Chapter 7
Vol. 1 Ch. 7
“ရှောင်ဟယ် ကျွန်မတို့ရဲ့ဧည့်သည်တွေဆီ လက်ဖက်ရည်တည်ခင်းလိုက်ပါဦး”
စူးယွင်သည် သူမတို့အားဝမ်ကောဆိုင်တွင်း ခေါ်လာရင်းပြောလိုက်၏။
“ဆိုင်အသေးလေးတစ်ခုပဲမလို့ မင်းတို့သက်တောင့်သက်သာနေကြပါ”
ညစ်ပေသွားသည့် ဝတ်စုံကိုဝတ်ထားရေသာ လော့ဇီယင်းသည် အနီးဆုံးခုံကိုတွေ့သည်နှင့်ထိုင်ချကာ ဝမ်ကောအား ဟိုဟိုဒီဒီစူးစမ်းနေလိုက်သည်။
ဆိုင်ခန်းလေး၏ရိုးရှင်းမှုနှင့် ခေတ်ဟောင်းအပြင်အဆင်မှာ အဆင့်အတန်းမြင့်မြင့်ဆွဲဆောင်ရည်ကို ပေါင်းထည့်ထားပြီး အဝတ်စင်များမှာလည်း လက်ရာေမြာက်ေသာ ရိုးရာစတိုင်ချီဖောင်များခင်းကျင်းထားမှုဖြင့် ပြည့်နှက်နေရာ သူမမျက်ဝန်းတို့အား ခဏတာမျှ လင်းလက်သွားအောင်လုပ်နေတော့၏။
“ဒီသခင်မလေးကို ဘာလို့ဒီခေါ်လာတာလဲ”
လော့ဇီယင်းသည် သူမအကြည့်အားရွှေ့လိုက်ပြီး ရှောင်ဟယ်မှသူမအတွက်ချပေးထားသော လက်ဖက်ရည်ကို ခွက်အောက်ခြေသန့်ရှင်းကြောင်း စစ်ဆေးပြီးပါမှ တစ်ငုံသောက်လိုက်သည်။
“ဘယ်လိုလှည့်ကွက်မျိုးမှလုပ်မနေနဲ့”
“စိတ်ချပါ”
စူးယွင်သည် ပြန်ဖြေရင်း ချီဖောင်အသစ်တစ်ထည်ကို ယူလာခဲ့၏။
“ဒါကိုအရင်လဲဝတ်လိုက်ပါဦး”
လော့ဇီယင်း၏ မျက်ဝန်းများမှာ သတိထားမှုအပြည့်ဖြင့် မျက်မှောင်ကြုံ့ကာ
“မင်းကတစ်ကယ်ကိုဘာလုပ်ဖို့ကြိုးစားနေတာလဲ။ပြီးတော့ ဒီသခင်မလေးက ဒီလိုအဝတ်အစားမျိုးတွေကို ကြိုက်တောင်မကြိုက်ဘူး”
သူမသည်ယခင်က ဤဆိုင်အကြောင်းကြားဖူးခဲ့၏။ဆိုင်နှင့်ပက်သက်သည့် မကောင်းသောကောလဟလများမှာ လတ်တလော၌ မြို့တော်၏ပြောစရာဖြစ်နေခဲ့လေသည်။
“သခင်မလေး မင်းအတွေးလွန်နေပါပြီ”
စူးယွင်သည် ပစ္စည်းအချို့ယူရန်ဗီရိုထံလျှောက်သွားလိုက်၏။
“မင်းရဲ့ဝတ်စုံကိုပြန်ပြင်ပေးမယ်လို့ ကျွန်မကတိပေးခဲ့မှတော့ ကျွန်မကမင်းကိုအရူးလုပ်ဖို့ အသစ်တစ်ထည်ပေးရုံတင်လုပ်လာမှာမဟုတ်ပါဘူး”
လော့ဇီယင်းသည် အဝတ်အားတွန့်ဆုတ်စွာဖြင့်လက်မခံခင် စူးယွင်အားမျက်ခြေမပျက်စောင့်ကြည့်လိုက်သည်။
“မင်းရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဒီသခင်မလေးက မင်းကိုလွယ်လွယ်လေးလွှတ်ပေးထားမှာမဟုတ်ဘူးနော်”
“ဟင်”
စူးယွင်သည် သူမအားအာရုံမစိုက်တော့ပဲ ရှောင်ဟယ်အား လော့ဇီယင်းကို အဝတ်လဲခန်းဆီအဖော်လိုက်သွားရန် အချက်ပြလိုက်၏။ထိုအချိန်တွင် စူးယွင်မှာစားပွဲတွင်ထိုင်၍ ညစ်ပေသွားသည့်ဝတ်စုံကို ဂရုတစိုက်ပြင်ဆင်လိုက်သည်။သူမမှာ ပေသွားသည့်နေရာပေါ် ဆပ်ပြာဖြင့်အသာပွတ်လိုက်ပြီး သူမလက်ချောင်းများဖြင့် ငြင်သာစွာပွတ်တိုက်၏။ဆပ်ပြာမြှပ်များထွက်လာသည်နှင့် သူမသည်ရေစိုနေသောလက်ချောင်းထိပ်လေးများဖြင့် ဆပ်ပြာပြောင်အောင်သုတ်ကာ တိကျသောလုပ်ငန်းစဉ်ကို ထပ်ခါထပ်ခါလုပ်နေတော့သည်။
လော့ဇီယင်းမှာ အဝတ်လဲပြီးသွားပြီး အဝတ်လဲခန်းထဲမှ ထွက်လာသည်နှင့် သူမသည် ဘေးရှိသူမအစေခံထံချက်ချင်းလှမ်းကြည့်လိုက်၏။
“ဒီ...”
