← Chapters

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (4)

Vol. 25 Ch. 249

မကောင်းဆိုးရွား ဝိဥာဥ်များကို နှင်ခြင်း (4)

Vol. 25 Ch. 249

ယန်လန်လည်း ဖူချင်းအာနှင့် ယန်ဟဲတို့အား ကြည့်ကာ ပြောလိုက်သည်။

“မစ်စ်ဖူ၊ ဒါက ကုကျစ်စုန့်ပါ.. ရှောင်ယန်ချန်ရဲ့ အကြောင်းကြားပြီးတော့ အကူအညီပေးနိုင်မလားဆိုတာ ကြည့်ရအောင် လာခဲ့တာ”

ဖူချင်းအာ၏ မျက်ဝန်းများ နီရဲနေသော်ငြား ကုကျစ်စုန့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မစ်စ်ကု… အရင်က ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေကို လျစ်လျှူရှုပြီး အခုလို လာပေးတာကို ကျေးဇူးတင်ပါတယ်၊ အဲဒီတုန်းက ဖြစ်ခဲ့တာကလည်း ကျွန်မတို့ ယန်မိသားစုက သေချာမကိုင်တွယ်နိုင်ခဲ့လို့ မစ်စ်ကုအပေါ်မှာ အပြစ်ဖြစ်သွားခဲ့ပါတယ်…”

“မစ်စ်ဖူ ပြောတာ အဓိပ္ပာယ်ရှိတယ်.. ဒါပေမဲ့ ကျွန်မပြောနိုင်တာ တစ်ခုကတော့ အရင်ဆုံး အခြေအနေကို စောင့်ကြည့်ဖို့ပါပဲ၊ ဒီကိစ္စက အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကို ကျွန်မ အတတ်မပြောနိုင်ဘူးလေ”

“ရပါတယ်…”

သူမက ထိုသို့ ပြောပြီးသည်နှင့် ဖွဲ့စည်းပုံများ၊ ဂါထာမန္တာန်၊ အဆောင်ယန္တယားများဖြင့် ပြည့်နှက်နေသော တံခါးတစ်ရွက်ထံသို့ လျှောက်သွားခဲ့ကြသည်။

အသံတိတ်စောင့်ကြည့်နေကြသည့် တောက်ကျန့်များသည်လည်း ရင်ထဲတွင် ထူးဆန်းမှုတစ်ခုအား ခံစားလိုက်ရသည်။

အထဲမှ ရှိနေသော မကောင်းမှုစွမ်းအင်ာ မည်မျှ အားကောင်း၍ မည်မျှ ရက်စက်သည်ကို သူတို့ သိရှိထားပြီးဖြစ်သည်။

ဤကုကျစ်စုန့်သည်က ထိုအခန်းတွင်းသို့ မျက်ကန်းတစ္ဆေမကြောက်သကဲ့သို့ ဇွတ်အတင်းဝင်သွားရန်မှာ ငယ်ရွယ်လွန်းလှသည်။

ထိုမကောင်းမှုစွမ်းအင်များနှင့် တိုက်ရိုက်ထိတွေ့ပါက အသက်မသေဆုံးလျှင်တောင်မှ အရေပြားများ တစစီ စုတ်ပြဲသွားမည်မှာ ဧကန်မုချပင်။

ထိုသို့ ဖြစ်ပျက်မည်မှန်း သိနေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မှပင် သူမအား သတိပေးစကားတစ်ခွန်း မဆိုခဲ့ကြပေ။

ကုကျစ်စုန့်က တံခါးဖွင့်ပြီးနောက် အခန်းတွင်းသို့ ဝင်သွားခဲ့သည်။

သူမ အခန်းတွင်းသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် တစ်ခန်းလုံးအား လွှမ်းမိုးထားသည့် မကောင်းမှုစွမ်းအင် ပိုမို၍ နိုးထလာခဲ့သည်။

ဆက်တိုက်တွန်းထုတ်နေသည့် ဖိအားများ၊ မနှစ်လိုသည့် စိတ်ခံစားချက်များက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား မကောင်းမှုစွမ်းအင်များဖြင့် လွှမ်းမိုးရန် ကြိုးစားနေခဲ့သည်။

သူမ တွေဝေသွားသည့် အခိုက်အတန့်တဒင်္ဂတွင်းမှာပင် မကောင်းဆိုးဝါးတစ္ဆေ၏ ငရဲခံတွင်းသို့ ကျရောက်သည့်အလား နာကျင်စွာ အော်ဟစ်သံများ၊ ဆူညံသံများ မရေတွက်နိုင်အောင် ကြားလိုက်ရသည်။

