ငြိမ်းချမ်းစွာ အနားယူပါတော့ ဓားအင်မော်တယ် မြစ်စိမ်း
Vol. 6 Ch. 81
အန်လင်းနှင့် သူ့အဖေသည် ချုံချင်းတွင် တစ်နေ့လုံးနီးပါး လျှောက်သွားခဲ့ကြသည်။ ကောလဲ့တောင်မှနေ ဟုန်ရာတုန်အထိ သွားကြသည်။ ထို့နောက်တွင် အလှအပများအား ခံစားရန်အတွက် လွတ်လပ်ရေး ကျောက်တိုင်သို့ သွားကြသည်။
သူတို့နှစ်ဦးတွင် ပြောစရာအများအပြား ရှိသည့် အတွက်ကြောင့် လမ်းလျှောက်နေရင်းဖြင့် မမောပန်းစွာ စကားပြောလျက်ရှိသည်။
အန်လင်း၏ အဖေသည် ကျင့်ကြံခြင်းကမ္ဘာသို့ ခြေချလိုက်ပြီ ဖြစ်သည့်အတွက် အန်လင်းသည် ကျင့်ကြံခြင်းကမ္ဘာ၏ ယေဘုယျ အလေ့အထများနှင့် အခြားသော စိတ်ဝင်စားဖွယ် အကြောင်းအရာများအား ပြောပြဖို့ရန် လိုအပ်ပေသည်။
သို့ပေမဲ့လည်း သူ့အဖေ၏ စိတ်အာရုံသည် အခြားနေရာသို့ ရောက်ရှိနေလေသည်။
တစ်နေ့တည်းမှာပင် အန်လင်းအား စုရှောင်လန်ကို ပိုးပန်းရန် ရှစ်ကြိမ်တိတိ အားပေးခဲ့သည်။
တီဗွီထဲတွင် အန်လင်းဘေး၌ ယှဉ်တွဲရပ်နေသည့် မိန်းမပျိုလေးအား အလွန်နှစ်သက် သဘောကျလျက် ရှိနေသည်။
ထို့အပြင် ဒီနှစ်ရက် အတွင်းမှာပင် အန်လင်းထံမှ စုရှောင်လန် အကြောင်း အများအပြား သိခဲ့ရသည်။ အန်လင်းအား အတော်လေး ကူညီခဲ့သူ ဖြစ်သည်။
ဒီလိုမျိုး စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီး ပြီးပြည့်စုံတဲ့ မိန်းကလေးကို ဘယ်နား သွားရှာရမတုန်း … အဲတော့ ငါ့ချွေးမဖြစ်လာရင် အကောင်းဆုံးပဲ …
ထို့ကြောင့် အန်လင်းသည် မကြားသယောင် ထုံအသယောင် ဟန်ဆောင်ရတော့သည်။
ကျင့်ကြံခြင်း ခရီးလမ်းမှာ ရှည်လျားလွန်းသည်။ မည်သူကမျှ အသက် နှစ်ဆယ် အရွယ်ဖြင့် အလျှင်စလို လက်မထပ်ကြချေ။
***
နောက်တစ်နေ့တွင် ဟောင်ရှန့်ရှန့်သည် ချုံချင်းသို့ လူကိုယ်တိုင် လာရောက်ခဲ့သည်။
အန်လင်းသည် သူ၏သိုလှောင်လက်စွပ် အတွင်းမှ သူ့အဖေသုံးနိုင်မည့် ဆေးရည်အချို့အား ထုတ်ကာ ဟောင်ရှန့်ရှန့်အား ကမ်းပေးလိုက်သည်။
ထို့နောက်တွင် သူ့အဖေအား အသုံးပြုနိုင်ရန် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ထောင် ပေးလိုက်သည်။
ထိုမျှလောက် လိုအပ်ခြင်း မလိုအပ်ခြင်းအား အန်လင်းအနေဖြင့် ဂရုမစိုက်ချေ။ သူ့အဖေသည် ထိုကျောက်တုံးများအား သူအလိုရှိသရွေ့ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်သည်။
လာမည့်နှစ်တွင် သေမျိုးကမ္ဘာသို့ နောက်တစ်ကြိမ် ဆင်းသက်ခွင့် ရှိမရှိအား သူ့အနေနှင့် အာမခံချက် မရှိချေ။ ထို့ကြောင့် ဟောင်ရှန့်ရှန့်အား သုံးနှစ်စာ တစ်ခါတည်း ပေးချေလိုက်သည်။ စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၃၆၀၀ …။
