← Chapters

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (2)

Vol. 25 Ch. 247

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (2)

Vol. 25 Ch. 247

ကျန်းရူယွီ: “လွန်ခဲ့တဲ့ ၁၃နှစ်လောက်တုန်းက ကျွန်မတို့တွေ သိခဲ့ရတဲ့အတိုင်းဆိုရင် လူသတ်သမားက သူ့ရဲ့ ပစ်မှတ်ကို သတ်ဖြတ်ပြီးတာနဲ့ သူတို့ရဲ့ ရင်ကိုခွဲပြီး၊ ကိုယ်တွင်းကလီစာတွေကို ထုတ်ပြီးတော့ ဒီရုပ်ထုကို ပူဇော်ခဲ့တယ်တဲ့

ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မတို့တွေက ဒီရုပ်ထုကို ပထမဆုံးအကြိမ်မြင်ဖူးတာလည်း ဖြစ်နေတယ်လေ၊ ဒီတော့ အမှုကိစ္စကို သဘာဝလွန်ပြစ်မှုလို့လည်း မထင်တော့ လျစ်လျှူရှုခဲ့မိကြတယ်”

“နောက်ပိုင်းကျတော့ ပို,ပိုပြီး ထူးဆန်းတဲ့ အမှုတွေလည်း ပေါ်လာခဲ့တယ်၊ အဲဒီအမှုတိုင်းရဲ့နောက်ကွယ်မှာလည်း ဒီရုပ်ထုရဲ့ အရိပ်မည်းက လွှမ်းမိုးနေခဲ့တယ်၊ ဒါကြောင့် ကျွန်မတို့လည်း ဒီရုပ်ထုကို နည်းနည်း သတိထားပြီး စောင့်ကြည့်ခဲ့ကြတာ”

ကုကျစ်စုန့်: “အခုရော သဲလွန်စတွေ ရပြီလား?”

ယန်လန်: “ငါတို့က ဒီရုပ်ထုတွေ၊ ဖမ်းမိတဲ့ အပြစ်သားနဲ့ တောက်ကျန့်တွေဆီကပါ ထူးခြားတဲ့ စွမ်းအင်တစ်ခုကို ဆွဲထုတ်နိုင်ခဲ့တယ်”

သူက ပြောပြောဆိုဆိုပင် ကျန်းရူယွီအား ကြည့်လိုက်သည်။ ကျန်းရူယွီ လည်း မီးခံသေတ္တာတွင်းမှ ကြည်လင်နေသည့် လေးထောင့်ပုံးငယ်တစ်ခု ထုတ်ယူလာခဲ့သည်။

ကြည်လင်နေသည့် ပုံးငယ်မှ တဆင့် စေးပျစ်ထူထဲသော အနက်ရောင်စွမ်းအင်အစုငယ်တစ်ခုက ထိုပုံးငယ်လေးထဲတွင် ရေထဲမှ ငါးတစ်ကောင်အလား ကူးသန်းနေခဲ့ပြီး လေးထောင့်ပုံးအား ဝင်တိုက်နေခဲ့သည်ကို မြင်တွေ့နိုင်ပေ၏။

ကုကျစ်စုန့် အနည်းငယ် အံ့အားသင့်သွားရသည်။

“ရှင်တို့ ဒါကို ဘယ်လိုလုပ်ထားတာလဲ?”

သူမ ဤ’အနက်ရောင်မြူခိုး’နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် ဤစွမ်းအင်က မည်မျှ အဆိပ်ပြင်းကြောင်းကို ကောင်းကောင်းနားလည်ထားသည်။

ဤစွမ်းအင်သည်က ထူးခြားပညာရှင်၏ ကိုယ်ခန္ဓာအား ယိုယွင်းပျက်စီးစေရုံသာမက စိတ်အာရုံကိုပါ ထွေပြားအောင် လုပ်နိုင်စွမ်းရှိသည်။

သူမကိုယ်တိုင်ပင် စွမ်းအင် အနည်းငယ်သာ စုဆောင်းထားနိုင်ခဲ့သည်။

ယန်လန် ပြုံးရင်း စကားဆက်သည်။

“အမှန်အတိုင်းပြောရရင် ဒီ ‘အနက်ရောင်မြူခိုး’တွေက ငါတို့ ဝိဉာဉ်ဆိုင်ရာအဖွဲ့ကနေ ဖယ်ထုတ်ထားတာမဟုတ်ဘူး၊ သုတေသနဌာနက ငါ့ရဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီးတော့ အစိုးရရဲ့ တရားဝင် သိပ္ပံကိရိယာတွေနဲ့ ခွဲထုတ်ထားတာလေ”

