← Chapters

အုပ်စိုးသူ၏ စိတ်ဝိညာဉ်

Vol. 132 Ch. 1827

အုပ်စိုးသူ၏ စိတ်ဝိညာဉ်

Vol. 132 Ch. 1827

အုပ်စိုးသူက ထိုသို့ ပြောလိုက်စဉ် လှိုင်းဂယက်များက ဒီရှေးသင်္ချိုင်း၏ ဒုတိယအလွှာတွင်ရှိ မြေပြင်ထက်တွင် ပေါ်လာသည်။ ၎င်းက ချက်ခြင်းပင် ရေကဲ့သို့ ပြောင်းလဲ၏။

ဝမ်လင်းနှင့် တခြားသူများ၏ ပုံရိပ်များသည် ထိုရေတွင် ပေါ်လာကြသည်။ သူတို့က ရေတွင်းထဲသို့ ရောက်သွားသည့်အလား။

လုံးဝ မလိုအပ်ပါက ဝမ်လင်းသည် အုပ်စိုးသူနှင့် မတိုက်ခိုက်ချင်ပေ။ သူသည် တစ္ဆေအိုကြီးကျန့်၊ ခုနစ်ရောင်စုံတာအိုသခင်တို့နှင့် ရန်သူများ ဖြစ်နေပြီး ဖြစ်၏။ အုပ်စိုးသူကိုသာ ထပ်ပေါင်းပါက သူ့အတွက် အလွန်ခက်ခဲစေမည်သာ။ သူသည် မတိုက်ခိုက်ချင်သော်လည်း အုပ်စိုးသူ၏ ရည်ရွယ်ချက်မှာ သူ့ကို သတ်ဖို့ ဖြစ်နေ၏။

ထို့အတွက်ကြောင့် ဝမ်လင်းသည် မဖြစ်မနေတိုက်ခိုက်ရတော့သည်။

ဝမ်လင်းက အသာစီး ရယူထားပြီး ဖြစ်၏။ ယွမ်ရီဖန်၊ ထန်ရှန်နှင့် ထာဆန်တို့က အုပ်စိုးသူကို ဒဏ်ရာအပြင်းအထန်ရသွးစေရန် သူ့ကို ကူညီပေးထားသည်။ ထို့အပြင် ပြီးခဲ့သောအဖြစ်အပျက်က ဝမ်လင်းကို အုပ်စိုးသူ၏စိတ်အား ကောင်းကောင်းရိုက်ချနိုင်စေခဲ့သည်။

အမျိုးမျိုးသောအခြေအနေများကို အခြေခံ၍ အုပ်စိုးသူကို သတ်နိုင်မည့် အကောင်းဆုံးအခြေအနေ ပေါ်လာခဲ့ပေပြီ။ ပို၍ အရေးကြီးသည်မှာ ဝမ်လင်းသည် ထာဆန်နှင့်အုပ်စိုးသူတို့ အပြင် တတိယမြောက်လူကိုပါ အာရုံခံမိခဲ့ခြင်း ဖြစ်၏။ ထိုသူမှာ တာအိုသခင်အိပ်မက်ပြာပင်။

ဝမ်လင်းက သူတို့ငါးယောက်ဖြင့် အုပ်စိုးသူကို မချိပ်ပိတ်နိုင်သည်ကို မယုံပေ။

သည်အခိုက်၌ အုပ်စိုးသူ၏ ရေတွင်းထဲမှလမျှားခြင်းက ပေါ်လာခဲ့ပေပြီ။ သူ၏နီရဲသော မျက်လုံးများထဲပ သတ်ဖြတ်လိုစိတ် ပြည့်နေ၏။ သူက ဆက်လက်၍ ထွက်မပြေးလိုတော့၊ အကြောင်းမှာ သူသည် တာအိုသခင်အိပ်မက်ပြာ ရောက်ရှိလာပြီကို ရှင်းလင်းစွာ ခံစားမိသောကြောင့်ပင်။

“အိပ်မက်ပြာ ရောက်လာတော့ရော ဘာဖြစ်သေးသလဲ။ မင်းတို့ ငါ့ကို သတ်ချင်ရင် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ်။ ဒါ့အပြင် အချိန်ဟာ အကန့်အသတ် ရှိတယ်။ တစ္ဆေအိုကြီးကျန့်က မကြာခင် ရောက်လာတော့မှာ။ သူ မရောက်လာခင် မင်းတို့ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး…”

