ရှေးသင်္ချိုင်းထဲ ထပ်မံ ဝင်ရောက်လာခြင်း
Vol. 132 Ch. 1822
ဝမ်လင်း၏ဘယ်လက်မှ နာကျင်မှု ထွက်ပေါ်လာ၏။ တစ်ခုခုက သူ့စိတ်နှလုံးအတွင်း ထိုးစွဝင်ရောက်သလိုမျိုး သူ ခံစားမိ၏။ ဝမ်လင်းနှဖူးထက်တွင် ချွေးစေးများ ပြန်နေလေပြီ။ သို့သော် သူ၏အမူအရာမှာ ပြောင်းလဲမသွားပေ။ သူက ဖြည်းဖြည်းချင်း သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ဘယ်လက်သို့ တူးဆွဝင်ရောက်နေသော အခိုးအငွေ့ကို ကြည့်သည်။
ထိုအခိုးအငွေ့သည် အဆုံးမသပ်တော့သည့်အလား။ ဝမ်လင်း၏ဘယ်လက်ထံသို့ ဆက်တိုက် ဝင်ရောက်နေသည်။ ဝမ်လင်း၏ဘယ်လက်သည် တဖြည်းဖြည်း ကြမ်းရှလာပြီး ရှုပ်ထွေးသောမှော်စာလုံးများက သူ၏လက်ပေါ်၌ တဖျတ်ဖျတ်တောက်ပသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာ ကုန်ဆုံးသွားချိန်၌ နောက်ဆုံးလက်ကျန် အခိုးငွေ့အမျှင်တန်းက ဝမ်လင်း၏ဘယ်လက်တွင်းသို့ ဝင်ရောက်သွားလေပြီ။
သူက ဘယ်လက်ငါးချောင်းကို ဖြည်းဖြည်းချင်း ရွှေ့လျားလေရာ အက်သံများ ပဲ့တင်ထပ်သည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက လက်သီးဆုပ်၍ ရှေ့သို့ လှမ်း၏။ သူက သည်ရေခဲကန်၏ဗဟိုချက်တွင် ပေါ်လာသည်။
ဝမ်လင်းက သူ့လက်နှစ်ဖက်လုံးကို ပင့်မြှောက်ကာ သူ၏ခန္ဓာကိုယ်၌ ပြည့်လျှံ့နေသော အစွမ်းထက်ခွန်အားကို ခံစားကြည့်သည်။ ယဲ့မို၏ဘယ်လက်ကို စုပ်ယူပြီးနောက် သူ၏မျက်ခုံးနှစ်ခုကြားနှင့် မျက်လုံးတို့ရှိ ရှေးကလန်ဝင်ကြယ်များသည် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
ထိုပြောင်းလဲမှုသည် ကိုးခုမြောက်ကြယ် ပေါ်လာမည့် အရိပ်လက္ခဏာ ဖြစ်၏။ ဝိုးတဝါးဝဲကတော့တစ်ခု ပေါ်လာခဲ့သည်။
ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ၏ခန္ဓာကိုယ်ထဲရှိ ရှေးတောက်စွမ်းအားနှင့် အစွမ်းထက်သောအားတို့ကို ခံစားကြည့်သည်။ ခဏအကြာတွင် သူ ရုတ်တရက် မျက်လုံးပြန်ဖွင့်လာကာ အောက်ဘက်ရှိ ရေခဲကန်ထံ ကြည့်သည်။ သူ၏မျက်လုံးထံမှ ရွှေရောင်တောက်လာကာ သူက လက်နှစ်ဖက်ကို ထိုကန်ထဲသို့ ဆန့်ထုတ်ကာ ၎င်းကို ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲပစ်လိုက်သည်။
“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…”
ဝမ်လင်းက မာန်သွင်း၏။ သူ၏လက်နှစ်ဖက်ဖြင့် လေဟာနယ်ထံသို့ ကုတ်ဆွဲသည်။ သူ၏လက်နှစ်ဖက်သည် နှစ်ဘက်လုံးသို့ ပျံ့လွင့်ကာ လောကမှာ တုန်ဟည်းသည်။ သည်အေးခဲနေသောကန်၌ ဧရာမအက်ကြောင်းတစ်ခု ပေါ်လာချေ၏။
