သူရဲကောင်းအမြွှာ
Vol. 11 Ch. 149
ကျောက်စိမ်းရတနာစံအိမ်၏ ခမ်းနားထည်ဝါသော ခန်းမဆောင်ထဲတွင် အဝါရောင်ဂိုဏ်း၏ ခေါင်းဆောင် ရှန်လင်ဝမ်သည် လျှို့ဝှက်တံခါးတစ်ခုမှတစ်ဆင့် ဝင်ရောက်လာသည်။
ကျောက်လှေကားထစ်များအတိုင်း အနိမ့်ဆုံးအဆင့်ရှိ လျှို့ဝှက်အခန်းသို့ ဆင်းသက်လာသောအခါ စာအုပ်စင်တစ်ခုရှေ့တွင် သူ့ကိုကျောပေးကာ ရပ်နေသော ဝတ်ရုံနက်နှင့်လူတစ်ယောက်ကို သူတွေ့လိုက်ရသည်။
"ခင်ဗျားရဲ့ပုံစံကို ပြောင်းလို့မရဘူးလား ခင်ဗျားလာတိုင်း ကျုပ်ကိုကျောပေးပြီး ပညာရှင်ကြီးတစ်ယောက်လို ဟန်ဆောင်နေတာပဲ ခင်ဗျားမမောဘူးလားတော့မသိဘူး ကျုပ်ကတော့ မောလှပြီ"
ဝတ်ရုံနက်နှင့်လူက ရယ်မောလိုက်ပြီး ပြောသည်။
"ရွှယ်ချိုး မင်းက တဖြည်းဖြည်းနဲ့ ပိုပြီးရိုင်းလာပါလား ငါက မင်းရဲ့အထက်အရာရှိနော် မင်းဘယ်လိုပုံစံနဲ့ ငါ့ကို ဒီလိုစကားမျိုး ပြောရတာလဲ"
"အာ ဒီစကားဟောင်းကြီးကို ထပ်ပြောပြန်ပြီ ခင်ဗျားက ကျုပ်ကို အဲ့ဒီလောက်မကျေနပ်ရင် ကျုပ်ကို ဓားနဲ့ထိုးသတ်လိုက်တော့လေ ကျုပ်လည်း အသက်ရှင်ရတာ ပင်ပန်းနေပြီ"
ဝတ်ရုံနက်နှင့်လူက သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လာသည်။
"မင်းတစ်ခါလောက်ဖြစ်ဖြစ် ဟန်ဆောင်ကစားပေးလို့မရဘူးလား ငါတို့တွေ့တိုင်း မင်းကငါ့ကို ဒေါသထွက်အောင်လုပ်တာပဲ"
"ခင်ဗျားက ကျုပ်ကိုတွေ့မှ ဒေါသထွက်တာလေ ကျုပ်ကရော ဘယ်လိုလုပ်မလဲ ကျုပ်က နေ့တိုင်းဒေါသထွက်နေရတာ ဘယ်သူမှ ဂရုမစိုက်ဘူး"
"မင်းက ဒေါသထွက်တယ် ဟုတ်လား မင်းဒီတာဝန်ကို ပျက်ကွက်ခဲ့ပြီးနောက်မှာ လူဘယ်လောက်များများက မင်းကိုသေစေချင်နေလဲဆိုတာ မင်းသိရဲ့လား"
"လာခိုင်းလိုက်လေ ကျုပ်ပြောပြီးပြီ ကျုပ်အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့"
"မင်း"
အင်အားသုံး၍ မရနိုင်မှန်း သိသောအခါ ဝတ်ရုံနက်နှင့်လူက သူ့အသံကို နူးညံ့အောင် ပြောင်းလိုက်သည်။
"မင်းပင်ပန်းနေတာကို နန်းတော်က သိပါတယ် ငါတို့အားလုံးလည်း ပင်ပန်းနေတာပဲ ဒါပေမဲ့ လူတိုင်းက အမှန်တရားဂိုဏ်းနဲ့မိစ္ဆာဂိုဏ်းတွေကို ဖြုတ်ချဖို့ ကြိုးစားနေကြတာ ဒီလောက်ကြိုးစားပြီးတဲ့နောက်မှာ ငါတို့အောင်မြင်ဖို့ အရမ်းနီးစပ်နေပြီ မင်းအခုမှ ထွက်သွားလို့မဖြစ်ဘူး"