ရေတွင်းအဖြစ်သို့ ပြောင်းလဲသွားသော မြေပြင်သည် ဝမ်လင်းနှင့် တခြားသူများ၏အရိပ်ကို ရောင်ပြန်ဟပ်သည်။ ထို့နောက် အပြာရောင်အလင်း ဖျတ်ခနဲ ပေါ်လာ၏။ ထိုအလင်းက ရေတွင်းနှင့်ကောင်းကို အနှံ့ ပျံ့လွင့်သည်။ အကွာအဝေးတစ်ခု၌ တာအိုသခင်အိပ်မက်ပြာသည် လှမ်းလျှောက်ထွက်လာသည်။

ဝမ်လင်း၏မျက်လုံးများသည် တောက်ပလာသည်။ တာအိုသခင်အိပ်မက်ပြာ ရောက်လာသည့်အခါ သူက နတ်ဘုရားအာရုံဖြင့်  သတင်းစကားပို့သည်။ “စီနီယာအိပ်မက်ပြာ၊ သင် အုပ်စိုးသူကို အသက်သုံးရှိုက်စာ ချိပ်ပိတ်ထားနိုင်မလား…”

အိပ်မက်ပြာက နီးကပ်လာပြီး ခေါင်းညိတ်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ရေတွင်းအဖြစ် ပြောင်းသွားသော မြေပြင်က တုန်ယင်သွား၏။ မြေပြင်ထုသည် ပျက်စီးကာ ရေတွင်းသည် တစစီ ဖြစ်သွားသည်။

အပြာရောင်အလင်းသည် ပျက်စီးသွားသောရေတွင်းထဲ ဝင်ရောက်ကာ လေထဲသို့ ပျံတက်၏။ ၎င်းက အပြာရောင်လိုက်ကာစအဖြစ် ပြောင်းကာ သည်လောကကို ခြုံလွှမ်းသည်။

“ငါ အသက်သုံးရှိုက်စာ ချိပ်ပိတ်ထားပေးနိုင်တယ်…” တာအိုသခင်အိပ်မက်ပြာက ထိုသို့ ပြောရင်း အပြာရောင်အလင်းထံ လှမ်းလျှောက်ဝင်လာသည်။ ချက်ခြင်းပင် ပတ်ဝန်းကျင်ရှိ အပြာရောင်အလင်းက အုပ်စိုးသူထံ တရှိန်ထိုး ဝင်ရောက်သည်။

ထိုအပြာရောင်အလင်းတန်းသုံးခုက ယွမ်ရီဖန်နှင့် ထန်ရှန်ထံ ပျံသန်းဝင်ရောက်ကာသူတို့အား အပြာရောင်အလင်းထဲသို့ ဆွဲသွင်းသည်။ နောက်ဆုံးအလင်းတန်းက ထာဆန်ကို ထွေးခြုံ၍ သူ့ကိုလည်း အပြာရောင်အလင်းထဲသို့ ဆွဲသွင်းသည်။

သူတို့လေးယောက်သည် အပြာရောင်အလင်းနှင့် ပေါင်းစပ်သွားကြ၏။ သူတို့ အပြာရောင်အလင်းထဲသို့ ပျောက်ကွယ်သွားချိန်၌ သူတို့သည် မှော်စာလုံးလေးခုအဖြစ်သို့ ပြောင်းကာ အုပ်စိုးသူထံ ပျံသန်းဝင်လာသည်။

အုပ်စိုးသူ၏အမူအရာမှာ ပြောင်းလဲသွားသည်။ အဖြစ်အပျက်များမှာ ချက်ခြင်းဆိုသလိုပင်။ မှော်စာလုံးလေးလုံးသည် အုပ်စိုးသူထံ ချက်ခြင်း ဝင်ရောက်လာသည်။ သူက ယင်းတို့ကို မရှောင်နိုင်တော့ပေ။ တကယ်တော့ ဤသည်မှာ အိပ်မက်ပြာ၏ ကျင့်ကြံမှုအပြည့်အဝကနေ ဖြစ်ပေါ်လာခြင်းပင်။ သူသည် ဆန်းကြယ်ဒုက္ခအဆင့်ကို မဝင်ရောက်ရသေးသော်လည်း ထိုအဆင့်ရှိ ကျင့်ကြံသူများနှင့် ယှဉ်တိုက်ခိုက်နိုင်ပေသည်။

