Chapter 6
Vol. 1 Ch. 6
သူဖုန်းစားလေးမှာ ရွှံ့များပေကျံနေသည့်သူ၏လက်ကိုဆန့်ထုတ်ကာ အစာသွပ်မုန့်အား အမြန်လုယူလိုက်ပြီး ပါးစပ်ထဲ ထိုးသိပ်ထည့်လိုက်၏။
သူ၏မျက်နှာမှာ မွဲခြောက်၍ချောင်ကျနေပြီး မျက်လုံးများမှာလည်း မျှော်လင့်ချက်မဲ့နေလေသည်။သူ၏ပါးစပ်ထောင့်မှနေ ပြုတ်ကျသွားသော မုန့်အစအနများကိုပင်လျှင် ကောက်ယူ၍ စိတ်လိုလက်ရပြန်စားရန်လုပ်နေတော့၏။
စူးယွင်သည် သူ၏လက်ကောက်ဝတ်အား အသာဆွဲလိုက်ပြီး
"အဲ့ဒါကညစ်ပတ်နေပြီလေ ထပ်မစားနဲ့တော့။အစ်မဆီမှာ ထပ်ရှိသေးတယ်"
"အစားအစာကမညစ်ပတ်ပါဘူး"
သူဖုန်းစားလေးသည် သူ၏လက်အား ဆက်ကနဲပြန်ဆွဲထုတ်ကာ သူ့နောက်၌ကွယ်ထားရန်လုပ်နေတော့သည်။
"ကျွန်တော်.....ကျွန်တော်ကမှ ညစ်ပတ်တာပါ"
"အဆင်ပြေပါတယ်"
စူးယွင်သည် လက်ချောင်းထိပ်များမှ ပေကျံသွားသည်တို့ကို ကြည့်ကာပြုံးရင်း
"နည်းနည်းလောက်ထပ်စားလေ"
သူဖုန်းစားလေးမှာ သူ့လက်များထက်ရှိ ပေကျံနေသည်တို့ကို စိတ်ထဲမထားသည်အား နားလည်လိုက်၍ အဆာသွပ်မုန့်နောက်တစ်ခုယူလိုက်၏။
သူစားသောက်၍ပြီးခါနီးတွင် ရှောင်ဟယ်မှရောက်လာသည်။စူးယွင်သည် သူမ၏ခေါင်းအား အနည်းငယ်စောင်းကာ သူဖုန်းစားလေးအား နေရောင်ထံမှ သူမကိုယ်ကိုသုံးကာ ကွယ်ပေးထားလိုက်၏။
"အစ်မကလုပ်ငန်းအချို့လုပ်ဖို့အတွက် မင်းကိုခန့်ထားချင်တယ်။မင်းဘက်ကဆန္ဒရှိမရှိကိုတော့ အစ်မ မသိဘူး"
"ကျွန်တော့်ကိုအလုပ်ခန့်မလို့လား"
သူဖုန်းစားလေး၏ မျက်လုံးများမှာ ရှုပ်ထွေးမှု တွန့်ဆုတ်မှုတို့ဖြင့် တုန်ယင်နေတော့၏။
"ကျွန်တော်....ကျွန်တော့်ကိုလား"
"တိတိကျကျပြောရရင်တော့ အစ်မကမင်းတို့အဖွဲ့ဆီကနေ အကူအညီလိုအပ်နေတာပါ"
စူးယွင်မှ ရှင်းပြလိုက်၏။
"မင်းလိုမျိုးအခြားလူတွေကို သိတယ်မလား"
သူဖုန်းစားလေးမှ နားလည်မှုဖြင့်ခေါင်းငြိမ့်လိုက်သည်။
စူးယွင်မှ ဆက်၍
"အစ်မမှာက ပိုက်ဆံအများကြီးမရှိဘူး အဲ့တော့ ဈေးကြီးတဲ့အလုပ်သမားတွေကို အစ်မ မတတ်နိုင်ဘူးလေ။ဒါပေမယ့် မင်းဆိုရင်ေတာ့ အစ်မကိုကူညီပေးနိုင်မယ်လို့ ထင်တယ်လေ။စိတ်မပူပါနဲ့ အစ်မကအများကြီးမပေးနိုင်တောင် မင်းအလုပ်လုပ်နေသ၍ အစားအစာလုံလောက်အောင် ရစေရမယ်ဆိုတာတော့ ကျိန်းသေပါတယ်"
