ကုသိုလ်တရားကို တန်ဖိုးဖြတ်ခြင်း (3)
Vol. 25 Ch. 245
[ဒါကြီးက ဘယ်လိုတောင် ခေါင်းစဥ်ကြီးလဲ? ရက်စက်လိုက်ကြတာ!]
[အဲဒါက တံတားစောင့်လေ၊ ရှေးခေတ်တွေတုန်းကတော့ တော်တော်လေး လုပ်ကြတယ်၊ ပြောရရင် ကလေးတွေကို တံတားအုတ်မြစ်နဲ့ တွဲထားလိုက်ဖို့ လိုတယ်တဲ့၊
ပြောကြတာတော့ အဲဒီအထဲကို စတေးခံလိုက်ရတဲ့ ကလေးရဲ့ ဝိဉာဉ်က တံတားအနားမှာပဲ ချုပ်နှောင်ခံထားလိုက်ရတယ်၊ အတိုပြောရင်တော့ ရှေးကျပြီး အမှိုက်ဆန်တဲ့ ရိုးရာပါပဲ၊ ဒီခေတ်၊ ဒီကာလကြီးထဲမှာ အဲဒီလိုမျိုးတွေ ရှိနေလိမ့်ဦးမယ်လို့ ထင်မထားမိဘူး ]
[အပြစ်ကျူးလွန်သူက ရှားနိုင်ငံကတော့ မဟုတ်ပေမယ့် ဖမ်းဆီးထိန်းသိမ်းထားပြီးပြီတဲ့၊ ငါကတော့ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်!]
နောက်ထပ် ထိပ်တန်းရှာဖွေမှုတစ်ခုမှာ အနည်းငယ် သွေးဆူ၍ ချစ်သူရည်းစားပြဿနာပင်ဖြစ်သည်။
ဖွင့်ကြည့်လိုက်ပါက ဘေးမှ ဖြတ်သွားဖြတ်လာတစ်ဦး ရိုက်ကူးထားသည့် ဗီဒီယိုအား မြင်တွေ့ရမည်ဖြစ်သည်။
ဖြတ်သွားဖြတ်လာ: [ငါက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ၊ ဒီဗီဒီယိုထဲက ကောင်မလေးက ငါတို့နဲ့ လုပ်ဖော်ကိုင်ဖက်ပဲ၊
သူမက ကြင်နာတယ်၊ ချမ်းသာတယ်၊ ပြီးတော့ အလုပ်လည်း အရမ်းကြိုးစားပြီး လုပ်နိုင်တဲ့ ကောင်မလေး..
ငါကြားတာတော့ ကောင်လေးက နယ်ဘက်က လာပြီး တခြားပြည်နယ်ဘက်မှာ အမြဲတမ်းနေထိုင်ခွင့်တင်ထားတာတဲ့၊ သူက ပုံမှန်ဆိုရင်တော့ ငါတို့လုပ်ဖော်ကိုင်ဖက်ပေါ်မှာ ကောင်းကောင်းဆက်ဆံပါတယ်]
[သူတို့ လမ်းခွဲလိုက်တယ်ဆိုတာကို မသိလိုက်ဘူး၊ ငါတို့လည်း ဒီနေ့ အဲဒီကောင်လေး ကုမ္ပဏီကို လာပြီး ပြဿနာရှာမှ သိရတာပဲ၊ ကြားရတာတော့ အဲဒီကောင်လေးရဲ့ မိဘတွေက အပြစ်ကျူးလွန်ထားပြီး ထောင်ချခံရတော့မှာတဲ့လေ၊
ကောင်မလေးက အဲဒါကို လက်မခံနိုင်လို့ လမ်းခွဲမယ်လို့ ပြောလိုက်တာကို ကောင်လေးက လမ်းမခွဲချင်နေတာ... ]
ဗီဒီယိုအား နှိပ်၍ ဖွင့်ကြည့်လိုက်ပါလျှင် လှုပ်ရှားနေသည့် ကင်မရာအတွင်းမှ ကုမ္ပဏီတစ်ခု၏ ဝင်ပေါက်ဝအား မြင်တွေ့နိုင်သည်။
လူငယ်တစ်ဦးမှ မိန်းမငယ်လေးတစ်ဦးကို လမ်းပိတ်ထားပြီးနောက် ဘေးတွင်လည်း စပ်စုနေကြသည့် ဖြတ်သွားဖြတ်လာများ ရှိနေခဲ့သည်။
ကောင်မလေး: “ကျွန်မ ပြောပြီးပြီလေ၊ ကျွန်မရော ကျွန်မရဲ့မိဘတွေကပါ ဒီကိစ္စကို လက်မခံနိုင်ဘူး၊ ကျွန်မတို့ ဒီအတိုင်း အေးအေးဆေးဆေး လမ်းခွဲလို့ မရဘူးလား?