သူမသခင်မလေး၏ အလှကြိုက်မှုကို နားလည်ထားသည့် ချွန်းလန်မှာ သူမစကားများအား ဖားယားခြင်းမရှိပဲ အမှန်အတိုင်းပြောလိုက်သည်။
“သခင်မလေးက ဝတ်စုံနဲ့တစ်ကယ်ကိုအတော်ကြည့်ကောင်းပါတယ်”
“ဟမ့်”
ချွန်းလန်၏မှတ်ချက်ကို ကြားလိုက်ရသည့် လော့ဇီယင်းမှာ သူမနှုတ်ခမ်းထောင့်၌ အပြုံးဖျော့ဖျော့လေးအား မပြုံးပဲမနေနိုင်ခဲ့ပေ။သူမသည် ဂုဏ်သရေအပြည့်ရှိသောခြေလှမ်းများဖြင့် စူးယွင်ထိုင်ေနရာဆီလျှောက်လာလေ၏။
လော့ဇီယင်းသည် အဝတ်စပေါ်မှကျန်နေသေးသည့် မှိန်ဖျော့ဖျော့အစွန်းအထင်းထံ စိုက်ကြည့်ရင်း သူမမေးအားအနည်းငယ်ပင့်ကာ အေးစက်စက်နှာမှုတ်လိုက်သည်။
“ဒါကမင်းပြောတဲ့နည်းလမ်းဆိုတာလား။ဒီသခင်မလေးကို ပိုကောင်းတဲ့တစ်ထည်နဲ့သာလျော်ပေးလိုက်ပါတော့”
“ဘာတွေအလျင်လိုနေတာလဲ။ဒါကခုထိမပြီးသေးဘူးလေ”
စူးယွင်သည်မတ်တပ်ရပ်ကာ ကျန်နေသေးသည့်ရေများအား သုတ်ပစ်ရန်လက်ကိုင်ပုဝါသန့်သန့်တစ်ထည်ဖြင့် အဝတ်စအားအခြောက်ခံလိုက်ပြီးနောက် ရှောင်ဟယ်ထံပေးလိုက်သည်။
“အပြင်ထုတ်လှမ်းလိုက်ချေ”
အပြင်ဘက်ရှိ တောက်ပနေသောနေလုံးကြီးအား ကြည့်လိုက်ပြီးနောက် စူးယွင်သည် လော့ဇီယင်းထံလှည့်လာ၏။
“အဝတ်ကညနေဆိုခြောက်ပြီ။မင်းသာအလျင်မလိုရင် မင်းရဲ့လိပ်စာကိုချန်ထားနိုင်တယ်။ပြီးရင် မနက်ဖြန်မနက်ကျ မင်းရဲ့အိမ်တော်ဆီ ကျွန်မတစ်ယောက်ယောက်ကို ဝတ်စုံအရင်လာပို့ခိုင်းလိုက်ပါ့မယ်”
“ဒါမှမဟုတ် အလျင်လိုနေရင်တော့ ဒီမှာတင်နေပြီး အချိန်တစ်ချို့ဖြုန်းေနရင် နောက်ပိုင်းကျဝတ်စုံကိုပြန်ယူသွားလို့ရပါပြီ”
“ဒီသခင်မေလးက မင်းရဲ့ဆိုင်မှာအချိန်ဖြုန်းမနေနိုင်ဘူး”
လော့ဇီယင်းသည် ချွန်းလန်အား မျက်ထောင့်ကပ်ကြည့်လိုက်သည်။
“သူတို့ကို ငါတို့လိပ်စာသွားပေးခဲ့ချေ”
ချွန်းလန်သည် အသာဦးညွှတ်ရင်း
“ကောင်းပါပြီ သခင်မလေး”
“ဒီသခင်မလေးသာ မနက်ဖြန်မနက် ဝတ်စုံမရခဲ့ရင် ဒီဆိုင်ကိုသေချာပေါက် လှန်ချပစ်မယ်”
လော့ဇီယင်းသည် ပြတ်ပြတ်သားသားကြေညာလာ၏။
စူးယွင်သည် သူမအကြည့်အား ယုံကြည်ချက်အပြည့်ဖြင့်ရင်ဆိုင်ကာ တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်မကအမြဲကတိတည်ပါတယ်”
“အဲ့လိုဆိုပိုကောင်းတယ်”