"အဲ့ဒါကိုဘယ်လိုထင်လဲ။သဘောတူနိုင်လား"
သူဖုန်းစားလေးမှာ ခေါင်းထပ်ငြိမ့်လာ၏။
သူတို့အဖို့တော့ သူတို့ဗိုက်ကို ဖြည့်နေနိုင်သ၍ ဘယ်လောက်ငွေရှာနိုင်သည်ဆိုသည်မှာ ကိစ္စမရှိပါပေ။
"ဒါဆို မင်းကအစ်မအစား သူတို့နဲ့ဆက်သွယ်ပေးနိုင်မလား။သုံးရက်အတွင်း ဒီအချိန်မှာပဲ အဲ့ဒီဆိုင်ဆီမင်းလာနိုင်လား"
စူးယွင်မှာ သူမနောက်ရှိဝမ်ကောဆိုင်ဆီ ညွှန်ပြလိုက်သည်။
"ကောင်းပါပြီ"
စူးယွင်သည်ရှောင်ဟယ်ထံမှ အစာသွပ်မုန့်များအားယူကာ သူဖုန်းစားလေးထံ ကမ်းပေးလိုက်၏။
"ဒီမုန့်တွေကို အစ်မရဲ့ကျေးဇူးတင်မှုအနေနဲ့ ယူဆလိုက်နော်"
သူဖုန်းစားလေးမှာ အစာသွပ်မုန့်များကိုယူကာ သူ၏ပန်းကန်လုံးအကွဲလေးအား ဆွဲ၍ ထွက်သွားတော့သည်။
စူးယွင်မှမတ်တပ်ရပ်ပြီး ပြန်သွားရန်လှည့်လိုက်သည်နှင့် သူမသည်လဖြူရောင်ဝတ်ရုံရှည်ဖြင့် နဉ်ကျင်းအား ရုတ်ချည်းတွေ့လိုက်ရ၏။သူ၏ညာဘက်တွင် ခေါက်ယပ်တောင်အား ကိုင်ထားပြီး ဘယ်ဘက်လက်တွင်တော့ အပြာရောင်သေတ္တာတစ်လုံးအား သယ်လာလေသည်။
"သခင်လေးနဉ်က ဒီကိုဘာတွေယူလာတာများလဲ"
စူးယွင်သည် သူ့ထံလျှောက်သွားကာ သူ့အားအထဲဝင်ရန် အမူအယာပြလိုက်ပြီး ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်၏။
"ကျွန်တော်က တစ်ခုခုဝယ်ရအောင် အရှေ့ဘက်ထွက်လာရင်း ဝမ်ကောရှေ့ကနေဖြတ်သွားဖြစ်တော့ ခဏဝင်ကြည့်ဖို့ တွေးလိုက်မိတာလေ"
နဉ်ကျင်းသည် သူ့လက်ထဲရှိပစ္စည်းများအား စားပွဲပေါ်မချခင် ယမ်း၍ပြောလာသည်။
စူးယွင်သည် နဉ်ကျင်း၏ပါးပြင်များထက် နီစပ်စပ်ဖြစ်နေသည်ကို သတိပြုမိရာ ပြုံး၍
"အပြင်ဘက်က နေအရမ်းပူနေတာလေ။နောက်တစ်ခါကျရင်ေတာ့ သခင်လေးနဉ် တစ်ခါတည်းဝင်လာသင့်တယ်။အပြင်ဘက်မှာ ရပ်စောင့်နေဖို့မလိုပါဘူး"
"အဆင်ပြေပါတယ်"
နဉ်ကျင်းမှအမှုမထားပဲ ပြန်ဖြေလိုက်၏။
စူးယွင်သည် ကြော်ငြာစာအား အပြီးသတ်ချင်စိတ်ကြီးနေ၍ ပြောလိုက်သည်။
"ကျွန်မမှာ လုပ်စရာအချို့ရှိသေးတယ်ဆိုတော့ သခင်လေးနဉ်အနေနဲ့ သက်တောင့်သက်သာနေလိုက်ဦးနော်"