သူ၏ဦးဆောင်မှုဖြင့် တခြားသုံးယောက်ကြောင့် မှော်စာလုံးလေးခုသည် အရံအတားအားလုံးကို ချိုးဖျက်ကာ အုပ်စိုးသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ထိုမှော်စာလုံးများ ကျရောက်သွားသည်နှင့် အုပ်စိုးသူသည် တုံ့နှေးရကာ အပြာရောင်အလင်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချိပ်ပိတ် ဝန်းရံသည်။ သူ၏လှုပ်ရှားမှုအားလုံးသည် ချိပ်ပိတ်ခံရသော်လည်း သူ့ထံ၌ စွမ်းအားများစွာ ရှိနေဆဲပင်။ ထိုအပြာရောင်အလင်း သူ့အား လွှမ်းခြုံလာသည့်အခိုက်မှာပင် ရွှေရောင်အလင်းက သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်သွားသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက အုပ်စိုးသူသည် လုံးဝ ရွှေရောင်သန်းနေတော့သည်။

ထိုရွှေရောင်ဒိုင်းက သူ အသက်ရှိုက်စာအချိန်အနည်းငယ် ချိပ်ပိတ်ခံလိုက်ရစဉ် သူ့အား ဒဏ်ရာမပြင်းထန်သွားအောင် ကာကွယ်ပေးသည်။

အသက်သုံးရှိုက်စာ၏ ပထမဆုံးအသက်ရှိုက်ချိန်။

ဝမ်လင်းသည် အချိန်ဆွဲမနေပေ။ အုပ်စိုးသူ အပြာရောင်အလင်းဖြင့် ချိပ်ပိတ်ခြင်း ခံလိုက်ရသည်နှင့် သူက ရှေ့သို့ လှမ်းကာ အုပ်စိုးသူ၏ရှေ့တွင် ပေါ်လာသည်။ သူ့ညာလက်ကို ပင့်မြှောက်၏။ တစ္ဆေရွက်ဖျင်ပေါ်လာသည်။ ဝမ်လင်း၏လက်ချောင်းက အပြာရောင်အလင်းကို ထွင်းဖောက်ကာ အုပ်စိုးသူ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။

အိပ်မက်တာအို။

ဝမ်လင်း၏အသံ ပဲ့တင်ထပ်၏။ ဒုတိယအသက်ရှုချိန် ကျရောက်လာပြီ။

အိပ်မက်တာအိုနှင့် တစ္ဆေမျက်နှာတို့မှာ ပေါင်းစပ်သွားကြကာ အုပ်စိုးသူထံသို့ တရကြမ်း ဝင်ရောက်လာကြ၏။

အိပ်မက်တာအိုကို အသုံးချကာ ဝမ်လင်းက အုပ်စိုးသူ၏မှတ်ဉာဏ်များအတွင်းသို့ ဝင်ရောက်လာကာ ချိတ်ဆက်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ဝမ်လင်းသည် အုပ်စိုးသူ၏မှတ်ဉာဏ်များကို ပြောင်းလဲဖို့ မကြိုးစားပေ။ သို့သော် သူက အနက်ရောင်မြူဖြင့် ဝန်းရံထားသော တောင်ထံသို့ လက်ညွှန်လိုက်ချေ၏။

“ငါ ဒီစိတ်ဝိညာဉ်ကို ရီစီအတွက် စတေးတယ်…”  ဝမ်လင်းသည် သူက အုပ်စိုးသူ၏ ပြိုင်ဘက်မဟုတ်မှန်း သိ၏။ သို့သော် သူက သူ့ကို သတ်ဖို့ ဓားတစ်လက် ငှားနိုင်စွမ်း ရှိသည်။ ၎င်းဓားမှာ ရီစီရုပ်သေးပင်။

သူ၏စကားသံ ပဲ့တင်ထပ်လာချိန်၌ တတိယအသက်ရှိုက်စာ ကျရောက်လာပြီ။ တောင်ပတ်လည်ရှိမြူများ တဝီဝီလှည့်ပတ်ကာ ကောင်းကင်ဖြိုခွင်းသည့်အလား ဟိန်းမြည်သံကို ထုတ်လွှတ်လာ၏။