"ကျုပ်က ထွက်သွားမယ် ဟုတ်လား"
ရွှယ်ချိုးက သူ့ကိုယ်သူလက်ညှိုးထိုးရင်း ဟိန်းဟောက်လိုက်သည်။
"ဒီမိစ္ဆာဂိုဏ်းစစ်ဆင်ရေးထဲကို အနက်ရောင်သခင်အဆင့် သုံးယောက် စိမ့်ဝင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ ခင်ဗျားသိလား ဒီကိစ္စအတွက် အသက်သေဖို့အသင့်ဖြစ်နေတဲ့ အနက်ရောင်သခင် အဆင့် သုံးယောက်နော် ခင်ဗျားအဲ့ဒီလိုလူမျိုး ထပ်ရှာနိုင်လို့လား ခင်ဗျားက ကျုပ်ထွက်သွားမယ်လို့ ပြောရဲတယ်"
"စိတ်ထိန်းပါ မင်းအတွက်ခက်ခဲခဲ့တာ ငါတို့သိပါတယ် ပြီးတော့မင်းက ထူးချွန်တယ်ဆိုတာလည်း ငါတို့သိတယ် ဒါပေမဲ့ အမှန်တရားက တာဝန်ကျရှုံးခဲ့တာပဲ ဒါက ငါတို့အရမ်းကြိုးစားပြီးမှ ရခဲ့တဲ့ ရှားပါး အခွင့်အရေးတစ်ခုပဲ"
"ကျရှုံးအောင်လုပ်ခဲ့တာ ကျုပ်မဟုတ်ဘူး အနက်ရောင်သခင်အဆင့်ကြီးတစ်ယောက်က ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်ကို လက်ဝါးတစ်ချက်နဲ့တောင် မသတ်နိုင်ခဲ့ဘူး ဒါက ဘယ်လိုလုပ် ကျုပ်တို့အပြစ်ဖြစ်မှာလဲ ဒါက ကောင်းကင်ဘုံက ငါတို့ကို မအောင်မြင်စေချင်လို့ပဲ နားလည်လား"
"ဟူး ဒါကတော့ တော်တော်ထူးဆန်းတာ အမှန်ပဲ ဒီပြဿနာကိုဖြစ်စေတဲ့ သစ္စာဖောက်တစ်ယောက် ငါတို့ထဲမှာ ရှိနေနိုင်တယ်လို့တောင် ငါသံသယဝင်မိတယ်"
"ဒါဆို ခင်ဗျားသစ္စာဖောက်က ဘယ်သူလဲဆိုတာ ရှာတွေ့ပြီလား"
"ငါသာရှာတွေ့ခဲ့ရင် မင်းကိုဒီမှာ လာစစ်ဆေးနေပါ့မလား ဒီရှုံးနိမ့်မှုက အရမ်းကြီးလွန်းတယ် အထက်လူကြီးတွေက လုံးဝကို ပွက်လောရိုက်နေကြပြီ"
"ဒီလိုကိစ္စမျိုးဖြစ်ပြီးနောက်မှာ ဘယ်သူက စိတ်မပျက်ဘဲနေမလဲ"
ရွှယ်ချိုးက ပြောရင်း သူ့ဝတ်ရုံထဲမှ ခရမ်းရောင်ဝါးဆေးတံတစ်ချောင်းကို ထုတ်ကာ မီးညှိလိုက်ပြီး အားရပါးရ တစ်ဖွာ ဖွာလိုက်ကာ ဝတ်ရုံနက်နှင့်လူကို ကမ်းပေးလိုက်သည်။
"ငါဆေးလိပ်မသောက်ဘူး"
ဝတ်ရုံနက်နှင့်လူက ငြင်းလိုက်သည်။
"လာပါဗျာ တစ်ဖွာလောက်တော့ ဖွာကြည့်ပါ ဒါက ပစ္စည်းကောင်းဗျ စုရွှမ်ရဲ့ အကောင်းဆုံးအမျိုးအစား"
"ဟမ့် ဒီလိုအချိန်မှာ ဆေးလိပ်သောက်ချင်စိတ်ရှိနေတာ ခင်ဗျားတစ်ယောက်ပဲ ရှိလိမ့်မယ်"
ဝတ်ရုံနက်နှင့်လူက ဆေးတံကိုယူကာ အားရပါးရရှိုက်ဖွာလိုက်သည်။
