ရွှမ်လော၏လှုပ်ရှားမှု
Vol. 132 Ch. 1825
မန္တာန်အမျိုးမျိုးသည် အုပ်စိုးသူလှမ်းထွက်လာစဉ် နီးကပ်လာချေ၏။ သူက အလွန်သတိထားနေသည်။ သူသညည် ရှေးသင်္ချိုင်းအကြောင်း များများစားစား မသိထားသော်လည်း သူသည် မြောင်ယင်နှင့် တခြားသူများကို ခုနစ်ရောင်စုံတာအိုသခင် ကယ်တင်ပေးခဲ့ချိန်က ရှိနေခဲ့သည့်အတွက် သည်နေရာရှိ တချို့လျှို့ဝှက်ချက်များကို သိထားပေသည်။
ထို့ကြောင့်လည်း သူက ဒီနေရာသို့ မြန်မြန်ဆန်ဆန် ရောက်လာခဲ့ခြင်းပင်။ သူက ဒုတိယပန်းပွင့်အတွင်း ကြမ်းလှသောတိုက်ပွဲအတွင်း၌ ဝမ်လင်းက လေးကို သုံးကြိမ်တိုင် အသုံးပြုခဲ့သည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့၏။ ဝမ်လင်းအပေါ် သူ၏နားလည်မှုအရ ဝမ်လင်းထံ၌ သည်လေးကို ထပ်မံဆွဲတင်နိုင်စွမ်း မရှိတော့တာ သေချာနေ၏။
မဟုတ်ပါက ဝမ်လင်းအပေါ် သူနားလည်ထားသလောက် ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်ကို သည်အတိုင်းလွှတ်ပေးခဲ့လိမ့်မည် မဟုတ်ပေ။ တစ္ဆေအိုကြီးကျန့် ခုနစ်ရောင်စုံတာအိုသခင်နောက်သို့ လိုက်ခွင့်ပြုခဲ့လိမ့်မည် မဟုတ်ပေ။
သူ၏အမြင်အရ ထိုပြီးခဲ့သောတိုက်ပွဲက ဝမ်လင်း၏အကန့်အသတ် ဖြစ်သည်ဟု သူ ထင်၏။
အုပ်စိုးသူက ထိုသို့ ကောက်ချက်ချမိသောကြောင့်သာ သူသည် ဝမ်လင်း အပြင်းအထန် ဒဏ်ရာရထား၍ သူ့အတွက် အခွင့်အရေးကြီးဟု တွေးထင်ထားခဲ့၏။ ဤသည်က လက်စားချေဖို့ ဝမ်လင်းကို သတ်ရန်နှင့် တတိယစိတ်ဝိညာဉ်ကို ယူဖို့ သူ့အတွက် အကောင်းဆုံးအခိုက်ပင်။
ထို့ကြောင့်လည်း သူက တစ္ဆေုအိုကြီးကျန့် ခုနစ်ရောင်စုံတာအိုသခင်နောက်သို့ လိုက်နေစဉ်အတွင်း လေးခုမြောက်ပန်းပွင့်ထဲ ဝင်လာသော ဝမ်လင်းနောက်သို့ အမြန်ဆုံးနှုန်းဖြင့် လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူက ဝမ်လင်းအပြင် တတိယကိုယ်လုပ်တော်လည်း သူ့အရင် ရောက်နေလိမ့်မည်ဟု ထင်ထားပြီးသား ဖြစ်၏။ သို့သော် ယွမ်ရီဖန်က သူ့ထက် ပိုမြန်လိမ့်မည်ဟုတော့ မထင်ထားမိခဲ့ပေ။
အခု သူပေါ်လာသည့်အခိုက်၌ သူက မန္တာန်ကို သူ၏မူလဥပဒေသမန္တာန်ကို သုံးကာ ထိပ်တိုက်တွေ့စေ၏။ ထိုတိုက်ခိုက်မှု၏စွမ်းအားက တန်ပြန်သက်ရောက်၍ အုပ်စိုးသူက နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ သူ့ ဘေးပတ်လည်သို့ ကြည့်ကာ သူ၏အမူအရာသည် သုန်မှုန်လာသည်။
