တိမ်စိမ်းဂိုဏ်း ခေါင်းဆောင်၏သမီး
Vol. 1 Ch. 14
ဂျန်ဖန်းက ပြပွဲကနေထွက်ခွာသွားခဲ့သည်။
သူက ရှုမိသားစုကို တန်းပြန်မသွားခဲ့ပေ။
သူက အနီးနားက မြို့သခင်အိမ်တော်ဂိတ် ကို ရောက်လာကာ သွေးလင်းနို့နန်းတော် အဖွဲ့ဝင်တွေဆီက သူရှာတွေ့ခဲ့သည့် တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
တံဆိပ်ပြားကို မြင်သည့်အခါ အစောင့်ခေါင်းဆောင်က လေးစားနှင့် အရိုအသေပေးလိုက်သည်။
“ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးလင်းနို့နန်းတော်က လူကို သတ်နိုင်တယ်ဆိုတော့ မင်းက စစ်မှန်တဲ့လူစွမ်းကောင်း တစ်ယောက်ပဲ…”
သွေးလင်းနို့နန်းတော် တိမ်စိမ်းဂိုဏ်း နယ်မြေထဲမှာ ခိုင်မာစွာအမြစ်တွယ်နေသည့် ရက်စက်ယုတ်မာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်၏။
သူတို့က မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း စသည့် မကောင်းဒုစရိုက် အားလုံးကို ကျူးလွန်ကြ၏။
သူတို့မှာ ဂိုဏ်းခွဲများစွာရှိပြီး တိမ်စိမ်းဂိုဏ်းက သူတို့ကို သုတ်သင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လုံးဝ အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပေ။
မသက်သာသည့်အဆုံး တိမ်စိမ်းဂိုဏ်းက မြို့သခင်အိမ်တော်တိုင်းကို အမြစ်ပြတ်သုတ်သင်ခြင်းတာဝန်အတွက် ဆုလဒ်ထုတ်ခိုင်းလိုက်၏။
သို့ပေမယ့် သိုင်းပညာရှင်အများစုက သွေးလင်းနို့နန်းတော်ကို ရန်မစရဲကြပေ။ အနည်းငယ်ကသာ ထိုတာဝန်တွေကို လုပ်နိုင်ကြ၏။
“မင်းက စိတ်ဝိညာဥ်မြူခိုးကန်မှာ တစ်ခါ ကျင့်ကြံခွင့်ရမယ်။ ငါနောက်က လိုက်ခဲ့…”
သူ၏ ဦးဆောင်မှုအောက်၌ ဂျန်ဖန်းက မြို့သခင်အိမ်တော် ထောင့်တစ်နေရာကို ရောက်လာခဲ့သည်။
ထိုနေရာ၌ ဘေးချင်းကပ်လျက် လျို့ဝှက်အခန်း နှစ်ခန်းရှိနေခဲ့သည်။
ထိုအခန်းတွေအောက်၌ စိတ်ဝိညာဥ်မြူခိုး ကန်ရှိနေပြီး သိပ်သည်းသည့် စိတ်ဝိညာဥ် စွမ်းအင်တွေကို စဥ်ဆက်မပြတ်ထုတ်လွတ်နေခဲ့သည်။
သူရောက်လာသည့်အခါ၌ ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်က အခန်းရှေ့မှာ ရပ်နေခဲ့၏။
သူမက အလွန်အရပ်ရှည်တာဖြစ်ပြီး ဂျန်ဖန်းလောက်နီးပါး ရှိ၏။
လုံးဝန်းဖြောင့်တန်းသည့် ခြေတံရှည်နှင့် ခါးသွယ်သွယ်လေးက ပန်ချီကားတစ်ချပ်ပမာ ဖြစ်နေခဲ့၏။
နောက်ကနေ တစ်စုံတစ်ယောက်ချည်းကပ်လာသံ ကြားသည့်အခါ သူမက လှည့်ကြည့်လိုက်၏။