ဟောင်ရှန့်ရှန့်သည် အန်လင်း၏ ကြွယ်ဝမှုကြောင့် နောက်တစ်ဖန် အံ့အားသင့်မိ ပြန်သည်။
စိတ်ဝိညာဉ် ကျောက်တုံးများအား သိုလှောင်လက်စွပ် အတွင်းသို့ ထည့်နေစဉ်တွင် သူမလက်များသည် တုန်ရီလျက် ရှိသည်။ သူမ၏ သိုလှောင် လက်စွပ်လေးသည် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြည့်နှက်နေသည့်နေ့ကို ရောက်ရှိလာလိမ့်မည်ဟု တစ်ခါမျှပင် တွေးမကြည့်ဖူးချေ။
သူမ၏ သိုလှောင်လက်စွပ်သည် ၁၀ပေပတ်လည်သာ ကျယ်ဝန်းသည့် သာမန်လက်စွပ် တစ်ကွင်းမျှသာ ဖြစ်သည်။ ဟောင်ရှန့်ရှန့်တွင် သိုလှောင် လက်စွပ်ရှိသည်ကို မြင်လိုက်ရသည့် အခါတွင် အန်လင်းသည် အနည်းငယ် အံ့ဩ သွားလေသည်။
သေမျိုးကမ္ဘာတွင် သိုလှောင် လက်စွပ်ကဲ့သို့သော မှော်ရတနာသည် အလွန် တန်ဖိုးကြီးသည်။
၁၀ပေ ပတ်ပတ်လည်သာ ကျယ်ဝန်းသော သိုလှောင် လက်စွပ် သည်ပင်လျှင် အလွန်ရှားပါးသည်။ ပြိတ္တာဘုရင် လေးကောင်သည်ပင်လျှင် သိုလှောင်လက်စွပ် တစ်ကွင်းမျှ ပိုင်ဆိုင်ခြင်း မရှိကြချေ။
ဟောင်ရှန့်ရှန့်တွင် ကိုယ်ပိုင် သိုလှောင်လက်စွပ် ရှိနေသည်ကို ကြည့်ခြင်းဖြင့် သူမသည် သေမျိုးကမ္ဘာတွင် အလွန်ချမ်းသာသည့် ကျင့်ကြံသူဖြစ်ရမည်။
အန်လင်းသည် သူ့အဖေနှင့် ခွဲရမည်ကို တွန့်ဆုတ်လျက် ရှိသည်။
တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် သူ့အဖေ၏ ပုံရိပ်အား ကြည့်နေရင်းဖြင့် အန်လင်း စိတ်ထဲရှိ ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာတော့သည်။
“ကျွန်တော် နောက်တစ်ကြိမ် သေမျိုးကမ္ဘာကို ဆင်းလာမယ်ဆိုရင် ပိုကောင်းတဲ့ ဝိညာဉ်ဆေးလုံးတွေနဲ့ ဆေးရည်တွေ ယူလာပြီး သကြားလုံးလို ဝါးစားခိုင်းမယ် သိလား အဖေ …”
ထိုစကားလုံးများအား ပြောပြီးသည့်အခါတွင် အန်လင်းသည် ပို၍ နေလို့ကောင်း လာတော့သည်။
မိဘများ အသက်ရှိနေသေးသမျှ ခိုနားရန် အိမ်တစ်လုံး ရှိနေမည် ဖြစ်သည်။ သို့တည်း မဟုတ်ပါက စိတ်ဝိညာဉ် ဖြစ်တည်ရာ အသိုက်အမြုံသည် ပျောက်ကွယ် သွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် အရာအားလုံးသည် သေခြင်းတရား ဆီသို့သာ ဦးတည်နေပေသည်။
အန်လင်းသည် မိသားစု မရှိသည့် လူတစ်ယောက် မဖြစ်ချင်ပါ။
သူ၏ တာအိုရှာဖွေခြင်း ခရီးကြမ်းတွင် တွေ့ကြုံ ခံစားရသမျှအား သူ၏ချစ်ခင် ရသူများနှင့်အတူ မျှဝေခံစားလိုသည်။ အကယ်၍ သူ့အဖေအား ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းစေလိုပါက သန်မာသည့် သူတစ်ဦး ဖြစ်လာစေရန် သူတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။
