မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (1)
Vol. 25 Ch. 246
“ကံမကောင်းတာက အဲဒီအချက်အလက်တွေက အတိတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် ကြီးကြီးမားမားတွေ၊ အရေးကြီးတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်နေတာပဲ၊ ပြီးတော့ အဲဒီအချက်အလက်တွေက နိုင်ငံအဆင့်လျှို့ဝှက်ချက်ဖြစ်နေတယ်
ငါတို့အဖွဲ့က မစ်စ်ကုနဲ့ လက်တွဲပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အခြေအနေမျိုး ဖြစ်အောင် ပူးပေါင်းပြီး အဖြစ်မှန်ကို ရှာချင်ရုံပါပဲ၊ ဒါပေမဲ့... စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ချက်တွေကြောင့် ငါတို့မှာ အဲဒီအချက်အလက်ကို အပြင်လူတွေနဲ့ မျှဝေခွင့်မရှိဘူးလေ..”
“တကယ်လို့ မစ်စ်ကုသာ လက်ခံမယ်ဆိုရင် ငါတို့ရဲ့ ဝိဉာဉ်ဆိုင်ရာအထူးဌာနကို အထူးအဖွဲ့ဝင်အနေနဲ့ လာလို့ ရပါတယ်
အဲဒီနေရာက ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး၊ ပြောရရင် ငါတို့ဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေက မင်းအပေါ်မှာ သက်ရောက်မှုမရှိဘူး
ဒါပေမဲ့ မစ်စ်ကုက အပြင်လူလည်း မဟုတ်တော့ဘူး၊ ဒီတော့ ခုနက အချက်အလက်တွေကို ငါတို့မှာ မင်းကို ပြပိုင်ခွင့်လည်း ရသွားလိမ့်မယ်”
ကုကျစ်စုန့်: “......”
ဌာနချုပ်မှ အဖွဲ့ခေါင်းဆောင်က လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်စွမ်းရှိသည်။
ယခုလှုပ်ရှားမှုက မြေအောက်ကမ္ဘာ၏ နည်းလမ်းကို အတုယူ၍ သူမအား ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ‘ယာယီအရာရှိ’ အနေဖြင့် သတ်မှတ်လိုက်ခြင်းပင် မဟုတ်ပါလော?
ကုကျစ်စုန့်အနေဖြင့် သူမ မတိုင်ခင်တွင် ဤဝိဉာဉ်ဆိုင်ရာအထူးဌာနချုပ်တွင် အထူးအဖွဲ့ဝင်တစ်ဦးမျှ မရှိခဲ့ကြောင်း အတပ်ပြောနိုင်သည်။
သို့သော် ယန်လန်၏ စကားလုံးများနှင့် သူ၏ စိတ်ရင်းအမှန်တို့ကြောင့် သူမရင်ထဲတွင် အနည်းငယ် စိတ်ပျော်ရွှင်သွားခဲ့သည်မှာတော့ ငြင်း၍ မရပေ။
“တကယ်လို့ မစ်စ်ကုမှာ အချိန်ရှိလို့ ဘယ်သူမှ မဖြေရှင်းနိုင်တဲ့ သဘာဝလွန်ကိစ္စတွေကိုများ ကူညီဖြေရှင်းပေးမယ်ဆိုရင်တော့ ငါတို့ဘက်က ကျေးဇူးတင်လို့ မဆုံးပါဘူး၊
ဒါမှမဟုတ် မစ်စ်ကုဆီမှာ တခြားပိုအရေးကြီးတဲ့ ကိစ္စတွေရှိနေရင်လည်း ငါတို့ရဲ့ အဖွဲ့သားတွေကို အချိန်လေးနည်းနည်းပေးပြီး သူတို့တွေ ပြဿနာကို နားလည်လာအောင် လမ်းညွှန်ပေးစေချင်ပါတယ်”
“မင်းမလုပ်ချင်ဘူးဆိုရင်လည်း သေချာပေါက် ငါတို့က အတင်းအကြပ် မတိုက်တွန်းလိုပါဘူး၊ တောင်းဆိုချင်တာက တစ်ခုတည်းပဲ ရှိပါတယ်
ဒါကတော့ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ တောင်းဆိုမှုဖြစ်ပေမဲ့ နားထောင်ပေးစေချင်ပါတယ်”
ကုကျစ်စုန့်: “အရင်ပြောကြည့်ပေးပါ”
“ငါ့မှာ အသိကောင်လေးတစ်ယောက်ရှိတယ်၊ မျိုးရိုးနာမည်က ယန်ပါပဲ၊ သူ့ခန္ဓာကိုယ်မှာ မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ ပြည့်နေခဲ့တာ နှစ် ၂၀ကျော်ပါပြီ၊ အခု သူ့မှာ အန္တရာယ်ရှိနေတယ်”
“ငါနဲ့ သူက တော်တော်လေး ရင်းနှီးကြတာပါ၊ တကယ်လို့ မစ်စ်ကု စိတ်မရှိဘူးဆိုရင် သူ့ကို စစ်ကြည့်ပေးလို့ ရမလား?”
