အခန်း (၆၃၄)
Vol. 42 Ch. 634
အဆုံးမဲ့ အသိအမြင်များက ထွက်ပေါ်လာပြီး လင်းယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် စုစည်းနေသော အချိန်လေဟာနယ် ကောင်းကင်မြစ်က ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာပြီး ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
" ငါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်နဲ့ သိပ်မဝေးတော့တာ ခံစားမိတယ်။ "
လင်းယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ နှစ်တစ်ရာအကြာ ခက်ခဲစွာ ကျင့်ကြံပြီးချိန်တွင် သူက နောက်ဆုံး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့် အနီးသို့ ရောက်ရှိသွားခဲ့သည်။
" ဆက်ကျင့်ကြံရမယ်။ " လင်းယွမ်က ကျန်ရှိနေသော နှစ်နှစ်ရာအတွင်း၌ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို နားလည်ခဲ့လျှင် ထိုဆင်းသက်မှုက ပြည့်စုံသွားပေလိမ့်မည်။
ထိုသို့မလုပ်နိုင်ခဲ့လျှင်တောင် လင်းယွမ်အတွက် အကျိုးအမြတ်များ ရရှိနေပြီးသားဖြစ်သည်။ ဥပမာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ပဉ္စမအဆင့်နှင့် စိတ်စွမ်းအားညွှန်းကိန်း ၂၄ သန်းတို့ဖြစ်သည်။
အခြားအလွှာဆယ့်တစ်သက်ရှိများ၊ အထူးသက်ရှိများပင် နှစ်တစ်ရာဘီလီယံ သို့မဟုတ် တစ်ထောင်ဘီလီယံနှစ်များ ကြာသည့်တိုင် အောင်မြင်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် နောက်ဆုံးအချက် စိတ်စွမ်းအားညွှန်းကိန်း ၂၄ သန်းက အလွှာဆယ့်တစ်သက်ရှိတိုင်းကို စိတ်ပျက်အားငယ်စေရန် လုံလောက်ပေလိမ့်မည်။
ထိုအချိန်တွင် ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ဆယ်မီတာမြင့်ပြီး ဦးခေါင်းက ခန္ဓာကိုယ်အရွယ်အစားကြီး၍ မျက်လုံးများက တည်ငြိမ်နေသည်။ သူက ယခု အဝေးရှိ ထျန်းချင်းကမ္ဘာကို လေးနက်စွာ စောင့်ကြည့်နေသည်။
" နှစ်တစ်ရာ ငါ အဆုံးမဲ့စိတ်စွမ်းအားတွေကို အသုံးပြုပြီး ထိုက်ယင်အရှင်သခင်ရဲ့ သဲလွန်စတွေကနေတစ်ဆင့် ဒီနေရာကို တွက်ချက်နိုင်ခဲ့တယ်။ " ထျန်းကျိအရှင်သခင်၏ မျက်နှာတွင် ခံစားချက်အချို့ ရှိနေသည်။ ဤနေရာကို ရှာတွေ့ရန် သူပေးဆပ်ခဲ့ရသော တန်ဖိုးကို သူကိုယ်တိုင်သာ သိလေသည်။
" ငါ့ရဲ့ တွက်ချက်မှုသာ မှန်ရင် အဲ့ဒီကမ္ဘာက သိုင်းတာအိုရဲ့ မွေးဖွားရာနေရာပဲ။ ထိုက်ယင်အရှင်သခင် ဖြန့်ဝေနေတဲ့ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ရဲ့ မူလရင်းမြစ်က ဒီမှာရှိနေလိမ့်မယ်။ "
ထိုက်ယင်အရှင်သခင်က သိုင်းတာအို ဖြန့်ဝေနေသည့်အကြောင်းရင်းကို သူမသိသော်လည်း သိုင်းတာအို၏ မူလရင်းမြစ်ကို သူက ရှာတွေ့နိုင်သောကြောင့် သိုင်းတာအို၏ ဖြန့်ကျက်မှုကို ဖြတ်တောက်နိုင်ရန် မျှော်လင့်ချက်ရှိလေသည်။ ထိုအချိန်တွင် အဆုံးမဲ့ဟင်းလင်းပြင်အတွင်းမှ မိစ္ဆာနတ်ဘုရားများ၏ အုပ်ချုပ်မှုကို လှုပ်ခါနိုင်တော့မည်မဟုတ်ပေ။
" အရှေ့တောင်ပံအရှင်သခင်နဲ့ အခြားသူတွေ ထိုက်ယင်အရှင်သခင်ကို ထိန်းချုပ်ထားနိုင်ရင် အဲ့ဒီအခွင့်အရေးကို အသုံးပြုပြီး ငါ ဒီကမ္ဘာကို လေ့လာနိုင်လိမ့်မယ်။ " ထျန်းကျိအရှင်သခင်က အလွန်သတိထားနေသည်။
ထိုက်ယင်အရှင်သခင်က အချိန်တိုအတွင်း ထျန်းချင်းကမ္ဘာသို့ ပြန်မလာနိုင်သော်လည်း သူက မူလခန္ဓာကိုယ်နှင့် ထျန်းချင်းကမ္ဘာထဲသို့ ဝင်ရောက်ရန် မစဉ်းစားပေ။ ယင်းအစား သူ၏ မူလခန္ဓာကိုယ်က အဝေးတွင် နေပြီး ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်ခဲ့သည်။
ဝှစ်....
ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားက ထျန်းချင်းကမ္ဘာထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ထျန်းကျိအရှင်သခင်ကဲ့သို့ အဆင့်ကိုး မိစ္ဆာနတ်ဘုရားတစ်ပါးအတွက် ထျန်းချင်းကမ္ဘာကဲ့သို့ ကမ္ဘာတစ်ခုကို ကျူးကျော်ဝင်ရောက်ခြင်းက အားထုတ်စရာမလိုပေ။
" ဟမ် ဒီကမ္ဘာမှာ ဘာမှထူးခြားတာမရှိပါဘူး။ " ထျန်းကျိအရှင်သခင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ထိုက်ယင်အရှင်သခင် သိမ်းပိုက်ထားသော ကမ္ဘာများထဲမှ ကမ္ဘာအချို့က ထျန်းချင်းကမ္ဘာထက် ဆယ်ဆပိုမိုကြီးမားသည်ကို သတိထားမိလိုက်သည်။
ထို့နောက် ထျန်းကျိအရှင်သခင်က ထျန်းချင်းကမ္ဘာ၏ သက်ရှိများကြား ရောနှောပြီး ထျန်းချင်းကမ္ဘာ၏ အသေးစိတ်အချက်အလက်များကို လေ့လာနေသည်။
" ဒီကမ္ဘာမှာလည်း သိုင်းတာအိုကို ကျင့်ကြံကြတာပဲ။ " ထျန်းကျိအရှင်သခင်က သူသိလိုသော အချက်အလက်များကို လျင်မြန်စွာ သိလိုက်ရသည်။
" သိုင်းဘိုးဘေးလား။ " ထိုနာမည်ကို ကြားချိန်တွင် ထျန်းကျိအရှင်သခင်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ယခင်က ထိုက်ယင်အရှင်သခင်သိမ်းပိုက်ထားသော ကမ္ဘာအချို့တွင် သူက သိုင်းတာအိုကျင့်ကြံခြင်းစနစ်နှင့် သိုင်းတာအိုကျင့်ကြံသူများကို စုံစမ်းခဲ့သော်လည်း သိုင်းဘိုးဘေးအကြောင်း တစ်ခါမှမကြားဖူးခဲ့ပေ။
" သိုင်းဘိုးဘေးက သိုင်းတာအိုရဲ့ မူလရင်းမြစ်လား။ သိုင်းတာအိုကို သိုင်းဘိုးဘေးက ဖြန့်ဝေတာလား။ " ထျန်းကျိအရှင်သခင်က သေချာစဉ်းစားလိုက်သည်။ " အဲ့ဒီသိုင်းဘိုးဘေးက ဘယ်သူလဲ။ ထိုက်ယင်အရှင်သခင်ကလား။ "
" သိုင်းဘိုးဘေးက သိုင်းခန်းမမှာ ကျင့်ကြံနေတယ်။ " ထျန်းကျိအရှင်သခင်က အချက်အလက်များကို ထပ်မံစုဆောင်းခဲ့သည်။
ထျန်းချင်းကမ္ဘာတွင် သိုင်းဘိုးဘေး နေထိုင်ရာက လျို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ အခြေခံအားဖြင့် သိုင်းတာအိုကျင့်ကြံသူတိုင်း သိကြလေသည်။ ၎င်းက သိုင်းခန်းမဖြစ်၏။
နှစ်ပေါင်းများစွာတိုင်အောင် သိုင်းခန်းမ၏ နတ်ဆရာက သိုင်းဘိုးဘေးအား ပူဇော်သည့် အခမ်းအနားကို ကျင်းပခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သက်ရှိအားလုံးကို သိုင်းဘိုးဘေးအား ဦးညွှတ်စေခဲ့သည်။
" သိုင်းခန်းမ " ထျန်းကျိအရှင်သခင်က သိုင်းဘိုးဘေးအကြောင်း စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ယခု သူက ကိုယ်ပွားတစ်ခုဖြစ်သောကြောင့် အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့လျှင်တောင် ပြဿနာမရှိပေ။ ထိုက်ယင်အရှင်သခင် ပြန်လာလျှင်တောင် သူ့ကို ထိခိုက်စေမည်မဟုတ်ပေ။