ယွမ်ရီဖန်က ရှေ့သို့ လှမ်း၍ အုပ်စိုးသူထံ ဓားသွားရှေ့လက် ခုတ်ပိုင်းချလာ၏။ သူက ဝမ်လင်းကို ရှုံးသွားပြီ ဖြစ်၍ သူ့စကားကိုယ်သူ ပြန်မရုတ်သိမ်းပေ။ သူတို့သည် ဒီလှိုဏ်ဂူလောက ဗဟိုချက်တွင် ရှိနေပါက သူသည် ဝမ်လင်း၏အမိန့်များကို နားထောင်မည် ဖြစ်၏။
သည်အခိုက်၌ သူ့ခန္ဓာကိုယ်အား ရွှေရောင်တံခါးခုနစ်ချပ်က ဝန်းရံပေးလာပြီး သူ့အား နွေးထွေးသော အားအင်ကို ရစေသည်။ သူ၏ဒဏ်ရာများသည်ပင် အနည်းငယ် သက်သာသွားသည့်ဟန်ရကာ ထိုတံခါးခုနစ်ချပ်က အကာအကွယ်အလွှာအဖြစ် ပြုမူသည်။
ထန်ရှန်က ဝမ်လင်းနှင့် ယွမ်ရီဖန်အတွက် ရွှေရောင်တံခါးခုနစ်ချပ်ကို ဖြစ်ပေါ်စေပြီးနောက် ရွှေ့လျား၏။ သူမ၏ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ရွှေရောင်ဓားပျံကိုးလက် ပေါ်လာသည်။ ယင်းတို့က ဓားအစီအရင်အသွင် ဖြစ်စေကာ အုပ်စိုးသူထံ ပျံသန်းဝင်လာသည်။
သူတို့နှစ်ယောက်က အုပ်စိုးသူကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
ဓားသွားရှစ်ခုစိတ်ဝိညာဉ်ပိုင်းဖြတ်ခြင်းက ယွမ်ရီဖန်၏ ကျင့်ကြံမှုအဆင့်ကြောင့် တုန်လှုပ်ဖွယ်စွမ်းအားကို ပိုင်ဆိုင်၏။ အုပ်စိုးသူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံအလင်းက ယွမ်ရီဖန်ထံ ပျံသန်းဝင်လာ၏။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ယွမ်ရီဖန်က ဝမ်လင်းကြောင့် ဒဏ်ရာရထားပြီး ဖြစ်၏။ ရွှေရောင်တံခါးခုနစ်ချပ်သည်လည်း ပျက်စီးသွားသည်။ သူသည် သွေးအန်လိုက်ရပြီး အံတင်းတင်းကြိတ်ကာ မာန်သွင်း၍ ခုတ်ပိုင်းသည်။ ဓားသွားခုနစ်လက်သည် ခုနစ်ရောင်စုံအလင်းနှင့် ထိပ်တိုက်တွေ့ချိန်၌ ပျက်စီး၏။ သို့သော် ရှစ်ခုမြောက်ဓားသွားကမူ ခုနစ်ရောင်စုံအလင်းကို ထွင်းဖောက်၍ အုပ်စိုးသူထံ ကျရောက်တော့မည် ဖြစ်သည်။
အုပ်စိုးသူ၏ခန္ဓာကိုယ်က တုန်ယင်၏။ သူက နောက်သို့ ခြေသုံးလှမ်းဆုတ်သည်။ ရုတ်တရက် သူက ထန်ရှန်၏ ဓားပျံကိုးလက်ထံသို့ မော့ကြည့်လိုက်သည်။
ယင်းတို့က မြန်လွန်းလှသည်။ အုပ်စိုးသူ နောက်ဆုတ်သည်နှင့် ၎င်းဓားပျံများက နီးကပ်လာသည်။ အုပ်စိုးသူက သူ့လက်ကို ပင့်မြှောက်သည်။ လက်မနှင့်လက်ညှိုးကို စက်ဝန်းအသွင် ဖြစ်စေပြီး သူက ထန်ရှန်ကို ရင်ဆိုင်သည်။