***
အန်လင်းသည် ဖုန်းထုတ်ကာဖြင့် ရွှမ်ယွမ်ချန်အား ခေါ်လိုက်သည်။
နွေးထွေးပြီး နူးညံ့သည့် အသံလေးသည် သူ့နားအတွင်း စီးဆင်းလာသည်။ “ဟဲလို အန်လင်း … ဘာဖြစ်လို့လဲ …”
“အစ်ကိုကြီးချန်ရေ … မန္တန်ဝင်္ကဘာတွေ လေ့လာတာမျိုး မရှိဘူးလား … ကျွန်တော်လည်း ပါချင်လို့ပါဗျ …”
“ဟဟ … ငါကအခု ရေငုတ် သင်္ဘောပေါ်မှာလေ … စိတ်မကောင်းပါဘူးကွာ … ပုန်းကွယ်နေတဲ့နဂါး ရေငုတ်သင်္ဘောက အခု ပစိဖိတ်သမုဒ္ဒရာထဲ ဝပ်နေတာလေ … နှစ်ရက်လောက် ကြာနိုင်တယ် … အဲတော့ ခဏလောက်တော့ မင်းနဲ့အတူ ရှိနေမပေးနိုင်ဘူး …”
“အန်လင်း …”
အန်လင်းက ဖုန်းချလိုက်ပြီးနောက် စုရှောင်လန်၏ နံပါတ်အား ခေါ်လိုက်သည်။
စက်သံများ အကြားတွင် စုရှောင်လန်၏ အသံမှာ ကြားနိုင်ရုံမျှသာ ဖြစ်သည်။ “ဟေး အန်လင်း … ဘာတုန်း …”
“ရှောင်လန်ရေ … နင်ဘာလုပ်နေတာလဲ … တိုက်ခိုက်ကြမယ်လေ …”
“ဟားဟား … ငါက အလုပ်များနေတယ်ဟေ့ … ငါဘယ်မှာလဲ မှန်းကြည့်စမ်း …”
“အန်လင်း … ကမ္ဘာပေါ်မှာ…”
“တစ်ဝက်ပဲ မှန်တယ် … ငါက ကမ္ဘာကြီးရဲ့ ကောင်းကင်ထဲမှာ … ဟယ်လီ ကော်ပတာက အရမ်းမိုက်တာပဲ … ဟဟဟဟဟ …”
“အန်လင်း …”
ဝသဖ …။ ဘယ်လိုဖြစ်ပြီး တစ်ဝက်ပဲ မှန်ရတာတုန်း …။
စက်သံတွေ ဆူညံသံတွေကို ဖုန်းထဲကနေ ကြားနေရတာ အံ့ဩစရာ မရှိတော့ဘူး။ သူမက ဟယ်လီကော်ပတာပေါ် ရောက်နေတာကိုး …။
အန်လင်းက စိတ်ပျက်စွာဖြင့် ဖုန်းချလိုက်သည်။ ပြီးနောက် သက်ပြင်းရှိုက် လိုက်သည်။
ကောင်းပြီ … သူတို့က အားမနေကြဘူးပေါ့ … တစ်ယောက်က ကောင်းကင်မှာ ပျံနေတယ် … တစ်ယောက်က သမုဒ္ဒရာထဲ ဝပ်နေတယ် … ငါတစ်ယောက်တည်းကပဲ လူပင်လယ်ကြီးထဲမှာ နစ်နေတာပေါ့ …
အန်လင်းသည် စိတ်ဝိညာဉ်အမြစ်အား သူ့ကိုယ်တိုင် ဖြစ်တည်စေခြင်းဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ တက်ရောက်ခြင်းမှာ အလွန ်ခက်ခဲလိမ့်မည်ဟု ခံစားနေရသည်။ သားရဲအမြုတေ သုံးခုအား မြိုချခြင်းသည် ပို၍ လွယ်ကူလိမ့်မည်။
သာမန်ကျင့်ကြံမှုများသည် သူ့အား ဆွဲဆောင်နိုင်ခြင်း မရှိချေ။
ယခုအခါတွင် သူသည် တစ်ယောက်ယောက်အား ရှာဖွေကာ တိုက်ခိုက်ချင်နေသည်။ ထိုမှသာ သူ၏ တိုက်ပွဲနည်းစနစ်များ တိုးတက် လာပေလိမ့်မည်။
ဘယ်သူ့ကို မေးရပါ့ …။
အန်လင်းသည် WeChat အား ဖွင့်ကာဖြင့် ‘ကမ္ဘာကြီးပေါ်ရှိ ကျင့်ကြံသူအားလုံး စုပေါင်းကာ ကမ္ဘာကြီးအား ကာကွယ်ကြမယ်’ ဂရုသို့ ဝင်လိုက်ကာ သူနှင့် တိုက်ခိုက်ချင်သည့် ကျင့်ကြံသူ တစ်ဦးတစ်လေများ ရှိလိမ့်မည်လားဟု ရှာဖွေနေမိသည်။