တစ်ချိန်တည်းမှာ အုပ်စိုးသူ၏ စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ မြန်ဆန်စွာ စတင် ပျောက်ကွယ်လာ၏။ ၎င်းသည် ဝါးမြိုခြင်း ခံရသည့်နှယ်။ အုပ်စိုးသူ၏မျက်လုံးထဲ၌ ရုန်းကန်မှုတို့ ရှိနေ‌၏။ သူက ပြင်းပြင်းထန်ထန် မာန်သွင်းအော်ဟစ်သည်။ အသက်ရှိုက်စာသုံးခါ အချိန်မှာ ကုန်လွန်သွားလေပြီ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချိပ်တံဆိပ်များသည် လွင့်ပြယ်သွားတော့သည်။

ထိုချိပ်ပိတ်မှုလေးခု ပျောက်ကွယ်သွားချိန်၌ တာအိုသခင်အိပ်မက်ပြာ၊ ယွမ်ရီဖန်၊ ထန်ရှန်နှင့် ထာဆန်တို့က ပတ်ဝန်းကျင်ရှိ အပြာရောင်အလင်းထံမှ ပေါ်လာကြသည်။

နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်ကာ အုပ်စိုးသူသည် တာအိုသခင်အိပ်မက်ပြာ၏ ချိပ်ပိတ်မှကနေ လွတ်ကင်းလာ၏။ သူက သူ၏ခေါင်းကို  ဆုပ်ကိုင်ကာ နောက်သို့ အမြန်ဆုတ်သည်။ နာကျင်စွာအော်သံများက လူတိုင်း၏စိတ်နှလုံးကို လှုပ်ခါစေနိုင်လောက်၏။

အုပ်စိုးသူ၏စိတ်ဝိညာဉ်မှာ မြန်ဆန်စွာ ကွယ်ပျောက်ပြီး စတေးခံလေပြီ။ တာအိုသခင်အိပ်မက်ပြာနှင့် တခြားသူများက သည်အဖြစ်ကို တွေ့မြင်သည့်အခါ သူတို့၏မျက်လုံးသူငယ်အိမ်များ ကြုံ့ကုန်၏။ သူတို့မှာ တုန်လှုပ်ကုန်သည်။

ဝမ်လင်းသည် သွေးအန်ကာ နောက်ဘက် ပေတစ်ထောင်ကျော်ထိ ဆုတ်သွားရ၏။ သူက ကောင်းကင်ထက်ရှိ စူးစူးဝါးဝါးအော်ဟစ်နေသော အုပ်စိုးသူကို ကြည့်၏။ သူ၏မျက်လုံးထံမှ ရက်စက်ဟန်၊အေးစက်စက်အကြည့် လှစ်ဟပေါ်သ်ည။

သည်အခိုက်တွင် အုပ်စိုးသူ၏မျက်လုံးတို့မှာ နီရဲနေ၏။ ပြင်းထန်သောနာကျင်မှုက သူ့ကို ရူးသွပ်သွားစေမည့်အလား။ သူက ဝမ်လင်းကို ကြည့်ကာ ကမူးရှုးထိုး တိုးဝင်လာချေသည်။

“ငါ့ကို ဒီလောက်နာကျင်အောင် လုပ်တာ မင်းပဲ။ ငါ မင်းကို သတ်မယ်။ သတ်မယ်…”

အုပ်စိုးသူက ဝမ်လင်းထံ အော်ဟစ်၍ ပြေးဝင်လာ၏။ သူ၏အသိစိတ်မှာ ဝေဝါးနေလေပြီ။ သူ့စိတ်ထဲ၌ ရှိနေသော တစ်ခုတည်းသောအတွေးမှာ ဝမ်လင်းကို သတ်ဖို့ပင်။

“ရီစီရုပ်သေး…ငါ လုံလောက်တဲ့ စိတ်ဝိညာဉ်တွေကို စတေးပေးခဲ့ပြီးပြီ။ ငါ သင့်ကို ဆင့်ခေါ်တယ်…”  ဝမ်လင်းသည် သူ့ပါးစပ်ထောင့်မှ သွေးကိုပင် မသုတ်တော့ဘဲ နောက်သို့ ဆုတ်၏။ အုပ်စိုးသူ နီးကပ်လာစဉ် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မာန်သွင်းအော်ဟစ်သည်။

သူ၏စကားလုံး ပဲ့တင်ထပ်လာသည်နှင့် အကွာအဝေးတစ်ခုရှိ တောင်က ပျက်စီးကာ မြူများသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ ၎င်းမှာ မြန်လှ၏။ ချက်ခြင်းပင် ဝမ်လင်းကို ခြုံလွှမ်းသွားသည်။ ၎င်းသည် တိုးဝင်လာသော အုပ်စိုးသူကိုပင် ခြုံလွှမ်းသွားသေးသည်။

