နှလုံးသွေးစက်
Vol. 132 Ch. 1820
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ထိုအမျိုးသမီးနှင့် သိပ်မဝေးပေ။ သူမ၏စကားလုံးများက ဝမ်လင်း၏စိတ်နှလုံးတွင်း၌ ပဲ့တင်ထပ်နေ၏။ သူသည် အရင်တုန်းက သည်အကြောင်းကို မကြားသိခဲ့ဖူးပေ။ တကယ်တော့ သူက တတိယစိတ်ဝိညာဉ်နှင့် မပေါင်းစပ်ထားရသေးပေ။
ဘေးပတ်လည်သို့ ကြည့်ပါက သည်နေရာသည် အဆုံးမရှိရေခဲတို့ဖြင့် ဖုံးလွှမ်းနေပြီး ထိုအမျိုးသမီး ပြောသည်နှင့် ဆင်တူ၏။
ခဏအကြာတွင် ဝမ်လင်းက စကားပြောရန် ဟန်ပြင်ပြီးမှ သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲကာ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ သူက လှိုင်းဂယက်များ ပဲ့တင်ထပ်သည်ကို မြင်၏။ တစ်စုံတစ်ယောက် ဝင်လာသည့်အတွက် ထိုသို့ ဖြစ်ခြင်းပင်။
ထိုအမျိုးသမီးကလည်း သည်လှိုင်းဂယက်ကို သတိပြုမိ၏။ သူက ခပ်သွက်သွက် ပြောလိုက်သည်။ “နင်ဟာ ဒီနေရာကို အရင်ဆုံး ဝင်လာတဲ့သူပဲ။ ဒါ့ကြောင့် ဒီမှာ နင်ဟာ အရှင်သခင်ပဲ။ နင် ဆန္ဒရှိရင် ဒီနေရာဟာ ဘယ်သူမှ ရှေ့ဆက်တိုးလို့ မရအောင် ဟန့်တားထားနိုင်တဲ့ အစီအရင်တစ်ခု ဖြစ်လာနိုင်တယ်…”
“ဒါပေမဲ့ တရကြမ်း ဝင်လာတဲ့သူဟာ အရမ်းအစွမ်းထက်ခဲ့ရင်တော့ ဒီအစီအရင်က သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး…”
သူမ စကားဆုံးသည့်နောက် သူမက ဝမ်လင်းကို ကြည့်၏။ ဝမ်လင်း ခေါင်းညိတ်လိုက်သည်ကို တွေ့မြင်သည့်အခါ သူမသည် လက်ဝေ့ယမ်းလိုက်၏။ အက်သံများ ပဲ့တင်ထပ်လာကာ ရေခဲများ နေရာအစုံမှ ပေါ်လာသည်။ ၎င်းသည် သည်နေရာကို ဗဟိုပြု၍ စတင်ပျံ့နှံ့သည်။ ကျယ်လောင်စွာ မြည်ဟိန်းသံ လောကတစ်ခွင် ပျံ့နှံ့သည်။ ဝမ်လင်းက သည်လောကတစ်ခုလုံး မြန်မြန်ဆန်ဆန် အေးခဲလာသည်ကို မြင်သည်။
ရေခဲများ၌ အက်ကြောင်းများ ရှိမနေပေ။ သည်လောကတစ်ခုလုံးက ရေခဲအပိုင်းအစတစ်ခုအဖြစ်သို့ ပြောင်းသွားသည့်အလား။ အအေးစွမ်းအင်က နေရာတိုင်းမှ ပျံ့လွင့်ကာ ဒီလောကဟာ မှိန်ဖျော့သွားသည်။
သည်နေရာသို့ ဝင်ရောက်လာခါစ လူများသည် ရုတ်တရက် ပေါ်လာသော ရေခဲ၏ ချိပ်ပိတ်ခြင်း ခံရ၏။ သူတို့က မလှုပ်မယှက် ဖြစ်ကုန်သည်။
ဝမ်လင်းနှင့် ထိုအမျိုးသမီးတို့ ရှိနေသော ကုန်းမြေက ရေမခဲသည့် သည်လောက၏ နေရာအနည်းငယ်ထဲမှ တစ်ခုပင်။
