← Chapters

မကောင်းဆိုးရွားကို ကာကွယ်ပေးမည့် screen ပေါ်မှ ကာကွယ်စောင့်ရှောက်သူ (1)

Vol. 25 Ch. 250

မကောင်းဆိုးရွားကို ကာကွယ်ပေးမည့် screen ပေါ်မှ ကာကွယ်စောင့်ရှောက်သူ (1)

Vol. 25 Ch. 250

“ရှင့်ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးစွမ်းအင်တွေက အမေ့ရဲ့ဗိုက်ထဲမှာကတည်းက ပါလာခဲ့တာလား?”

မျက်လွှာချလိုက်ခြင်းတစ်ခုကသာ သူ၏ အသံတိတ်အဖြေ ဖြစ်နေခဲ့သည်။

“ဒါဆိုရင် ရှင့်က အဲဒါကို သယ်ဆောင်ထားနိုင်တဲ့အပြင် စိတ်ခွန်အားလည်း တော်တော်လေးကို အားကောင်းတာပဲ”

ထိုစကားမှာ အမှန်ပင်။ ထူးခြားပညာရှင်အများစုက အဆင့်မြှင့်တင်ရာတွင် အလွယ်လမ်းလိုက်ရန် ကြိုးစားတတ်ကြသောကြောင့် မကောင်းမှုစွမ်းအင်များ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။

ထိုကဲ့သို့သော လူအများစု၏ ဘဝသည်က တစ်သက်လုံး နာကျင်မှုဝေဒနာခံစားနေရသည့် ယန်ချန်လောက် မဆိုးဝါးကြပေ။

သို့သော် သူတို့က ထိုဒဏ်ကိုပင် မခံစားနိုင်ကြပဲ ရူးသွပ်သွားကြသည်။

သူမ၏ရှေ့မှ ဤလူငယ်လေး၏ ကံကြမ္မာ၊ သို့မဟုတ် ဝိဉာဉ်တွင် ထူးခြားမှုတစ်ခုခု ရှိလိမ့်မည်ဟု ကုကျစ်စုန့် ယုံကြည်မိသည်။ အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် သူမ ယဉ်ယဉ်ကျေးကျေး တောင်းဆိုလိုက်သည်။

“ရှင့်ရဲ့ ဝိဉာဉ်ကို ကျွန်မကို ကြည့်ခွင့်ပေးမလား?”

သူမ မည်သည့်အရာကို လုပ်ချင်သည်ကို ယန်ချန်မသိပါချေ။ သူသည်ကား အကြောင်းအမျိုးမျိုးကြောင့် စိတ်လှုပ်ရှားနေခဲ့ပြီး ခန္ဓာကိုယ်မှ ကြွက်သားများမှာလည်း အနည်းငယ်တင်းမာနေခဲ့သည်။

ထို့နောက် ဦးနှောက်မှ ရွေးချယ်မှုမပြုနိုင်သေးခင်မှာပင် သူခေါင်းငြိမ့်လိုက်မိသည်။

ချက်ချင်းလိုပင် သူ၏ဘေးတွင် ခြေတင်ပလ္လင်ချိတ်ထိုင်နေခဲ့သည့် ကုကျစ်စုန့်က ရှေ့သို့ တိုးလာခဲ့ပြီးနောက် ကျောက်စိမ်းဖြူအလား ဖြူစင်သွယ်လျသည့် လက်ချောင်းများအား ဆန့်တန်းကာ သူမျက်ခုံးနှစ်ခုကြားမှ နေရာသို့ ထိတွေ့လာခဲ့သည်။

ယန်ချန် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

သူ၏ ကော့ညွှတ်နေသည့် မျက်တောင်များကို ညင်သာစွာ မှိတ်သွားခဲ့ပြီးချိန်တွင် မျက်လုံးအောက်မှ မှဲ့ငယ်လေးပေါ်တွင် မျက်တောင်တို့၏ အရိပ်တို့ ကျရောက်နေခဲ့သည်။

ယန်ချန် သူ၏ နဖူးပြင်မှ ပျံ့နှံ့လာသော အေးစက်သည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