အသက်ရူမှားလောက်အောင် လှပသည့် သူမမျက်နှာက အချိန်ကိုတောင် ရပ်တန့်သွားစေပုံရ၏။
ရှည်လျားနက်မှောင်သည့်မျက်ခုံး၊ အေးစက်သည့်မျက်လုံး၊ နီရဲစွန်းစိုသည့် နှုတ်ခမ်း၊ စွဲမက်ဖွယ်ကောင်းကြောင်းတွေနှင့်အတူ အေးစက်သည့်အသွင်အပြင်က အခြားလူတွေကို အကွာအဝေးတစ်ခု ခြားနားထားပြီး ပန်းချီကားထဲကလျှောက်ထွက်လာသည့် နတ်သမီးတစ်ပါးပမာ လှပလွန်းလှ၏။
သူမက ဂျန်ဖန်းကို တစ်ချက်မျှသာကြည့် လိုက်ပြီး သူ့ကျင့်ကြံခြင်းအဆင့်ကို တန်းသိလိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“ချီကျင့်ကြံခြင်း အဆင့် ၄ ပြီးပြည့်စုံခြင်း အဆင့်…. နင်က နောက်ကျသွားပြီ”
ထို့နောက် သူမက အခန်းတစ်ခုကိုရွေးကာ ကျင့်ကြံဖို့အထဲသို့ ဝင်သွားခဲ့သည်။
ဂျန်ဖန်း ကြောင်အသွားခဲ့သည်။
နောက်ကျသွားပြီ….
ဘာကိုဆိုလိုတာလဲ….
အစောင့်ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီးပြောလိုက်သည်။
“ဒီတော့ မင်းက ချီကျင့်ကြံခြင်း အဆင့် ၄ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီပေါ့။ ဒါဆိုရင် မင်းက တကယ်နောက်ကျသွားပြီ…”
“စိတ်ဝိညာဥ်မြူခိုးကန် ဖွင့်လာတာ သုံးနှစ်ကျော်သွားပြီး သိုင်းပညာရှင် အများအပြားလည်း အသုံးပြုခဲ့ကြတယ်။”
“ဒါကြောင့် ရေကန်ထဲက စိတ်ဝိညာဥ်စွမ်းအင်က အရမ်းကြီးမများတော့ဘူး။ ချီကျင့်ကြံခြင်း အဆင့် ၁ ဒါမှမဟုတ် အဆင့် ၂ တို့ပဲ အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးရှိကြတယ်။”
အဆုံးမှာတော့ ချီကျင့်ကြံခြင်း အဆင့် ၁ နှင့် အဆင့် ၂ သိုင်းပညာရှင်တွေက အမြင့်အဆင့်တွေထက်စာလျှင် အဆင့် ချိုးဖြတ်ဖို့ စိတ်ဝိညာဥ်စွမ်းအင် နည်းနည်းပဲလိုအပ်တာပဲဖြစ်သည်။
“အခု, အဆင့် ၄ အထက်က လူတွေ အဆင့်ချိုးဖြတ်ဖို့အတွက်ဆိုရင် သူတို့ရဲ့ စိတ်ဝိညာဥ်အမြစ်က အတော်လေး အဆင့်မြင့်မှရမယ်။ ဒါမှမဟုတ်ရင် အဆင့်မြင့် ကျင့်စဥ်တစ်ခုခုရှိရမယ်။”
အစောင့်ခေါင်းဆောင်က ထပ်ပေါင်းပြောလိုက်သည်။
သို့ပေမယ့် ဂျန်ဖန်း၏ ဝတ်စားဆင်ယင်ပုံ အရ သူက စွမ်းအားကြီး ကျင့်စဥ်တွေပိုင်ဆိုင်သည့် ဂုဏ်သတင်းကြီး မိသားစုမှ မဖြစ်နိုင်ပေ။
သူက တိတ်ဆိတ်စွာ သက်ပြင်းချလိုက် ၏။
“မင်းက ဒီနေရာကို ရောက်လာပြီးမှတော့ မင်းကြိုးစားကြည့်သင့်တယ်။”
“မင်းက နှစ်နာရီပဲကျင့်ကြံနိုင်မယ်။ အကျိုးရှိရှိအသုံးချပါ။”
အဆင့်မြင့် စိတ်ဝိညာဥ်အမြစ်နှင့် ကျင့်စဥ်?....