ထိုအက်ကြောင်း ပေါ်လာသည်နှင့် ကောင်းကင်ပြိုလဲသံတမျှ ဟိန်းမြည်သံ ပဲ့တင်ထပ်သည်။ ရေခဲများ အလွှာလိုက်အလွှာလိုက် ပျက်စီးပြီး နေရာအနှံ့သို့ ပေါက်ကွဲထွက်သည်။ ကန်တစ်ခုလုံးသည် လွင့်ပါးပျောက်ကွယ်သည်။
ထိုရေကန်ပျက်စီးပြီးနောက် ဧရာမအက်ကြောင်း ပေါ်လာခဲ့သည်။ ကျယ်လောင်စွာတုန်ဟည်းသံများက မြည်ဟိန်းထွက်နေလျက် ထိုအက်ကြောင်းသည် မြေနဂါးတစ်ကောင်အလား လှုပ်ရှား ပျံ့နှံ့လေသည်။ ပိုပြင်းထန်သော တုန်ဟည်းမှု ပဲ့တင်ထပ်ကာ မြေပြင်ထု ပျက်စီး၍ မြေနဂါးက မြေအောက်အနက်ထဲသို့ ချဲ့ကားသွားသည်။
လှိုဏ်ဂူလောက၏ ဗဟိုချက်၌ အနက်ရောင်အခိုးငွေ့များ ဝန်းရံနေသော မီးပြင်းဖိုရှိ၏။ ၎င်း၌ မျက်နှာများလည်း ရှိသည်။ ထိုမျက်နှာများမှာ သည်ဗဟိုချက်နေရာသို့ ဝင်ရောက်လာသူတိုင်း၏ မျက်နှာများပင်။
သို့ပေမည့် သည်အခိုက်တွင် မျက်နှာအများစုသည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ ခုနစ်ရောင်စုံတာအိုသခင်၏ မျက်နှာသည်ပင် လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်၏။ ရှေ့နောက်နှစ်ဘက်တွင် ဝမ်လင်းနှင့် တစ္ဆေအိုကြီးကျန့်တို့၏ မျက်နှာများသည် အလွန်ထင်ရှားကာ အနက်ရောင်အခိုးငွေ့တို့ ဝန်းရံထားချေ၏။
သည်အခိုက်၌ ဒုတိယမြောက်ပန်းပွင့် တည်ရှိသော ဟင်းလင်းပြင်၊ အေးခဲပန်း၏ ရင်းမြစ်ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ သည်အက်ကြောင်းမှာ ဆက်လက် ချဲ့ကားလာပြီး ထိုပန်းကိုပါ ထွင်းဖောက်သည့်အထိပင်။
ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်က သည်လောကကို ဆုတ်ဖြဲပစ်နိုင်၏။ ဝမ်လင်းက အေးခဲလောကကို ကြည့်ကာ တုံ့နှေးခြင်းမရှိ ခြေလှမ်းသည်။ သူသည် မြေပြင်ထုထံ ပျောက်ကွယ်သွားတော့သည်။
“ခုနစ်ရောင်စုံတာအိုသခင်ကို ထပ်ပြီး ကြောက်ဖို့ မလိုတော့ဘူး။ အခု ငါ ရင်ဆိုင်ရမှာက တစ္ဆေအိုကြီးကျန့်ကိုပဲ။ သူဟာ တွက်ချက်ဉာဏ်များပြီး သံသယဝင်တတ်တဲ့သူ။ ဒါ့ကြောင့် သူနဲ့ ရင်ဆိုင်ရတာ ခက်ခဲလိမ့်မယ်…” ဝမ်လင်းသည် တတိယမြောက်ပန်း တည်ရှိသော ဟင်းလင်းပြင်၌ ပေါ်လာသည်။
သည်နေရာမှာ လုံးဝ မီးခိုးရောင်သမ်းနေ၏။ သည်နေရာသည် အလုံးစုံ အသက်ကင်းမဲ့နေလေပြီ။ ဝမ်လင်း၏ရှေ့ရှိ တတိယပန်းသည်ပင် ရေဓာတ်ကင်းမဲ့ကာ သွေ့ခြောက်နေသည်။
ရိုးတံများလည်း ကျိုးပျက်ကာ သေဆုံးနေလေပြီ။