သူမသည် စုတ်တံအားကောက်ယူကာ ပုံကြမ်းအားစဆွဲလိုက်ပြီး နောက်ဆုံးတွင် ပွဲအစီအစဉ်အသေးစိတ်နှင့် လျှော့ဈေးများအား ထပ်ပေါင်းလိုက်၏။
"နောက်ဆုံးတော့ ပြီးသွားပြီ"
စူးယွင်သည် သက်ပြင်းချကာ စုတ်တံအားပြန်ချထားလိုက်သည်။
"နှမျောစရာပဲ....အကုန်လုံးကအဖြူ အမည်းဖြစ်နေတယ်"
ခေတ်ကာလ၏ကန့်သတ်ထားသည့် ပစ္စည်းများနှင့်အတူ သူမမှာ ကြော်ငြာစာအား မျှော်လင့်ထားသလောက် တောက်ပအောင်မလုပ်နိုင်ခဲ့ပေ။
နဉ်ကျင်းသည် ပန်းချီကားအားကြည့်လိုက်၏။မှင်အနက်မှာ ဝမ်ကော၏မျက်နှာပြင်အနားသတ်ဖြစ်ကာ မှင်အဖျော့မှ ပိုကောင်းမွန်သော အသေးစိတ်အချက်များအား မြှင့်တင်ခဲ့သည်။သွင်ပြင်တစ်ရပ်လုံးမှာ အသရေရှိပေသိ ဆန်းကြယ်နေကာ တစ်စုံတစ်ဦးမှ မြင်ကွင်းတွင်းခြေချမိသည်နှင့် နှစ်မြှပ်သွားသယောင်ခံစားချက်အား ပေးစွမ်းနေတော့၏။
"မင်းကဒါကိုလေ့လာခဲ့ဖူးတာလား"
နဉ်ကျင်းသည် မေးလိုက်ပြီး သူ၏အကြည့်တို့မှာ အတွေးများဖြင့်ပြည့်နေသည်။
"ဟုတ်တယ်"
စူးယွင်မှ ပြန်ဖြေလာ၏။
အသက်ဝင်သောဒီဇိုင်းများအား ဖန်တီးရန်သူမသည် အနုပညာရပ်များအား လေ့လာဖို့သက်သက်သွားခဲ့ဖူးလေသည်။
"မိန်းကလေးစူး မင်းကအရမ်းအရည်အချင်းရှိတာပဲ"
နဉ်ကျင်းသည် မှတ်ချက်ပြုရင်း သူ၏အင်္ကျီလက်တွင်းမှ လက်ကိုင်ပုဝါသန့်သန့်တစ်ထည်အား ဆွဲထုတ်ကာသူမထံပေးလာ၏။
"ဒါပေမယ့် မင်းမျက်နှာပေါ်မှာ မှင်နည်းနည်းပေနေတယ်"
"ဘယ်နေရာမှာလဲ"
စူးယွင်သည် လက်ကိုင်ပုဝါအားယူကာ သူမမျက်နှာအား သုတ်လိုက်သည်။
"ရှိနေသေးလား"
နဉ်ကျင်းသည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်းပြလာ၏။
"အခုပိုတောင်ဆိုးသွားပြီ"
သူသည်လက်ကိုင်ပုဝါထောင့်အား အသာကိုင်ကာ သူမနှာတံထက်ရှိ မှင်ကိုသုတ်ပေးလိုက်သည်။
"နောက်တစ်ခါပန်းချီဆွဲတဲ့ အချိန်ဆိုပိုသတိထားရမယ်နော်"
စူးယွင်၏မျက်ဝန်းများမှာ ရှက်ရွံ့မှုဖြင့် ဟိုကြည့်ဒီကြည့်လုပ်နေလိုက်၏။
"အာ...ကောင်းပါပြီ"
အဲ့ဒါကအရမ်းကို.....နီးကပ်နေတာမဟုတ်ဘူးလား။
------