“စကားမစပ် မစ်စ်ကု၊ မင်းက အရင်ကလည်း ပြဿနာတွေ အများကြီးဖြေရှင်းခဲ့ပြီးပြီ၊ အဲဒီလိုကိစ္စတွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း မကောင်းမှုကို ကူညီပေးနေတဲ့ ပညာရှင်တွေလည်း ရှိနေတယ်ဆိုတာ တွေ့နိုင်မှာပဲ

ငါတို့က အဲဒီလူတွေကို ဖမ်းမိပြီးတာနဲ့ ခုနက ကိရိယာတွေကို သုံးပြီးတော့မှ သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အနက်ရောင်စွမ်းအင်တွေကို စစ်ဆေးတတ်တယ်၊

ဒီ‘အနက်ရောင်မြူခိုး’က အရမ်းထူးခြားတယ်၊ သူက ဝိဉာဉ်စွမ်းအင်တော့မဟုတ်ဘူး၊ ပြောရရင် အချို့ လှိုင်းအတက်အကျကို ရေဒါမှာ ဖမ်းမိနိုင်တယ်လေ”

ကုကျစ်စုန့်: “???”

ဒီတော့ သိပ္ပံပညာနှင့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး သရဲဖမ်းလို့ ရနိုင်နေပြီလား?

ဝိဉာဉ်ဆိုင်ရာအဖွဲ့၏ ရှာဖွေတွေ့ရှိမှုများကို ဖတ်ရှုပြီးနောက် ကုကျစ်စုန့်အနေဖြင့် သူမအတွက် အရေးကြီးသော အချက်အလက်များ မသိရသော်ငြား မည်သည့်အရာကိုမှ မသိခြင်းနှင့် ယှဉ်လျှင် သာလွန်သေးသည်ဟု ဆိုနိုင်ပေသည်။

သူမ စကားလမ်းကြောင်းလွှဲပြီးနောက် မေးလိုက်သည်။

“မစ်စတာယန်၊ ခုနက ပြောတဲ့ ကျွန်မကို လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ကို စစ်ဆေးပေးချင်တယ်ဆိုတာက.. အဲဒါက ရှင့်ရဲ့ ဆွေမျိုးလား? မျိုးဆက်သစ်များလား?”

ယန်လန် ခေါင်းကို အသာရမ်းသည်။

“သူ့နာမည်က ယန်မျိုးရိုးဆိုပေမဲ့ .. သူက ငါနဲ့တော့ ဆွေမျိုးမတော်ပါဘူး”

ထိုရင်းနှီးနေသည့် မျိုးရိုးနာမည်ကို ကြားရပြီးနောက် ကုကျစ်စုန့်၏နှလုံးသားက အနည်းငယ် လှုပ်ရှားသွားရသည်။

“အရင်တုန်းက မြို့ပေါ်က တောက်ကျန့်ဂိုဏ်းသားတစ်စုက ကျွန်မ တိုက်ရိုက်ထုတ်လွှင့်တဲ့နေရာကို သွားတဲ့လမ်းမှာ ရောက်လာပြီး ကျွန်မကို ခြိမ်းခြောက်ခဲ့ဖူးတယ်

အဲဒီတုန်းက သူတို့လည်း အဲဒီလိုလူတစ်ယောက်အကြောင်းပြောခဲ့သေးတယ်၊ ပြီးတော့ ကျောက်စိမ်းလက်ချောင်းရိုးကို သူတို့ကို ‘လှူဒါန်း’ဖို့၊ မဟုတ်ရင် ကျွန်မက ကမ္ဘာပေါ်က လူတွေအားလုံးကို ဒုက္ခရောက်အောင် လုပ်လိုက်တာလို့လည်း ပြောသေးတယ်

မဟုတ်မှလွဲရော အဲဒီတုန်းက တောက်ကျန့်တွေ ပြောတဲ့သူက ဒီ ‘ယန်’ပဲလား?”