တတိယပန်းပင်ကို စိုက်ကြည့်ကာ ဝမ်လင်းသည် သူ ဝင်ရောက်ဖို့ မလိုတော့သည်ကို သိ၏။ တတိယပန်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းက ဖျက်စီးခံလိုက်ရပြီး ဖြစ်၏။
ထိုပန်းပွင့်ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီး သူ၏မျက်လုံးမှာ တလက်လက် ဖြစ်လာ၏။ အဆုံးသပ်၌ သူက နောက်ထပ် ချုံခိုတိုက်ကွက်ကို ချမှတ်ရန် လက်လွှတ်လိုက်၏။ သည်လိုတိုက်ခိုက်မှုမျိုးက တစ်ကြိမ်သာ အသုံးပြုနိုင်လိမ့်မည်။ သူသာ ဒုတိယအကြိမ် အသုံးပြုပါက တစ္ဆေအိုကြီးကျန့်သည် သူ့တိုက်ကွက်ထဲ ကျရောက်လာလိမ့်မည် မဟုတ်ပေ။
သက်ပြင်းချကာ ဝမ်လင်းက ရှေ့သို့ လှမ်း၍ ပျောက်ကွယ်သွားတော့သည်။ သူသည် လေးခုမြောက်ပန်းပွင့် ရှိနေသော နေရာသို့ ဦးတည်သွား၏။
ဝမ်လင်းသည် လေးခုမြောက်ပန်းပွင့် ဟင်းလင်းပြင်၌ ပေါ်လာသည့်အခါ သူက သူ၏နောက်တွင် အနက်ရောင်ပန်းတစ်ပွင့် ရှိနေသည်ကို မြင်သည်။ အနက်ရောင်အရည်တို့က ပန်းပွင့်ထံမှ တစက်စက် ကျနေသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် ထိုအရည်က သည်ပန်းအောက်၌ ပင်လယ်နက်တစ်ခုအဖြစ် ဖွဲ့စည်းလာတော့သည်။
ထိုပင်လယ်မှာ လုံးဝ တည်ငြိမ်ကာ လေလှိုင်းတို့ မရှိလေတော့ပေ။ ပန်းပွင့်သည်သာ ပင်လယ်ထံ၌ စိုက်နေ၏။
ထိုပန်းပွင့်နက်ကို စိုက်ကြည့်ကာ ဝမ်လင်းက သွေးနံ့ ရသည်။ သည်နေရာရှိ သွေးနံ့က အချိန်ကြာမြင့်လွန်းခဲ့ပေပြီ။ သူ ဒီသွေးနံ့ကို ရသည့်အခါ အချိန်ကာလကုန်ဆုံးမှုကို အာရုံခံမိ၏။ ထိုသွေးနံ့သည် သူ၏အောက်ရှိ ပင်လယ်သေထံမှ ထွက်ပေါ်လာခြင်းပင်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ထိုအချိန်မှာ အနှစ်သာရမှန်း သိလိုက်သည်။ အနည်းငယ်တွေဝေနေပြီးနောက် သူက ပန်းပွင့်နက်ထံသို့ ခြေလှမ်း၏။ သူ ဝင်ရောက်မည့်ဟန် ပြင်ပြီးမှ ရပ်တန့်လိုက်သည်။ သူသည် ထိုပန်းပွင့်ထံမှ ဟိန်းသံထွက်ပေါ်လာသည်ကို ရေးတေးတေး ခံစားမိလိုက်သည်။
ဝမ်လင်းသည် ထိုအသံနှင့် ရင်းနှီးပေ၏။
“ထာဆန်…” ဝမ်လင်းသည် မင်သက်သွား၏။ သူ၏မျက်လုံးမှာ အလေးအနက် ဖြစ်လာသည်။ သူက ကောင်းကင်တခွင်ဖုံးနေသော အနက်ရောင်ပန်းကို အနီးကပ် သေချာကြည့်သည်။ သူ၏မျက်လုံးသည် တလက်လက် ဖြစ်သွားပြီး သူ့လက်က ရိုးတံနက်တစ်ခုပေါ်သို့ ကျရောက်ကာ သူ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း ပျောက်ကွယ်သွားပြီး နာရီဝက်ခန့်ကြာပြီးနောက် တခြားလူများလည်း ရောက်လာကြသည်။ သူတို့က ပန်းပွင့်အောက်ဘက်ရှိ ပင်လယ်သေကို တွေ့မြင်သည့်အခါ သူတို့၏အမူအရာများသည် အလေးအနက် ဖြစ်လာသည်။