သူ အသက်ကို အောင့်ထားလိုက်မိပြီးနောက် အာရုံငါးပါးလုံး၏ ခံစားချက်များမှာ ကုကျစ်စုန့်၏ လက်ချောင်းထိပ်ဖြင့် ထိစပ်နေသော နေရာငယ်လေးတွင်သာ စုစည်းနေခဲ့လေသည်။

ယန်ချန်ကိုယ်တိုင်အနေဖြင့် ကလေးဘဝတည်းမှ ‘မကောင်းသည့်နိမိတ်ဆိုး’ဟူသော ကောလဟာလ၏ အောက်တွင်‌ နေထိုင်ခဲ့ရပြီး တောက်ဓမ္မဂိုဏ်းခွဲသုံးခုအောက်တွင် ဆယ်နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရသော်ငြား ဤကမ္ဘာတွင် မတူညီသည့် အခြားတစ်ဖက်ရှိကြောင်း ကောင်းကောင်းသိထားခဲ့သည်။

သာမန်လူများ၏ အထက်တွင် မြင့်မားနက်နဲသည့် ကမ္ဘာတစ်ခု ရှိနေသေးသည်။

ယန်ချန်က သရဲ၊တစ္ဆေများ၊ နတ်ဘုရားများကို ကြောက်လန့်ခြင်းမရှိခဲ့ပေ။

သူသည်က ငယ်ရွယ်စဉ်ကတည်းက ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးဝိဉာဉ်များ၏ ခြောက်လှန့်ခြင်းတို့ကြောင့် အိပ်မက်ဆိုးများ၏ နှိပ်စက်ခြင်းအား ခံခဲ့ရသည်။

ယခုအချိန်တွင်မူ ယန်ချန်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အလွန်ထူးဆန်းလှသည့် ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။

သူ၏ စိတ်ဝိဉာဉ်တစ်ခုလုံးအား ဖောက်ထွင်းစစ်ဆေးခံနေရသကဲ့သို့သော ခံစားချက်မျိုးပင်ဖြစ်သည်။

သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ခေါင်းအစ၊ခြေအဆုံး ကြည့်ရှုစစ်ဆေးခံနေရသကဲ့သို့ပင်။

ကုကျစ်စုန့် အံ့အားသင့်စွာဖြင့် မျက်ခုံးများပင် အနည်းငယ်မြင့်တက်သွားခဲ့သည်။

စနစ်မှ အကြမ်းဖျင်းပြောပြထားသော ဇာတ်လမ်းအသွားအလာအရ စာအုပ်ထဲတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်သွားခဲ့သော ဇာတ်လိုက်မင်းသား၏ အစ်ကိုဖြစ်သူမှာ ရေခဲတုံးအလား အေးတိအေးစက်နိုင်၍ ပြောရ၊ဆိုရ ခက်ခဲသူတစ်ဦးဖြစ်သည်။

သူသည်က အသက်ငယ်ရွယ်စဉ်ကပင် အိမ်ခွဲကာ တစ်ဦးတည်း သီးသန့်နေထိုင်ခဲ့သည်။ ဇာတ်လိုက်မင်းသား ယန်ရှုကွေ့နှင့် အစ်ကိုဖြစ်သူတို့ကြားမှ ဆက်ဆံရေးသည်လည်း မိသားစုကဲ့သို့ နွေးထွေးမှုမရှိပေ။

ကုကျစ်စုန့်ကိုယ်တိုင်လည်း ထိုကဲ့သို့သော ဇာတ်ကောင်များနှင့် တွေ့ဆုံရသည်မှာ ခက်ခဲရှုပ်ထွေးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယန်ချန်သည်က မထင်မှတ်ထားစွာပင် လိုက်လျောညီထွေမှုရှိ၍ နာခံလွန်းလှသည်။

သာမန်လူများသာ ပြင်ပစွမ်းအင်တစ်ခု၏ ဝင်ရောက်ကျူးကျော်ခြင်းခံရပါလျှင်၊ သူတို့၏ အရေးကြီးသော စိတ်ဝိဉာဉ်အား ဖောက်ထွင်းကြည့်ရှုခြင်းခံရပါလျှင် သူတို့သည် သိစိတ်ဖြင့်ဖြစ်စေ၊ မသိစိတ်ဖြင့်ဖြစ်စေ ထိုစွမ်းအင်အား တားဆီးတတ်ကြသည်။