လော့ဇီယင်းသည် လိပ်စာအားစာရင်းသွင်းပြီးခဲ့သည့် ချွန်းလန်အားကြည့်လိုက်ပြီး ဆက်လက်အငြင်းပွားလိုစိတ်မရှိတော့ပေ။သူမသည် လှည့်ထွက်လာကာ တံခါးမဆီလျှောက်သွားလိုက်သည်။
သို့သော် တံခါးခုံပေါ်သူမခြေချမိသည်နှင့် တုံ့ဆိုင်းသွားရကာ သူမခြေလှမ်းများအား ရပ်တန့်လိုက်၏။
သူမနှုတ်ခမ်းအားကိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သခင်မလေး ကျွန်မအိမ်တော်ဆီပြန်ပြီး သခင်မလေးအတွက် အခြားဝတ်စုံယူလာလိုက်ရမလား”
ချွန်းလန်မှ နူးနူးညံ့ညံ့လေးအကြံပေးလာ၏။
လော့ဇီယင်းသည်ပြန်မဖြေခဲ့ပေ။
သူမသည် သူမဝတ်ဆင်ထားသည် ချုံဆမ်းအားငုံ့ကြည့်လိုက်ရာ ဝတ်စုံမှာ အသက်ရှူမှားလောက်စရာကောင်းပြီး ပြန်မလဲချင်တော့ချေ။သို့သော် အပြင်ဘက်၌ပျံ့နှံ့နေသည့် ကောလဟလများက သူမအားတံခါးမတွင်ပင် ရပ်တန့်စေခဲ့သည်။
သူမအကြည့်များအား ပင့်လိုက်ရာ သူမမျက်ဝန်းများသည် စားပွဲတွင် တိတ်တဆိတ်ထိုင်နေပြီး အခြားချုံဆမ်းအား ကျွမ်းကျင်စွာချုပ်လုပ်နေသည့် စူးယွင်ထံဆင်းသက်သွား၏။
အရောင်ဖျော့ဖျော့ချုံဆမ်းအားဝတ်ဆင်ထားသည့် စူးယွင်သည် ဂုဏ်သရေရှိမှုနှင့် နှစ်လိုဖွယ်ကောင်းမှုတို့ကို ထုတ်လွှတ်နေကာ သူမအကြောင်းပျံ့နှံ့နေသည့် ကောလဟလများနှင့်မတူညီပါပေ။
သူမသည် ချွန်းလန်၏အကြံပြုချက်အား ဟန့်တားကာ လဲလှယ်ဖို့အားငြင်းပယ်၍ ပြတ်ပြတ်သားသားလမ်းလျှောက်ထွက်သွားတော့သည်။
ဆိုင်ကလေးတစ်ဆိုင်ရဲ့ပိုင်ရှင်ပင်လျှင် ဤကဲ့သို့အဝတ်အစားမျိုးအား လူကြားထဲယုံကြည်ချက်ရှိရှိဝတ်ဆင်ရဲပါလျှင် ရုန်းဝူမြို့စား၏တရားဝင်မြေးမကြီးဖြစ်သော သူမမှာ မည်သည်ကိုကြောက်ရွံ့နေရပါမည်နည်း။
နေကျချိန်၏နောက်ဆုံးအလင်းတန်းများမှာ အခန်းအားနွေးထွေးသော ရွှေရောင်တောက်ပမှုတို့ဖြင့် ပက်ဖြန်းနေကာ ရှောင်ဟယ်သည် သူဖုန်းစားများ၏လုပ်ငန်းစဉ်အားစစ်ဆေးရန်ထွက်သွားပြီး စူးယွင်အား ကျယ်ဝန်းသောဝမ်ကောတွင်ပင် တစ်ယောက်တည်းချန်ထားခဲ့လေ၏။
စူးယွင်သည် ပြတင်းပေါက်နားထိုင်၍ လာမည့်ရက်များတွင် ပြသရန်သူမစီစဉ်ထားသည့် အမျိုးအစားအသစ်များပေါ်၌ အားကြိုးမာန်တက်အာရုံစိုက်ထားနေသည်။နွေရာသီမှာ ပူပြင်းပေသိ နောက်မဆုတ်ခဲ့၍ ပြတင်းပေါက်မှတစ်ဆင့် ဖြာဆင်းလာသောနေရောင်မှာ သူမပုံရိပ်ကိုဖြတ်ကာ အလင်းတန်းများဖြင့် အရိပ်အားဖန်တီးထားလေ၏။
