အခန်း (၆၃၇)
Vol. 42 Ch. 637
အရှေ့တောင်ပံအရှင်သခင်၏ အတွေးမှာ ထိုက်ယင်အရှင်သခင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးသို့ ကျရောက်သွားပြီး အဆင့်ကိုးအထိ ကျင့်ကြံနိုင်ခဲ့သောကြောင့် ဘယ်သူမှမသိကြခြင်းဟု ထင်ခဲ့သည်။
သို့သော် ဟင်းလင်းပြင်သားတော်သာ ထိုအကြောင်းကို မသိလျှင် ထိုအချက်က မဖြစ်နိုင်တော့ပေ။
" မင်းတို့က ထျန်းကျိအကြောင်း သိချင်တာမလား။ ငါ ထျန်းကျိကိုယ်ပွားကို ဆက်သွယ်လိုက်မယ်။ " ဟင်းလင်းပြင်သားတော်က စိတ်အသိမျှင်တစ်ခုကို စေလွှတ်လိုက်ပြီး ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားရှိရာသို့ ဆင်းသက်သွားသည်။
" ဟမ် " ဟင်းလင်းပြင်သားတော်က မျက်ခုံးများပင်၍ အနည်းငယ် အံ့အားသင့်သွားသည်။
ဟင်းလင်းပြင်သားတော်၏ အမူအရာကို အရှေ့တောင်ပံအရှင်သခင်နှင့်အခြားသူများကလည်း သတိထားမိသွားကြသည်။
" ဟင်းလင်းပြင်သားတော်... ထျန်းကျိ ဘာဖြစ်သွားတာလဲ။ သူ ဘယ်လိုနေလဲ။ " အရှေ့တောင်ပံအရှင်သခင်က သတိထားပြီး မေးလိုက်သည်။
" ထျန်းကျိက အိပ်မောကျသွားပြီ။ သူ့ရဲ့ အသက်ကယ်ကိုယ်ပွားလည်း အိပ်ပျော်နေတယ်။ " ဟင်းလင်းပြင်သားတော်က ပြောလိုက်သည်။
ဟင်းလင်းပြင်သားတော်က အတွေးတစ်ချက်နှင့်အတူ ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားကို ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးမှ မိစ္ဆာနတ်ဘုရားများ၏ ရှေ့သို့ ပြောင်းရွှေ့ပေးလိုက်သည်။
" အိပ်ပျော်နေတယ်။ " အရှေ့တောင်ပံအရှင်သခင်က နားမလည်နိုင်ဖြစ်သွားသည်။
ထျန်းကျိအရှင်သခင်ကိုယ်တိုင်က ထိုက်ယင်အရှင်သခင်ကို သတ်ဖြတ်ရန် လှုပ်ရှားမှုတိုင်းကို ဗျူဟာကျကျ စီမံနေခဲ့ပြီး ယခု အမှန်တကယ် လှုပ်ရှားခါနီးတွင် သူက အိပ်ပျော်နေခဲ့သည်။
ထိုစကားက ဟင်းလင်းပြင်သားတော်၏ ပါးစပ်မှ ထွက်လာခြင်းမဟုတ်လျှင် ဘယ်သူမှယုံကြည်ကြမည်မဟုတ်ပေ။
" သူဘာသာသူ အိပ်ပျော်သွားတာမဟုတ်ဘူး။ အတင်းအကျပ် အိပ်မောကျအောင်လုပ်ခံခဲ့ရတာပဲ။ " ဟင်းလင်းပြင်သားတော်က ထျန်းကျိအရှင်သခင်၏ အသက်ကယ်ကိုယ်ပွားကို ကြည့်ပြီး ပြောလိုက်သည်။
" အတင်းအကျပ် အိပ်မောကျအောင် လုပ်ခံခဲ့ရတာလား။ "
အရှေ့တောင်ပံအရှင်သခင်၊ နတ်မျက်စိအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။
ထျန်းကျိအရှင်သခင်က အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သည်။ ကျယ်ပြောလှသော အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ထျန်းကျိအရှင်သခင်ကို ခုခံနိုင်စွမ်းမရှိဘဲ အိပ်မောကျသွားစေနိုင်သော သက်ရှိတစ်ယောက် ရှိနေတာလား။
" စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ နှစ်ပေါင်းတစ်ဆယ်ဘီလီယံကျော် အိပ်စက်ပြီးတဲ့နောက်မှာ ဒီလို စိတ်ဝင်စားစရာကောင်းတာမျိုး ရှိလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " ဟင်းလင်းပြင်သားတော်က ရေရွတ်လိုက်သည်။
ထျန်းကျိအရှင်သခင်က တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် မကျွမ်းကျင်လျှင်တောင် သူ့ကို တိတ်တဆိတ် အိပ်မောကျသွားအောင် လုပ်ရန် ဟင်းလင်းပြင်သားတော်ပင်လျှင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ စွမ်းအားအချို့ကို ငှားယူရပေလိမ့်မည်။
" ငါ ထျန်းကျိကို နိုးထအောင်လုပ်ပြီး သူ့ကို မေးကြည့်လိုက်မယ်။ အဲ့ဒီအချိန် ဘာတွေဖြစ်နေလဲ သိရမှာပေါ့။ " ဟင်းလင်းပြင်သားတော်၏ စိတ်အသိက ထျန်းကျိအရှင်သခင်၏ ကိုယ်ပွားအတွင်းသို့ ဝင်ရောက်သွားသည်။
ထျန်းကျိအရှင်သခင်က အတင်းအကျပ် အိပ်မောကျအောင် လုပ်ခံထားရသောကြောင့် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် နိုးထနိုင်ခြင်းမရှိပေ။ ပြင်ပလှုံ့ဆော်မှုဖြင်း နိုးထနိုင်သော်လည်း ထိုအရာကို ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သော ဟင်းလင်းပြင်သားတော်သာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
ထျန်းချင်းကမ္ဘာ၊ သိုင်းခန်းမ၏ အနက်ရှိုင်းဆုံးတွင်။
လင်းယွမ်က နှစ်ငါးဆယ်ကြာ ကျင့်ကြံပြီးနောက် ယခုအခါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်နှင့် လုံးဝနီးစပ်နေပြီဖြစ်သည်။ အချိန်နှင့်လေဟာနယ် ကောင်းကင်မြစ်ကလည်း အချိန်လေဟာနယ်မြစ်တစ်စင်းကဲ့သို့ လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် လှိုင်းထန်နေသည်။
ထူးခြားသော အခြေအနေတစ်ခုတွင် လင်းယွမ်က သူ၏ ရှေ့မှကမ္ဘာက ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးမဲ့ဟင်းလင်းပြင်က အချိန်နှင့် လေဟာနယ်တို့ဖြင့် ဖွဲ့စည်းထားပြီး အလွန်ရိုးရှင်းသွားသည်ဟု ထင်ရသည်။
" ဒီလိုပါလား။ " လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များ ပေါ်ပေါက်လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ ထိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏ အတွင်းကမ္ဘာထဲ၌ လင်းယွမ်ဖန်တီးထားသော ပုံရိပ်ယောင်ဝင်္ကဘာထဲ နစ်မြှုပ်နေခဲ့သေည ထျန်းကျိအရှင်သခင်က ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။
" ငါနိုးလာတာလား။ ငါ ပုံရိပ်ယောင်ထဲက လွတ်မြောက်လာတာလား။ " ထျန်းကျိအရှင်သခင်က ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးခြင်း မပြုနိုင်မီ သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်က စတင်ပြိုကွဲလာသည်။