ဘာလို့ ကုမ္ပဏီထိ လာပြီး ပြဿနာရှာနေရတာလဲ? ရှင် အဲဒီလောက်တောင် အားနေတာလား?”
ကောင်လေး: “ဒါကြီးက မမျှတဘူးလေ၊ အခု ဒီကိစ္စတွေမှာ ငါလည်း မပါဘူး၊ ငါက သိတောင် မသိဘူးလေကွာ၊ မင်းက ဘာလို့ ငါ့မိသားစုအတွက်နဲ့ ငါ့ကို ဒေါသထွက်နေရာတာလဲ?”
ကောင်မလေး: “ကျွန်မ ရှင်တို့မိသားစုအခြေအနေကို ဂရုစိုက်နေခဲ့မယ်ဆိုရင် ရှင်နဲ့တောင် တွဲမှာမဟုတ်ဘူး၊ အခုက ရှင့်ရဲ့မိဘတွေ ကျူးလွန်ထားတဲ့ ပြစ်မှုက ပြဿနာကြောင့်ပဲ၊
ရှင့်မိဘတွေကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးတွေ၊ ကလေးငယ်တွေ ဘယ်လောက်တောင် ထိခိုက်ခဲ့ရလဲဆိုတာကို စဉ်းစားမိလိုက်တာနဲ့... ကျွန်မ လုံးဝလက်မခံနိုင်ဘူး၊ ကျွန်မကို မနှောင့်ယှက်ပါနဲ့တော့!”
ကောင်လေး: “ဟားဟား! နောက်ဆုံးတော့လည်း မင်းက ငါတို့မိသားစုရဲ့ အပြစ်ကို ဂရုစိုက်တာ မဟုတ်ပါဘူး၊ မင်းကို ထောက်ပံ့ပေးဖို့ ငါ့မှာ ငွေမရှိတော့ဘူးလို့ ထင်နေလို့ပဲ မဟုတ်လား ဟမ်”
ကောင်မလေး: “???”
[...ဒီကောင်က အရူးပဲဟ၊ အခုက ကောင်မလေး ဆုံးဖြတ်ချက်က မှားနေတာ မဟုတ်ဘူး၊ ပြီးတော့ အဲဒီကောင်လေးရဲ့ မိသားစု အမှားက ရှိသေးတယ်၊ လက်တွဲဖော်ဆိုတာ နှစ်ဦးနှစ်ဖက် ချစ်ခင်နေမှ ရမှာ
တစ်ဖက်လူကို မကြိုက်တော့ဘူးဆိုရင် လမ်းခွဲလိုက်ပေါ့!]
[အစကတော့ ဒီမိဘတွေရဲ့ အပြစ်က ကလေးတွေနဲ့ မဆိုင်ပါဘူးလို့ တွေးမိတာ၊ ဒါပေမယ့် ဒီတစ်ယောက်ကတော့ သေချာပေါက် မိသားစုရဲ့လွှမ်းမိုးခံထားရတယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်၊ ငါတော့ ဒီကောင်လေးက သူ့မိဘတွေ အိမ်မှာ ဘာတွေလုပ်နေလဲဆိုတာ မသိဘူးဆိုတာ မယုံဘူး!]