လူတိုင်း၏အကြည့်ကို မြူများက ဖုံးလွှမ်းသွား၏။ ထို့နောက် ၎င်းမြူများအတွင်းမှ ဟိန်းအော်သံနှစ်သံ မြည်ဟိန်းထွက်လာသည်။ တစ်သံမှ အုပ်စိုးသူထံမှ ဖြစ်၏။ နာကျင်မှု ပြည့်နေသော အသံပင်။ နောက်တစ်သံမှာ ဝမ်လင်းထံမှ သတ်ဖြတ်လိုမှုအပြည့်ဖြင့် ဟိန်းအော်သံပင်။

မြူအတွင်းရှိ သူတို့နှစ်ယောက်ကလွဲ၍ အပြင်ဘက်ရှိ မည်သူကမျှ မည်သို့ဖြစ်ပျက်နေသည်ကို မသိကြပေ။ သူတို့သည် အုပ်စိုးသူ၏ အော်သံများက ပိုပိုဆိုးဝါးလာသည်ကိုသာ ကြားနိုင်သည်။

တအောင့်အကြာတွင် မြူများသည် အပြင်းအထန် လှည့်ပတ်ကာ အုပ်စိုးသူသည် လွင့်ထွက်လာ၏။ သူက မြေပြင်ထက်သို့ မျက်လုံးမှိတ်လျက်သား ကျရောက်ကာ မလှုပ်မယှက် ဖြစ်သွားသည်။

အိပ်မက်ပြာနှင့် တခြားသူများက ဝမ်လင်းကို ဝန်းရံထားသော အနက်ရောင်မြူများကို ဂရုတစိုက် ကြည့်ကြသည်။ သူတို့က ထိုမြူများသည် တဖြည်းဖြည်း သိပ်သည်းကာ ဝမ်လင်း၏ပုံရိပ် လှစ်ဟပေါ်လာသည်ကို မြင်ရသည်။

ထိုမြူများက စုဝေးနေဆဲပင်။ ဝမ်လင်းထံ စုဝေးခြင်းတော့ မဟုတ်ပေ။ သို့သော် သူ၏ညာဘက်ခြမ်းတွင် စုဝေးခြင်း ဖြစ်၏။ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်နေသော အရိပ်တစ်ခု ရှိလာသည်။ မြူများအားလုံး သိပ်သည်းသွားသည့်အခါ ထိုအရိပ်သည် လူတိုင်းအတွက် ပိုထင်ရှားလာ၏။

ထန်ရှန်၏မျက်နှာမှာ ချက်ခြင်းဖြူရောသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ချက်ခြင်း ဆုတ်မိသည်။ ယွမ်ရီဖန်မှာလည်း ပင့်သက်ရှိုက်ကာ သူ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ကြီးစိုး၏။

တာအိုသခင်အိပ်မက်ပြာနှင့် ထာဆန်တို့က တော်သေး၏။ သို့သော် သူတို့၏စိတ်နှလုံးမှာ ထိုအရိပ်ကို တွေ့မြင်သည့်အခါ တုန်ယင်ရသည်။

၎င်းအရိပ်မှာ ခရမ်းရောင်အသားအရေနှင့် လူပုလေးတစ်ယောက် ဖြစ်၏။ သူက အဝတ်ဗလာနှင့်ပင်။ သူ့ဦးခေါင်းထက်၌ ဆံချည်မျှင် တစ်မျှင်မျှ မရှိဘဲ သူ၏ခန္ဓာကိုယ်မှာ သေးသွယ်သည်။

သူ့လျှာမှာ ခုနစ်လက်မလောက် ရှည်ပြီး တွဲလွဲကျကာ ဝေ့ယမ်းသည်။ သူ၏မျက်လုံးတို့မှာ နက်မှောင်၏။

သူ၏ခန္ဓာကိုယ်မှာ ဖော်ပြနိုင်စွမ်းကင်းမဲ့သည့် ကြမ်းကြုတ်မှု ပျံ့လွင့်နေသည်။

ထိုရုပ်သေးသည် ငရဲမှ ကုတ်တက်လာသော မကောင်းဆိုးဝါးတစ်ကောင်အလား။ ၎င်းသည် နေရာတွင်သာ ဆောင့်ကြောင့်ထိုင်နေသော်လည်း ၎င်းထံမှ လူတိုင်း၏စိတ်နှလုံးကို ဖိစီးသော အော်ရာကို ပေးစွမ်းနေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။ မကောင်းဆိုးဝါးနှင့် တူသော လူပု(ဝါ)ရီစီရုပ်သေး၏ အသက်ရှုသံကိုသာ ကြားနေရသည်။