ယန်လန်၏ စကားအရ ကုကျစ်စုန့်သာ ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ ‘အထူးအဖွဲ့ဝင်’ဖြစ်လာမည်ဆိုပါက သူမနှင့် မြေအောက်ကမ္ဘာ၏ ဆက်သွယ်မှုအတိုင်းသာ ဖြစ်ပေမည်။
သူမက သရဲတစ္ဆေများကို မြေအောက်ကမ္ဘာ၏ ကိုယ်စား ဖမ်းဆီးပေးနိုင်သည်က လျှို့ဝှက်ချက်တစ်ခုမဟုတ်ချေ။
ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ အထူးအဖွဲ့ဝင်ဖြစ်ပါကလည်း သူမက ထိုဌာန၏ များပြားလှသော စည်းမျဉ်းစည်းကမ်းများ၏ ချုပ်နှောင်ထားခြင်းမရှိသကဲ့သို့ တစ်နေကုန်လည်း အလုပ်ဆင်းရန်မလိုပေ။
ကျန်ရှိသည့် လစာ၊ သတင်းအချက်အလက် အစရှိသည်တို့ကတော့ ပုံမှန်အတိုင်းသာဖြစ်ပေသည်။
တရားဝင်အဖွဲ့အစည်းတစ်ခုအနေဖြင့် ထိုကမ်းလှမ်းချက်က အင်မတန် သဘောကောင်းလှသည်ဟုပင် ဆိုနိုင်သည်။
သို့သော် ကုကျစ်စုန့် ရင်ထဲတွင် သိနေသည်မှာ သူမက ဌာန၏ ဝန်ထမ်းမဟုတ်သော်ငြား တောက်ဓမ္မဂိုဏ်းနှင့် သဘာဝလွန်လောကမှ အခြားအဖွဲ့အစည်းများ၏ မျက်လုံးတွင်တော့ ထိုကမ်းလှမ်းချက်ကို သဘောတူညီလိုက်ခြင်းသည် တရားဝင်အဖွဲ့အစည်းဖြင့် ပူးပေါင်းလိုက်ခြင်းဟုသာ မြင်ကြလိမ့်မည်ဖြစ်သည်။
အကယ်၍ တောက်ဓမ္မဂိုဏ်းများသာ အတိတ်မှပုံစံအတိုင်းဆိုပါက တစ်ချိန်က တောက်ဓမ္မဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသည့် ကုကျစ်စုန့်အနေဖြင့် ယန်လန်ကို ငြင်းဆန်ကာ တောက်ဓမ္မဂိုဏ်းဖြင့် ပူးပေါင်းလိမ့်မည်။
သို့သော် ယခုတောက်ဓမ္မဂိုဏ်းသည်ကား ချောက်ချကြသူများ၊ ဆက်နွှယ်နေသော အင်အားစုများနှင့် ပို၍ပင် ပုန်းကွယ်နေသည့် အန္တရာယ်များသာ ပြည့်နေခဲ့သည်။
ထိုဂိုဏ်းသည်က သူမ၏ဆရာ တောက်ကျန့်ကျွင့်ဟုန် တည်ထောင်ခဲ့စဉ်က မျှော်လင့်ချက်ဖြစ်သည့် ကမ္ဘာပေါ်မှ သဘာဝလွန်ပညာများကို ပူးပေါင်းကာ တရားမျှတမှုဖန်တီးမည့် ဂိုဏ်းမဟုတ်တော့ပေ။
ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကုကျစ်စုန့် သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
“အိုကေ”
ယန်လန်နှင့် ကျန်းရူယွီတို့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ပြီးနောက် မျက်ဝန်းထဲတွင်လည်း ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရသွားခြင်းတို့သာ ပြည့်နှက်နေခဲ့ကြသည်။
သူတို့အနေဖြင့် ကုကျစ်စုန့်အား ဌာနအတွင်းသို့ မရမက ခေါ်သွင်းချင်ရသည့် အကြောင်းအရင်းမှာ ဝိဉာဉ်ဆိုင်ရာ အထူးဌာနတွင်း၌ အဆင့်မြင့်ထူးခြားပညာရှင်အရေအတွက်မှာ နည်းပါးလွန်းလှသည်။