[မိန့်မိန့်၊ လမ်းခွဲတာက အကြံကောင်းပဲ၊ မြန်မြန် သူ့ဆီကနေ ပြေးတော့!]
ကုကျစ်စုန့်ကတော့ အင်တာနက်ပေါ်တွင် မည်သည့်အရာများ ဖြစ်နေသည်ကို မသိပါချေ။
ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်ထံမှ ဖိတ်ခေါ်စာကို လက်ခံပြီးနောက် ကျန်းရှူယွီနှင့် ကြိုတင်ချိန်းဆိုထားသည့် ယုံချန်ဌာနခွဲသို့ ရောက်လာခဲ့သည်။
နေရာသို့ ရောက်လာပြီးနောက် ဧည့်ခန်းတွင်းသို့ ရောက်လာချိန်တွင် အခန်းထဲတွင် ထိုင်နေသည့် လူတချို့အား မြင်လိုက်ရသည်။
မျက်ဝန်းအကြည့်များစွာက သူမထံသို့ ရောက်ရှိလာသော်ငြား သူမကတော့ အေးအေးဆေးဆေးပင်။
ကျန်းရူယွီနှင့် ကျန်အဖွဲ့သားများမှလွဲ၍ အခန်းထဲတွင် ထိုင်နေသူမှာ တည်ငြိမ်သည့် အမူအယာဖြင့် အဘိုးအိုတစ်ဦးပင်ဖြစ်သည်။
ငွေရောင်ဆံပင်များရှိပြီး အဝတ်အစားများသည်လည်း သန့်ပြန့်စွာ ရှိနေကာ အရောင်ရင့်သည့် ယူနီဖောင်းဝတ်စုံ ဝတ်ဆင်ထားသည်။
မျက်လုံးထဲတွင် အထင်ရှားနေဆုံးအရာများမှာ သူ့ပုခုံးပေါ်မှ ဆုတံဆိပ်များပင်။
ဆုတံဆိပ်များ၏ ပုံစံကို ကြည့်၍ ခန့်မှန်းရပါလျှင် ဤလူ၏ စစ်တပ်အဆင့်မှာ နိမ့်နေလိမ့်မည် မဟုတ်ပေ။
ကုကျစ်စုန့် ကျန်းရူယွီအား ကြည့်လိုက်သည်။
“အစ်မကျန်း”
“စုန့်စုန့်၊ ဒါက ငါတို့ ဝိဉာဉ်ဆိုင်ရာအထူးဌာနရဲ့ ခေါင်းဆောင်ပဲ၊ သူက မင်းနဲ့ ဒီအစည်းအဝေးမှာ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောချင်လို့ပါ”
အဘိုးအိုက မတ်တပ်ရပ်လိုက်ကာ လက်ကို ဆန့်တန်း၍ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ငါ့ရဲ့ မျိုးရိုးနာမည်က ယန်ဖြစ်ပြီး နာမည်ကတော့ လန်ပါ၊ ငါက အခုလောလောဆယ်အထိတော့ ဒီဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်ရဲ့ ယာယီခေါင်းဆောင်ပေါ့”
ကုကျစ်စုန့် ထိုအမျိုးသားဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ချိန်တွင် သူ၏ လက်များသည် အသက်အရွယ်ကြောင့် အနည်းငယ် ပျော့နေသော်ငြား ဤအမျိုးသားတွင် ဖြောင့်မတ်သည့် စိတ်ဝိဉာဉ်ရှိကြောင်း ခံစားမိလိုက်သည်။
သို့သော် သူမကို အံ့အားသင့်သွားစေရသည့်အချက်မှာ ဤလူသည်က ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော်ငြား သာမန်လူတစ်ဦးသာဖြစ်သည်။
ယန်လန်ထံတွင် တောက်ဓမ္မဆိုင်ရာ လေ့ကျင့်မှုများ၊ သဘာဝလွန်ပညာနှင့် ပတ်သတ်သည့် စွမ်းအင်များ၊ ကိုယ်ခန္ဓာများ မရှိပေ။