ယန်လန် အနည်းငယ်ရှက်သွားမိသည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သူသည်လည်း သိထားပြီးဖြစ်သည်။

သူက ကုကျစ်စုန့် အထင်လွဲ၍ စိတ်မဆိုးစေရန် ချက်ချင်းရှင်းပြလိုက်လေသည်။

“ဒါက တစ်ယောက်တည်းပါပဲ၊ ဒါပေမယ့် အဲဒီလူတွေ အဲလိုလုပ်ရပ်မျိုးကို လုပ်လိမ့်မယ်ဆိုတာကို ကောင်လေးက တကယ်မသိရှာပါဘူး၊ တစ်ဖက်အဖွဲ့ သူတို့သဘောနဲ့သူတို့ လုပ်ကြတာလေ

အဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း သူက မင်းကို အရမ်းအားနာနေခဲ့တာ၊ ဒါပေမယ့် သူ့မှာ မင်းကို တောင်းပန်ဖို့ကို အခွင့်မသာဘူးဖြစ်နေခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့ကျန်းမာရေးက… တော်တော်လေးကို ဆိုးနေတာ”

ယန်ချန်၏ လက်ရှိအခြေအနေမှာ ‘ဆိုးသည်’ဆိုသော စကားဖြင့်ပင် မလုံလောက်ပါချေ။

ယန်လန် သက်ပြင်းချလိုက်သည်။

“တကယ်တော့… အဲဒီကလေးက သနားဖို့ကောင်းလွန်းပါတယ်၊ သူက မွေးကတည်းက နှိမ်နင်းလို့မရလောက်အောင် အားကောင်းတဲ့ မကောင်းဆိုးဝါးဝိဉာဉ်နှင့် ယှဥ်တွဲပါလာခဲ့တာ

သူ့ကို ကလေးကတည်းက ‘ကပ်ဆိုး’လို့ သတ်မှတ်ကြပြီး နေရာမှာတင် အသတ်ခံရတော့မလို့ ဖြစ်ခဲ့သေးတယ်

ဒါပေမယ့် အဲဒီကလေးက တောင့်ထားနိုင်ခဲ့တယ်လေ၊ ဒါကြောင့်လည်း အခုထိ အသက်ရှင်နေသေးတာပေါ့၊ ပြီးတော့ သူက ထက်လည်း ထက်မြက်လွန်းတော့ သူတို့မိသားစုရဲ့ စီးပွားရေးကို အခုလို အခြေအနေထိ ရောက်လာအောင် လုပ်ပေးနိုင်ခဲ့တယ်

ဒီလိုကံကြမ္မာဆိုးမျိုးနဲ့ ကြုံရတာ သနားစရာကောင်းလွန်းပါတယ်…”

ယန်လန်၏ စကားမှတစ်ဆင့် ထိုကောင်လေး၏ နာမည်သည်က ‘ယန်ချန်’ဖြစ်ကြောင်း သူမ သိလိုက်သည်။

ထိုအချိန်တွင် သူ့၏ခန္ဓာကိုယ်အတွင်းမှ မကောင်းဆိုးဝါးဝိဉာဉ်သည်က အန္တရာယ်များလွန်းလောက်သည်ထိ ပြင်းထန်လာခဲ့ပြီး သူ၏ အခြေအနေမှာလည်း အင်မတန် ဆိုးရွားနေခဲ့သည်။

တောက်ဓမ္မဂိုဏ်း၏ အဓိကဂိုဏ်းခွဲသုံးခုမှ တောက်ကျန့်များသည်လည်း ယန်အိမ်တော်တွင် ၂၄နာရီစောင့်ကြည့်နေကြပြီး ယန်ချန် အသိစိတ်လွတ်သွားသည်နှင့် သုတ်သင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ကုကျစ်စုန့်တစ်ယောက် ယန်လန်၏ တောင်းဆိုမှုအပြင် သူမကိုယ်တိုင်ကလည်း တောက်ကျန့်များ နှစ်၂၀ကျော်ကြာ ကြောက်လန့်တုန်လှုပ်နေခဲ့ရသည့် နာမည်ကြီး ‘ရက်စက်ကြမ်းကြုတ်သည့်မကောင်းမှု’ အကြောင်းကို သိချင်စိတ်တို့ကြောင့် ထိုအခြေအနေကို သဘောတူညီခဲ့လေသည်။

သူမအနေဖြင့် ထိုနာမည်အား ရင်းနှီးနေသည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင် ကြားဖူးမှန်း မမှတ်မိပေ။

“မစ်စတာယန်ကိုယ်တိုင် ပြောတာဆိုတော့ ကျွန်မ သူ့ရဲ့အခြေအနေကို သွားပြီး ကြည့်ပေးပါ့မယ်၊ အခြေအနေက အရမ်းပြင်းထန်တယ်ဆိုရင်တော့ ကျွန်မ ကျောက်စိမ်းလက်ချောင်းရိုးကို ငှားပါ့မယ်”

“ကောင်းလိုက်တာ၊ ဒါဆိုရင် ယန်ချန်အစား မစ်စ်ကုကို ကျေးဇူးတင်ပါရစေ!”