သူ့လက်ကြောင့် ဖြစ်ပေါ်လာသော ထိုစက်ဝန်းထံမှ ရွှေရောင်အလင်း ထွက်ပေါ်လာ၏။ ထိုအလင်းသည် မရေမတွက်နိုင်သော ဓားများအလား ဖြစ်ပေါ်ဟန်ရကာ ရှေ့သို့ ပျံသန်းဝင်လာ၏။ ယင်းတို့က ထန်ရှန်၏ ဓားကိုးလက်နှင့် ထိပ်တိုက်တွေ့သည်။ ဓားကိုးလက်မှာ တစစီ ဖြစ်သွား၏။ အစိတ်အပိုင်းများသည် နောက်သို့ လွင့်စင်ထွက်ပြီး အဆုံးမဲ့အလင်းတန်းများက ထန်ရှန်ထံ ချဉ်းကပ်လာသည်။
ထန်ရှန်၏ လက်ကောက်ဝတ်မှ ရွှေရောင်ပုတီးစေ့များ တောက်ပလာပြီး ရွှေရောင်တံခါးခုနစ်ချပ် ပေါ်လာ၍ သည်ခုနစ်ရောင်စုံအလင်းကို ခုခံသည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ထန်ရှန်၏ပါးစပ်ထဲမှ သွေးများ စီးကျလာ၏။ သူမက နောက်သို့ ခပ်မြန်မြန် ထပ်ဆုတ်ရသည်။
“ငါ့ကို ဒဏ်ရာရအောင် အလစ်ချောင်းတိုက်ရဲတာလား…” အုပ်စိုးသူက ရှေ့သို့ လှမ်း၏။ သို့သော် ထိုအခိုက်တွင် ဝမ်လင်းက သူ့ညာလက်ဖြင့် လေဟာနယ်ကို ဖမ်းဆုပ်သည်။ သူက ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီးအား ချိတ်ဆက်ထားသော အက်ကြောင်းသည် တဖန် ပေါ်လာသည်။ ၎င်းက အုပ်စိုးသူထံ တိုးဝင်လာချေ၏။
အဖြစ်အပျက်များမှာ မြန်လွန်းလှ၏။ အုပ်စိုးသူသည် ထန်ရှန်နှင့် ယွမ်ရီဖန်၏တိုက်ခိုက်မှုများကို လစ်လျူရှုထားသည့်အခိုက်၌ အက်ကြောင်းသည် နီးကပ်လာသည်။
အုပ်စိုးသူသည် ဒဏ်ရာရထားသော ယွမ်ရီဖန်နှင့် တတိယကိုယ်လုပ်တော်တို့ကို လစ်လျူရှုထားနိုင်၏။ သို့သော် သူက ဝမ်လင်း၏မန္တာန်ကိုမူ လစ်လျူမရှုထားနိုင်ပေ။ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန် အစွမ်းက ကြောက်မက်ဖွယ် မဟုတ်လား။ အုပ်စိုးသူ၏ မျက်မှောင်ကြုတ်သွားကာ သူ့လက်ဖြင့် စက်ဝန်းများကို ဖြစ်ပေါ်စေလျက် ဝမ်လင်းကို ရင်ဆိုင်သည်။ ဆန်းကြယ်အတိဒုက္ခအဆင့်အချို့ကို ကျော်ဖြတ်ပြီးသော သူ၏ကျင့်ကြံမှုစွမ်းအားသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“ဖျက်စီးခြင်းသုံးခု အုပ်စိုးသူတာအို။ ပထမဆုံး ဝိညာဉ်ဖျက်စီးခြင်းတာအို…” အုပ်စိုးသူ၏ရှေ့ရှိ ရွှေရောင်စက်ဝန်းသည် တောက်ပလာကာ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်နှင့် ထိပ်တိုက်တွေ့သည်။
“ဒုတိယတစ္ဆေဖျက်စီးခြင်းတာအို…” အုပ်စိုးသူ၏ ဝတ်ရုံက ချဲ့ကားလာ၏။ သူ၏ရှေ့တွင် နေတစ်စင်း ပေါ်လာသည်။ မူလဥပဒေသက သူ၏ခန္ဓာကိုယ်ထံမှ ပျံ့လွင့်ကာ သူ့အား ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးအလား ထင်မှားစေသည်။