“ဒီရေခဲတာက သိပ်ကြာမှာ မဟုတ်ဘူး။ သခင့်ရဲ့ အော်ရာနဲ့ ကျင့်ကြံမှုအဆင့်မြင့်တဲ့ တစ်ယောက်ယောက်လာနေတယ်…” ရှေးဟောင်းနတ်ဘုရားအမျိုးသမီးက ဝမ်လင်းကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။သူမက သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညာလက်ညွှန်လိုက်သည်။ သူမ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာပြီး သွေးစက်တစ်စက်မှာ သူမ၏လက်ချောင်းထိပ်၌ သိပ်သည်းသည်။
ထိုသွေးစက်ကို ဖြစ်ပေါ်စေပြီးနောက် သည်အမျိုးသမီးက ချက်ခြင်းပင် အားနည်းသွားသလို ခံစားမိရသည်။
“ယဲ့မိုရဲ့ မူလစိတ်ဝိညာဉ်သွေးကို စုပ်ယူလိုက်ပါ။ ဒါဆိုရင် နင့် ဒဏ်ရာတွေ ပြန်ကောင်းမွန်လာနိုင်လိမ့်မယ်…” ထိုသို့ပြောပြီးနောက် သူမက ထိုသွေးစက်ကို ဝမ်လင်းထံသို့ တောက်ထုတ်လိုက်၏။ ၎င်းက သူနှင့် ခုနစ်လက်မအကွာတွင် ရပ်တန့်ကာ အနီရောင်တောက်ပမှုကို ပေးစွမ်းသည်။
ဝမ်လင်းသည် ထိုသွေးစက်ကို ကြည့်၏။ ၎င်းက ယဲ့မို၏ရင်းနှီးသော အော်ရာကို ပေးစွမ်းသည်။ သည်သွေးစက်က ယဲ့မိုနှလုံးသွေး၏ နောက်ဆုံးလက်ကျန် ဖြစ်လောက်မည်။ ဝမ်လင်းသာ ၎င်းကို စုပ်ယူလိုက်သည်နှင့် သူ၏အမွေအနှစ်မှာ ပြီးပြည့်စုံသွားမည်ပင်။
သို့ပေမည့် သူက ထိုသွေးစက်ကို ချက်ခြင်း မယူပေ။ အားနည်းသွားသော အမျိုးသမီးရှေးဟောင်းနတ်ဘုရားထံသို့ မျက်မှောင်ကြုတ်ကာ ကြည့်သည်။
သူက ဖြည်းဖြည်းချင်း မေးလိုက်၏။ “ဘာကြောင့် ငါ့ကို ကူညီရတာလဲ…”
“ဘာကြောင့်လဲဆိုတော့ နင်ဟာ…” ထိုအမျိုးသမီးရှေးဟောင်းနတ်ဘုရားက ပြုံး၏။ သို့သော် ဝမ်လင်းက သူ့ကို ကြားဖြတ်ကာ ပြောလိုက်သည်။
ဝမ်လင်းက ထိုအမျိုးသမီးကို စိုက်ကြည့်ကာ ထပ်မေးလိုက်၏။ “ဘာကြောင့်လဲ…”
ထိုအမျိုးသမီး ကျင့်ကြံသူက စဉ်းစားသွားပြီး သူမ၏မျက်လုံးထဲ၌ အတိတ်၏အရိပ်များ ပြည့်လာ၏။ ခဏအကြာတွင် သူမက အတိတ်ကိုအောက်မေ့ဟန်ဖြင့် ပြောလာသည်။
“ငါဟာ သခင့်ကြောင့် ယဲ့မိုသွေးကနေ ဖြစ်ပေါ်လာခဲ့တာ။ အခု ငါဟာ တန်လင်းဂြိုဟ်ကို ဆရာ့အတွက် စောင့်ကြပ်ပေးနေခဲ့တာပဲ။ ငါဟာ နတ်ဘုားအကြီးအကဲ နေရာကို ပေးအပ်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ အချိန်အများကြီး ကုန်လွန်သွားခဲ့ပြီ။ နတ်ဆိုးနဲ့ မိစ္ဆာအကြီးအကဲတွေဟာ သူတို့ရဲ့ အေးခဲနေတဲ့အိပ်ပျော်ခြင်းမှာ သေဆုံးသွားခဲ့ကြပြီ။ ကျန်တဲ့လူတွေဟာလည်း သခင့်ရဲ့ အသက်ဓာတ်အားက သူတို့ကို အားမဖြည့်ပေးတော့တဲ့အတွက် တဖြည်းဖြည်း သေဆုံးသွားရလိမ့်မယ်…”