ယန်ချန်တွင်တော့ ထိုကဲ့သို့ တားဆီးပိတ်ပင်ခြင်း အလျဉ်းမရှိပေ။

သူ၏ မျက်လုံးများသည်လည်း တည်ငြိမ်အေးဆေးလွန်းလှပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်စွမ်းရှိကာ ကုကျစ်စုန့်၏ စွမ်းအင်အား ဝင်ရောက်စစ်ဆေးခွင့်ပေးထားသည်။

တစ်ကြိမ်တစ်ခါမျှ စစ်ဆေးကြည့်ရှုပြီးနောက် ကုကျစ်စုန့် လက်အား ပြန်ရုတ်သိမ်းလိုက်သည်။

“ထူးဆန်းတယ်… ရှင့်ရဲ့ကိုယ်ထဲမှာ ဘာမှ ထူးခြားတာကို မမြင်ရဘူး၊ အဲဒီ ‘မကောင်းမှုစွမ်းအင်’တွေက ရှင့်ရဲ့ ဝိဉာဉ်အထိ နက်နက်ရှိုင်းရှိုင်းတွယ်ကပ်နေတာ၊ အဲဒါက အထူးဆန်းဆုံးပဲ”

ယန်ချန်၏ ဝိဉာဉ်သည်က သာမန်သာ ဖြစ်ပြီး တည်ငြိမ်လွန်းလှသည်။

သူ၏ စိတ်အလျဉ်တွင် မကောင်းသည့် ခံစားချက် တစ်စွန်းတစ်စမျှပင် မရှိပေ။ သူ၏ အတိတ်ဘဝမှ မကောင်းမှုများဆိုသည်လည်း လုံးလုံးမမြင်တွေ့ရပေ။

သို့သော် ထိုသို့ သာမန်ဖြစ်လွန်းသောကြောင့် ပို၍ ဂရုစိုက်ရသည်။

သာမန်လူများသည်က ဤမျှ အားကောင်းသော မကောင်းမှုစွမ်းအင်အား ထိန်းချုပ်မထားနိုင်ပါချေ။

ကုကျစ်စုန့် လက်ချောင်းများ နေရာရွေ့သွားပြီးနောက် ယန်ချန်၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။

သွေးကြောများ ထင်ရှားရာနေရာဖြစ်သည့် လက်ကောက်ဝတ်အတွင်းပိုင်းအား နှစ်ကြိမ်ဖိထားလိုက်ပြီးနောက် သူမ ခေါင်းမော့၍ ကြည့်လိုက်မိသည်။

“ရှင့်ရဲ့ နှလုံးခုန်နှုန်းက နည်းနည်းလောက် မူမမှန်ဘူး၊ အခုထိ မသက်မသာ ဖြစ်နေတုန်းပဲလား? ဒီလို မဖြစ်သင့်တော့ဘူးလေ… ကျွန်မ ရှင့်ကိုယ်ထဲက မကောင်းဆိုးဝါးစွမ်းအင် ၄၀ကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ ဖယ်ထားပြီးပြီ..

နေပါဦး .. ရှင်အသက်ရှူနှုန်းကလည်း နည်းနည်း ပြဿနာဖြစ်နေပုံပဲ၊ ရှင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေများ မကောင်းဆိုးဝါးဝိဉာဉ်တွေကြောင့် ထိခိုက်မိသွားတာလား?”

သူမ မေးလိုက်ချိန်တွင် လက်ချောင်းထိပ်များအောက်မှ သွေးကြောများ၏ သွေးခုန်နှုန်းသည်လည်း ပို၍ပင် မူမမှန် ဖြစ်လာခဲ့သည်။

ယန်ချန်မှာ အဘယ်ကြောင့်မှန်းမသိရပါဘဲ နှလုံးခုန်မြန်နေခဲ့သည်။

ကုကျစ်စုန့် နားမလည်နိုင်တော့ပေ။

သူမ မော့ကြည့်လိုက်ချိန်တွင်လည်း လူငယ်လေး၏ တည်ငြိမ်သော မျက်နှာက အနည်းငယ် နီမြန်းနေခဲ့သည်။

