← Chapters

အခန်း (၆၃၆)

Vol. 42 Ch. 636

အခန်း (၆၃၆)

Vol. 42 Ch. 636

မူလအစီအစဉ်အရ ထိုက်ယင်အရှင်သခင်ကို တိုက်ခိုက်ချိန်တွင် ထျန်းကျိအရှင်သခင်က ဦးဆောင်အမိန့်ပေးရမည်ဖြစ်သည်။ ထျန်းကျိအရှင်သခင်၏ ခန့်မှန်းတွက်ချက်မှုများနှင့် စီစဉ်မှုများကသာ ဆုံးရှုံးမှုကို လျော့နည်းစေပေလိမ့်မည်။

ထိုက်ယင်အရှင်သခင်က မိစ္ဆာနတ်ဘုရားများ ချဉ်းကပ်လာသည်ကို သိလျှင် ကြိုတင်ထွက်ပြေးသွားမည်ဖြစ်ပြီး အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ထွက်ပြေးနေခဲ့လျှင် ရှည်ကြာသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ၎င်းက ထိုက်ယင်အရှင်သခင်ကို ရှင်းလင်းပြီး သိုင်းတာအိုကို ဖျက်ဆီးရန်ဟူသော ထျန်းကျိအရှင်သခင်၏ အစီအစဉ်နှင့် ကိုက်ညီမည်မဟုတ်ပေ။

" ထျန်းကျိက ကိစ္စတစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်နိုင်တယ်။ " အခြားမိစ္ဆာနတ်ဘုရားတစ်ပါးက ပြောလိုက်သည်။

သူက နတ်မျက်စိအရှင်သခင်ဖြစ်ပြီး မျက်စိဆယ့်ရှစ်လုံးပါ၍ သာမန်အခြေအနေများတွင် တစ်လုံးသာ ဖွင့်ထားလေသည်။ မျက်လုံးဆယ့်ရှစ်လုံးကို ဖွင့်ထားလျှင် နတ်မျက်စိအရှင်သခင်၏ အသန်မာဆုံး အခြေအနေဖြစ်ပြီး အသက်လုတိုက်ပွဲများအတွက် ဖြစ်သည်။

နှစ်များတစ်လျှောက်တွင် မိစ္ဆာနတ်ဘုရားများကြား သေစေနိုင်သော တိုက်ပွဲများက ရှားပါးသောကြောင့် သူ၏ မျက်လုံးဆယ့်ရှစ်လုံးကို တစ်ပြိုင်နက် ဖွင့်ဖူးခြင်းမရှိသေးပေ။

" ကိစ္စတစ်ခုခုကြောင့် နောက်ကျနေတာလား။ " အရှေ့တောင်ပံအရှင်သခင်က မျက်မှောင်ကြုတ်သွားသည်။

ထျန်းကျိအရှင်သခင်အပေါ် သူ၏ နားလည်ထားမှုအရ ထိုကဲ့သို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးလေသည်။ ထို့အပြင် ထျန်းကျိအရှင်သခင်ကို သတင်းပို့ရန် တားဆီးနိုင်သော အရာများရှိရန် မလွယ်ကူပေ။ မည်သည့်အခြေအနေဖြစ်စေ သတင်းပို့ရန် အချိန်ခဏလေးသာ လိုအပ်လေသည်။

" ခဏလောက် စောင့်ကြည့်ရအောင်။ " အရှေ့တောင်ပံအရှင်သခင်က အကြောင်းရင်းကို သေချာနားမလည်သော်လည်း ခဏလောက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" ထျန်းကျိ ငါ့ကို နောက်ဆုံးဆက်သွယ်ခဲ့တုန်းက သိုင်းတာအိုရဲ့ မူလအစကို ခြေရာခံမိပြီလို့ ပြောခဲ့တာပဲ။ သူက သိုင်းတာအိုရဲ့ မူလအစကို ရှာဖွေရာမှာ အချိန်ကြန့်ကြာနေတာဖြစ်နိုင်တယ်။ " အရှေ့တောင်ပံအရှင်သခင်က စိတ်ထဲမှ ခန့်မှန်းလိုက်ပြီး ထျန်းကျိအရှင်သခင်က မတော်တဆမှုတစ်ခု ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားပေ။