“တတိယနတ်ဘုရားဖျက်စီးခြင်းတာအို…” အုပ်စိုးသူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်၏။ ၎င်းက ကြီးမားသောလက်ဝါးရာ ဖြစ်လာကာ ဝမ်လင်း ဖန်တီးထားသော အက်ကြောင်းထံသို့ ဦးတည်သည်။
သူ၏ရှေ့ရှိ စက်ဝန်းများထံမှလည်း အဆုံးမဲ့ရွှေရောင်အလင်း ထွက်ပေါ်ကာ သည်အက်ကြောင်းနှင့် ထိမိသည်။ ထိုစက်ဝန်းများသည် ရုတ်တရက် ပျက်စီးသွားပြီးနောက် သူ၏နောက်မှ နေမင်းသည် အက်ကြောင်းထံသို့ ပျံသန်းဝင်လာသည်။
တစ်ချိန်တည်းမှာ ရွှေရောင်လက်ဝါးက နီးကပ်လာ၏။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ပြီး ဝမ်လင်း၏ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်သည် ပျက်စီးသွားသည်။
သို့ပေမည့် ထိုမန္တာန်ရှေ့၌ နေမင်းသည်လည်း ပျက်စီးသွား၏။ ရွှေရောင်လက်ဝါးရာသာ အရာအားလုံးကို ချိုးဖျက်လာပြီး ဝမ်လင်းထံသို့ ရိုက်ချလာသည်။
“လီကောင်းရဲ့လေး မရှိရင် မင်း ငါ့ကို ဘယ်လိုများ ခုခံမလဲ ငါ မြင်ချင်မိတယ်…”
သူက ဝမ်လင်းထံ တိုးဝင်လာ၏။ သူ၏အသက်ရှိုက်သံပင် ကြမ်းရှနေသည်။
ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် ရွှမ်လောက အရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေ၏။ သည်တစ်လမ်းလုံး သူက ဝမ်လင်း၏ နည်းလမ်းများ၊ ဉာဏ်များမှု၊ စိတ်ရှည်မှု၊ ပြတ်သားမှုတို့ကို တွေ့မြင်ခဲ့ရသည်။ သူက ခုချိန်၌ ဝမ်လင်းကို အတော်လေး အသိအမှတ် ပြုနေပေပြီ။
သည်အခိုက်တွင် သူသည် ဝမ်လင်းက ဒီဆန်းကြယ်ဒုက္ခအဆင့်ကျင့်ကြံသူ၏ မန္တာန်ကို မည်သို့ ခုခံမည်အား သိချင်နေသည်။
“သူ လျန်တောက်ကျန်းရဲ့ ညီကို ထုတ်ယူပြီး အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို ထပ် အသုံးပြုအုံးမှာလား…” ရွှမ်လောသည် အလွန်စိတ်ဝင်စားနေ၏။ သို့သော် တအောင့်အကြာတွင် သူ၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။
သူက ဝမ်လင်း၏မျက်လုံးထဲ၌ မည်သည့်ကြောက်ရွှံ့မှုမျှ မရှိသည်ကိုလည်း မြင်၏။ ရွှေရောင်လက်ဝါးက လေဟာနယ်ကို ချိုးဖျက်လာစဉ် ဝမ်လင်းက ခြေသုံးလှမ်းဆုတ်၏။ ပထမတစ်လှမ်းက ဝမ်လင်းကို ရွှမ်လောနှင့် ပေတစ်ထောင်အကွာသို့ ရောက်သွားစေသည်။