သို့ပေမည့် သူတို့က များများစားစား တွေဝေမနေတော့ဘဲ လေးခုမြောက်ပန်းပွင့် လောကအတွင်းသို့ ဝင်ရောက်လာကြသည်။
သည်ကောင်းကင်မှာ မှိန်ဖျော့ကာ အဆုံးမဲ့မြူများ ဖုံးနေ၏။ ထိုမြူအတွင်းမှ ထွက်ပေါ်လာသော အော်မြည်သံများသည် လူတစ်ယောက်၏စိတ်ကို တုန်ယင်စေနိုင်သည်။
သည်နေရာတွင် မြောလွင့်နေသော ကျောက်ပြားစင်္ကြန်များလည်း ရှိ၏။ အရွယ်အမျိုးစုံပင်။
ဝမ်လင်းက ကျောက်ပြားတစ်ခုပေါ်တွင် ရပ်နေ၏။ သူက ဘေးပတ်လည်သို့ ကြည့်ကာ ခါးသီးစွာ ပြုံးမိသည်။ သူက ခါးသီးစွာအပြုံးကို ထုတ်ဖော်မိပေမည်။ သူက သည်နေရာမှာ သူရှေးတောက်အမွေအနှစ်ကို ရခဲ့သော ရှေးသင်္ချိုင်းမှန်း သိနေပေ၏။
“ငါ ဒါကို အရင်တည်းက တွေးခဲ့မိသင့်တာ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ယဲ့မိုကို မြှုပ်နှံ့ဖို့ ဒီနေရာကို ဖန်တီးခဲ့တာပဲ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ဒီနေရာကို အကြောင်းပြချက်မရှိဘဲ ဘယ်လိုလုပ် ဖန်တီးခဲ့မှာလဲ။ ဒီတော့ ဒါက လေးခုမြောက်ပန်းပွင့်ပေါ့…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန်ဖြင့် ဘေးပတ်လည်သို့ ကြည့်သည။ သူက သည်နေရာနှင့် ပတ်သတ်၍ အလွန်ရင်းနှီးပေသည်။
“ငါ ထာဆန့်ရဲ့အသံကို ကြားခဲ့မိတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ထာဆန်က ဒီရှေးသင်္ချိုင်းထဲမှာ ရှိနေခဲ့တာ မဟုတ်လား…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ကျောက်ပြားအဆုံးထိ လျှောက်လာပြီး အောက်ဘက်ရှိ မြူထုထံ ငုံ့ကြည့်သည်။
သူက သည်အောက်ဘက်မှ မြူလွှာတွင် အလွှာလိုက်ရှိနေသည်ကို မှတ်မိ၏။ ယင်းအောက်ဘက်၌ သူ့ကို ရပ်တန့်ကာ ထွက်သွားစေခဲ့သော ကြောက်မက်ဖွယ်အော်ရာတစ်ခုလည်း ရှိလို့နေသည်။ သူ ယဲ့မို၏အမွေအနှစ်ကို ရခဲ့သည့်အခါက သူက အောက်ဆုံးအလွှာ၌ နှလုံးတစ်ခု ရှိနေမည်ဟု ခံစားမိခဲ့၏။ ၎င်းမှာ ယဲ့မို၏နှလုံးမှန်း သိသာပေသည်။
“ယဲ့မိုရဲ့ ဘယ်မျက်လုံးအပြင် ကျန်နေတဲ့အရာဟာ သူ့နှလုံးသားပဲ…”
ဝမ်လင်းသည် ယဲ့မိုအမွေအနှစ်များ၏ အများစုကို ရရှိထားပြီး ဖြစ်၏။ သူက ယဲ့မို၏ခန္ဓာကိုယ်မှာ ပျက်စီးသွားခဲ့ပြီကို သိသည်။ သူ၏လက်နှစ်ဖက်မှာ ဖြတ်တောက်ခံခဲ့ရသည့်အတွက် ကျန်နေခဲ့ခြင်းပင်။