ဂျန်ဖန်းက အနည်းငယ်ခေါင်းညိတ်လိုက် ပြီး အခြားလျို့ဝှက်အခန်းထဲကို ဝင်ရောက်သွားခဲ့သည်။
အစောင့်ခေါင်းဆောင်က အပြင်ဘက်မှာ စောင့်နေခဲ့သည်။
ခဏကြာပြီးနောက်….
ခန့်ညားသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ကပျာကယာနှင့် ရောက်လာခဲ့သည်။ ရောက်လာသူက စမ်းသပ်ရေးမျှော်စင်မှာလည်း ပေါ်လာခဲ့ဖူးသည့် အထီးကျန်လှေမြို့၏ ထိတ်သီးကျွမ်းကျင်သူတစ်ယောက် ဖြစ်သည့် ယဲ့ဂျိဖုန်းဖြစ်၏။
“နတ်သမီးလျို ဝင်သွားပြီလား?”
အစောင့်ခေါင်းဆောာင်က ရိုရိုသေသေ ပြန်ပြောလိုက်၏။
“သူမက ကျင့်ကြံနေပါပြီ။”
ယဲ့ဂျိဖုန်းက စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်၏။
“တိမ်စိမ်းဂိုဏ်း ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးကို ငါတို့ လျစ်လျူရှုလို့မရဘူး။”
“နတ်သမီးလျို အပြင်ထွက်လာတဲ့ထိ ဒီနေရာမှာစောင့်နေ။ သူမထွက်လာတာနဲ့ ငါ့ကို ချက်ချင်းအကြောင်းကြား။”
ရုတ်တရက်, ယဲ့ဂျိဖုန်းက အခြားခန်းထဲက တစ်စုံတစ်ယောက်ကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ထဲမှာ ဘယ်သူရှိနေတာလဲ…”
အစောင့်ခေါင်းဆောင်က ပြန်ပြောလိုက်၏။
“နာမည်မရှိတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူက သွေးလင်းနို့နန်းတော်အဖွဲ့ဝင်တစ်ယောက် ကို သတ်ခဲ့တာ….”
ထိုအရာကို ကြားသည့်အခါ ယဲ့ဂျိဖုန်းက အပြစ်တင်လိုက်သည်။
“ဘာလို့ နတ်သမီးလျိုကျင့်ကြံပြီးခါမှ သူ့ကို မဝင်ခိုင်းတာလဲ”
အစောင့်ခေါင်းဆောင်က တွေးဝေသွားခဲ့ သည်။
“သူ့ကို ထွက်လာခိုင်းလိုက်ရမလား…”
အခန်းနှစ်ခန်းကို ကြည့်ပြီး ယဲ့ဂျိဖုန်း စဥ်စားနေခဲ့သည်။
“ထားလိုက်တော့၊ အဆင့်နိမ့်ကျင့်ကြံခြင်း နယ်ပယ်နဲ့ နာမည်မရှိတဲ့လူငယ်လေး တစ်ယောက်က နတ်သမီးလျိုရဲ့ ကျင့်ကြံရေးကို ဘာမှ သက်ရောက်စေမှာ မဟုတ်ဘူး။”
“ဒီနေရာမှာပဲစောင့်နေ”
ထို့နောက်သူက ကြိုဆိုပွဲအခမ်းအနားကို စီစဥ်ဖို့ လှည့်ထွက်သွားခဲ့သည်။
ဂျန်ဖန်းက ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ ဖောက်ထွင်းမြင်ရသည့် အမြစ်က ဧရာမသစ်ပင်ကြီးတစ်ခု၏ အမြစ်တွေကဲ့သို့ ပတ်ဝန်းကျင်က စိတ်ဝိညာဥ်စွမ်းအင်တွေကို လောဘတကြီး စုပ်ယူနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ အဝါရောင်အဆင့်မြင့် ကျင့်စဥ် “သန့်စင်လေကျမ်း”က စတင်လည်ပတ်နေပြီး စိတ်ဝိညာဥ်အမြစ်၏ စုပ်ယူသည့်အရှိန်ကို တိုးမြှင့်ပေးနေခဲ့သည်။
ထိုပေါင်းစပ်အကျိုးသက်ရောက်မှုကြောင့် ပတ်ဝန်းကျင်မှာရှိသည့် စိတ်ဝိညာဥ်စွမ်းအင်တွေက ဆင့်ခေါ်ခံရပုံပေါ်ပြီး ဂျန်ဖန်းဆီသို့ တိုးဝင်လာကြသည်။