သူမအလုပ်မှာ အရေးကြီးသောနေရာတစ်ခုဆီရောက်နေခဲ့၍ သူမသည် မတ်တပ်ရပ်ရန်နှင့် ပိုအေးေသာေနရာတစ်ခုဆီေရွှ့ရန် ဆန္ဒမရှိတော့ပေ။ထိုအစား သူမမှာ နေရောင်ကိုမျက်နှာမူရန်သာ ဆက်ရွေးချယ်လိုက်တော့သည်။
အချိန်မည်မျှကြာခဲ့မှန်း သူမမသိခဲ့ပေသိ နောက်ဆုံးတွင် အရိပ်တစ်ခုမှာ သူမချုပ်လုပ်နေသည့် ချီဖောင်ပေါ်ကျဆင်းလာလေ၏။ရပ်တန့်ရန်အတွေးမရှိပါပဲ သူမသည် သူမအလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။
နောက်ဆုံးချုပ်ရိုးပြီးသည်နှင့် သူမလက်ချောင်းများအား ချည်အားလိမ်ရန်သုံးကာ တုပ်နှောင်၍ထုံးလိုက်သည်တို့အား ချောမွေ့စွာတစ်ချက်တည်းအပြီးသတ်လိုက်၏။
သူမမှအပ်နှင့်ချည်အားချလိုက်သည်နှင့် သူမခေါင်းထက်မှအသံတစ်သံထွက်လာခဲ့သည်။
“အဲ့ဒါကပြီးသွားပြီပေါ့”
သူ၏အသံမှာ ဆောင်းဦးလေပွေလေးလို နူးညံ့ငြင်သာပြီး သူမရင်ဘတ်ထဲရှိ နှလုံးမျှင်တို့အား မွှေနှောက်လိုက်လေ၏။
စူးယွင်မှာခေါင်းမော့လိုက်ပြီး သူမ၏ေရကဲ့သို့တည်ငြိမ်သော မျက်ဝန်းနက်လေးများမှာ အပြုံးတစ်ပွင့်အရိပ်အယောင်အား သယ်ဆောင်ထားပြီး သူတို့လေးများထဲရှိ နွမ်းနယ်မှုအား ပြေလျော့သွားစေခဲ့သည်။သူမသည် ချက်ချင်းခေါင်းငြိမ့်ပြလိုက်ပြီး သူမမျက်ဝန်းများထဲရှိ ပင်ပန်းမှုကို ထိုအပြုံးလေးဖြင့်မြှင့်တင်ထားလိုက်၏။
“ရှင့်ရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေးနဉ်”
အချိန်အကြာကြီး နေရောင်မှနေ သူမအားကွယ်ပေးခဲ့ရ၍ သူ၏မျက်နှာမှာ သွေးရောင်လွှမ်းနေကာ သူ၏နဖူးထက်တွင်လည်း ချွေးသီးချွေးပေါက်များက တဒီးဒီးကျနေတော့သည်။
စူးယွင်သည် ဘေးဘက်မှလက်ကိုင်ပုဝါတစ်ထည်အား လှမ်းယူလိုက်ပြီး သူ့ထံကမ်းေပးလိုက်၏။
“ရှင့်မျက်နှာကိုသုတ်လိုက်ပါဦး”
“ကျေးဇူးပါပဲ”
နဉ်ကျင်းသည် လက်ကိုင်ပုဝါအားယူလိုက်ရာ သူ၏နွေးထွေးသော လက်ချောင်းလေးများက စူးယွင်၏လက်ချောင်းထိပ်လေးများပေါ် ငြင်သာစွာပွတ်သပ်သွားခဲ့ပြီးမှ သူသည် သူ့မျက်နှာအားသုတ်လိုက်၏။
“မိန်းကလေးစူး ဒီလောကကြီးထဲမယ် မင်းကအလုပ်အကြိုးစားဆုံးပဲ”