သူ ချက်ချင်းပင် ကျန်းရူယွီကို ယန်မိသားစုအိမ်တော်သို့လိုက်ပို့ရန် ကားစီစဉ်ခိုင်းလိုက်သည်။

ယုံချန်ပြည်နယ်၏ သူဌေးရပ်ကွက်ဖြစ်သော တောင်ပေါ်ဗီလာသို့ ရောက်ရှိလာချိန်တွင် ကုကျစ်စုန့်တစ်ယောက် စိတ်ထဲမှ တစ်ခုခုကို ခံစားလိုက်ရသောကြောင့် ကားမှန်ပြတင်းမှ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

လက်ရှိတွင် ယန်ချန်က မည်သည့်နေရာတွင် နေထိုင်ကြောင်းကို သူမ သိလိုက်ပြီးဖြစ်သည်။

ထိုနေရာအထက်မှ ကောင်းကင်သည်က လိုက်ကာတစ်ခုကဲ့သို့ ဖွဲ့စည်းပုံတစ်ခု၏ လွှမ်းမိုးခြင်းခံထားရပြီး ထိုနေရာအား ဘေးပတ်ဝန်းကျင်နှင့် ခွဲခြားထားသည်။ ထိုဖွဲ့စည်းပုံအား ပြုလုပ်ထားသူများက ပညာရှင်များပင်ဖြစ်မည်။

ထိုမျှကောင်းမွန်သည့် ဖွဲ့စည်းပုံရှိသော်ငြား မီးခိုးဖျော့ရောင် စွမ်းအင်များက ဖွဲ့စည်းပုံကာရန်ထားသည့်ကြားမှ ယိုစိမ့်ထွက်နေခဲ့သောကြောင့် ဖွဲ့စည်းပုံအတွင်းမှ မကောင်းမှုသည်လည်း မည်မျှပင် အားကောင်းသည်ကို ခန့်မှန်း၍ ရနိုင်သည်။

ထိုမြင်ကွင်းအား မြင်တွေ့ရပြီးနောက် ကုကျစ်စုန့်၏ သိချင်စိတ်က ၃မှတ်မှ ၇မှတ်အထိ တိုးသွားခဲ့သည်။

ထိုအချိန်တွင် မည်သည့်နေရာကိုရောက်၍ မည်သည်အထိပေါက်နေမှန်းမသိဘဲ ပျောက်ကွယ်နေသည်က ကြာပြီဖြစ်သော စနစ်က ရုတ်တရက် ခုန်ထွက်လာပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။

“စုန့်စုန့်! မင်းက အခု ယန်မိသားစုဆီကို သွားနေတာပဲ၊ မင်း ယန်ချန်က ဘယ်သူလည်းဆိုတာ သိလား?

ဟုတ်တာပေါ့၊ ဒီဝတ္တုဇာတ်လမ်းရဲ့ ဇာတ်ကြောင်းက လွယ်လွယ်နဲ့ ဘယ်လက်လျှော့လိမ့်မလဲ? မင်းက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့အနားကို မကပ်တာတောင်မှ သူတို့ကတော့ အကြောင်းအမျိုးမျိုးနဲ့ ချစ်ကြိုက်ကြသေးတာပဲ၊ ပြီးတော့ မင်းက သူ့တို့ဘဝရဲ့ ဗီလိန် ဖြစ်လာဦးမှာ!”

စိတ်ထဲမှ မရှင်းမလင်းစကားများကြောင့် ကုကျစ်စုန့် မျက်စိလည်သွားရသည်။

“မင်း ဘာတွေပြောနေတာလဲ? ဒါက ဝတ္တုဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ?”

စနစ်: “ယန်ချန်က ဒီစာအုပ်ရဲ့ဇာတ်လိုက်မင်းသား ယန်ရှုကွေ့ရဲ့ သေသွားတာ ကြာပြီဆိုတဲ့ အစ်ကိုကြီးလေ!”

ကုကျစ်စုန့်: “…?”