ဘေးဖက်အခန်းထဲ၌ ခရမ်းရောင်ဝတ် အမျိုးသမီးက ကျင့်ကြံနေခဲ့သည်။
ရုတ်တရက်, သူမက ထိတ်လန့်သွားခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအင်တွေ၏ ဦးတည်ချက် ကို ခံစားမိပြီး သူမ၏ အေးစက်သည့်မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ဘာဖြစ်တာလဲ…”
“ငါက ငါ့ဂိုဏ်းရဲ့ အမြင့်ဆုံးကျင့်စဥ်နဲ့ ကျင့်ကြံနေတာပါ။ ပြီးတော့ ငါ့စိတ်ဝိညာဥ်အမြစ်ကလည်း အဆင့်၇ လေ…”
“ငါတို့ တစ်ပြိုင်နက်တည်းကျင့်ကြံကြမယ် ဆိုရင် စိတ်ဝိညာဥ်စွမ်းအင်တွေက ငါ့ဆီကိုပဲ လာသင့်တာမဟုတ်ဘူးလား။”
သူမက သူမကျင့်စဥ်ကို ပြန်လည်စတင်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်တွေကို ပြန်လည်ဆွဲယူဖို့ ကြိုးပမ်းလိုက်၏။
သို့ပေမယ့်….
သူမအခန်းထဲက စိတ်ဝိညာဥ်စွမ်းအင်တွေကို ထိန်းမထားနိုင်ရုံသာမက အလျှင်အမြန်ပျောက်ကွယ်နေခဲ့သည်။
အံ့အားသင့်သည့်အမူအရာတစ်ခုက သူမမျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။
“သူ့စိတ်ဝိညာဥ်အမြစ်က ငါ့ထက် ပိုအဆင့်မြင့်တာလား”
သူမက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။
အဆုံးမှာတော့, ဤနေရာမှာရှိသည့် စိတ်ဝိညာဥ်စွမ်းအင်က သူမနယ်ပယ် အတွက် အနည်းငယ်သာ အကျိုးရှိတာ ဖြစ်၏။
သူမက အခန်းအပြင်ဘက်ကို လျှောက်ထွက်လာပြီး တံခါးကြားမှတဆင့် ဂျန်ဖန်း၏ အခန်းထဲက အခြေအနေကို ခံစားမိလိုက်၏။
သူမအမြင်အရ စိတ်ဝိညာဥ်စွမ်းအင်တွေက ဝါးမြိုခံနေရပြီး အထဲ၌ စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို စုပ်ယူနေသည့် တွင်းနက်ကြီးတစ်ခု ရှိနေသကဲ့သို့ဖြစ်၏။
“စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူနေတာ မြန်လှကြီလား….”
ရုတ်တရက် သူမက တစ်ခုခုကို တွေးမိသွားပြီး စိတ်လှုပ်ရှားသွားခဲ့သည်။
“သူက အထီးကျန်လှေမြို့မှာပေါ်လာတဲ့ အဆင့် ၉ ဝိညာဥ်အမြစ်ရှိတဲ့ တစ်ယောက်များလား….”
သူမက ကျောက်တုံးတံခါးကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးတွေက ယှဥ်ပြိုင်လိုစိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤတစ်ချိန်၌ သူမက သူမအဖေမသိအောင် ခိုးထွက်လာခဲ့ခြင်း ဖြစ်၏။
ထိုအရာအတွက် အခြားအကြောင်းပြချက်က အခြားမဟုတ်ပေ။
ဂုဏ်ယူရသည့်သမီးတစ်ယောက်အနေနှင့် သူမက ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေခဲ့သည့် ထိုအဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ဘယ်လောက်တောင် ထူးခြားလည်းဆိုတာ သူမကိုယ်တိုင်မြင်တွေ့ချင်၏။
ထိုအခိုက်အတန့်၌….