ထျန်းကျိအရှင်သခင်၏ လွတ်မြောက်ခြင်း နည်းလမ်းများက အလွန်အားကောင်းလေသည်။ ဘယ်သူမှသတိမထားမိဘဲ ထျန်းကျိအရှင်သခင်ကို တိတ်တဆိတ် ရှင်းလင်းနိုင်လိမ့်မည်မဟုတ်ပေ။

ထို့အပြင် ထျန်းကျိအရှင်သခင်က အသက်ရှင်သန်လွတ်မြောက်ရန်အတွက် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်း ကိုယ်ပွားတစ်ခုလည်း ချန်ထားခဲ့သည်။ အကယ်၍ ထျန်းကျိအရှင်သခင်က မတော်တဆမှုများ ကြုံတွေ့ခဲ့လျှင် ထိုကိုယ်ပွားနှင့် သူတို့ကို ဆက်သွယ်နိုင်သေးသည်။

" ဒါဆိုလည်း ခဏလောက် စောင့်ကြည့်ကြတာပေါ့။ " နတ်မျက်စိအရှင်သခင်ကလည်း အခြားမိစ္ဆာနတ်ဘုရားများကို ကြည့်လိုက်သည်။

ထျန်းကျိအရှင်သခင်မရှိလျှင် သူတို့ မိစ္ဆာနတ်ဘုရားဆယ်ယောက်ကျော်က ထိုက်ယင်အရှင်သခင်ကို ရှင်းလင်းနိုင်မည်ဟု ယုံကြည်မှုမရှိကြပေ။ အကယ်၍ ကျရှုံးခဲ့လျှင် ထိုက်ယင်အရှင်သခင်၏ လက်စားချေမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး အကျိုးဆက်များက ပြင်းထန်ပေလိမ့်မည်။

" စောင့်တာပေါ့။ " အရှေ့တောင်ပံအရှင်သခင်ကလည်း ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်တွင် သူတို့အတွက် စောင့်ဆိုင်းနေရုံမှလွဲ၍ အခြားကောင်းမွန်သည့် ရွေးချယ်စရာများမရှိပေ။

အချိန်များက ဖြည်းညင်းစွာ ကုန်လွန်လာပြီး နောက်ထပ် နှစ်ငါးဆယ် ကြာသွားခဲ့သည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ တစ်နေရာတွင် အရှေ့တောင်ပံအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများက စုဝေးနေကြဆဲ ဖြစ်သည်။

" ဘာတွေဖြစ်နေတာလဲ။ "

" နှစ်ငါးဆယ်ကြာသွားပြီ။ ထျန်းကျိအရှင်သခင်က အခုထိ ငါတို့ကို မဆက်သွယ်သေးဘူး။ "

အရှေ့တောင်ပံအရှင်သခင်၏ စိတ်ထဲတွင် ပို၍ မသက်မသာ ခံစားလာရသည်။ မိစ္ဆာနတ်ဘုရားတစ်ယောက်အတွက် နှစ်ငါးဆယ်က ခဏမျှသာ ဖြစ်သော်လည်း ယခုထိုက်ယင်အရှင်သခင်ကို ဝန်းရံတိုက်ခိုက်ရမည့် အရေးပါသောအချိန်တွင် ထျန်းကျိအရှင်သခင်က နှစ်ငါးဆယ်ကြာသည်အထိ သတင်းစကားတစ်ခုမှ မပို့ခြင်းက သေချာပေါက် မူမမှန်ပေ။

ထျန်းကျိအရှင်သခင်က အလုပ်များနေလျှင်တောင် နှစ်ငါးဆယ်အတွင်း သူတို့ကို သတင်းပို့ရန် အချိန်ခဏတော့ ရနိုင်လေသည်။

" ငါတို့ဘာလုပ်ကြမလဲ။ " နတ်မျက်စိအရှင်သခင်က အရှေ့တောင်ပံအရှင်သခင်ကို လေးနက်စွာ ကြည့်ပြီး မေးလိုက်သည်။