" ဆူလိုက်တာ။ " လင်းယွမ်က အတွင်းကမ္ဘာထဲရှိ ထျန်းကျိအရှင်သခင်ကို တစ်ချက်ကြည့်ပြီးနောက် ဆက်လက်ကျင့်ကြံလိုက်သည်။
သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန် အရေးကြီးသော အခိုက်အတန့်သို့ရောက်ရှိနေသောကြောင့် ယခုအချိန်တွင် မည်သည့်အနှောက်အယှက်မှ ခွင့်မပြုနိုင်ပေ။
" အချိန်လေဟာနယ်..... ဘယ်လောက်တောင် လှပလိုက်သလဲ။ " လင်းယွမ်၏ စိတ်က အချိန်လေဟာနယ်၏ အနှစ်သာရကို နားလည်ခြင်းသို့ နစ်မြုပ်သွားသည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ဟင်းလင်းပြင်သားတော်နှင့် အခြားမိစ္ဆာနတ်ဘုရားများ၏ အကြည့်အောက်တွင် ထျန်းကျိအရှင်သခင်က ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ဘာမှမတုန့်ပြန်နိုင်မီ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ အကြောင်းမှာ သူ၏ မူလခန္ဓာကိုယ် ပျက်စီးသွားသည်ကို ခံစားမိလိုက်သောကြောင့် ဖြစ်သည်။
" ဟင်းလင်းပြင်သားတော်... " ထျန်းကျိအရှင်သခင်က အထက်မှ ပုံရိပ်ကို မြင်သောအခါ လေးစားစွာ ပြောလိုက်သည်။
" ပြောပါ။ ဘာတွေဖြစ်ခဲ့တာလဲ။ " ဟင်းလင်းပြင်သားတော်က တိုက်ရိုက်မေးလိုက်သည်။ ထျန်းကျိအရှင်သခင်၏ ပုံရိပ်ကို ကြည့်ပြီး သူက ပို၍ စိတ်ဝင်စားလာခဲ့သည်။
နှစ်များတစ်လျှောက် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ သခင်အနေဖြင့် မမျှော်လင့်ထားသော အရာများကို ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
" ဟုတ်ကဲ့။ " ထျန်းကျိအရှင်သခင်က အမှန်တရားကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိဘဲ သူသိသမျှ အရာအားလုံးကို ချက်ချင်း ထုတ်ပြောလိုက်သည်။
" ထိုက်ယင်အရှင်သခင်က နောက်ကွယ်က ကြိုးကိုင်သူမဟုတ်ဘူး။ သိုင်းတာအိုရဲ့ ဖြန့်ကျက်မှုကို ထိန်းချုပ်နေတာ သိုင်းဘိုးဘေးပဲ။ ထိုက်ယင်အရှင်သခင်က ရှေ့ထုတ်ထားတဲ့သူတစ်ယောက်ပဲ။ "
ဟင်းလင်းပြင်သားတော်က ဘာမှမတုန့်ပြန်ရသေးမီ အနီးရှိ အရှေ့တောင်ပံအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရားများက အံ့အားသင့်သွားကြသည်။ သူတို့အတွက် ထိုက်ယင်အရှင်သခင်ကပင် အင်အာကြီးမားနေပြီဖြစ်သော်လည်း သူ၏ နောက်ကွယ်တွင် ပို၍ အင်အားကြီးမားသော သိုင်းဘိုးဘေးရှိနေလေသည်။
" ငါ ထျန်းချင်းကမ္ဘာကို ကိုယ်ပွားတစ်ခုနဲ့ ဝင်ရောက်ပြီး ခဏ လေ့လာနိုင်ခဲ့တယ်။ အဲ့ဒီကမ္ဘာမှာ ကောင်ကင်၊ မြေကြီး၊ လူသား အားလုံးက သိုင်းဘိုးဘေးကို ကိုးကွယ်ကြပြီး သိုင်းတာအိုကို ကျင့်ကြံနေကြတယ်။ " ထျန်းကျိအရှင်သခင်က ခေါင်းညိမ့်လိုက်သည်။ သူကိုယ်တိုင် မျက်စိနှင့် မမြင်တွေ့ခဲ့ရလျှင် ၎င်းတို့ကို ယုံကြည်မည်မဟုတ်ပေ။