သို့သော်လည်း ဂရုအား ဖွင့်လိုက်သည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည့် ကြီးမားသည့် ဖြစ်ရပ်တစ်ခုအား ဆွေးနွေးနေကြခြင်း ဖြစ်သည်။
တာအိုသခင် တောသားလေးနွားကြီး “ဘုရားရေ … ထိုက်ပိုင်ဓားဂိုဏ်းက ပြိတ္တာမျိုးနွယ်စုကို အခုလေးတင် အပြတ်အသတ် ရှုံးသွားတယ်တဲ့ …”
ဉာဏ်အလင်းပွင့်နေတဲ့ ငပျင်းလေး “လာနောက်နေတာလား … ထိုက်ပိုင်ဓားဂိုဏ်း ဆိုတာ ကျင့်ကြံခြင်း ဂိုဏ်းကြီး ၁၀ခု ထဲက တစ်ခုလေ … သူတို့မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူမရှိပေမဲ့ စွမ်းအားကြီးတဲ့ ဂိုဏ်းတစ်ခုပဲလေ … သူတို့ဂိုဏ်းရဲ့ ခုခံရေး မန္တန်ဝင်္ကဘာက အရမ်းကို အားကောင်းတယ်လေ ... ပြိတ္တာဧကရာဇ် ကိုယ်တိုင် သွားရင်တောင်မှပဲ အဲဒီ ဝင်္ကဘာကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး … ဘယ်လိုဖြစ်ပြီး အပြတ်အသတ် ရှုံးနိုင်မှာလဲ …”
အနုမြူနတ်သမီးလေး “အဲဒါ အမှန်ပဲ … ငါ့ဂိုဏ်းကလည်း အခုလေးတင် အဲဒီသတင်းကို ရလိုက်တယ် …”
ကယ်တင်ရှင် “နောက်ဆုံးရသတင်း ပြိတ္တာဧကရာဇ်က သွေးနတ်ဘုရား နှစ်ယောက်နဲ့ ပူးပေါင်းပြီး ထိုက်ပိုင်ဓားဂိုဏ်းရဲ့ ခုခံရေးမန္တန်ဝင်္ကဘာကို ချိုးဖောက်သွားတာ … ဂိုဏ်းခေါင်းဆောင်နဲ့ ဓားအင်မော်တယ် ပိုင်လင်တို့ သေဆုံးသွားပြီ … ဂိုဏ်းသားတွေ ၁၀ပုံ ၁ပုံပဲ အသက်ရှင်ကျန်ရစ်တယ် …”
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး “မျှော်လင့်ထားတဲ့ အတိုင်းပဲ … ပြိတ္တာဧကရာဇ်ရဲ့ အသားနဲ့ သွေးဝိညာဉ်ဆေးလုံး အစီအစဉ်နဲ့ သတ်သတ်နေရမယ် … အခုလိုမျိုး လုပ်လိမ့်မယ်လို့ ငါဖြင့် ယုံကို မယုံနိုင်ဘူး … ငါတို့နိုင်ငံက အရမ်းကို အားနည်းနေတယ်လို့များ သူတို့က ထင်နေတာလား …”
တာအိုသခင် တိမ်တိုက်စူးစမ်း “ကြီးလေးကြီးဖြစ်တဲ့ ဝူတန်း၊ ခွန်းလွန်၊ လုံဟူနဲ့ ရှင်းချင် ဂိုဏ်းတွေရဲ့ ဂိုဏ်းခေါင်းဆောင် တွေက အခု ဗီဒီယိုနဲ့ ဆွေးနွေးပွဲ လုပ်နေကြတယ် … ပြိတ္တာဧကရာဇ်ကို ဘယ်လို ပစ်မှတ်ထားရမလဲ ဆိုတာကို ဆွေးနွေးနေကြတယ် … သူတို့အားလုံးက အဲကောင်တွေကို တစ်ခါတည်းနဲ့ အပြတ်ရှင်း ပစ်ကြလိမ့်မယ် …”
အန်လင်းသည် ထိုမက်ဆေ့ချ်အား ဖတ်လိုက်ပြီးနောက် မျက်နှာရှုံ့မဲ့ သွားတော့သည်။
ဗီဒီယိုဆွေးနွေးပွဲတဲ့လား …။
ထိုအချင်းအရာအား မြင်ယောင်ကြည့်သည့် အခါတွင် တစ်ခုခုတော့ မှားနေပြီဟု ခံစားနေရသည်။
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “ငါတော့ ဓားအင်မော်တယ် မြစ်စိမ်းအတွက် အတော်လေး စိုးရိမ်နေမိတယ်…”