“နင်ဟာ ဆရာ့ရဲ့ စိတ်ဝိညာဉ်နဲ့ ဒီလှိုဏ်ဂူလောကဗဟိုချက်ကို ဝင်လာနိုင်မှတော့ ပန်းငါးပွင့်၊တံခါးရှစ်ချပ်ကို ချိုးဖျက် ဝင်ရောက်နိုင်မှာပဲ။ နင်ဟာ ဒီလှိုဏ်ဂူလောကထဲကနေ ထွက်သွားနိုင်ဖို့ အစစ်အမှန်တံခါးချပ်ကို ရှာချင်နေတယ်…”
“နင်သာ အဲ့တံခါးကို ဖွင့်နိုင်ရင် ဒီနေရာကနေ ငါ ထွက်သွားလို့ ရအောင် ကူညီပေးနိုင်ဖို့ ငါ မျှော်လင့်မိတယ်…” ထိုသို့ပြောလိုက်ပြီး သူမက ဝမ်လင်းထံ အရိုအသေပေး၏။ သူမ၏ နက်မှောင်သော ဆံနွယ်တို့က သူမ ဦးညွှတ်လိုက်သည့်အခါ ရေတံခွန်အား သွယ်စင်းကျလာကာ အလွန်လှပေ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“ငါ နင့်ကို ကူညီပေးနိုင်ပါတယ်…” ဝမ်လင်းက ညာလက်ဖြင့် ထိုသွေးစက်ကို ဖမ်းယူလိုက်သည်။ အမှန်တော့ သူသည် ထိုအမျိုးသမီးနှင့် စကားပြောနေစဉ်မှာပင် အမြန်ဒဏ်ရာ ကုသနေ၏။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားအာရုံတစိတ်တပိုင်းကို အသုံးပြု၍ ထိုသွေးစက်ကို စစ်ဆေးကြည့်သည်။ သူက ၎င်းသွေးစက်၌ မည်သည့်ပြဿနာမှ မရှိသည်ကို သေချာမှ သဘောတူလိုက်သည်။
ထိုသွေးစက်ကို ကိုင်၍ ဝမ်လင်းက သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ ထိုသွေးစက်က သူ့နှဖူးထဲ ဝင်ရောက်သွားသည်နှင့် သူ၏စိတ်မှာ တုန်ဟည်းသွားသည်။ သို့ပေမည့် သူက ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ဖို့ သူ့နတ်ဘုရားအာရုံ တစိတ်တပိုင်းကို ချန်ထားသည်။ ထိုအမျိုးသမီးသာ တစ်ခုခုလုပ်လာပါက သူက သူမကို သတ်ပစ်ပေမည်။
ယဲ့မို၏ မူလစိတ်ဝိညာဉ်သွေးက သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကာ ပေါင်းစပ်၏။ ၎င်းမှာ အမှန်ပင် ယဲ့မို၏သွေးဖြစ်၏။ ၎င်းသည် ဝမ်လင်း၏ခန္ဓာကိုယ်နှင့် တွန်းကန်ခြင်းမရှိဘဲ မြန်ဆန်စွာ ပေါင်းစပ်သွားသည်။
ယဲ့မို၏ အစွမ်းထက်သော အသက်ဓာတ်အားက သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည့်အခါ ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူ၏ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းမိစ္ဆာနှင့် ရှေးဟောင်းနတ်ဆိုးကြယ်များ ပေါ်လာကြသည်။ ယင်းတို့က မြန်ဆန်စွာ လှည့်ပတ်၍ ထိုသွေးထံမှ စွမ်းအားကို စုပ်ယူကြသည်။
အကွာအဝေးတစ်ခု၌ ရွှမ်လောက သည်မြင်ကွင်းကို ပြုံး၍ ကြည့်နေ၏။ သူ၏အကြည့်က ဝမ်လင်းကို ကျော်လွန်ကာ အကွာဝေးတစ်ခုရှိ ရေခဲထုထံ ကျရောက်သွားသည်။