မသဲမကွဲအသံတစ်ခုထွက်ပေါ်လာပြီး ချီကျင့်ကြံခြင်း အဆင့် ၅ စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
အစောင့်ခေါင်းဆောင်၏ မျက်ခွံတွေက ကျုံ့သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“သူ…. သူအဆင့်ချိုးဖြတ်သွားပြီ….”
ဤနေရာ၌ရှိသည့် စိတ်ဝိညာဥ်စွမ်းအင်က အတော်လေးပါလွှာပြီး အဆင့်နိမ့်သိုင်းကျင့်ကြံသူတွေအတွက်သာ အဆင့်ချိုးဖြတ်ဖို့ လုံလောက်၏။
သို့ပေမယ့် ဂျန်ဖန်းက အောင်မြင်သွားခဲ့သည်။
ခရမ်းရောင်ဝတ်ရုံဝတ် အမျိုးသမီး၏ အေးစက်စက်မျက်နှာပေါ်၌ အံ့သြသင့်သည့်အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။ သူမက မသိစိတ်အရ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။
“သူမှာ အဆင့် ၉ စိညာဥ်အမြစ် ရှိတာ မအံ့သြတော့ပါဘူး။ သူက သာမန်မဟုတ်ဘူးပဲ…”
သာမန် ချီကျင့်ကြံခြင်း အဆင့် ၄ ပြီးပြည့်စုံခြင်းအဆင့် တစ်ယောက်အတွက် ဤမျှနည်းပါးသည့် စိတ်ဝိညာဥ်စွမ်းအင်နှင့် အဆင့်တက်ဖို့က မဖြစ်နိုင်ပေ။
“ဒါပေမယ့် ငါ့ကျင့်စဥ်နဲ့ စိတ်ဝိညာဥ်အမြစ် နဲ့ဆိုရင် ငါလည်း ဒါကိုလုပ်နိုင်တယ်။”
“အဆင့် ၉ စိတ်ဝိညာဥ်အမြစ်က ငါ့ထက် အများကြီး သန်မာပုံမပေါ်ပါဘူး။”
သို့ပေမယ့် လက်ဖက်ရည်တစ်ခွက်စာ လောက်ကြာပြီးနောက်…
ပေါက်ကွဲမှုအသေးစားလေးတစ်ခုက အခန်းထဲကနေထွက်ပေါ်လာခဲ့သည်။
နောက်ထပ်သန်မာသည့် ချီကျင့်ကြံခြင်း အဆင့် ၆ စွမ်းအင်လှိုင်းအတက်အကျက ထွက်ပေါ်လာပြီး ကြမ်းပြင်က ဖုန်မှုန့်တွေကို ဖယ်ရှားသွားခဲ့သည်။
ခရမ်းရောင်ဝတ်အမျိုးသမီး၏ လှပသည့် မျက်နှာက နောက်ဆုံးမှာတော့ အံ့အားသင့်မှုတွေကို ထုတ်ဖော်ပြသလာခဲ့ သည်။
“လက်ဖက်ရည်တစ်ခွက်စာအချိန်နဲ့ သူက ချီကျင့်ကြံခြင်း အဆင့် ၅ ကနေ အဆင့် ၆ ကို ချိုးဖြတ်သွားတယ်….”
သူမက သူမကိုယ်သူမ မေးကြည့်လိုက်ပြီး သူမအစွမ်းကုန်ကြိုးစားရင်တောင်မှ ထိုအရာကို မလုပ်နိုင်ဘူးဆိုတာ သိ၏။
သူမပါးစပ်ထောင့်မှာ ခါးသီးသည့်အမူအရာ တစ်ခုပေါ်လာခဲ့သည်။
“ဒါက အဆင့် ၉ နဲ့ အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ကြားက ကွာခြားချက်လား….”