" ငါ ထျန်းကျိအရှင်သခင်ရဲ့ အသက်ကယ်ကိုယ်ပွားကို သွားကြည့်လိုက်မယ်။ " အရှေ့တောင်ပံအရှင်သခင်က ပြောလိုက်သည်။

ထျန်းကျိအရှင်သခင်က ယနေ့အထိ ထူးဆန်းစွာ ပျောက်ဆုံးနေပြီး အရှေ့တောင်ပံအရှင်သခင်က သူ၏ မူလခန္ဓာကိုယ်ကို ရှာမတွေ့နိုင်သော်လည်း အသက်ကယ်ကိုယ်ပွား၏ တည်နေရာကိုမူ သိထားသည်။

ထိုနေရာက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးမှ အလွန်လုံခြုံသော နေရာဖြစ်လေသည်။ ထို့ကြောင့်လည်း ၎င်းကို ထျန်းကျိအရှင်သခင်၏ အသက်ကယ်ကိုယ်ပွားဟု အလွယ်တကူ ခေါ်လိုက်ခြင်းဖြစ်သည်။

" ထျန်းကျိရဲ့ အသက်ကယ်ကိုယ်ပွားကို သွားကြည့်မှာလား။ " နတ်မျက်စိအရှင်သခင်က အနည်းငယ် မှင်သက်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ " ငါတို့က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ဝင်လို့မရဘူးလေ။ "

ထျန်းကျိအရှင်သခင်၏ အသက်ကယ်ကိုယ်ပွားရှိသော နေရာကို မိစ္ဆာနတ်ဘုရားတိုင်း ဝင်ရောက်နိုင်နေလျှင် ၎င်းကို အသက်ကယ်ဟုပင် ခေါ်မည်မဟုတ်ပေ။

" ငါ သိတယ်။ အဲ့ဒါကြောင့် ငါ ဟင်းလင်းပြင်သားတော်ကို နှိုးဖို့ စီစဉ်ထားတယ်။ " အရှေ့တောင်ပံအရှင်သခင်က ခဏတိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

" ဟင်းလင်းပြင်သားတော်...." နတ်မျက်စိအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

ဟင်းလင်းပြင်သားတော်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်ပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းများသို့ ဝင်ရောက်နိုင်သည်။ လက်ရှိတွင် မိစ္ဆာနတ်ဘုရား အများစုက သူတို့၏ ကိုယ်ပွားများကို အသက်ကယ်ဝှက်ဖဲများအဖြစ် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် ထားရှိနိုင်ခြင်းမှာ ဟင်းလင်းပြင်သားတော်၏ ခွင့်ပြုချက်ကြောင့် ဖြစ်သည်။

အသက်ကယ်ကိုယ်ပွားများက ပြင်ပသို့ အဆက်အသွယ်လုပ်ခြင်းမှ လွဲ၍ ဟင်းလင်းပြင်သားတော် တစ်ယောက်သာ သူတို့နှင့် အတင်းအကျပ် ဆက်သွယ်တွေ့ဆုံနိုင်လေသည်။

" မင်းသေချာပြီလား။ " နတ်မျက်စိအရှင်သခင်က လေးနက်စွာ ပြန်မေးလိုက်သည်။

ဟင်းလင်းပြင်သားတော်ကို နိုးထစေခြင်းက သာမန်ကိစ္စတစ်ခုမဟုတ်ပေ။ အကြောင်းမဲ့နိုးထစေခဲ့လျှင် ဟင်းလင်းပြင်သားတော်၏ အပြစ်ပေးခြင်းကို ခံယူရပေလိမ့်မည်။

" ငါ သေချာတယ်။ " အရှေ့တောင်ပံအရှင်သခင်က ခေါင်းညိမ့်လိုက်သည်။

ထျန်းကျိအရှင်သခင် ပျောက်ကွယ်နေသည်မှာ အလွန်ကြာနေပြီဖြစ်ပြီး ဟင်းလင်းပြင်သားတော်၏ အပြစ်ပေးခြင်းကို ခံရနိုင်သော်လည်း ကြီးမားသော ပြဿနာတစ်ခု ရှိနေနိုင်သောကြောင့် သူက သေချာရှာဖွေရန် လိုအပ််လေသည်။