သို့သော် သူမက စက္ကန့်ပိုင်းမျှသာ လွှမ်းမိုးခံလိုက်ရပြီး အားကောင်းသည့် ဝိဉာဉ်စွမ်းအင်က သူမအား မကောင်းမှုစွမ်းအား လက်အောက် မကျရောက်စေရန် ကာကွယ်ပေးထားခဲ့လေသည်။

သူမ အခန်းတွင်းသို့ လှည့်ပတ်ကြည့်ရှု့ချိန်တွင် တစ်ခန်းလုံးက စေးပျစ်ထူထဲသည့် မကောင်းမှုအရိပ်အယောင်များ ပြည့်နှက်နေကြောင်း မြင်တွေ့လိုက်ရသည်။

ထိုအရိပ်အယောင်များ၏ နောက်ကွယ် ဝိုးတဝါးတွင် မြင်တွေ့နိုင်သည်မှာ ဤအခန်းပိုင်ရှင်က ရှင်းလင်းကြော့မော့သည့် စတိုင်နှင့် အနည်းငယ်အေးတိအေးစက်နိုင်သူတစ်ဦးဖြစ်ကြောင်းကိုပင် ဖြစ်ပေ၏။

သူမ မြင်ကွင်း၏ အဆုံးတွင် ခုတင်တစ်လုံးနှင့် ထိုခုတင်ပေါ်တွင် လဲလျောင်းနေသည့် ခန္ဓာကိုယ်တစ်ခု ရှိနေခဲ့သည်။ ထိုခန္ဓာကိုယ်မှ မကောင်းမှုစွမ်းအင်များ ထွက်ပေါ်နေခြင်းပင်။

ကုကျစ်စုန့် ခုတင်အနီးသို့ လျှောက်သွားလိုက်သည်။ သူမ အနားသို့ တိုးလာလေလေ၊ ပတ်ဝန်းကျင်မှ ပြင်းထန်သည့် မကောင်းမှုစွမ်းအားများ ပို၍ ကြမ်းတမ်းလာလေလေ ဖြစ်ပေသည်။

တစ်ချို့သော စွမ်းအင်များမှာ သူမ၏ အားကောင်းသော ဝိဉာဉ်အကာအကွယ်ကိုပါ ဖောက်ထွင်းဝင်ရောက်လာသောကြောင့် သူမအရေပြားတွင် ယားယံမှုများ ပေါ်လာခဲ့သည်။

သူမ ခုတင်အနီးထိ လျှောက်သွားပြီးချိန်တွင် အိပ်မက်ဆိုးများ၊ မကောင်းဆိုးဝါးစွမ်းအင်များ၏ ဖိနှိပ်ခြင်းခံနေရသည့် လူငယ်လေး၏ မျက်နှာအား မြင်တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများကိုမှိတ်ထားကာ မျက်မှောင်ကြုတ်နေခဲ့ပြီး သပ်သပ်ရပ်ရပ် ညှပ်ထားသော ဆံနွယ်များမှာလည်း ချွေးစေးများကြောင့် နူးညံ့ရှင်းလင်းသည့် နဖူးပြင်တွင် ကပ်ညိနေခဲ့သည်။

သူ၏ နှာတံက ဖြောင့်စင်းနေပြီး နှုတ်ခမ်းပါးပါးကိုလည်း ခပ်တင်းတင်းစေ့ထားခဲ့သည်။ စုံမှိတ်ထားသည့် မျက်ခွံများအောက်နားတွင်လည်း မှည့်နက်လေးတစ်လုံး ရှိနေခဲ့သည်။

သူ၏ မျက်နှာအချိုးအစားကို ကြည့်ရုံမျှနှင့်ပင် ဤလူငယ်က အလွန်ခန့်ညားချောမောပြီး နာကျင်မှုကြောင့် အနည်းငယ် အားနည်းနေဟန်ပေါ်ကြောင်းကို တွေ့နိုင်ပေသည်။