အန်လင်းသည်လည်း ထိုအခါမှ သဘောပေါက်တော့သည်။ ဂရုထဲတွင် ရှိနေသည့် ဓားအင်မော်တယ် မြစ်စိမ်း ဆိုသည်မှာ ထိုက်ပိုင်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် အဖြစ် လျာထားခြင်းခံရသူ ဖြစ်သည်။
ထိုက်ပိုင်ဓားဂိုဏ်းသား အပြတ်အသတ် ရှုံးနိမ့်သွားပြီဆိုလျှင် ထိုအဓိပ္ပာယ်မှာ သူသည်လည်း အန္တရာယ်ရှိနေသည် မဟုတ်ပါလား။
ရွှေကျောက်စိမ်း “ဓားအင်မော်တယ် မြစ်စိမ်းရေ … အဆင်ပြေရဲ့လား …”
ဂရုအတွင်းရှိ လူများသည် ဓားအင်မော်တယ် မြစ်စိမ်းအား ဆက်တိုက်ဆိုသလို ခေါ်ကြတော့သည်။
သို့သော်လည်း ဓားအင်မော်တယ် မြစ်စိမ်းထံမှ စာမလာ သတင်းမကြားရချေ။
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် “ငါသူ့ကို ဖုန်းခေါ်တာ ဖုန်းလည်း မကိုင်ဘူး …”
***
ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟိုင်ရင် “အော်မီသောဖော … ဒီမြေပြင်မှာ ရှိကြတဲ့ အာရုံခံစားနိုင်တဲ့ မျိုးနွယ်တွေက နာကျင်မှုတွေ အားလုံးကနေ လွတ်မြောက်ပြီး အမျိုးမျိုး အဖုံဖုံသော သာယာမှုတွေကို ခံစားနေကြပြီ … ဒကာကြီး မြစ်စိမ်းကလည်း ဒီမြေကြီးကနေ အစောကတည်းက လွတ်မြောက်သွားလေပြီ … ကျွန်ုပ် စိတ်မကောင်းပါဘူး …”
ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟိုင်ရင်၏ မက်ဆေ့ချ်အား တွေ့ပြီးသည့် နောက်တွင် ဂရုအတွင်း ဝမ်းနည်းသည့် အကြောင်းအရာများ ပျံ့နှံ့သွားတော့သည်။
ဓားအင်မော်တယ်မြစ်စိမ်းနှင့် ခင်မင်ရင်းနှီး ကြသူများသည် မျက်ရည်များ ကျဆင်း လာကြတော့သည်။
ထျန်းလင်းလင်း “ကောင်းရာဘုံဘဝသို့ ရောက်ပါစေ ဓားအင်မော်တယ်မြစ်စိမ်း (ဖယောင်းတိုင် အီမိုဂျီ)”
ကောင်းကင် နတ်မိမယ်တည်ငြိမ်“ကောင်းရာဘုံဘဝသို့ ရောက်ပါစေ ဓားအင်မော်တယ်မြစ်စိမ်း (ဖယောင်းတိုင် အီမိုဂျီ)”
ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “ကောင်းရာဘုံဘဝသို့ ရောက်ပါစေ ဓားအင်မော်တယ်မြစ်စိမ်း (ဖယောင်းတိုင် အီမိုဂျီ)”
ကျင့်ကြံသူအားလုံးတို့သည် သူတို့၏ ဝမ်းနည်းကြောင်း ဖော်ပြချက်များကို ပေးပို့ လာကြသည်။
အန်လင်း၏ နှလုံးသားထဲတွင်လည်း ဝမ်းနည်းမှုများ မြင့်တက် လာလေသည်။ ဓားအင်မော်တယ် မြစ်စိမ်း၏ ယုံကြည်ချက် ပြည့်ဝသည့် အမူအရာများအား ပြန်လည် မြင်ယောင်လာသည်။ ပြိတ္တာဘုရင်အား သတ်ဖြတ်လိုက်သည့် ပုံရိပ်ပါ မကျန်စေရ။ ထို့ကြောင့် သူသည်လည်းပဲ ဂရုအတွင်းသို့ မက်ဆေ့ချ်တစ်ခု ပေးပို့လိုက်တော့သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး ကလေးလေး အန် “ကောင်းရာဘုံဘဝသို့ ရောက်ပါစေ ဓားအင်မော်တယ်မြစ်စိမ်း (ဖယောင်းတိုင် အီမိုဂျီ)”