ယခုအချိန်တွင် ‘မြေကမ္ဘာအဆင့်’ ထူးခြားပညာရှင်အရေအတွက်မှာ နည်းပါးလွန်းလှသည်ကို လူအများသိကြလိမ့်မည်။ ထိုပညာရှင်များမှာ ကျော်ကြားသည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ လူအများကြား မျက်နှာထွက်မပြကြသည့် ရှေးမျိုးဆက်များ၏ ခေါင်းဆောင်များသာ ဖြစ်ကြသည်။
သူတို့၏ လမ်းကြောင်းသည်လည်း လေးနက်ကာ အသက်လည်း ရှည်ကြသည်။
ယိယန်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် ချန်ကျင်းက အနည်းဆုံး အသက်၂၀၀ခန့် နေထိုင်ခဲ့ပြီးဖြစ်ပေသည်။
ယန်လန် ဝိဉာဉ်ဆိုင်ရာအထူးဌာနအား စတင် လက်လွှဲယူခဲ့စဉ်က လူငယ်လူရွယ်ဘဝတွင် တောက်ကျန့်ချန်ကျင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်က ချန်ကျင်းသည်ကား ခပ်မြင့်မြင့်စည်းထားသော အဖြူရောင်ဆံပင်များကိုပိုင်ဆိုင်ထားပြီး အသက် ၆၀၊ ၇၀ခန့် အရွယ်ဟုသာ ထင်ရသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယန်လန်မှာ ခန္ဓာကိုယ် ကိုင်းညွှတ်၍ ချိနဲ့သော လူအိုအဖြစ် ကြီးပြင်းလာခဲ့သော်ငြား တောက်ကျန့်ချန်ကျင်းကတော့ မသေမျိုးတစ်ဦးအလား၊ သန်မာဖျတ်လတ်ဆဲပင်ဖြစ်သည်။
ထိုကဲ့သို့သော ပညာရှင်များသည်က မိသားစုများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်နေကြပြီး သူတို့တစ်ဦးတည်း သီးသန့်နေထိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ထိုပညာရှင်များသည်လည်း ဝိဉာဉ်ဆိုင်ရာအထူးဌာနနှင့် လက်တွဲခြင်းမရှိခဲ့ကြ။
ယခုအချိန်တွင် ဌာနမှ တစ်ဦးတည်းသော အဆင့်မြင့်ပညာရှင်မှာ ချန်ချင်းဂိုဏ်းနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာရှိသော တောက်ကျန့်တစ်ဦးဖြစ်သည်။
သူသည်က တောက်ပညာ၏ ရှစ်ဆင့်မြောက်အဆင့်တွင် ဆယ်နှစ်ကျော်ကြာ တန့်နေခဲ့ပြီး မြေကမ္ဘာအဆင့်အထိ မတက်ရောက်နိုင်သေးပေ။
ဝိဉာဉ်ဆိုင်ရာအထူးဌာနတွင် ‘မြေကမ္ဘာ’အဆင့် တောက်ကျန့်မရှိသောကြောင့် မကြာခဏပင် တောက်ဓမ္မဂိုဏ်း၏ ဖိအားပေးမှုခံရသည်။
သူတို့တွင် ပြောပိုင်ခွင့်မရှိခဲ့။
အထက်ပါအကြောင်းအရင်းများကြောင့် ကုကျစ်စုန့်၏ ပါဝင်မှုသည်က ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ အားနည်းချက်များကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည်။
ယန်လန် နူးညံ့စွာ ပြုံးလိုက်သည်။
“ဒါဆိုရင် မစ်စ်ကုကို ကြိုဆိုပါတယ်၊ အခု အချက်အလက်တွေကို ကြည့်မယ်ဆိုရင် စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ရာ ကျမှာ မဟုတ်တော့ပါဘူး”