"ရှူး"
မီးခိုးငွေ့တစ်လိပ်ကို မှုတ်ထုတ်လိုက်ရင်း ဝတ်ရုံနက်နှင့်လူက အနည်းငယ်ပိုတည်ငြိမ်သွားပုံရပြီး မေးလိုက်သည်။
"ပြီးတော့ မင်းရဲ့အဝါရောင်ဂိုဏ်းကိစ္စကရော ဘယ်လိုဖြစ်နေလဲ ဘာလို့မကြာသေးခင်က တအားငြိမ်သက်နေရတာလဲ မင်းပြဿနာရှာရမှာ မဟုတ်ဘူးလား"
"ပြဿနာရှာရမယ် ဟုတ်လား သောက်ရေးမပါတာတွေ"
ရွှယ်ချိုးက မြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။
"ကျုပ်ဒီအကြောင်း အစီရင်ခံပြီးသားမဟုတ်ဘူးလား သွေးမီးလျှံဂိုဏ်းက တတိယသခင်လေးက ကျုပ်နယ်မြေထဲမှာ ရမ်းကားနေပြီး ကျုပ်တို့ဂိုဏ်းကို ပြဿနာရှာနေတာလေ ကျုပ်အခု ဘယ်လိုလှုပ်ရှားလို့ရမှာလဲ"
"အသက်နုတ်နန်းတော်က မင်းအတွက် သူ့ကိုဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား"
"သူ့ကိုဖြေရှင်းပေးမယ် ဟုတ်လား အစပိုင်းမှာတော့ အသက်နုတ်နန်းတော်က အလေးအနက်ထားပုံပဲ သူတို့က အသက်နုတ်အမိန့်ထုတ်ပြီး သူတို့ရဲ့ထိပ်တန်းလူသတ်သမားတွေကို လွှတ်မယ်လို့တောင် ပြောခဲ့သေးတာ ဒါပေမဲ့ အခုတော့ သူတို့ခြေရာလက်ရာမကျန် ပျောက်သွားပြီ ဒီပြဿနာကြောင့် သူ့ကိုဘယ်သူမှ မထိရဲကြတော့ဘူး ထင်ရှားတာက သူ့နောက်မှာ အားကောင်းတဲ့ အကာအကွယ်ရှိနေတာပဲ"
"ဒါ့အပြင် သွေးမီးလျှံဂိုဏ်းရဲ့ရပ်တည်ချက်က အမြဲတမ်း မပြတ်မသားဖြစ်နေတယ် လာမယ့်လူငယ်သူရဲကောင်းပြိုင်ပွဲမှာ ငါတို့အောင်မြင်တော့မှာဆိုတော့ သူ့ကိုထပ်ပြီး ရန်သွားရှာစရာ မလိုဘူးလို့ ငါတွက်ခဲ့တာ ဒါပေမဲ့ အဲ့ဒီကောင်စုတ်လေးက ပိုပြီးရဲတင်းလာပြီး ငါတို့ရဲ့ ပုန်းခိုစခန်းတချို့ကို ဖြိုခွင်းသွားတယ် ခွေးမသား ငါ့ကိုခြိမ်းခြောက်ဖို့ သူ့သားကိုလွှတ်ရအောင် လီချန်းထျန်က ဘာတွေတွေးနေတာလဲ"
"ကောင်းပြီ ကောင်းပြီ ငါပြန်ရောက်ရင် ဒီကိစ္စကို တာဝန်ယူဖြေရှင်းပေးမယ်"
ဝတ်ရုံနက်နှင့်လူက ဆေးတံကို ရွှယ်ချိုးထံ ပြန်ပေးလိုက်သည်။
နောက်တစ်ဖွာ အားရပါးရရှိုက်လိုက်ပြီးနောက် ရွှယ်ချိုးက မီးခိုးငွေ့ထူထူတစ်လိပ်ကို မှုတ်ထုတ်ကာ ပြောလိုက်သည်။
"ခင်ဗျားက အမြဲတမ်း ဖြေရှင်းပေးမယ်လို့ပဲပြောတာ နောက်ဆုံးတော့ ရှုပ်သမျှရှင်းရတာက ကျုပ်ချည်းပဲ ကျုပ်တကယ်ပဲ ဒါကိုဆက်မလုပ်နိုင်တော့ဘူး ကျုပ်ဘယ်တော့မှ ပြန်သွားလို့ရမှာလဲ"