မြို့တော်တွင်းရှိ အိမ်ရာနယ်မြေမှာ လမ်းမများထက် သွားချည်လာချည်လုပ်ေနကြသည့် လူအများနှင့် ထုံးစံအတိုင်း စည်ကားနေလေ၏။ထိုသည်မှာ လူချမ်းသာနှင့် သာမာန်လူတန်းစား နှစ်မျိုးလုံးနေထိုင်ကြသည့် နယ်မြေဖြစ်ပြီး စူးယွင်စီစဉ်ထားသောကြော်ငြာလှုပ်ရှားမှုအတွက် ကွက်တိကျသောတည်နေရာပင်ဖြစ်သည်။
နေ့လည်ခင်းကောင်းကင်ယံတွင် နေလုံးကြီးမှ နိမ့်ကျလာသည်နှင့်(မွန်းလွဲချိန်)သူဖုန်းစားလေးနှင့် သူ၏အဖွဲ့သည် စူးယွင်မှ သူတို့အားပေးအပ်ခဲ့သည့် တာဝန်အတွက် ထွက်လာခဲ့ကြကာ သူမပြင်ဆင်ပေးထားသော ကြေငြာစာများအား ကမ်းပေးနေကြ၏။သူတို့သည် ဤကဲ့သို့လုပ်ငန်းမျိုးနှင့် အတွေ့အကြုံလုံးလုံးရှိမနေ၍ သူတို့၏ ကြမ်းတမ်းသောလက်များမှာ ကြော်ငြာစာအား သတိဖြင့်ကိုင်တွယ်ခဲ့ရသည်။
စူးယွင်သည် ဆိုင်ဝင်ပေါက်တွင်မတ်တပ်ရပ်ကာ ကြော်ငြာနေသည့်မြင်ကွင်းအား စောင့်ကြည့်နေလိုက်၏။သူမ၏အစီအစဉ်မှာ သမားရိုးကျနည်းလမ်းအချို့တစ်လေပေါ် မှီခိုနေရသည်ဆိုစေကာမူ သူမ၏အစီအစဉ်အားအလုပ်ဖြစ်ရန် အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။သူဖုန်းစားအုပ်စုမှာ အာရုံစိုက်မှုအား ကျိန်းသေဆွဲဆောင်နိုင်ကြမည်ဖြစ်ပေသိ သူတို့မှထုတ်ေဖာ်ပြောဆိုနေသ၍ အလုံးစုံထိုက်တန်ပေလိမ့်မည်။
မကြာမီမှာပင် သူမသည်ဖြတ်သွားဖြတ်လာများမှ ကြော်ငြာစာအား သတိပြုမိကာ စူးစမ်းကြည့်လာသောအကြည့်အချို့အား တွေ့လိုက်ရ၏။သူတို့ထဲမှ အချို့သည် ထင်ရှားနေသောကြော်ငြာမှုမှ စူးစမ်းချင်စိတ်ပေါ်လာအောင် လုပ်လိုက်၍ သွားနှုန်းအရှိန်လျော့ကျသွားခဲ့ကြသည်။
စိတ်သက်သာရာရမှုလှိုင်းလုံးလေးတစ်လုံးက စူးယွင်အားဆေးကြောချလိုက်၏။ဤနည်းလမ်းမှာ အမှန်ပင်အသုံးဝင်လေသည်။
နွေရာသီနေမင်းကြီးသည် နေဝင်ချိန်မတိုင်ခင်ထိ ကမ္ဘာမြေကြီးအားသူ၏တောက်လောင်သောအပူချိန်ဖြင့် လောင်မြှိုက်အောင်ပူပြင်းနေဆဲပင်။
စူးယွင်သည် ဆီစိမ်ထီးတစ်လက်အားကိုင်ကာ ရှေ့သို့လျှောက်လှမ်းနေ၏။ထောင့်သို့သူမချိုးကွေ့လာသည်နှင့် မနေ့ကသူဖုန်းစားလေးအား တံမြက်စည်းဖြင့်ရိုက်ရန် သူမ၏အစေခံကို အမိန့်ပေးနေသည့်မိန်းမငယ်လေးတစ်ဦးအား တွေ့လိုက်ရသည်။