ဒုတိယတစ်လှမ်းပြီးနောက် သူသည် ရွှမ်လောနှင့် ပေသုံးရာပင် မလိုတော့ပေ။
တတိယခြေလှမ်းနှင့်အတူ ဝမ်လင်းက ရွှမ်လောဘေးတွင် ပေါ်လာ၏။ သူက ရွှမ်လော၏ ရှေ့တွင်မဟုတ်၊ နောက်တွင် ဖြစ်၏။ ထိုခြေသုံးလှမ်းပြီးနောက် ဝမ်လင်းက ထိုင်ချလိုက်၏။ သူက ရွှမ်လောကို တွေ့မြင်နေရသည့်အလား။ သည်မြင်ကွင်းက အတော်လေး ထူးခြားနေသည်။
ရွှမ်လောသည် ဝမ်လင်းကို လှည့်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာ ဝမ်လင်း ထိုင်ချလိုက်သည့်နောက် သူက သူ့ရှေ့မှ လေဟာနယ်ထံသို့ ကြည့်၏။
သူတို့၏အကြည့်များက တွေ့ဆုံသွားသည့်အလား။
ရွှမ်လောက ဝမ်လင်းကို ခဏကြည့်လိုက်စဉ် ရွှေရောင်အလင်းသည် ကောင်းကင်ထက်တွင် တောက်ပလာသည်။ ရွှေရောင်လက်ဝါးသည် တောင်တစ်လုံးအလား သက်ဆင်းလာ၏။ ၎င်းက ပေတစ်ရာပင် မလိုတော့ပေ။ ဝမ်လင်းပတ်လည်ရှိ မြေပြင်ထုသည် အက်ကွဲလေသည်။
“စိတ်ဝင်စားစရာပဲ…” ရွှမ်လောက ရုတ်တရက် ပြုံး၏။ သူက ညာလက်ကို ပင့်မြှောက်သည်။ သူက ရွှေရောင်လက်ဝါးထံ သာမကာလျှံကာ လက်ညွှန်လိုက်၏။ ထိုရွှေရောင်လက်ဝါးက သူတို့၏ဦးခေါင်းထက် ပေသုံးဆယ်အကွာတွင် ရပ်တန့်သွားသည်။
ထိုရွှေရောင်လက်ဝါး ရပ်တန့်သွားသည့်နောက် ၎င်းက ပြင်းထန်စွာ တုန်ခါပြီးနောက် ရုတ်တရက် ထပ်မံ လှုပ်ရှားသည်။ သို့ပေမည့် ၎င်းသည် လက်ဝါးအရွယ်အစားထိ ကြုံ့လာခဲ့ကာ ဝမ်လင်း၏ရှေ့၌ လွင့်မြောသည်။
ထိုရွှေရောင်လက်ဝါးက တစီစီမြည်၏။ ထိုအသံ၌ ဉာဏ်ရည်ရှိသည့်အလား ၎င်းက အညံ့ခံကာ တုန်ယင်လေသည်။
၎င်းသည် အခုအခါ၌ အထည်ဒြပ် ဖြစ်လာကာ ရတနာတစ်ခုအသွင်သို့ ပြောင်း၏။
သည်ရုတ်တရက် ပြောင်းလဲမျုက တိုက်ခိုက်ရန် ဟန်ပြန်နေသော ယွမ်ရီဖန်ကို မင်သက်သွားစေသည်။ သူက ဝမ်လင်း မည်သို့မျှ မလုပ်ဆောင်လိုက်သည်ကို မြင်သည်။ ဝမ်လင်းက ပေတစ်ထောင်ထိ နောက်ဆုတ်ရုံ၊ ထိုင်လိုက်ရုံသာ ရှိသည်။ ထိုရွှေရောင်လက်ဝါးသည် လေထဲ၌ အမှန်တကယ်ပင် ရပ်တန့်သွားသည်။
ထန်ရှန်သည်လည်း မင်သက်သွား၏။ သူမ၏လက်နှစ်ဖက်မှာလည်း ချိပ်ဟန်ပြုလုပ်နေရာကနေ ရပ်တန့်သွားသည်။ သူမက ဝမ်လင်းကို ကာကွယ်ပေးဖို့ အကောင်းဆုံး လုပ်ဆောင်တော့မည် ဖြစ်၏။ သို့သော် ထိုရုတ်တရက် ပြောင်းလဲမှုက သူမကို ရပ်တန့်သွားစေသည်။