“ကြည့်ရတာ မကောင်းဆိုးဝါးဝိဉာဉ်ကို လုံးဝရှင်းထုတ်နိုင်တာ မဟုတ်သေးတော့ သက်ရောက်မှု ရှိနေသေးပုံပဲ”

“ဒါဆိုရင်လည်း ဒီလိုလုပ်ကြတာပေါ့၊ ရှင့်ကိုယ်ထဲက အဲ့ဒီစွမ်းအင်တွေကို ဖယ်ထုတ်ဖို့က အခုတော့ အများကြီး မဖယ်ပေးလိုက်နိုင်ဘူး၊ ကျွန်မတို့တွေ နောက်အပတ်ကျ တစ်ကြိမ်ထပ်တွေ့ပြီးတော့မှ ကျန်တာတွေကို ဆက်ပြီး ရှင်းပေးမယ်ဆိုရင်ရော?”

ပြီးပြည့်စုံစွာ မဖြေရှင်းနိုင်သေးမှီတွင် တစ်နေ့တစ်ခြား တိုး,တိုးလာမည့် ယန်ချန်၏ ကိုယ်ပေါ်မှ မကောင်းဆိုးဝါးစွမ်းအင်များမှာ သူ့ကို ထပ်မံ၍ တိုက်ခိုက်နေလိမ့်မည်ကို တွေးလိုက်မိသောကြောင့် ကုကျစ်စုန့် ဆက်ပြောလိုက်သည်။

“အဲဒါက နောက်တစ်ခေါက် ထပ်ပေါ်လာဦးမလား၊ ဒါမှမဟုတ် ဘာလို့ ရှင့်ရဲ့ကိုယ်ပေါ်မှာ ကပ်တွယ်နေရတာလဲဆိုတာတော့ နောက်တစ်ခေါက်ကျမှ ယှဉ်ကြည့်ပြီး ကြည့်ကြတာပေါ့”

ထို့နောက် ကုကျစ်စုန့် လေသံအေးအေးဖြင့် ဆက်ပြောလိုက်သည်။

“ပြီးတော့ ကျွန်မမှာ တောင်းဆိုချက်နှစ်ခုရှိသေးတယ်၊ ပထမအချက်- ဒီကိစ္စကို တခြားဘယ်သူ့ကိုမှ မသိစေချင်ဘူး၊ ဒီတော့ ဒါကို လျှို့ဝှက်ပေးထားရမယ်

ဒုတိယအချက်- တန်ရာတန်ကြေးတော့ ပေးရမယ်၊ အဲ့ဒါကတော့ ဒီကမ္ဘာရဲ့ စည်းမျဉ်းပဲလေ”

“ပထမအချက်က အရေးကြီးတယ်၊ ရှင် ဒီကိစ္စတွေကို တောက်ဓမ္မဂိုဏ်းတွေကိုသာ သွားပြောလိုက်မယ်ဆိုရင်တော့ ကျွန်မ ရှင့်ကို ဆက်ပြီး ကူညီမှာမဟုတ်ဘူး၊ ဒီတော့ ရှင် လုံးဝ မသက်သာသေးခင်ထိတော့ နည်းနည်းလောက် မုသားပြောပေးရမယ်”

သူမ၏ လေသံမှာ အထက်စီးဆန်သော်ငြား ယန်ချန်၏ မျက်နှာတွင် မနှစ်လိုခြင်းအလျဉ်းမရှိပေ။

ထိုအချိန်တွင် အပြင်ဖက်မှ တံခါးအား တွန်းဖွင့်လိုက်ကြသည်။

တံခါးဖွင့်လိုက်သူမှာ တောက်ကျန့်တစ်ဦးပင်ဖြစ်ပေသည်။

သူသည်ာ ကျောက်စိမ်းကျမ်းစာတစ်ရွက်တင်ထားသော သံလိုက်အိမ်မြှောင်တစ်ခုဖြင့် ပူဇော်ပသနေရင်း ဝင်လာခြင်းဖြစ်သည်။ ထိုတောက်ကျန့်က ဤအခန်းတွင်းသို့ ဖွဲ့စည်းပုံများ ဖန်တီးကာ၊ အပြည့်အဝကာကွယ်ပြီးမှ ဝင်လာသည်မှာ သိသာထင်ရှားလွန်းလှသည်။