ကုကျစ်စုန့် ခေတ္တမျှ ကြက်သေ,သေသွားပြီးနောက် သဘောကျစွာ ရယ်လိုက်မိလေသည်။

လူတိုင်းက ဖြူဖျော့နေသည့် မင်းသားငယ် ယန်ဟွိုင်ရှန်းနှင့် အနည်းငယ်ဆင်တူနေကြသည်။

ယန်ချန်၏ မျက်နှာပုံစံက ယန်ဟွိုင်ရှန်နှင့် တစ်ပုံစံတည်းတူနေခြင်းမဟုတ်။ မျက်နှာကျ အနည်းငယ် ဆင်တူရုံသာ ဖြစ်သော်ငြား ထိုကောင်လေးကို လှမ်းကြည့်လိုက်ချိန်တွင် သူမထံ၌ ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်တစ်ခုအား ခံစားနေခဲ့ရသည်။

သူမ စိတ်ထဲတွင် စနစ်၏ အသံ ထွက်ပေါ်လာပြန်သည်။

“စုန့်စုန့် မင်းရှာခိုင်းတာ တွေ့ပြီ၊ ယန်ချန်နဲ့ ယန်မိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေတဲ့၊ မင်း ဘယ်လိုလုပ် သိတာလဲ?”

“သူတို့က ငါ့သူငယ်ချင်းရဲ့ မျိုးဆက်တွေလေ”

ယန်မိသားစုဝင်များက သူမ၏ မျက်လုံးထဲတွင် ရင်းနှီးနေသည်မှာ မထူးဆန်းတော့ပေ။

ယန်ချန်နှင့် သူ၏ မိသားစုက ယန်ဟွိုင်ရှန်း၏ မျိုးဆက်များဖြစ်နေခဲ့သည်။

သူတို့က သူမ၏ သူငယ်ချင်း၏ မျိုးနွယ်သွေးမှ ဆင်းသက်လာခြင်းဟုတ်၏၊ မဟုတ်၏ကိုတော့ သူမ မပြောနိုင်ပေ။

(T/n: ယန်ဟွိုင်ရှန်း၏ သွေးရင်း၊သားရင်းမှ ဆင်းသက်လာသည့် မျိုးဆက်ဖြစ်၊မဖြစ်ကို ဆိုလိုခြင်း)

ဖြူဖျော့အားနည်းနေသော ချောမောသောလူငယ်လေးကို ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် ကျောက်စိမ်းလက်ချောင်းရိုးလေးကို ထုတ်ယူလိုက်သည်။

“ငါတို့က သူငယ်ချင်းကောင်းတွေဆိုမှတော့ မင်းကို သေသေချာချာကြည့်ပေးပါ့မယ်”

ကုကျစ်ုန့် လက်ချောင်းရိုးလေးအား နေရာချလိုက်ပြီးနောက် သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်မ,လိုက်မိသည်။

ဤကျောက်စိမ်းလက်ချောင်းရိုးလေးမှာ မကောင်းဆိုးဝါးဝိဉာဉ်များကို ဖိနှိပ်နိုင်သည့် စွမ်းအင်ရှိသည်မှာ အမှန်ဖြစ်သော်ငြား ယန်ချန်၏ ခန္ဓာကိုယ်တွင်းမှ ဝိဉာဉ်များအပေါ်တွင် သက်ရောက်မှု မရှိပေ။

ဤအမျိုးသားငယ်၏ ကိုယ်တွင်းမှ မကောင်းဆိုးဝါးစွမ်းအင်များအကြောင်းကို သေချာသိနိုင်ရန် ကုကျစ်စုန့် လက်ကို ဆန့်၍ လက်ချောင်းထိပ်များဖြင့် လူငယ်လေး၏ အသားကို ထိကပ်ထားလိုက်သည်။

ထိုအချိန်တခဏမှာပင် ယန်ချန်၏ ကိုယ်တွင်းမှ မကောင်းမှုအရှိန်အဝါများသည် သူမထံသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။

ကုကျစ်စုန့် မျက်ဝန်းများကို ဖွင့်လိုက်ပြီးနောက် အင်မတန် အံ့ဩသွားခဲ့ရသည်။

ဤမကောင်းဆိုးဝါးဝိဉာဉ်က မည်သို့သော အမျိုးအစားဖြစ်ပါသနည်း?

အဘယ်ကြောင့် သူမအနေဖြင့် ထိုစွမ်းအင်များကို စုတ်ယူကာ ချေဖျက်နိုင်နေရပါသနည်း?