သူတို့နှစ်ယောက်သည်လည်း တုန်လှုပ်နေ၏။ သို့သော် အုပ်စိုးသူက ကြောင်ငေးမင်သက်နေသည်။ သူ၏မျက်လုံးထဲ၌ တုန်လှုပ်မှု ပြည့်နှက်လာ၏။ သူက သူ မြင်တွေ့ခဲ့ရသည့်အရာကို မယုံကြည်နိုင် ဖြစ်သည်။ သူက သူ၏မျက်လုံးကို အလိုလို ပွတ်သပ်မိလိုက်သည်။ သူ၏စိတ်ထဲရှိ တုန်လှုပ်မှုက ဝမ်လင်း လီကောင်းလေးကို အသုံးပြုသည့်အချိန်ထက်ပင် ပိုဆိုးနေသေးသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ…ဒါ မဖြစ်နိုင်ဘူး။ ငါ မန္တာန်တစ်ခုကို အသုံးပြုခဲ့တာ။ ရတနာတစ်ခု မဟုတ်ဘူး။ ဒီရွှေရောင်လက်ဝါးဟာ ငါ့မန္တာန်ကြောင့် ဖြစ်ပေါ်လာတာ။ ဒါဟာ ပုံရိပ်ယောင်တစ်ခုပဲ။ ဒါဟာ မတည်ရှိသင့်ဘူ။ ဒါဟာ ငါ့မန္တာန်စွမ်းအားကြောင့်သာ ဖြစ်ပေါ်လာခဲ့တာ…”
“ဒါကို အထည်ဒြပ်အဖြစ်၊ ရတနာတစ်ခုအဖြစ် ဘယ်လိုလုပ် ပြောင်းလို့ ရမှာလဲ။ ဒီလိုအရာမျိုးဟာ မဖြစ်နိုင်ဘူး…” အုပ်စိုးသူသည် တုန်ယင်နေ၏။ တခြားသူများက ၎င်းမှာ မည်သို့ဆိုလိုရင်းရှိသည်ကို သိချင်မှ သိပေမည်။ သို့သော် သူကတော့ သိပေ၏။
“ပုံရိပ်ယောင်မန္တာန်တစ်ခုကို အထည်ဒြပ်အဖြစ် ပြောင်းပစ်တာ။ ဒီလိုစွမ်းရည်မျိုးဟာ လောကကိုတောင် ပြောင်းလဲပစ်နိုင်တယ်…။ ဒါဟာ…” အုပ်စိုးသူ၏မျက်နှာသည် ဖြူရောလာ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိသည်။
သူသည် ခုလိုကြောက်ရွှံ့မှုမျိုးကို အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။ သူ အရင်က မည်မျှကြောက်ရွှံ့ခဲ့ပါစေ ခုချိန်ကို မယှဉ်သာပေ။ သူ နားမလည်နိုင် ဖြစ်၏။ စိတ်ကူးမကြည့်နိုင် ဖြစ်၏။ သို့မဟုတ် ပို၍ တိတိပပဆိုရသော် သူသည် မခန့်မှန်းကြည့်ရဲခြင်းပင်။
“ဒါဟာ ငါ့သခင်ရဲ့ အစ်ကိုကြီး၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ နေကိုးစင်းထဲက တစ်စင်း ဖြစ်တဲ့သူသာ လုပ်နိုင်တဲ့ အရာမျိုးပဲ…” အုပ်စိုးသူ၏စိတ်နှလုံးမှာ တုန်ယင်နေ၏။ သူသည် လုံးဝ ထိတ်ပြာနေလေပြီ။
အကွာအဝေးတစ်ခု၌ ယွမ်ရီဖန်က အုပ်စိုးသူ၏အမူအရာကို တွေ့သည့််အခါ သူက ဝမ်လင်းရှေ့ရှိ မြောလွင့်နေသော ရွှေရောင်လက်ဝါးကို ကြည့်သည်။ သူ၏မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ကြီးစိုးလာသည်။ သူသည် တစ်ခုခုကို တွေးမိသွားသည့်အလား ရုတ်တရက် ခေါင်းငုံ့ကာ ဦးညွှတ်လိုက်လေ၏။
သို့ပေမည့် သူ၏အမူအရာကို ဝမ်လင်းက ကောင်းကောင်းတွေ့မြင်လိုက်ပေသည်။
***