နောက်ပိုင်း ကျန်းရူယွီထံမှ သိရသည်မှာ ယန်လန်၏ စစ်တပ်ရာထူးက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။ အသက် ၇၀ခန့်ရှိပြီဖြစ်ကာ စစ်ပြန်တစ်ဦးလည်း ဖြစ်ပေသည်။
ရှားနိုင်ငံမှ ဝိဉာဉ်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်ခဲ့စဉ်က တောက်ကျန့်ပညာရှင်အရေအတွက်က နည်းပါးသကဲ့သို့ အရာရှိများသည်လည်း တောက်ဓမ္မဂိုဏ်းများ၏ အငြိုအငြင်ခံရမည်ကို ထိတ်လန့်နေခဲ့ကြသည်။
ထို့ကြောင့် ဤပြဿနာအား တာဝန်ယူမည့်သူမရှိခဲ့ပေ။
မစ်စ်တာယန်လန်သည်က ထိုအချိန်က သူ၏ ရာထူးတိုးနိုင်ချေအား လက်လျှော့လိုက်ပြီးနောက် ဝိဉာဉ်ဆိုင်ရာအထူးဌာနအား လက်လွှဲပြောင်းယူခဲ့ခြင်းပင်ဖြစ်သည်။
သူ့တွင် ထူးခြားစွမ်းအင်များ၊ ဝိဉာဉ်ကိုယ်ခန္ဓာများ မရှိသော်လည်း နှစ်ပေါင်းများစွာ ကြိုးစား၍ ဤဝိဉာဉ်ဆိုင်ရာ ဌာနအား ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအချိန်တွင် ပြည်နယ်ပေါင်းများစွာ၌ ဌာနခွဲများ တည်ထောင်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ကျန်းရူယွီနှင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနအဖွဲ့တွင်းမှ တောက်ကျန့်များက သူ့အား အင်မတန် ရိုသေလေးစားကြသည်။
နန်ပြည်နယ်၏ လူကုန်ကူးမှုတွင်လည်း ရှောင်ရှီနှင့် ရှောင်ယန်ရွာသားများအား ဖမ်းဆီးစစ်ဆေးနိုင်ရန် အာမ,ခံပေးခဲ့သူမှာ ယန်လန်ပင်ဖြစ်သည်။
နေရာတွင် ထိုင်လိုက်ပြီးနောက် ယန်လန်က တွေဝေမှုမရှိဘဲ ချက်ချင်း စကားစသည်။
“မစ်စ်ကု၊ ငါ့မှာ အခုဒီကိုလာရတဲ့ ရည်ရွယ်ချက်တစ်ခုရှိပါသေးတယ်၊ ဝိဉာဉ်ဆိုင်ရာအဖွဲ့သားတွေအားလုံးရဲ့ကိုယ်စား မင်းကို ငါ့တို့ရဲ့ ဌာနမှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ စဉ်းစားပေးလိမ့်မယ်လို့ မျှော်လင့်မိတယ်”
ကုကျစ်စု့န် မျက်ခုံးတစ်ဖက် ပင့်လိုက်သော်ငြား ဤလူအိုကြီး၏ စကားကို ဝေ့ဝိုက်ပြောဆိုမှုမရှိခြင်းကိုတော့ သဘောကျသွားရသည်။
သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းရမ်းသည်။
“ကျွန်မကတော့ အားနာနာနဲ့ ငြင်းဆိုရမှာပါပဲ၊ ကျွန်မပြောခဲ့သလိုပဲ၊ ကျွန်မကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ချုပ်ထိန်းထားတာကို မကြိုက်ဘူးလို့”