ကုကျစ်စုန့်တစ်ယောက် သူမ၏ သွေးကြောများတွင်းသို့ စီးဝင်လာသည့် ပူနွေးသော စွမ်းအားတစ်ချို့ကို ခံစားလိုက်ရပြီးနောက် ယန်ချန်၏ ကိုယ်တွင်းမှ မကောင်းမှုစွမ်းအင်များက အတော်လေးထူးခြားနေကြောင်းကို သတိပြုမိလိုက်သည်။

ထိုအရာများမှာ အေးစက်သည့် စွမ်းအင်များမဟုတ်ချေ၊ အနည်းငယ် ပူနွေးသည့် စွမ်းအင်မျိုးဖြစ်သည်။

ဤစွမ်းအင်သည်က…..

မိုးကြိုးနှင့် မီးဓာတ်တို့ ရောယှက်ထားသည့် စွမ်းအင်နှင့် အလားသဏ္ဍာန်တူသော်ငြား နာကျင်သည့် နှိပ်စက်မှုတစ်ခုနှင့်လည်း ဆင်တူသည်။

ဤမကောင်းမှုစွမ်းအင်များ၏ ထူးခြားချက်ကြောင့် မိုးကြိုးကပ်ဆိုးအား ကျော်လွှားခဲ့ပြီး ‘မြေကမ္ဘာမသေမျိုး’အဆင့်သို့ ရောက်ရှိပြီးဖြစ်သည့် ကုကျစ်စုန့် ခံနိုင်ရည်ရှိသော်ငြား အခြားသော တောက်ကျန့်များမှာတော့ ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

တစ်နည်းဆိုရလျှင် ဤကမ္ဘာပေါ်၌ ယန်ချန်အား ကူညီပေးနိုင်သူမှာ ကုကျစ်စုန့်တစ်ဦးတည်းသာ ရှိပေ၏။

ဤအဖြစ်အပျက်ကို ရှာတွေ့လိုက်ပြီးနောက် ကုကျစ်စုန့် ရင်ထဲမှ နားမလည်နိုင်ခြင်းနှင့် အံ့ဩခြင်းတို့ကို မျိုသိပ်ကာ ယန်ချန်အနီးမှ ‘မကောင်းမှုစွမ်းအင်များ’အား စတင်၍ ချေဖျက်တော့သည်။

မကောင်းမှုဝိဉာဉ်အတွင်း ပုန်းကွယ်နေသော မိုးကြိုးနှင့် မီးစွမ်းအင်တို့က သူမ၏ သွေးကြောများအတွင်းသို့ စိမ့်ဝင်လာသည်မှာ ကပ်ဆိုးကျော်ဖြတ်ခြင်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်နေရခြင်းဖြင့်ပင် အလားတူလှသည်။

ဆယ်မိနစ်ခန့် ကြာမြင့်ပြီးချိန်တွင် အိပ်ရာပေါ်မှ လူငယ်လေးကို လွှမ်းခြုံထားသည့် မကောင်းမှုအငွေ့အသက်များသည်လည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။

ထိုသို့ လျော့ပါးလာချိန်တွင် တစ်သက်လုံး အရိုးတွင်းသို့ပင် စိမ့်ဝင်နေသည့်အလား၊ နာကျင်မှုဝေဒနာ ခံစားခဲ့ရသည့် ယန်ချန်သည်လည်း သူ၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်းပေါ့ပါး၍ နွေးထွေးလာခြင်းကို ခံစားလိုက်ရသည်။

ထိုကဲ့သို့ နွေးထွေး၍ သက်တောင့်သက်သာဖြစ်သည့် ခံစားချက်လေးသည်ကား သူ၏ဘဝတွင် နှစ် ၂၀ကျော်ကြာသည်အထိ ၊ စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် ခံစားချက်မျိုးပင်။

ခုတင်ပေါ်တွင် လဲလျောင်းနေသည့် လူငယ်လေး၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

သူ၏ လက်ဖဝါးတွင်းမှ နူးညံ့နွေးထွေးသည့် အထိအတွေ့ကြောင့် ယန်ချန် လက်ဖဝါးကို အနည်းငယ် ကွေးညွှတ်လိုက်ချိန်တွင် ထိုနူးညံ့မှုက လူ့အသားဖြင့် ထိတွေ့လိုက်ရသကဲ့သို့ဖြစ်နေကြောင်း သတိပြုမိခဲ့လေ၏။

သူ့မျက်နှာပေါ်တွင် နားမလည်နိုင်ခြင်း၊ ရှုပ်ထွေးခြင်းများ ပြည့်နှက်နေဆဲဖြစ်သော်ငြား ခေါင်းကို ညင်သာစွာ လှည့်လိုက်သည်။

သူ၏မျက်ဝန်းနှင့် အကြည့်ချင်းဆုံလိုက်ရသည်မှာ မဟူရာကျောက်မြတ်ကဲ့သို့ မည်းနက်နေသည့် မျက်ဝန်းတစ်စုံပင်။

ကုကျစ်စုန့် တည်ငြိမ်စွာ စကားစသည်။

“ရှင် နိုးလာပြီပဲ”

ယန်ချန်: “?!!”