"နောက်ခဏလောက် သည်းခံလိုက်ပါ မကြာခင်ပြီးတော့မှာပါ"
"သည်းခံရမယ် ဟုတ်လား ခွေးစကား လာမပြောနဲ့ ခင်ဗျားတို့က ကျုပ်ကို မိစ္ဆာဂိုဏ်းတွေထဲ စိမ့်ဝင်ဖို့လွှတ်တုန်းက သုံးနှစ်ပဲကြာမယ်လို့ ပြောခဲ့တယ် အခုရော သုံးနှစ်ကနေ ခြောက်နှစ်ဖြစ်လာပြီး ကိုးနှစ်ဖြစ်လာပြီ အဲ့ဒီတုန်းက ကျုပ်က ဂိုဏ်းထဲမှာ အောက်ခြေတပည့်လေးတစ်ယောက်ပဲရှိသေးတာ အခုတော့ ဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီ ခင်ဗျားက ကျုပ်ကို သည်းခံဦးလို့ ပြောနေတုန်းပဲ နောက်ဆိုဘာလဲ ကျုပ်ထွက်သွားလို့ရဖို့ မိစ္ဆာဂိုဏ်းအားလုံးကို စုစည်းပေးရဦးမှာလား"
"လာပါကွာ လူတိုင်းကရုန်းကန်နေရတာပဲ ဒီလောက်အများကြီး မညည်းညူပါနဲ့ ငါတို့အားလုံးက အသက်ကိုရင်းပြီး လုပ်နေကြရတာ ငါကရော လွယ်နေတယ်ထင်လို့လား"
" ဒါဆို နန်းတော်ရဲ့နောက်တစ်ဆင့်အစီအစဉ်က ဘာလဲ"
"သူတို့က ယုံပြည်နယ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ရမလားဆိုတာ ထပ်ပြီးဆက်သွယ်ဖို့ စီစဉ်နေတယ်"
"ထွီ ယုံပြည်နယ်က အဲ့ဒီဂိုဏ်းတွေက မြွေတွေချည်းပဲ အထက်လူကြီးတွေက သူတို့နဲ့ပူးပေါင်းပြီးရင် အသက်ရှင်ကျန်ရစ်လိမ့်မယ်လို့ တကယ်ထင်နေတာလား"
"ငါတို့မှာ ရွေးချယ်စရာမှမရှိတာပဲ စိတ်မပူပါနဲ့ အထက်လူကြီးတွေက ထိုင်ပြီးအသေခံနေမှာ မဟုတ်ပါဘူး ယုံပြည်နယ်နဲ့ မပူးပေါင်းခင်မှာ သူတို့က အရေးပေါ်အစီအစဉ်တွေ အများကြီးလုပ်ထားပြီးသားပါ မင်းက အဝါရောင်ဂိုဏ်းကိုပဲ ကောင်းကောင်းစီမံခန့်ခွဲဖို့ အာရုံစိုက်ပါ နန်းတော်က အဲ့ဒီအတွက် အစီအစဉ်ကြီးကြီးတွေ ရှိသေးတယ်"
"အာ ကျုပ်အဲ့ဒီစကားတွေကြားရတာ ငြီးငွေ့နေပြီ တခြားပြောစရာရှိသေးလား"
"ရှိတယ် နန်းတော်က မင်းကို အဝါရောင်ဂိုဏ်းရဲ့သြဇာလွှမ်းမိုးမှုကို တောင်ပိုင်းမြစ်ဒေသထဲအထိ ပိုပြီးတိုးချဲ့စေချင်တယ်"
"ကောင်းပြီလေ အရင်ဆုံး အဲ့ဒီတတိယသခင်လေးကို သတ်ပေးပါ ဒါမှမဟုတ်ရင် လမ်းဘေးကခွေးလေခွေးလွင့်တိုင်းက ငါ့ခေါင်းပေါ်လာပြီး မစင်စွန့်ချင်နေကြလိမ့်မယ် ဒီလိုပုံစံနဲ့ ငါဘယ်လိုခေါင်းဆောင်လုပ်ရမလဲ"
"ကောင်းပြီ အခုအစီအစဉ်က ကျရှုံးသွားပြီဆိုတော့ ငါတို့မှာ လူအင်အားပိုလာပြီ ငါဒါကို အထက်လူကြီးတွေကို အစီရင်ခံလိုက်မယ်"