သူသာ ဒီအောက်ခြေရှိ ယဲ့မို၏နှလုံးသားကို စုပ်ယူနိုင်ပါက သူ့အမွေအနှစ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ပေလိမ့်မည်။ ထိုပြည့်စုံမှု၌ ဘယ်မျက်လုံးတစ်လုံးသာ ကျန်လေတော့မည်။
သူသာ ယဲ့မို၏နှလုံးကို စုပ်ယူနိုင်ခဲ့ပါက ဘယ်မျက်လုံး မရှိလျှင်ပင် ဝမ်လင်းအနေဖြင့် ကိုးခုမြောက်ရှေးဟောင်းနတ်ဘုရားကြယ်ကို ဖွဲ့စည်းနိုင်လောက်၏။ သူ၏ရှေးဟောင်းမိစ္ဆာကြယ်ကိုလည်း ကိုးခုမြောက်ထိ ရောက်စေနိုင်လောက်၏။
ထို့အတွက် သူသည် ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရား ဖြစ်လာပြီး သူ၏ရှေးတောက်စွမ်းအားသည် ပေါက်ကွဲထွက်လာချေမည်။
“ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရား။ ငါသာ ငါ့ခန္ဓာကိုယ်ကို အလုံးစုံချဲ့ကားလိုက်ရင် ငါဘယ်လောက်ထိ အရွယ်အစား ကြီးမားလာနိုင်မလဲ…” ဝမ်လင်းသည် မျက်လုံးမှိတ်ကာ ကောင်းကျိုး၊ဆိုးကျိုးကို ချင့်ချိန်ကြည့်သည်။
ရွှမ်လောသည် ကျောက်ပြား၏ ဆန့်ကျင့်ဘက်တွင် ရှိနေ၏။ သူက အောက်ဘက်ရှိမြူကို ကြည့်ကာ သက်ပြင်းချမိသည်။
“ဒီနေရာက ကောင်လေးယဲ့မို သေဆုံးခဲ့တဲ့ နေရာပဲ…”
တအောင့်အကြာတွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံး၌ ပြတ်သားမှုတို့ ပြည့်သည်။ ချမ်းသာကြွယ်ဝမှုကို အန္တရာယ်ကြား၌ တွေ့နိုင်သည် မဟုတ်လော။ ဝမ်လင်းက သူ၏တဘဝလုံးကို အန္တရာယ်အဖုံဖုံအခြေအနေ၌ ကုန်ဆုံးပြီးမှ သည်ကနေ့လို့ ကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်၏။ သူ၏ စွမ်းအားအများစုမှာ ကံကောင်း၍ထက် စွန့်စား၍ ရလာခဲ့ခြင်းသာ။
သူက နောက်ထပ် စွန့်စားလျှင်ကော မည်သို့ ဖြစ်သေးသနည်း။ ထို့အပြင် သူသည် တတိယစိတ်ဝိညာဉ်မှ ရခဲ့သော မှတ်ဉာဏ်များကြောင့် သည်အောက်ဘက်မှ ကြောက်မက်ဖွယ်အော်ရာသည် မည်သည့်အရာဖြစ်သည်ကို ခန့်မှန်းမိထားပြီးပင်။
“ရှေးသင်္ချိုင်း…အတိတ်တုန်းက ငါ နောက်ထပ်အလွှာရှိ မသွားဝံ့ခဲ့ဘူး။ ဒါပေမဲ့ အခု ငါ ပြန်ရောက်လာခဲ့ပြီ။ ငါ ဒီအခွင့်အရေးကို လက်မလွှတ်နိုင်တော့ဘူး…”
ဝမ်လင်းသည် သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် ကျောက်ပြားအပြင်ဘက်ရှိ မြူထံသို့ ခြေလှမ်း၏။ သူက မြူထဲသို့ ကျဆင်းသွားသည်။ သူ၏ဦးခေါင်းမှာ အောက်သို့ ကျနေပြီး သူက ငါးတစ်ကောင်အလား အောက်ဘက်သို့ တိုးဝင်သွားလေသည်။