သူရောက်လာချိန်တိုင်း သူမသည် ချီဖောင်တစ်ထည်ချုပ်နေလျှင်ချုပ် မဟုတ်လျှင် အခြားတစ်ခုလုပ်နေတတ်လေသည်။
“အဲ့ဒါတော့မတတ်နိုင်ဘူးလေ”
စူးယွင်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်ပြီး သူမနှုတ်ခမ်းများတွင် ခနဲ့ပြုံးတစ်ပွင့်ဖြတ်ပြေးသွား၏။
“ဒီလုပ်ငန်းနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေကအရမ်းပြင်းထန်လွန်းပြီး ဖိအားကလည်းအပြည့်ပဲလေ”
“ဒီလိုဆိုရင်တောင်မှ မင်းကိုယ်မင်း ဒီလောက်အဝေးကြီးထိ တွန်းအားပေးနေစရာမလိုပါဘူး”
နဉ်ကျင်းသည် ပြောလိုက်ရင်း စားပွဲထက်ရှိချီဖောင်အား ကြည့်လိုက်မိသည်။အနုစိတ်ပုံစံများမှာ လက်ရာမြောက်လှပေသည်။
“မင်းကအကောင်းဆုံးလုပ်ပြီးနေပါပြီ”
“သာမာန်လေးပါပဲ”
စူးယွင်သည် လက်တစ်ဖက်ဖြင့်မေးထောက်လိုက်ပြီး သူမအကြည့်မှာ လမ်းတစ်ဖက်ရှိဆိုင်ဆီရွေ့သွားလေသည်။
“ကျွန်မရဲ့ပန်းတိုင်က ဝမ်ကောကိုဖြန့်ကျက်ဖို့ပဲ ပြီးရင် မြို့တော်ထဲကရှိသမျှလမ်းမတိုင်းမှာ ဝမ်ကောကိုဖွင့်နိုင်သွားတဲ့အထိ သန်မာစေဖို့ပဲ”
နဉ်ကျင်းသည် သူ၏ခေါင်းအားအသာငုံ့ရင်း အပြုံးဖျော့ဖျော့လေးမှာ သူ၏နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲနေလေ၏။
“ကိုယ်မင်းကိုယုံပါတယ်”
“ဒါပေမယ့် မင်းလုပ်ဖို့လည်းလိုအပ်တာက......”
“မိန်းကလေးစူးယွင် ကျွန်တော်တို့ပြန်လာပါပြီ”
ဝင်ပေါက်မှဆူညံသံသည် နဉ်ကျင်း၏စကားများအား နှောင့်ယှက်လိုက်၏။
လူအုပ်စုကြီးတစ်စုမှာ ဝင်လာရာ စူးယွင်၏အတွေးများမှာလည်း သူတို့ကြောင့် အလျင်အမြန် ပျောက်ရှသွားတော့သည်။သူမသည် မတ်တပ်ရပ်လိုက်ပြီး သူတို့အားနွေးနွေးထွေးထွေးနှုတ်ဆက်လိုက်၏။
“မင်းတို့အလုပ်ကြိုးစားခဲ့ပေးလို့ ကျေးဇူးပဲနော်”
“မြန်မြန် မြန်မြန် အနားယူဖို့လာထိုင်ပါဦး”
လူတိုင်းဝင်လာသည်ကိုတွေ့၍ နဉ်ကျင်းသည်လည်း မတ်တပ်ရပ်ကာ သူ့ထိုင်ခုံအားပေးလိုက်ပြီး ဘေးတွင်အသာရပ်နေလိုက်၏။
စူးယွင်သည်စားပွဲအားရှင်းလင်းကာ ပြင်ဆင်ထားခဲ့သည့် လက်ဖက်ရည်နှင့်မုန့်များအား ချပေးလိုက်ပြီး သူမအတွေးများမှာ အားအင်ပြန်ဖြည့်တင်းရာပေါ်တွင်သာ အာရုံစိုက်ထားလေ၏။