“အခု ဒီတစ်ခေါက် တောင်ပိုင်းပြည်နယ်ခရီးလိုပေါ့၊ ကျွန်မသာ တောက်ဓမ္မဂိုဏ်းဝင် ဒါမှမဟုတ် ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်အဖွဲ့ဝင်ဖြစ်နေမယ်ဆိုရင် တစ်ခုခုမလုပ်ခင် ကျွန်မ အများကြီး စဉ်းစားနေရဦးမှာ
စည်းမျဉ်းတွေ၊ လုပ်သင့်၊မလုပ်သင့်တာတွေ အများကြီး တွေးနေရဦးမယ်၊ ကျွန်မ အဲဒါတွေကို သဘောမကျဘူး”
ဝိဉာဉ်ဆိုင်ရာ အထူးအဖွဲ့သည် စစ်ဆေးစုံစမ်းခြင်းဌာနနှင့်လည်း ဆက်သွယ်နေသည်။ ဆိုရလျှင် သဘာဝလွန်လောကတွင်တော့ ရဲဌာနနှင့် ထူးမခြားနားပေ။ ထိုဌာနတွင်လည်း ကိစ္စရပ်များအား မစုံစမ်းခင် လုံလောက်သည့် အထောက်အထားများ ရှိရန် လိုအပ်သည်။
သို့သော် ကုကျစ်စုန့်တွင် သက်သေမရှိလျှင်တောင်မှ သူမက တခြားသူများ မမြင်နိုင်သည့် အရာများအား ကံကြမ္မာဖတ်ခြင်းမှတဆင့် မြင်တွေ့နိုင်သည်။
ယန်လန် ခေါင်းငြိမ့်သည်။
“မစ်စ်ကု တွေဝေနေတာကို နားလည်ပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ အမြင်ကို အရင် နားထောင်ကြည့်ပေးပါဦး”
“ငါတို့မှာလည်း မြေအောက်ကမ္ဘာနဲ့ အဆက်အသွယ်ရှိတယ်လေ၊ မစ်စ်ကုက မြေအောက်ကမ္ဘာရဲ့ ယင်အရာရှိဆိုတာကိုလည်း သိထားပါတယ်၊
ငါတို့မှာ မြေအောက်ကမ္ဘာနဲ့ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့ ပူးတွဲသဘောတူညီချက်တစ်ခုရှိတယ်၊ ပြောရရင် ငါတို့က မြေအောက်ကမ္ဘာရဲ့ စုံစမ်းစစ်ဆေးတာတွေကိုလည်း ကူညီပေးတယ်..”
ထိုစကားကို ကြားရပြီးနောက် ကုကျစ်စုန့် အနည်းငယ် အံ့အားသင့်ကာ ယန်လန်နှင့် ကျန်းရူယွီတို့အား လှမ်းကြည့်လိုက်မိသည်။
တစ်ဖက်လူသည်က အကြမ်းဖျင်းမျှသာ ပြောလိုက်သည် ဖြစ်သော်လည်း သူမကတော့ သဘောပေါက်လိုက်သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်က သူမနှင့် မြေအောက်ကမ္ဘာမှ ‘အနက်ရောင်မြူခိုး’အကြောင်း စုံစမ်းစစ်ဆေးနေသည်ကို သိထားသည်။
မြေအောက်ကမ္ဘာ၏ အဓိကစီမံခန့်ခွဲမှုနေရာမှ မဟုတ်ပါလျှင် ထိုကဲ့သို့ လျှို့ဝှက်ကိစ္စရပ်အား သိနိုင်စရာအကြောင်းမရှိပေ။
သူတို့တွင် မြေအောက်ကမ္ဘာနှင့် လေးနက်သည့် အဆက်အသွယ်ရှိနေသည်။
ယန်လန်: “အမှန်အတိုင်းပြောရရင်တော့ ငါတို့က ဒီနှစ်ပိုင်းတွေအတွင်း သဘာဝလွန်လောကမှာ ထူးခြားမှုတွေ ရှိနေတာကို ရှာတွေ့ခဲ့ပြီး စပြီး စုံစမ်းနေခဲ့တာ၊ အခုထိတော့ ငါတို့မှာ ရလဒ်ကောင်းတွေ ရှိပြီး အချို့ အချက်အလက်တွေကိုလည်း ရှာတွေ့ထားပြီဆိုပါတော့”