နောက်ဆုံးတော့ အဘယ်ကြောင့် ထိုနာမည်ကို သူမ ရင်းနှီးနေရကြောင်းကို မှတ်မိသွားခဲ့ရပေပြီ။ စနစ်မှ သူမအား ဇာတ်ကြောင်းပြောပြနေစဉ်က ကြားခဲ့ဖူးခြင်းပင် ဖြစ်သည်။

စနစ်ကတော့ ဆက်လက်၍ ပြောဆိုနေခဲ့သည်။

“ငါ အခုလေးတင် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ အခြေအနေကို လှမ်းကြည့်လိုက်တာ၊ သူတို့က ဒီအခြေအနေမှာလည်း နှစ်ယောက်သားဆုံပြီး ချစ်မိသွားကြတုန်းပဲ!

အသက်ကယ်တာတွေ ဘာတွေ မရှိတဲ့အတွက် အခုလက်ရှိ သွားနေတဲ့ နှုန်းကတော့ နှေးနေတာပေါ့လေ၊ ဒါပေမယ့် လမ်းမှန်ပေါ်မှာတော့ ရောက်နေပြီ”

“ဒါက ငါနဲ့ဘာဆိုင်လို့လဲ?”

“မင်း သေသေချာချာစဉ်းစားကြည့်ဦးလေ စုန့်စုန့်၊ ဒီစာအုပ်ရဲ့ ဇာတ်ကြောင်းမှာ မင်းသားရဲ့ ဉာဏ်ကြီးရှင်အစ်ကိုက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလို့ ဇာတ်လိုက်တစ်ယောက်တည်း ကျန်တဲ့အတွက် ယန်မိသားစုရဲ့ ဆက်ခံသူဖြစ်လာတာလေ

မဟုတ်ရင် အစတုန်းက ဇာတ်ကြောင်း အသွားအလာအရဆိုရင် သူက စီးပွားရေးလုပ်ရတာကို လုံးဝမကြိုက်တဲ့ ပြိုင်ကားမောင်းတဲ့သူပဲ၊ သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး သူ့အစ်ကိုရဲ့ နေရာကို အစားထိုးနိုင်မှာလဲ?”

“တကယ်လို့ ယန်မိသားစုကို ထောက်ပံ့ပေးပြီး ယန်မိသားစုရဲ့စီးပွားရေးကို အဆပေါင်းရာချီ ကြီးထွားလာအောင် လုပ်ပေးနိုင်ခဲ့တဲ့ ယန်ချန်သာ မသေဘူးဆိုရင် ယန်မိသားစုရဲ့ ရှယ်ယာဈေးနှုန်းကလည်း တည်ငြိမ်နေမှာပဲ၊

သူတို့ရဲ့ စီးပွားရေးလည်း ပြဿနာဖြစ်မှာမဟုတ်ဘူး၊ ဇာတ်လိုက်ကလည်း ဖိအားဒဏ်ကို မခံရတော့ ရင့်ကျက်ပြီး ထက်မြက်လာမှာမဟုတ်ဘူး

ပြီးတော့ မင်းသမီးကလည်း သူ့ရဲ့ ကံကောင်းမှုကို သုံးပြီးတော့ ဇာတ်လိုက်ကို ပြန်ပြီး ချမ်းသာလာအောင်၊ အန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီပေးစရာမလိုတော့ဘူး

သူတို့ကြားက ဆက်ဆံရေးက အခုသွားနေတာထက်တောင် ပို,ပိုပြီး နှေးကွေးသွားဦးမှာပဲ….”

စနစ်က ကရားရေလွှတ် ဆက်ပြောနေခဲ့ပြီး နောက်ဆုံးတွင်တော့ ယုံကြည်မှုအပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောချလိုက်သည်။

“ဒီလို စဉ်းစားကြည့်လေ စုန့်စုန့်.. မင်းက ယန်ချန် စောစောသေမယ့် ကံကြမ္မာကိုသာ ပြောင်းပေးလိုက်ရင် မင်းက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ အချစ်ရေးနဲ့ ကံကြမ္မာကို နှောင့်နှေးအောင် လုပ်လိုက်တဲ့ တကယ့် ဗီလိန်ကြီး မဖြစ်သွားဘူးလား?”

ကုကျစ်စုန့် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။

ထိုအချိန်တွင် ယန်လန်၏ ကားငယ်လေးသည်လည်း ယန်မိသားစု၏ အိမ်တော်အတွင်းသို့ ဝင်ရောက်လာပြီးဖြစ်သည်။

All Chapters