ယန်ချန်၏ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားခဲ့သည်။ သူ၏ နှုတ်ခမ်းပါးများက ပွင့်ဟလာသော်ငြား အသံမထွက်လာခဲ့ပေ။

သူ့ကိုယ်သူ အိပ်မက်,မက်နေသည်ဟု ထင်နေခဲ့မိသည်။

ထို့နောက် ယန်ချန်၏ အကြည့်များ သူ၏ လက်ဖဝါးထံသို့ ရောက်သွားခဲ့ပြီး သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် အရာကို မြင်တွေ့လိုက်ရသည်။

သူ တံတွေးအသာ မြိုချလိုက်ပြီးနော် စိတ်လှုပ်ရှားလွန်း၍ ခုတင်ပေါ်မှ ထထိုင်မိမတတ်ပင် ဖြစ်သွားခဲ့ရသည်။

သူ့လက်ကို ဆုပ်ကိုင်ထားသည့် နူးညံ့နွေးထွေးမှုသည်က ကုကျစ်စုန့်၏ ဖြူဖွေးသွယ်လျသည့် လက်ဖဝါးဖြစ်နေခဲ့သည်။

သူတို့နှစ်ဦး လက်ချင်း ထိထားခဲ့ခြင်းပင်။

ကုကျစ်စုန့်:

“ဘယ်လိုနေသေးလဲ? သက်သာသွားပြီလား?”

သူမ၏ အေးစက်တည်ငြိမ်သော အသံကို ကြားရပြီးမှသာလျှင် ယန်ချန်တစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။

သူ မသိစိတ်မှ လက်ကို ပြန်ရုတ်သိမ်းလိုက်မိသည်။ သူ၏ ရည်ရွယ်ချက်အား သတိပြုမိသောကြောင့် ကုကျစ်စုန့်က ပို၍ပင် အားသုံးကာ လက်ဖဝါးအား ဖိထားလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“မလှုပ်နဲ့ဦး၊ ရှင့်ရဲ့ခန္ဓာကိုယ်ထဲက မကောင်းမှုဝိဉာဉ်ကို ဖြေရှင်းနေတုန်းပဲရှိသေးတယ်”

ထိုအချိန်မှသာ ယန်ချန်တစ်ယောက် သူခံစားနေခဲ့ရသော နွေးထွေးမှုနှင့်၊ သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်မှာ အိပ်မက်တစ်ခုမဟုတ်ကြောင်းကို သဘောပေါက်သွားခဲ့ရလေသည်။

သူ၏ ခန္ဓာကိုယ်သည်လည်း ယခင်ကကဲ့သို့ နာကျင်ထုံထိုင်းနေခြင်း မရှိတော့ပေ။

နှစ်ပေါင်းများစွာ မကောင်းမှုစွမ်းအင်၏ တိုက်စားခြင်းခံခဲ့ရပြီးနောက် သူ့ခန္ဓာကိုယ်မှာ ရိုးတွင်းခြင်ဆီများအထိ နာကျင်မှုဖြင့် အသားကျနေခဲ့သည်။

ပြင်းထန်လှသော နာကျင်မှုအောက်တွင်ပင် သူက မျက်နှာတစ်ချက်မပျက်စေဘဲ စားနိုင်၊ သွားနိုင်၊ အလုပ်,လုပ်နိုင်ခဲ့သည်။

သူ၏တစ်သက်လုံး၊ သူ့ဘဝ၏ အဓိပ္ပာယ်မှာ အသက်ရှင်သန်ရုံအတွက်သာ ဖြစ်နေခဲ့သည်။

ဤနှိပ်စက်ညှင်းပန်းမှုမှ လွတ်မြောက်လာချိန်တွင်တော့ ယန်ချန် အနည်းငယ် လမ်းစပျောက်သွားခဲ့သလိုပင်။

All Chapters