" ဟင်းလင်းပြင်သားတော် အဲ့ဒီ သိုင်းဘိုးဘေးက မယုံကြည်နိုင်လောက်အောင် သန်မာပါတယ်။ အဆင့်တစ်ဆယ်နဲ့ အရမ်းနီးစပ်နေလောက်တယ်။ ဟင်းလင်းပြင်သားတော်ကလွဲပြီး အဆုံးမဲ့ဟင်းလင်းပြင်မှာ သူ့ကို ရင်ဆိုင်နိုင်တဲ့သူ မရှိပါဘူး။ " ထျန်းကျိအရှင်သခင်က ရိုသေစွာ ပြောလိုက်သည်။
သိုင်းဘိုးဘေးကို ရင်ဆိုင်ရချိန်တွင် သူ၏ မူလခန္ဓာကိုယ်ပင် လွတ်မြောင်နိုင်စွမ်းမရှိဘဲ တိုက်ရိုက်ဖိနှိပ်ခံရပြီး အတင်းအကျပ် အိပ်မောကျစေခဲ့သည်။ ၎င်းက ထျန်းကျိအရှင်သခင်ကို လုံးဝ ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့သည်။
" အဆင့်တစ်ဆယ်နဲ့ နီးစပ်နေတာလား။ " ဟင်းလင်းပြင်သားတော်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့အတွက် အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားမဟုတ်သရွေ့ ကြောက်စရာမလိုပေ။ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် သူ၏ ရှေ့တွင် ရှိသမျှ အရာအားလုံးကို တိုက်ရိုက် ရှင်းထုတ်နိုင်လေသည်။
" ဒီလိုသာဆိုရင်တော့ သိုင်းဘိုးဘေးကို ငါကိုယ်တိုင် သွားတွေ့ရမယ်။ " ဟင်းလင်းပြင်သားတော်က ချက်ချင်း ပြောလိုက်သည်။
" ဟုတ်ကဲ့ " ထျန်းကျိအရှင်သခင်က စိတ်သက်သာရာ ရသွားသည်။
ဟင်းလင်းပြင်သားတော် လှုပ်ရှားခဲ့လျှင် သိုင်းဘိုးဘေးက မည်မျှ သန်မာသည်ဖြစ်စေ ရလဒ်ကို ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
အဆုံးမဲ့ဟင်းလင်းပြင်၏ ကမ္ဘာတစ်ခုရှေ့တွင် ဟင်းလင်းပြင်သားတော်နှင့် အခြားမိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်များက ပေါ်လာကြသည်။
" ဟင်းလင်းပြင်သားတော် ဒီကမ္ဘာက ထိုက်ယင်အရှင်သခင် သိမ်းပိုက်ထားတဲ့ ကမ္ဘာတွေထဲက တစ်ခုပါ။ သိုင်းဘိုးဘေးရှိတဲ့ ထျန်းချင်းကမ္ဘာက အဲ့ဒီဘက်မှာပါ။ " ထျန်းကျိအရှင်သခင်က ပြောလိုက်သည်။ ထျန်းချင်းကမ္ဘာနှင့် ပက်သက်သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီး မှားယွင်းရန် မဖြစ်နိုင်ပေ။
" ငါသိပြီ။ " ဟင်းလင်းပြင်သားတော်က ခေါင်းညိမ့်လိုက်သည်။ " ဒါဆို ဒီကမ္ဘာက စရအောင်။ "
ဟင်းလင်းပြင်သားတော်က ထိုသိုင်းဘိုးဘေးကို အနိုင်ယူရန် ယုံကြည်မှုရှိသော်လည်း သိုင်းဘိုးဘေးအကြောင်း ထျန်းကျိအရှင်သခင်၏ ဖော်ပြချက်များအရ သိုင်းဘိုးဘေးကို လျှော့မတွက်သင့်ကြောင်း ခံစားရစေလေသည်။
ယခုဟင်းလင်းပြင်သားတော်က နိုးထခါစဖြစ်ပြီး သူ၏ ခွန်အားအများစုကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူက ထျန်းချင်းကမ္ဘာသို့ သွားရာလမ်းတစ်လျှောက် ထိုက်ယင်အရှင်သခင် သိမ်းပိုက်ထားသော ကမ္ဘာများကို ဖျက်စီးရန် ရည်ရွယ်ခဲ့ပြီး သိုင်းဘိုးဘေးကို သူ၏ ခွန်အားအပြည့်ဖြင့် ရှင်းလင်းရန် စီစဉ်ထားသည်။