မည်သူကမျှ သည်နေရာကို သူ့ထက် သိလေမည် မဟုတ်ပေ။ ဝမ်လင်းသည် အတိတ်တုန်းက သည်နေရာရှိ မြေပုံအားလုံးကို ရခဲ့၏။ ထို့ကြောင့် သူက သည်ကျောက်ပြားကို ထပ်မံ၍ အဆင့်မြင့်ဖို့ မလိုတော့ပေ။ သူ၏စိတ်ထဲရှိ မြေပုံ၌ သည်နောက်အလွှာသို့ ဝင်ပေါက်လည်း အပါအဝင်ပင်။
သည်နေရာကို ဝမ်လင်းကဲ့သို့ နားလည်သော နောက်ထပ်တစ်ယောက် ရှိပါက အခုထိ အပျိုစင် ဖြစ်နေသေးသော တတိယကိုယ်လုပ်တော်သာ ဖြစ်ပေလိမ့်မည်။
သည်အခိုက်၌ တတိယကိုယ်လုပ်တော်က မြူထဲ၌ လွင့်မြောကာ စိတ်ရှုပ်ထွေးဟန် ပေါ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွား၏။
“ဒီလေးခုမြောက်ပန်းဟာ ဒီနေရာပဲကိုး…” အတိတ်တုန်းက တတိယကိုယ်လုပ်တော်မှာလည်း ပထမအလွှာရှိ မြေပုံအများစုကို ရခဲ့ပေ၏။
သည်နေရာ၌ သူမသည် ဝမ်လင်းနှင့် ဆုံခဲ့၏။ အဆုံးသပ်၌ သူမသည် ဝမ်လင်း၏အကူအညီဖြင့် ဒီသင်္ချိုင်းအတွင်းမှ စေလွှတ်ခြင်း ခံရသဖြင့် သည်နေရာတွင် မပိတ်မိနေစေခဲ့ခြင်းပင်။ သူမသည် တစ်ကိုယ်တည်းသာ ရှိတတ်သူ ဖြစ်ပြီး တခြားသူများနှင့် ကောင်းကောင်းမွန်မွန် မဆက်ဆံတတ်ပေ။ သူမသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ကိုယ်လုပ်တော်ဖြစ်လာဖို့ အတင်းအကြပ် လုပ်ခံခဲ့ရချိန်၌ သူမ၏ကလန်အတွက် သဘောတူခဲ့ခြင်းမျှသာ။
သူမသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌လည်း အသိမိတ်ဆွေများများစားစား မရှိပေ။ အတိတ်တုန်းက ကောင်းကင်ဘုံဂိတ်တံခါးကလန်၌ သူမသည် တစ်ကိုယ်တည်း ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးတတ်၏။ သူမ၏စိတ်နေစရိုက်ကြောင့် သူမသည် ကိုယ်လုပ်တော်များကြား၌ တသီးတသန့် ဖြစ်နေတတ်သည်။
သူမ၏ဘဝ၌ သူမကို ပထမဆုံး ကူညီပေးဖူးသူမှာ ဝမ်လင်းဟု ပြောနိုင်၏။ သည်လိုခံစားမှုမျိုးကို သူမသည် အရင်က လုံးဝ မခံစားခဲ့ဖူးသည် ဖြစ်ရာ ဤသည်က သူမကို စိတ်ရှုပ်ထွေးသလို ဖြစ်မိစေ၏။ သူမက အကြောင်းရင်းကိုမူ မသိလေပေ။
“သူက ငါ့ကို တစ်ကြိမ် ကူညီပေးခဲ့ဖူးတယ်။ ဒါ့ကြောင့် ငါ သူ့ကို ပြန်ပေးဆပ်ဖို့ လိုမယ်။ ငါ အိမ်ပြန်ချင်တယ်။ ဆရာ ရှိနေသေးလား ငါ သိချင်မိတယ်။ ဒါ့အပြင် ငါ့ညီမလေးကရော။ သူမဟာ ငါ့ထက် ပိုပြီး ပါရမီပါတယ်…” တတိယကိုယ်လုပ်တော်သည် ငြိမ်သက်စွာ စဉ်းစားနေရင်း အိမ်လွမ်းနာ ကျနေမိ၏။
ဝမ်လင်း ဒီသင်္ချိုင်းအတွင်းသို့ ဝင်ရောက်လာသည့်အခါ သူ အမွေအနှစ်ရခဲ့သော နန်းတော်အတွင်း၌ ရှိနေသော ထာဆန်မှာ မျက်လုံးဖွင့်လာသည်။
***