“အမှန်အတိုင်းပြောရရင် ငါတို့ရဲ့ ဌာနမှာ အမှန်တကယ်လည်း မြေအောက်ကမ္ဘာနဲ့ ပတ်သတ်နေတဲ့ အဖွဲ့သားတွေ ရှိတယ်လေ၊ မစ်စ်ကုက ‘အနက်ရောင်မြူခိုး’အကြောင်း ရှာဖွေနေတယ်ဆိုတာကိုလည်း သိထားပါတယ်
အဲဒါရဲ့ တည်ရှိမှုကို ပထမဆုံးရှာတွေ့ခဲ့တဲ့သူတွေက တကယ်တော့ သဘာဝလွန်လောကနဲ့ ဘာမှမသက်ဆိုင်ကြဘူး၊ အဖြစ်အပျက်က လွန်ခဲ့တဲ့ ၁၃နှစ်လောက်က ဖြစ်ခဲ့တာ၊
အဲဒီအချိန်တုန်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့တယ်”
“မစ်စ်ကု ဒီဖိုင်ကို အရင်ကြည့်လိုက်ပါလား”
ကုကျစ်စုန့်လည်း ကမ်းလာသည့် ဖိုင်အား ဖွင့်ကြည့်လိုက်သည်။
ထိုဖိုင်ထဲတွင် လွန်ခဲ့သည့် ၁၃နှစ်က ပြည်နယ်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ကွင်းဆက်လူသတ်မှုတစ်ခုအကြောင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူသည် ထိုပြည်နယ်အတွင်းရှိ မြို့နှစ်မြို့မှ ဆက်စပ်မှု အလျဉ်းမရှိသော အမျိုးသား၊ အမျိုးသမီးငယ် ၆ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။
သေဆုံးသူများ၏ ခန္ဓာကိုယ်အား ဖျောက်ဖျက်ရန်လည်း နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။
ထိုအချိန်က ထိုလူသတ်မှုမှာ လူပေါင်းများစွာကို တုန်လှုပ်စေခဲ့သည်။
တာဝန်ရှုသူများက အစွမ်းကုန်ကြိုးစားကာ တရားခံကို ဖမ်းမိခဲ့ချိန်တွင် ထိုလူမှာ စိတ်ပိုင်းဆိုင်ရာ ကောက်ကျစ်သည့် နှာပူးတစ်ယောက် ဖြစ်နေခဲ့သည်။
ထိုလူငယ်လေးများကို သတ်ဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ရုပ်ရည်ချောမောသောကြောင့်၊ ဗဟုသုတ ကြွယ်ဝသောကြောင့်၊ အကျင့်စရိုက်ကောင်းမွန်သောကြောင့်... အစရှိသကဲ့သို့ လူအများ နှစ်လိုသဘောကျသည့် အကျင့်စရိုက်များ ရှိကြသူများ၊ မိသားစုနောက်ခံအားကောင်းသူများသာ ဖြစ်နေခဲ့၍သာ ဖြစ်လေ၏။
ထိုနှာပူးက သူ့အတွက် မတရား၊ မျှတမှုမရှိဟု ခံစားရသောကြောင့် သတ်ဖြတ်ခဲ့ခြင်းပင်။
ထိုပြဿနာများကို ဖြေရှင်းပြီးနောက် အင်တာနက်တစ်ခုလုံးသည်လည်း ဤစိတ်သဘောထားသေးသိမ်၍ ရက်စက်သော အပြစ်သားကို ရှုံ့ချနေခဲ့ကြသည်။
ထိုအချိန်ထိ နားမလည်နိုင်ဖြစ်နေခဲ့ရသူများကတော့ ရဲသားများပင်ဖြစ်ချေသည်။
ယန်လန်၏ အသံက လေထဲ၌ ပျံ့လွင့်လာခဲ့သည်။
“အဲဒီအပြစ်သားကို ဖမ်းမိပြီးတဲ့နောက်မှာ နယ်မြေခံ ရဲစခန်းတစ်ခုလုံး လုံးဝ နားမလည်နိုင်ခဲ့ကြဘူး၊ ဒီတရားခံက အရပ်ပုတယ်၊ အားလည်း ပျော့တယ်
အဲဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဒီလောက် လူအများကြီးကို သူ့လက်နဲ့ သတ်နိုင်ရတာလဲ?