"ကောင်းတယ် ခင်ဗျားစကားကို ကျုပ်ယုံတယ် တခြားပြောစရာရှိသေးလား"
"မရှိတော့ဘူး မင်းသွားလို့ရပြီ"
သူ့ဆေးတံကို သိမ်းဆည်းလိုက်ပြီး ရွှယ်ချိုးက လှေကားပေါ်တက်သွားသော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လှည့်အော်လိုက်သည်။
"ဟေ့ ဒီရက်ပိုင်းသတိထားနေဦး ကျုပ်အရင်မသေနဲ့"
"စိတ်ချပါ ငါကမင်းထက်ပိုသိတယ်"
"ဟမ့် သွားပြီ"
ထိုသို့ပြောပြီး ရွှယ်ချိုးက အခန်းထဲမှထွက်သွားသည်။
ခန်းမဆောင်ထဲသို့ ပြန်ရောက်သောအခါ သူကသူ့ဝတ်ရုံကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီး အဝါရောင်ဂိုဏ်းခေါင်းဆောင် ရှန်လင်ဝမ်၏ ခန့်ညားထည်ဝါသော အရှိန်အဝါကို တစ်ဖန်ပြန်လည်ပြသလိုက်သည်။
"သခင်လေးကျန်း ကျွန်တော်တို့ရောက်ပါပြီ"
အနည်းငယ်ယိုယွင်းနေသော မြို့တစ်မြို့၏အဝင်ဝတွင် အာနိုးက လှည်းလိုက်ကာကိုမကာ ခေါ်လိုက်သည်။
"ကျေးဇူးပဲ ညီကိုအာနိုး"
ကျန်းပေရန်က လှည်းပေါ်မှဆင်းလိုက်သည်။
သူ့ရှေ့မှ စုတ်ချာသောမြို့လေးသည် ငြိမ်းချမ်းဥသျှစ်မြို့ဖြစ်သည်။
ရက်ပေါင်းများစွာ လှည်းထဲတွင် အောင်းနေခဲ့ရသော ခုံချန်ချန်က သူ့နောက်မှ စိတ်အားထက်သန်စွာ လိုက်ဆင်းလာသည်။
"ဒါက ကျွန်မမြောက်ပိုင်းမြစ်ဒေသက မြို့ငယ်လေးတစ်မြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ"
ခုံချန်ချန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ကျန်းပေရန်က ပြုံးလိုက်သည်။
"တောင်ပိုင်းမြစ်က မြို့တွေလောက်တော့ မစည်ကားဘူး မဟုတ်လား"
"မဟုတ်ဘူး တောင်ပိုင်းမြစ်မှာလည်း ယိုယွင်းနေတဲ့မြို့တွေ အများကြီးရှိတာပဲ ကျွန်မကြီးလာခဲ့တဲ့မြို့က ဆိုရင် ဒီမြို့ထက်တောင် ပိုပြီးစုတ်ချာသေးတယ်"
ထိုစဉ် မုယောင်ကလည်း လှည်းပေါ်မှဆင်းလာပြီး ငြိမ်းချမ်းဥသျှစ်မြို့ကို ဂရုတစိုက် စူးစမ်းကြည့်ရှုနေသည်။
မိန်းကလေးနှစ်ယောက်လုံး ဆင်းသွားသည်ကိုမြင်သောအခါ ကျန်းပေရန်က အာနိုးဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ညီကိုအာနိုး ခင်ဗျားဒီမှာပဲ ကျွန်တော်တို့ကိုစောင့်နေလို့ရတယ် ကျွန်တော်တို့မကြာခင်ပြန်လာခဲ့မယ်"
