန်စများ ရှာဖွေပေးခဲ့သည်အား ငြင်းခုန်နေခဲ့ကြသည်။
‘အနက်ရောင်မြူခိုး’၏ ပိတ်ဆို့ထားမှုကြောင့် ကုကျစ်စုန့်၏ လုပ်ဆောင်ချက်များမှာ သာမန်အဆင့်ခန့်သာ ဖြစ်နေခဲ့သောကြောင့် ကြည့်ရှုသူအများစုသည် အမှုအား ဖြေရှင်းခဲ့သူမှာ သူမဖြစ်မည်ဟု မထင်ကြပေ။
အွန်လိုင်းပေါ်တွင် ငြင်းခုန်မှုများ၊ ဆူပူမှုများ ပေါ်လာကြပြန်သည်။
ထိုအချိန်မှာပင် နောက်ထပ် ထိပ်တန်းရှာဖွေမှုနှစ်ခု ပေါ်လာခဲ့သည်။
ပထမထိပ်တန်းရှာဖွေမှုသည် နိုင်ငံခြားမှ အကြောင်းအရာဖြစ်သည်။
# တံတားအုတ်မြစ်အား ကွန်ကရစ်လောင်းသည့်အထဲသို့ ရှားနိုင်ငံတော်မှ ကောင်လေးနှင့် ကောင်မလေး အမွှာနှစ်ယောက်ကို ထည့်လောင်းလိုက်ခြင်း#