***
ထိုအချိန်မှာပင် ပရိုဖိုင်တစ်ခု ပေါ်လာသည်။
ဓားအင်မော်တယ်မြစ်စိမ်း “လခွမ်း … ညီငယ် အန်လင်း မင်းကဘာလို့ ငါ့ကို ကျိန်ဆဲနေရတာလဲ …”
ထိုမက်ဆေ့ချ်အား တွေ့သည့်အခါတွင် အန်လင်း၏ လက်များသည် စတင် တုန်ရီလာပြီး ဖုန်းအား အဝေးသို့ ပစ်လွှတ်လိုက်သည်။
သုံးစက္ကန့် ကြာပြီးနောက် …
ဓားအင်မော်တယ်မြစ်စိမ် “လခွမ်း … မင်းတို့အားလုံးက ဘာလို့များ ငါ့ကိုကျိန်ဆဲနေရတာတုန်း …”
***
ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး “လခွမ်းဟေ့ …”
ကောင်းကင်နတ်မိမယ်တည်ငြိမ် “ဘုရားရေ …”
ထျန်းလင်းလင်း “အား … အလောင်းကောင်ကြီး အသက်ဝင်လာပြီ …”
အနုမြူနတ်သမီးလေး
ကယ်တင်ရှင် “မြစ်စိမ်းရေ … မင်းက လူလား သရဲလား …”
ဂရုအတွင်းရှိ ကျင့်ကြံသူ အားလုံးတို့သည် ဓားအင်မော်တယ် မြစ်စိမ်း ပြန်လည် ရှင်သန်လာသည့်အတွက် အလွန်အံ့အားသင့်လျက် ရှိနေကြသည်။
ဓားအင်မော်တယ်မြစ်စိမ်း “အခုက စနောက်လို့ ကောင်းတဲ့အချိန် မဟုတ်ဘူး ကိုယ့်လူတို့ …”
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် _ “ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဟိုင်ရင်ရေ … ကြွပါခင်ဗျာ …”
တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ဂရုအတွင်းရှိ ကျင့်ကြံသူများသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဟိုင်ရင်အား ဆက်တိုက် ခေါ်ကြတော့သည်။
“အန်လင်း …”
ဘယ်လိုတောင် ရန်လိုနေကြတာတုန်း။
သေချာတာပေါ့။ ဓားအင်မော်တယ်မြစ်စိမ်းသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဟိုင်ရင်အား ဒေါသတကြီး ပြောဆိုတော့သည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဟိုင်ရင်သည် တိတ်ဆိတ်လျက်ရှိပြီး ဂရုအတွင်းသို့ ထပ်ပေါ်မလာတော့ချေ။
ခေတ္တကြာပြီးနောက်တွင် ဓားအင်မော်တယ်မြစ်စိမ်းသည် ရုတ်တရက် ဆိုသလို နေရာတစ်ခုအား ပေးပို့လာသည်။
“ငါက အခု အဲဒီနေရာမှာ ရောက်နေတယ် … ပြိတ္တာဘုရင် တစ်ကောင်နဲ့ သွေးဘုရင်နှစ်ကောင်က ငါ့ကို လိုက်ဖမ်းနေကြတယ် … အဲဒီနားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေရှိရင် ငါ့ကိုလာပြီးတော့ ကူညီပေးနိုင်မလား … ထိပ်တိုက် ရင်ဆိုင်ကြတာပေါ့ …”
အန်လင်းသည် ဓားအင်မော်တယ်မြစ်စိမ်း ပေးပို့လာသည် တည်နေရာအား ကြည့်လိုက်သည်။ သူရောက်ရှိနေသည့် နေရာနှင့် အလွန်နီးလွန်းလေသည်။
***