"ရပါတယ် ကျွန်တော်ဒီနေရာမှာပဲ စောင့်နေပါ့မယ်"
ခုံချန်ချန်သည် မုယောင်ကဲ့သို့ပင် အနက်ရောင်ဝတ်ဆင်ထားပြီး မျက်နှာအများစုကို ဖုံးကွယ်ထားသောကြောင့် ကျန်းပေရန်က သူမကို သာမန်အသွင်ပြောင်းဝတ်စုံ ဝတ်ခိုင်းခြင်းမပြုခဲ့ပေ။
သာမန်အသွင်ပြောင်းဝတ်စုံသည် ချက်ပြုတ်ခြင်း သို့မဟုတ် ဂီတပညာရပ်များကဲ့သို့မဟုတ်ဘဲ အစီအရင်များထည့်သွင်းတည်ဆောက်ထားသည်။
အကယ်၍ မုယောင်သာ ထိုဝတ်စုံ၏အသွင်အပြင်များကို သူမ၏မွေးစားအဖေအား ပြောပြပါက ထိုအဘိုးကြီးက သူ့အပေါ် အကြံအစည်သစ်များ ရသွားနိုင်သည်။
မုယောင်နှင့် ခုံချန်ချန်ကို မြို့ထဲသို့ခေါ်ဆောင်သွားရင်း စနစ်က ဘာအချက်ပြမှုမှမပြသောအခါ ကျန်းပေရန်က သက်ပြင်းချလိုက်သည်။
အကြိုစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ပုံရသည်။
ငြိမ်းချမ်းဥသျှစ်မြို့ထဲတွင် ခဏတာလှည့်လည်ကြည့်ရှုပြီးနောက် ကျန်းပေရန်က ထိုနေရာသည် အပြင်ပန်းမြင်ရသည့်အတိုင်း "တစ်သမတ်တည်း" ဖြစ်သည်ကို တွေ့ရှိခဲ့သည် အပြင်ဘက်ကဲ့သို့ပင် အတွင်းပိုင်းမှာလည်း စုတ်ချာနေသည်။
ဈေးနေရာ၏ခြေရာလက်ရာပင် မရှိဘဲ လမ်းဘေးဈေးသည်များမှာလည်း ရှားပါးလှသည်။
သူတို့ကို စပ်စုတကြည့်ကြည့်နေသော ကလေးငယ်အချို့မှလွဲ၍ လမ်းများမှာ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။
သို့သော် လမ်းအကြိမ်ကြိမ်မေးမြန်းပြီးနောက် ကျန်းပေရန်က နောက်ဆုံးတွင် အတော်အသင့် စည်ကားသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။
ဧည့်သည်အများအပြားမှာ အေးအေးလူလူစကားစမြည်ပြောနေကြပြီး အချို့မှာ ပုံပြောသူတစ်ဦးကို နားထောင်နေကြသည်။
ပုံပြောသူကိုမြင်လိုက်သည့်အခိုက်တွင် ခုံချန်ချန်၏စိတ်လှုပ်ရှားမှုမှာ တောက်လောင်လာသည်။
သို့သော် သူမပြေးသွားမည်ပြုစဉ်မှာပင် ထိုသို့ဖြစ်မည်ကိုကြိုတင်မျှော်လင့်ထားသော ကျန်းပေရန်က သူမကိုဖမ်းဆွဲလိုက်သည်။
"ပြေးမသွားနဲ့"
"ဟုတ်ကဲ့"
ခုံချန်ချန်က ကျန်းပေရန်နောက်တွင် ယဉ်ကျေးစွာရပ်နေလိုက်သည်။
ထောင့်ကျသော စားပွဲခုံလွတ်တစ်ခုကိုရှာတွေ့ပြီးနောက် ကျန်းပေရန်က ထိပ်တန်းရေနွေးကြမ်းနှစ်အိုး မှာလိုက်ပြီး ပတ်ဝန်းကျင်မှစကားပြောဆိုသံများကို တိတ်တဆိတ်နားထောင်နေလိုက်သည်။