မကြာမီ ထျန်းကျိအရှင်သခင်က ဘိုးဘေးနတ်ဆိုးသစ်ပင်သို့ ရောက်လာခဲ့သည်။ သူက ကိုယ်ပွားတစ်ခုဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် သိုင်းတာအိုကျင့်ကြံသူများက သူ့ကို သတိမထားမိကြပေ။
" ဒီသစ်ပင်ကြီးကလည်း မိစ္ဆာနတ်ဘုရားလား။ " ထျန်းကျိအရှင်သခင်က ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ထျန်းချင်းကမ္ဘာတွင် နှစ်ပေါင်းသိန်းချီ ပျိုးထောင်ခဲ့သော်လည်း မိစ္ဆာအနှစ်သာရက ပြောင်းလဲခြင်းမရှိပေ။
" ဒါက သိုင်းခန်းမလား။ " ထျန်းကျိအရှင်သခင်က ခန်းမကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
ထိုနေရာမှ ထွက်ပေါ်နေသော အော်ရာက ထျန်းကျိအရှင်သခင်၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့သည်။
" သိုင်းဘိုးဘေးက သိုင်းခန်းမရဲ့ အနက်ရှိုင်းဆုံးမှာ " ထျန်းကျိအရှင်သခင်က ခဏစဉ်းစားပြီး အလျင်စလို မပြုမူခဲ့ပေ။ ထိုခဏတွင် သူ၏ စိတ်ထဲမှ မဖော်ပြနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
" အဲ့ဒီသိုင်းဘိုးဘေးက ဘယ်သူလဲဆိုတာ ကြည့်ရအောင်။ " ထျန်းကျိအရှင်သခင်က သိုင်းခန်းမအတွင်းသို့ ထောက်လှမ်းရန် သူ၏ နည်းစနစ်များကို အသုံးပြုလိုက်သည်။
ထျန်းကျိအရှင်သခင်၏ မျက်လုံးထဲတွင် သိုင်းခန်းမ၏ မြင်ကွင်းများ စတင်ပေါ်ပေါက်လာသည်။ မြင်ကွင်းများက သိုင်းခန်းမ၏ အနက်ရှိုင်းဆုံးသို့ ဆက်လက် ရွေ့လျားသွားသည်။ ထျန်းကျိအရှင်သခင်က ပူဇော်သည့်နေရာတွင် သိုင်းတာအိုကျင့်ကြံသူများစွာကို မြင်တွေ့လိုက်ရသည်။
ထျန်းကျိအရှင်သခင်၏ အမြင်အာရုံက သိုင်းခန်းမ၏ အနက်ရှိုင်းဆုံးသို့ ရောက်လာခဲ့သည်။ ထိုနေရာက ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ရောက်ခွင့်မရှိပေ။
" ဟမ် " ထျန်းကျိအရှင်သခင်က သတိထားပြီး ကြည့်လိုက်ရာ သိုင်းခန်းမ၏ အဆုံးတွင် ပုံရိပ်တစ်ခု ထိုင်နေသည်ကို မြင်လိုက်ရသည်။
" အဲ့ဒါ သိုင်းဘိုးဘေးလား။ " ထျန်းကျိအရှင်သခင်က ပို၍ အာရုံစိုက်ပြီး နီးကပ်စွာ မြင်နိုင်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် တိတ်ဆိတ်စွာ ထိုင်နေသော သိုင်းဘိုးဘေးက မျက်လုံးများဖွင့်လာသည်။
" အဲ့ဒါ " ထျန်းကျိအရှင်သခင်၏ အာရုံက ထိုမျက်လုံးများဆီသို့ ရောက်သွားခဲ့သည်။
ဝုန်း...
ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားက ချက်ချင်း ပေါက်ကွဲသွားသည်။
ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်တစ်နေရာတွင် ကိုယ်ပွားပျက်စီးမှုကြောင့် မူလခန္ဓာကိုယ်ဆီသို့ တန်ပြန်သက်ရောက်မှုက ရောက်ရှိလာသည်။ ထျန်းကျိအရှင်သခင်၏ မူလခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။
" အဲ့ဒါ သိုင်းဘိုးဘေးလား။ " ထျန်းကျိအရှင်သခင်က ချက်ချင်း တုန်လှုပ်သွားပြီး အဝေးသို့ ရူးသွပ်စွာ ပျံသန်းသွားသည်။
ထျန်းကျိအရှင်သခင်က တန်ပြန်သက်ရောက်မှုကို ဂရုစိုက်ခြင်းမရှိဘဲ ထျန်းချင်းကမ္ဘာနှင့် ဝေးရာသို့ ရူးသွပ်စွာ ထွက်ပြေးနေခဲ့သည်။
တွက်ချက်မှုတွင် ကျွမ်းကျင်ပြီး တိုက်ခိုက်ရေးတွင် နိမ့်ကျသော်လည်း ထျန်းကျိအရှင်သခင်က လွတ်မြောက်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ ယခုအချိန်တွင် သူက အရာအားလုံးကို လျစ်လျူရှုကာ အချိန်လေဟာနယ်စွမ်းအားကို နိုးထစေပြီး အလင်းနှစ်သန်းပေါင်းများစွာကို ခဏအတွင်း ဖြတ်ကျော်နေသည်။
" အရမ်းကြောက်စရာကောင်းတယ်။ အဒါ သိုင်းဘိုးဘေးလား။ သူက အဲ့လောက်တောင် သန်မာတာလား။ " ထျန်းကျိအရှင်သခင်၏ စိတ်ထဲတွင် အလွန်တုန်လှုပ်ချောက်ချားနေသည်။
ထိုက်ယင်အရှင်သခင်၏ စွမ်းအားကလည်း စိတ်ကူးယဉ်၍ မရပေ။ အဆုံးမဲ့ဟင်းလင်းပြင်တွင် အဆင့်ကိုး အထွတ်အထိပ်မိစ္ဆာနတ်ဘုရားများက အနည်းငယ်သာ ရှိလေသည်။ ရုတ်တရက် သူတို့ထက် ပိုမိုသန်မာသော ထိုက်ယင်အရှင်သခင်က ထွက်ပေါ်လာခဲ့သည်။
ယခု နောက်ဆုံးတွင် ထျန်းကျိအရှင်သခင်က နားလည်လိုက်လေပြီ။ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများထက် ပိုမိုသန်မာသော ထိုက်ယင်အရှင်သခင်ဆိုသည်မှာ ရှေ့တန်းသို့ တွန်းပို့ခံထားရသော နယ်ရုပ်တစ်ခုသာ ဖြစ်သည်။
အဆုံးမဲ့ဟင်းလင်းပြင်ရှိ မိစ္ဆာနတ်ဘုရားများ၏ အခြေခံကို လှုပ်ခါနေသူမှာ နောက်ကွယ်မှာ ကြိုးကိုင်နေသော သိုင်းဘိုးဘေးသာ ဖြစ်သည်။
ထျန်းကျိအရှင်သခင်က အကြည့်တစ်ချက်နှင့် သာမန်မဟုတ်သော တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။ သူ၏ မူလခန္ဓာကိုယ်သာ ဝင်ရောက်သွားခဲ့လျှင် လွတ်မြောက်ရန်ပင် မသေချာတော့ပေ။ ထိုသို့လုပ်နိုင်ရန် အဆင့်ကိုး အထွတ်အထိပ်နှင့် မလုံလောက်ပေ။
" အဲ့ဒါ ဒဏ္ဍာရီထဲက အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားလား။ မဟုတ်ဘူး အဆင့်တစ်ဆယ်သာဆိုရင် ဘာလို့နောက်ကွယ်မှာ ပုန်းနေမှာလဲ။ အဆင့်တစ်ဆယ်နဲ့ အရမ်းနီးစပ်နေသူဖြစ်ရမယ်။ " ထျန်းကျိအရှင်သခင်က လျင်မြန်စွာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။ အဆင့်တစ်ဆယ်မဟုတ်လျှင် လွတ်မြောက်ရန် မျှော်လင့်ချက်ရှိလေသည်။