ဝမ်လင်းက တည်ငြိမ်ဟန် ပေါ်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ တုန်လှုပ်မိနေသည်။ မြူများအတွင်း၌ သူက ရီစီရုပ်သေးသည် အုပ်စိုးသူကို အရူးအမူးတိုက်ခိုက်ခဲ့သည်အား သူ တွေ့မြင်ခဲ့ရပေသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်လိုက်၏။ သူက ထိုရုပ်သေးနှင့် သူ့ကြား ဆက်သွယ်မှုက သိပ်အားမကောင်းသည်ကို သိသည်။ ၎င်းကို ထိန်းချုပ်ဖို့မှာ ခက်ခဲလွန်းသည်။ သူသာ ၎င်းကို အပြည့်အဝ ထိန်းချုပ်လိုပါက ဆက်လက်သတ်ဖြတ်ရပြီး ၎င်းအတွက် စိတ်ဝိညာဉ်များကို စတေးစေရအုံးမည် ဖြစ်၏။

“ဒီရုပ်သေးက တတိယစိတ်ဝိညာဉ်ထဲက မှတ်ဉာဏ်နဲ့ သိပ်မတူဘူး။ မှတ်ဉာဏ်အရဆို ၎င်းဟာ ပေါ်လာတာနဲ့  ဆန်းကြယ်ဒုက္ခအဆင့်အားလုံးကို ဖြတ်သန်းပြီးတဲ့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် စွမ်းအား ရှိသင့်တယ်…”

“ဒါပေမဲ့ ဒီရုပ်သေးဟာ အလွန်အားကောင်းပေမယ့်လည်း အစစ်အမှန်လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို မမှီသေးဘူး။ ၎င်းဟာ ဆန်းကြယ်ဒုက္ခအဆင့်တွေကို ဖြတ်သန်းပြီးတဲ့ တစ်စုံတစ်ယောက်နဲ့ပဲ တူညီတဲ့ကျင့်ကြံမှုအစွမ်း ရှိနေတာ…”  ဝမ်လင်းသည် သူ့စိတ်ထဲ၌ သံသယရှိနေသော်လည်း သူက အဖြေရှာမတွေ့ ဖြစ်နေသည်။

အကွာအဝေးတစ်ခု၌ ရွှမ်လောက ရီစီရုပ်သေး ပေါ်လာခဲ့ချိန်တည်းက ၎င်းကို ကြည့်နေ၏။ သူက ၎င်းကို မည်သည့်အရာမှန်း သိပေသည်။

“ငါ အရင်တည်းက ဒီအော်ရာကို ခံစားခဲ့မိတယ်။ ဒါဟာ တကယ့်ကိုပဲ ရုပ်သေးစိတ်ဝိညာဉ် ဖြစ်နေပြီး နှစ်ကြိမ်တိုင် အသွင်ပြောင်းလဲထားတယ်။ ဒီ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက အမှန် ရက်စက်တဲ့သူပဲ…”  ရွှမ်လောသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းကာ အသိစိတ်လွတ်သွားသော အုပ်စိုးသူထံ လျှောက်လာ၏။ လူပုလေးကလည်း ငြိမ်သက်စွာ လိုက်လာသည်။ ၎င်း၏ခန္ဓာကိုယ်က အထည်ဒြပ်ဖြစ်လိုက်၊ မြူအဖြစ်ပြောင်းလိုက် ရှိနေ၏။

ဝမ်လင်းသည် အသိစိတ်လွတ်နေသော အုပ်စိုးသူကို ကြည့်ကာ စိတ်ရှုပ်မိသလို ခံစားမိသည်။ အုပ်စိုးသူ…အုပ်စိုးသူ…။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အုပ်စိုးသူကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။

“သင့်မှာ သင့်ရဲ့ စိတ်ဝိညာဉ်တစ်ဝက် ရှိနေတုန်းပဲ။ ဒါပေမဲ့ ငါ သင့်ကို မသတ်တော့ဘူး။ သင်ဟာ အရူးရဲ့ ကျွန်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် သူ နိုးထလာမှ သူ့ကိုပဲ သင်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ခိုင်းတော့မယ်…”

***

All Chapters