“ဧဒီနေရာဟာ သူ့အတွက် မဟာကံကောင်းမှု ပေးနိုင်တယ်။ ထားလိုက်ပါတော့လေ။ ငါ လုံလောက်တဲ့အချိန်ရအောင် သူ့ကို ကူညီပေးလိုက်တော့မယ်…”
သူ၏စွမ်းအားက သည်ရေခဲထုထံ ငြိမ်သက်စွာ ဝင်ရောက်သွား၏။ ထိုအခါ သည်ရေခဲထုက အရင်ထက် အဆထောင်သောင်းချီ ပိုသန်မာသွားသည်။
ထို့နောက် ရွှမ်လောက ပြုံး၍ ထိုင်ချလိုက်၏။ သည်တစ်ကြိမ်၌ သူက ဝမ်လင်းကို မကြည့်၊ အမျိုးသမီးရှေးဟောင်းနတ်ဘုရားထံသို့ ကြည့်၏။
“နင့်ရဲ့ မူလရင်းဖြစ်ဟာ ဘာပဲဖြစ်နေပါစေ နင်ဟာ နောက်ဆုံးမှာတော့ ငါ့ရှေးတောက်ကလန်ဝင် ဖြစ်နေဆဲပဲ။ ငါ့ရှေးတောက်ကလန်ဝင်မှာ အမျိုးသမီးအရေအတွက် သိပ်မရှိဘူး။ ဒီအမျိုးသမီးဟာ ကျင့်ကြံဖို့ ထိုက်တန်တယ်။ သူမဟာ ငါ့တပည့်ရဲ့ ငယ်သား ဖြစ်လာရမယ်…” ရွှမ်လောက သူ့မေးစေ့ကို ပွတ်ကာ သူ့စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
ယဲ့မို၏သွေးက ဝမ်လင်းထံ၌ မြန်မြန်ဆန်ဆန် ပျံ့နေသည်။ ဝမ်လင်း၏ နှလုံးသားမှာ တုန်ယင်လျက် သူ၏ခန္ဓာကိုယ်တွင်း၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူ၏ခန္ဓာကိုယ်က ပေတစ်ထောင်ကျော် ချဲ့ကားလာသည်။
ထိုသွေးထဲရှိ ရှေးတောက်စွမ်းအားက ဝမ်လင်းအတွက် များစွာ အထောက်အပံ့ ဖြစ်စေ၏။ အထူးသဖြင့် သူ ဒဏ်ရာရထားချိန်၌ပင်။ ၎င်းသည် တဖြည်းဖြည်းနှင့် ဝမ်လင်း၏ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ကာ ပို၍ အားကောင်းလာသည်။
သူ၏အရိုးများက သွေးဖြင့် ပေါင်းစပ်ပြီးနောက် သူ့ခန္ဓာကိုယ်က ပိုသန်မာကြံ့ခိုင်လာ၏။ အရင်ထက်လည်း ချိုးဖျက်ဖို့ ပိုခက်ခဲလာ၏။
သူ၏အသွေးအသားတို့မှာ ပို၍ပင် ရုပ်ဆိုင်းဆိုင်ရာအားဖြင့် အစွမ်းပိုထက်လာသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ပျံ့လွင့်လာ၏။ အမျိုးသမီးရှေးဟောင်းကျင့်ကြံသူက ဤသည်ကို ခံစားမိသည့်အခါ သူမ၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။
ဝမ်လင်း၏ အမူအရာမှာ တည်ငြိမ်လျက်ပင်။ သို့သော် သူ့စိတ်ထဲ၌ လှိုင်းထန်နေ၏။ ဝမ်လင်းသည် ယဲ့မို၏နှလုံးသွေးအားလုံးကို ခုချိန်၌ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ဆိုလိုသည်မှာ ယဲ့မို၏ မူလစိတ်ဝိညာဉ်သည် ခုခါ၌ ပြည့်စုံသွားပြီး ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ တည်ရှိနေလေပြီ။