သူ့နောက်မှ လိုက်ပါလာသူများမှာ ယန်လန်နှင့် စိတ်ပူပန်နေကြသည့် ယန်မိသားစုဝင်များဖြစ်ကြသည်။

အပြင်မှ လူများက အခန်းတွင်းမှ လှုပ်ရှားသံတစ်စုံတစ်ရာမျှပင် မကြားရသည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် သူတို့အားလုံးက ကုကျစ်စုန့်တစ်ယောက် အခန်းတွင်းမှ မကောင်းဆိုးဝါး၏ တိုက်ခိုက်ခြင်းကို ခံရပြီး ထိခိုက်ဒဏ်ရာရနေပြီဟုယူဆလိုက်ကြသည်။

သို့နှင့် တစ်ယောက်ယောက်မှ စကားစလိုက်သောကြောင့် လူတိုင်းက အခန်းတွင်းမှ အခြေအနေကို ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့အားလုံး၏စိတ်ထဲတွင် ကုကျစ်စုန့်တစ်ယောက် ပြာနှမ်းနေသော မျက်နှာဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေလိမ့်မည်ဟု တွေးနေခဲ့ကြပေသည်။

မည်သူ ထင်ထားလိမ့်မည်နည်း?

ထိုကုကျစ်စုန့်သည်က ယန်ချန်၏ အိပ်ရာဘေးမှ ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေခဲ့သည်။

ထို့အပြင် သေမင်းခံတွင်းဝသို့ ရောက်နေပြီး ကိုမာဝင်နေပြီဖြစ်သော ယန်ချန်မှာတေား အိပ်ရာပေါ်တွင် ထိုင်နိုင်နေပြီဖြစ်သည်။

မမျှော်လင့်ထားသည့် မြင်ကွင်းကြောင့် တောက်ကျန့်အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“ဒါက……?”

တောက်ကျန့်များ၏ နောက်တွင် ရပ်နေသည့် ယန်ဟဲနှင့် ဖူချင်းအာတို့မှာလည်း ထိုင်နိုင်နေပြီဖြစ်သော သားကြီးအား မြင်လိုက်ရသည်။

ချက်ချင်းလိုပင် သူတို့၏ရှေ့မှာပိတ်နေသည့် တောက်ကျန့်များကြားမှ တိုးဝင်၍ အခန်းတွင်းသို့ ဝမ်းသာအားရ ဝင်သွားခဲ့ကြသည်။

“အားချန်!”

မိဘနှစ်ပါးကို မြင်လိုက်ရပြီးနောက် ယန်ချန်လည်း လက်ကို ပြန်ရုတ်လိုက်ပြီးနောက် နှုတ်ခမ်းများကို စေ့ကာ နှုတ်ဆက်လိုက်သည်။

“အဖေ.. အမေ..”

ဖူချင်းအာ သားဖြစ်သူကို ပြေးဖက်လိုက်ပြီးနောက် ငိုကြီးချက်မဖြင့် ပြောဆိုနေခဲ့သည်။

“ဒီတစ်ခါတော့ အမေ့ရဲ့သားလေးကို ဆုံးရှုံးလိုက်ရပြီလို့ ထင်နေခဲ့တာ!! မင်း အခု ဘယ်နေရာတွေများ နာနေသေးလဲ?”

“အမေတို့ကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”

ယန်ရှုကွေ့လည်း အခန်းတွင်းသို့ ဝင်လာပြီးနောက် ကုကျစ်စုန့်အား တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက်:

“ကော အဆင်ပြေရဲ့လား?”

ယန်ချန် အသာခေါင်းငြိမ့်သည်။

ထိုအချိန်တွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသော အသံဖြင့် တောက်ကျန့်တစ်ဦး ထအော်လိုက်လေသည်။

“ဒါကြီးက အရမ်းကို အံ့ဩဖို့ကောင်းလွန်းတယ်၊ မင်း ဘယ်လိုတွေများ လုပ်လိုက်တာလဲ!?”

မေးခွန်း၏ ဦးတည်ရာကတော့ ကုကျစ်စုန့်ထံသို့သာ ဖြစ်ပေသည်။

All Chapters