ပြီးတော့ ရဲသားတွေရဲ့ ဖမ်းဆီးမှုကနေလည်း အကြိမ်ပေါင်းများစွာ ရှောင်သွားနိုင်ခဲ့သေးတယ်. မသိရင်... ကောင်းကင်ဘုံက သူ့ကို ကူညီနေသလိုပဲလို့ ပြောရမလား?
နောက်တော့ သူ့အိမ်ကို စစ်ဆေးကြည့်တဲ့အခါမှာ အဲဒီရုပ်ထုကို ပထမဆုံး မြင်လိုက်ရတာပဲ”
ကုကျစ်စုန့် သဘောပေါက်သွားခဲ့သည်:
“မျက်နှာတစ်ထောင်နတ်ဘုရား”
“အမှန်ပဲ”
ကျန်းရူယွီက ဆက်ပြောလာသည်။
“အခုတောင်ပိုင်းပြည်နယ်က လူကုန်ကူးမှုမှာလည်း ရွာနှစ်ရွာက ရွာသားတွေက ဒီ’မျက်နှာပေါင်းတစ်ထောင် နတ်ဘုရား’ကို ကိုးကွယ်နေကြတာကို ရှာတွေ့ခဲ့ရတယ်၊
သူတို့ရဲ့ ဝန်ခံချက်အရ ဒီရုပ်ထုက တောက်ကျန့်တစ်ဦးက ပေးခဲ့တာတဲ့၊ အမြဲလိုလို ပူဇော်ပသပေးဖို့ မှာခဲ့ပြီး ပေးခဲ့တာလို့ ပြောကြတယ်”
“အခုဆိုရင် ဒါက မကောင်းဆိုးဝါးနတ်ဘုရားဆိုတာတော့ သေချာသွားပြီ”
ကျန်းရူယွီ မတ်တပ်ရပ်လိုက်ပြီးနောက် သူမ၏နောက်ကျောရှိ ဘီရိုအတွင်းမှ ကြေးဝါရောင်ရုပ်ထုတစ်ခုအား ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
“ဒါက ရှောင်ယန်ကျေးရွာရဲ့ ရွာသူကြီး ဝူဖန်ရဲ့ အိမ်ကနေ ရှာတွေ့ခဲ့တဲ့ ရုပ်ထုပဲ”
ကုကျစ်စုန့် ထိုရုပ်ထုကို ကြည့်လိုက်ချိန်တွင် ရုပ်ထုပေါ်ရှိ မျက်နှာပေါင်းများစွာမှ တစ်ခုသည်က သူမနှင့် မျက်နှာချင်းဆိုင် ဖြစ်နေခဲ့သည်။
ထိုမျက်နှာက အသက်ဝင်လှကာ ဝမ်းနည်းနေဟန်ပေါ်သည်။
ထိုအရာက ဝမ်းနည်းနေဟန်ပေါ်သော်ငြား သာမန်လူများအတွက်တော့ ထိတ်လန့်ဖွယ်ကောင်းပြီး မည်သို့ပင် ကြည့်ပါစေ၊ စိတ်မသက်မသာဖြစ်စေပေလိမ့်မည်။