ဝမ်လင်းသည် ကျင့်ကြံနေရင်း ယဲ့မို၏အရိပ်က သူ၏နောက်တွင် တဖြည်းဖြည်း ပေါ်လာသည်။ ထိုအရိပ်က အရင်တိုက်ပွဲများတုန်းက ဝမ်လင်း၏နောက်၌ ပေါ်လာသော အရိပ်နှင့် ဆင်တူ၏။ သို့သော် ၎င်း၏ ရည်ရွယ်ရင်းကမူ အလွန်ကွာခြားသွားပေပြီ။
သူ၏နှလုံးသွေးအားလုံး စုဝေးသည့်အခါ၌ ယဲ့မို၏ မူလစိတ်ဝိညာဉ်သည် ပြည့်စုံလာပေမည်။ သူ၏အရိပ်က ပို၍ အထည်ဒြပ်ဆန်လာကာ အစစ်အမှန်လူတစ်ယောက်အလား ဝမ်လင်း၏နောက်တွင် လွင့်မြောသည်။ ၎င်းမှာ အလွန်ထူးဆန်းသည်။
တစ်ချိန်တည်းမှာ ယဲ့မို၏အော်ရာက သူ၏မူလစိတ်ဝိညာဉ်ထံမှ ထွက်ပေါ်သည်။ ထိုအော်ရာမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာတည်း။ သူ၏သွေးမျိုးဆက်မှ မွေးဖွားလာသော ရှေးကလန်ဝင်အားလုံးသည် သည်အော်ရာကို ခံစားမိသည့်အခါ သူတို့ဘိုးဘေးကို ရင်ဆိုင်ရသကဲ့သို့ ခံစားမိကြရမည်ပင်။
သည့်အတွက် ယဲ့မိုသွေးကြောင့် ဖြစ်ပေါ်လာသော ရှေးကလန်ဝင်သုံးခုလုံးမှ ကလန်ဝင်များသည် သူတို့၏ စိတ်ဝိညာဉ်ထဲကနေ ဖိအားကို ခံစားရမည် ဖြစ်ပြီး တုန်ယင်ကာ ပူဇော်ခြင်း ပြုရလေမည်။
အမျိုးသမီးရှေးဟောင်းကျင့်ကြံသူမှာလည်း ယဲ့မို၏သွေးကို ပေးအပ်ပြီးနောက် သူမသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။ ဆိုလိုသည်မှာ သူမ၏ခန္ဓာကိုယ်ထဲ၌ ယဲ့မို၏ သာမန်သွေးအချို့ ရှိနေဆဲဟူ၏။
ထိုဖိအားအောက်၌ အမျိုးသမီးရှေးဟောင်းနတ်ဘုရားက ဖြူရောလာ၏။ သူမက ဖြည်းဖြည်းချင်း မြေပြင်ထက်သို့ ဒူးထောက်ချကာ မလှုပ်မယှက် ရှိသည်။
ရွှမ်လောက ဝမ်လင်းနောက်ရှိ ယဲ့မိုစိတ်ဝိညာဉ်ကို သနားဟန်ဖြင့် ကြည့်ကာ သက်ပြင်းချမိသည်။
“ဒီကောင်လေး ယဲ့မိုဟာ ဒီလှိုဏ်ဂူလောကမှာ သူ့သွေးစက်ကို ဖြန့်ကြဲခဲ့ပြီး ကလန်သုံးခုကို ဖြစ်ပေါ်လာစေခဲ့တာ။ သူက အတော်လေး အရည်အချင်း ရှိတယ်။ ကံကောင်းလို့ ဝမ်လင်း ပေါ်လာခဲ့တဲ့အတွက် ယဲ့မိုရဲ့ လုပ်ဆောင်မှုဟာ ကောင်းကောင်းမွန်မွန် အဆုံးသပ်ခဲ့ပြီ။ ဒါပေမဲ့ မင်းက ဝမ်လင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်ရင်တော့ ဒါဟာ မဖြစ်နိုင်တော့ဘူး…”
မဟာအင်ပါယာရွှမ်လောက မျက်လုံးမှိတ်လိုက်၏။ သူသာ ဝမ်လင်းအတွက် ရောက်လာခဲ့ခြင်း မဟုတ်ဘဲ သည်အဖြစ်ကို တွေ့ကြုံပါက ယဲ့မိုကို သူ ကူညီပေးလိမ့်မည် ဖြစ်၏။ သို့ပေမည့် ခုချိန်တွင်မူ သူသည် ရွေးချယ်မှု ပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။