စူးယွင်မှာ နှလုံးခုန်နှုန်းလွဲမှားသွားတော့၏။သူမသည် သူတို့ထံအမြန်ပြေးသွားလိုက်သည်။
"မင်းတို့ဘာလုပ်ေနတာလဲ"
စူးယွင်သည် ထီးအားသူမရှေ့တွင်ထားကာ တံမြက်စည်းအားလေထုအလယ်တွင် တားဆီးရင်းသူမနောက်မှ သူဖုန်းစားလေးအား လှည့်မေးလိုက်၏။
"မင်းနာသွားသေးလား"
"ကျွန်တော်အဆင်ပြေပါတယ်"
စူးယွင်မှာအချိန်ကိုက်ရောက်လာသောကြောင့် သူသည်ဆိုးဆိုးဝါးဝါးထိခိုက်မသွားခဲ့ပေ။
မိန်းမငယ်လေးမှာ သူမလက်အားယမ်း၍ သူမ၏အစေခံကိုတံမြက်စည်းချရန် အချက်ပြလိုက်သည်။သူမသည် သူမဝတ်စုံ၏အနားစွန်းတွင် စွန်းထင်းနေသည်အား စူးယွင်ထံပြလာ၏။
"အဲ့သူဖုန်းစားလေးက ဒီသခင်မလေးရဲ့စကပ်ကိုဖျက်စီးခဲ့တာလေ။ဒီဝတ်စုံက ဘယ်လောက်တန်လဲ မင်းသိလား"
"ကျွန်တော်က အဲ့လိုဖြစ်ဖို့မရည်ရွယ်ပါဘူး"
သူဖုန်းစားလေးမှာ ကိုင်ထားသောကြော်ငြာစာအား သူ့ရှေ့တွင်ယမ်းရင်းထိတ်လန့်တုန်လှုပ်စွာကြည့်နေသည်။
"ကျွန်တော်စားသောက်နေတုန်း ခွေးတစ်ကောင်က ရုတ်တရက်ကြီးဖြတ်ပြေးသွားတာလေ။ကျွန်တော်လည်း လန့်သွားပြီး ကိုင်ထားတာလွတ်ကျတာ ပြီးတော့...."
စူးယွင်သည် သူမ၏ဆီစိမ်စက္ကူထီးအား ဘေးဖယ်ကာ အတော်လေးဝမ်းနည်းနေသော သူဖုန်းစားလေးအား နှစ်သိမ့်လိုက်၏။
"အဆင်ပြေပါတယ် ဒါကိုအစ်မကိုင်တွယ်လိုက်မယ်"
"မင်းကဖြေရှင်းမှာလား"
မိန်းမငယ်လေးမှာ စူးယွင်အားကြည့်ကာနှာမှုတ်လာ၏။
"မင်းရဲ့ ဆင်းရဲနုံချာတဲ့သွင်ပြင်နဲ့ကတော့ ငါတို့တွေမင်းကိုရောင်းလိုက်ရင်တောင် လျော်ကြေးပေးဖို့လုံလောက်မှာမဟုတ်ဘူး"
"ငွေကြေးနဲ့လျော်ပါမယ်ဆိုပြီး ဘယ်သူက အဲ့အကြောင်းပြောနေလို့လဲ"
စူးယွင်သည် မေးအားပင့်ကာ သူမ၏မျက်ဝန်းများမှာ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"ကျွန်မကပိုကောင်းလာအောင် ပြောင်းလဲဖို့ ကိုယ်ပိုင်နည်းလမ်းတွေကို သဘာဝကျကျသုံးမှာလေ"
သူမ၏သဘောထားကို မြင်လိုက်ရသော် မိန်းမငယ်လေးမှာ စိတ်ဝင်စားလာလေတော့သည်။
"မင်းဘာတွေလုပ်နိုင်လဲဆိုတာ ဒီသခင်မလေးသိချင်တယ်"
စူးယွင်သည် အစာသွပ်မုန့်များအား သူဖုန်းစားလေးထံ ကမ်းပေးပြီး မိန်းမငယ်လေးဘက်လှည့်ကာ ပြောလိုက်၏။
"ကျွန်မနောက်ကလိုက်ခဲ့"