အစောင့်ခေါင်းဆောင်လည်း ပင့်သက်ရှိုက် လိုက်၏။
“သူက တစ်ခါတည်းနဲ့ အဆင့်နှစ်ဆင့် ချိုးဖြတ်လိုက်တယ်”
“ဟူး… အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရဲ့ စွမ်းအားက ငါတို့ခန့်မှန်းနိုင်တာကို ကျော်လွန်နေတာပဲ”
ခရမ်းရောင်ဝတ် အမျိုးသမီးက အနည်းငယ် ခေါင်းမာနေဆဲဖြစ်၏။
“ဒါပေမယ့် သူလည်း ဒီမှာပဲရပ်သွားပါပြီ”
“အဆင့် ၆ နဲ့ အဆင့် ၇ ကြားက အဟန့်အတားက ကြီးမားလွန်းတယ်။ ငါတုန်းက အဲ့ဒီအဆင့်ကို ချိုးဖြတ်ဖို့ ၁၀ ရက် အချိန်ယူလိုက်ရတယ်။”
“အဆင့် ၉ က အဆင့် ၇ ထက်သန်မာ ပေမယ့် နည်းနည်းပဲပိုသန်မာတာပါ”
သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပိုပေါ့ပါးသွားခဲ့သည်။
သို့ပေမယ့် အစောင့်ခေါင်းဆောင်က ကသိကအောက်ဖြစ်သွားခဲ့သည်။
ဆယ်ရက်… ခရမ်းရောင်ဝတ်အမျိုးသမီးက တိမ်စိမ်းဂိုဏ်းတစ်ခုလုံး၏ ထိပ်တန်းအရင်းအမြစ်တွေနှင့် အဆင့်ချိုးဖြတ်ဖို့ ဆယ်ရက် အချိန်ယူခဲ့ရ၏။
သာမန်လူတွေအတွက် ဤကွာဟချက်ကို ဖြတ်ကျော်ဖို့ နှစ်ပေါင်းများစွာ သို့မဟုတ် ဘဝသက်တမ်းတစ်ဝက်လောက်တောင် အချိန်ယူရမည်ဖြစ်၏။
အချိန်တွေတစ်ရွေ့ရွေ့ကုန်ရှုံးသွားခဲ့သည်။
အခန်းထဲမှ နောက်ထပ်လှုပ်ရှားမှုမရှိတော့ပဲ အမျိုးသမီး၏ စကားတွေက မှန်ကန်ပုံပေါ်နေခဲ့သည်။
အချိန်က ကုန်ဆုံးတော့မည်ဖြစ်၍ အစောင့်ခေါင်းဆောင်က တံခါးခေါက်ဖို့ ရှေ့တက်သွားခဲ့သည်။ သူက ဂျန်ဖန်းကို အသိပေးဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။
သို့ပေမယ့် ရုတ်တရက်….
ပိုအားကောင်းသည့် စွမ်းအင်လှိုင်းအတက်အကျတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
အစောင့်ခေါင်းဆောင်က မထိန်းနိုင်တော့ပဲ အော်ပြောလိုက်၏။
“ချီကျင့်ကြံခြင်း အဆင့် ၇…”
“နှစ်ရာရီဆိုတဲ့ အချိန်လေးနဲ့ သူက ချီကျင့်ကြံခြင်း အဆင့် ၄ ကနေ အဆင့် ၇ ကို ချိုးဖြတ်သွားတာလား…”
ခရမ်းဝတ်ရုံဝတ် အမျိုးသမီးလည်း သူမ၏ အေးစက်စက်အမူအရာကို ဆက်ထိန်းမထားနိုင်တော့ပေ။
သူမ၏ အေးစက်သည့်မျက်လုံးတွေက တုန်လှုပ်မှုတွေနှင့်ပြည့်နှက်နေပြီး မယုံကြည်နိုင်စွာနှင့် ရေရွတ်လိုက်၏။
“မဖြစ်နိုင်ဘူး… အဆင့် ၉ နဲ့ အဆင့် ၇ ကြားမှာ နှစ်ဆင့်ပဲကွာတာပါ။ ကွားဟချက်က ဘာလို့ ဒီလောက်ကြီးမားနေရတာလဲ…”