" ဒါဆို အခု ငါတို့ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို သွားကြတာပေါ့။ " နတ်မျက်စိအရှင်သခင်က ချက်ချင်း ပြောလိုက်သည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ နက်ရှိုင်းသော နေရာတစ်ခု။ ထိုနေရာက မိစ္ဆာနတ်ဘုရားများ ဝင်ရောက်နိုင်သော အကန့်အသတ်ဖြစ်ပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ အသန်မာဆုံး မိစ္ဆာနတ်ဘုရားများ နေထိုင်ကြလေသည်။

" မြင့်မြတ်သော ဟင်းလင်းပြင်သားတော်။ " အရှေ့တောင်ပံအရှင်သခင်က ဟင်းလင်းပြင်သားတော်ကို စတင် ခေါ်ဆိုလိုက်သည်။

မိစ္ဆာနတ်ဘုရားတစ်ပါးအနေဖြင့် အရှေ့တောင်ပံအရှင်သခင်က ဟင်းလင်းပြင်သားတော်ကို ဆင့်ခေါ်ရန် နည်းလမ်းများရှိပြီး မိစ္ဆာနတ်ဘုရားအများစုကလည်း ၎င်းကို လုပ်နိုင်စွမ်းရှိကြလေသည်။

ဝုန်း ဝုန်း ဝုန်း......

စွမ်းအားတစ်ခုက စတင်စုစည်းလာပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးမှ စိတ်အသိတစ်ခုက ဆင်းသက်လာသည်။

" ဘယ်သူလဲ။ ဘယ်သူ ငါ့ကို နှိုးလိုက်တာလဲ။ "

အသံထွက်ပေါ်လာသည်နှင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုလုံး အနည်းငယ် တုန်ယင်သွားပြီး ဟင်းလင်းပြင်သားတော်က နိုးထလာပြီးကို မိစ္ဆာနတ်ဘုရားများအားလုံး နားလည်သွားကြသည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အဆုံးမဲ့စွမ်းအားများက စုစည်းသွားပြီး ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုက မိစ္ဆာနတ်ဘုရားအားလုံးကို ငုံ့ကြည့်နေသည်။

" ဟင်းလင်းပြင်သားတော်ကို အရိုအသေပေးပါတယ်။ " အရှေ့တောင်ပံအရှင်သခင်က ချက်ချင်း လေးစားစွာ ပြောလိုက်သည်။

ဟင်းလင်းပြင်သားတော်က အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သော်လည်း ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ထိန်းချုပ်ထားသဖြင့် သူ၏ စွမ်းအားက အခြားမိစ္ဆာနတ်ဘုရားများထက် လုံးဝ သာလွန်နေသည်။

အရှေ့တောင်ပံအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများအတွက် ဟင်းလင်းပြင်သားတော်က အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားနှင့် မခြားပေ။

" ပြော " ဟင်းလင်းပြင်သားတော်၏ ပုံရိပ်က တည်ငြိမ်စွာ ကြည့်လိုက်သည်။

" ဟုတ်ကဲ့။ "

အရှေ့တောင်ပံအရှင်သခင်က လွန်ခဲ့သော ရာစုနှစ်အချို့မှ အဖြစ်အပျက်များကို လျင်မြန်စွာ ပြောပြခဲ့ပြီး အထူးသဖြင့် ထျန်းကျိအရှင်သခင်ပျောက်သွားပြီး ပြဿနာတစ်ခု ဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။

" သိုင်းတာအိုကျင့်ကြံခြင်းစနစ်.... ထိုက်ယင်အရှင်သခင်..." ဟင်းလင်းပြင်သားတော်က ခနအံ့အားသင့်သွားပြီး ပြုံးလိုက်သည်။ " စိတ်ဝင်စားစရာပဲ။ ထိုက်ယင်အရှင်သခင်ဆိုတဲ့နာမည် ငါတစ်ခါမှ မကြားဖူးဘူး။ "

" ဟင်းလင်းပြင်သားတော်တောင် မကြားဖူးဘူးလား။ " အရှေ့တောင်ပံအရှင်သခင်က အံ့အားသင့်သွားသည်။

All Chapters