အတိတ်တုန်းက ယဲ့မိုသည် သူ၏သွေးကို သူ့မူလစိတ်ဝိညာဉ် သွေးတချို့တဝက်နှင့်အတူ ဖြန့်ကြဲခဲ့၏။ သူ၏မူလစိတ်ဝိညာဉ် သွေး စုစည်းသွားသည်နှင့် သူ၏မူလစိတ်ဝိညာဉ်မှာ ပြန်ဖွဲ့စည်းကာ ထိုခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။ ယင်းခန္ဓာကိုယ်က သူ့မျိုးဆက် တစ်ယောက်ယောက် ပိုင်ဆိုင်တာ ဖြစ်နေသ၍ သူသည် ကျရှုံးနိုင်မည် မဟုတ်ပေ။
သို့ပေမည့် ဝမ်လင်းကမူ မတူပေ။ သူက ရှေးဘိုးဘေး၏ အသိအမှတ်ပြုမှု၊ ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေးတို့ကို ရရှိထားသူ မဟုတ်လား။
ထို့အတွက်ကြောင့် သူ၏ တည်ရှိမှုက ယဲ့မိုထက် ပို၍ မြင့်မြတ်သည်။ ထို့ကြောင့် ယဲ့မိုသည် မအောင်မြင်နိုင်တော့ပေ။ သည်အခိုက်၌ ယဲ့မို၏မူလစိတ်ဝိညာဉ်က အခိုးအငွေ့အမျှင်တန်းခုနစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ဒွာရပေါက်များမှ တဆင့် ဝင်ရောက်လာ၏။
ယဲ့မို ဝင်ရောက်လာသည့်အခိုက်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သို့သော် သူ၏အမူအရာမှာ တည်ငြိမ်သည်။ သူက သည်ပြီးခဲ့သော ပေါင်းစပ်မှုအတွင်း မည်သို့ဖြစ်ပျက်မည်ကို သတိပြုမိခဲ့ပြီးပင်။ သို့သော် သူက ယဲ့မို သူ့ကို မပိုင်စိုးနိုင်တော့သည်ကို သိသည်။
သုံးနာရီခန့်ကြာပြီးနောက် ဝမ်လင်းက အသက်ဝဝရှုထုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှာ တစ္ဆေအလင်းအောက်၌ တဖြည်းဖြည်းကြုံ့လာကာ သာမန်လူအရွယ်အစားထိ ပြန်ရောက်သွားသည်။
သူ၏မျက်လုံးတို့မှာ ကြယ်များအလား နက်ရှိုင်း၏။ ယဲ့မို၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယဲ့မိုက ရှေးဘိုးဘေး၏ စိတ်ဝိညာဉ်သွေးကို မခုခံနိုင်ပေ။ သူက ဝမ်လင်း၏ရှေးတောက်အမွေအနှစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တော့သည်။
ဝမ်လင်း၏ဒဏ်ရာများက လုံးဝ ပြန်ကောင်းမွန်သွားပြီ ဖြစ်၏။ သည်သွေးစက်နှင့်ယဲ့မို၏ မူလစိတ်ဝိညာဉ်တို့က သူ့အတွက် ကြီးမားသောသက်ရောက်မှုကို ရရှိစေခဲ့သည်။ မဟုတ်ပါက ဝမ်လင်းသည် ပြန်ကောင်းမွန်ဖို့ လပေါင်းများစွာ အချိန်လိုအပ်လိမ့်မည်။
သည်အခိုက်၌ ဝမ်လင်း၏ရှေးတောက်အမွေအနှစ်မှာ ပြီးပြည့်စုံလုနီးနီး ဖြစ်လာခဲ့သည်။ တစ်ခုတည်းသော ကျန်နေသည့်အရာမှာ ရှေးသင်္ချိုင်းအတွင်း၌ မြှုပ်နှံ့ထားသော ယဲ့မို၏နှလုံးသားနှင့် သူ၏ဘယ်မျက်လုံးတို့သာ ရှိတော့သည်။
ယဲ့မို၏ဘယ်လက်လည်း ကျန်ရှိလေသေး၏။
***