သို့သော် ရေနွေးတစ်ခွက်ကုန်သည့်အချိန်အထိ နားထောင်ပြီးနောက် မြို့သူမြို့သားများမှာ အတော်လေးစိတ်ကျေနပ်မှုရှိပုံရသည်ကို သူအံ့ဩစွာတွေ့ရှိခဲ့သည်။
ဒေသခံလူမိုက်များ သို့မဟုတ် ချမ်းသာသောအနိုင်ကျင့်သူများအကြောင်း ညည်းညူသူ တစ်ယောက်မျှမရှိပေ။
ကျန်းပေရန်၏အတိတ်စုံစမ်းမှုများတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ဆယ့်ငါးမိနစ်မျှထိုင်ရုံဖြင့် သက်ပြင်းချသံများနှင့် မကျေနပ်မှုများကို မလွဲမသွေကြားရစမြဲဖြစ်သည် တစ်စုံတစ်ယောက်တွင် မတရားပြုကျင့်ခံရသည့်အကြောင်း အမြဲရှိနေတတ်သည်။
အနည်းဆုံးတော့ "ငါက မိစ္ဆာဂိုဏ်းကပဲ မင်းမှာဒုက္ခရောက်ရင် ငါ့နာမည်သာပြောလိုက် အာမခံတယ် အလုပ်ဖြစ်စေရမယ်" ဟုကြွားဝါနေသော လူမိုက်အချို့ရှိနေတတ်သည်။
သို့သော် ဤလက်ဖက်ရည်ဆိုင်တွင် ထိုသို့သောအရာများ တစ်ခုမှမရှိပေ။
လူတိုင်းက တစ်စုံတစ်ယောက်၏လယ်ကွင်းတွင် မည်သည့်မြေသြဇာသုံးသည်၊ မည်သူ့ဇနီးက ယနေ့အဝတ်လှမ်းသည် စသည့် အခြေအမြစ်မရှိသောအတင်းအဖျင်းများကိုသာ ဖလှယ်နေကြသည်။
ထူးဆန်းလိုက်တာ ချင်းဟွမ်းက ဒီနေရာမှာ အဝါရောင်ဂိုဏ်းအဖွဲ့ဝင်တွေရှိတယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာပဲ
ဘယ်လိုဖြစ်ပြီး ဒီလောက်ငြိမ်းချမ်းနေရတာလဲ
ခဏစဉ်းစားပြီးနောက် ကျန်းပေရန်က ကျန်နှစ်ယောက်ကိုပြောလိုက်သည်။
"ဒီမှာပဲနေခဲ့ကြ ငါမေးကြည့်လိုက်ဦးမယ်"
အခန်းကိုတစ်ပတ်ပတ်ပြီးနောက် ကျန်းပေရန်က အထူးသဖြင့် စကားစမြည်ပြောနေကြသော မြို့သူမြို့သားများ၏စားပွဲသို့ ချဉ်းကပ်သွားသည်။
"ကျုပ်ဝင်ထိုင်လို့ရမလား ညီကိုတို့"
ထိုလူနှစ်ယောက်မှာ အတော်လေးဖော်ရွေကြသည်။
"ရတာပေါ့ ထိုင်လေ ဟေ့ ညီလေး မင်းရုပ်ကြည့်ရတာ ဒီက မဟုတ်ဘူးပဲ "
"ညီကိုတို့က မျက်စိလျှင်သားပဲ ကျုပ် ဒီမြို့ကမဟုတ်ပါဘူး ကျုပ်ကအဖေနဲ့အတူ စီးပွားရေးကိစ္စနဲ့ခရီးသွားရင်း ဖြတ်လာတာပါ စိတ်အေးချမ်းရအောင် ဒေသခံအာဏာပိုင်တွေကို လာအရိုအသေပေးတာပါ"
"အရိုအသေပေးတယ် ဟုတ်လား"
ကျန်းပေရန်ဘေးမှ ခေါင်းပေါင်းပြာနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားက ရယ်မောလိုက်သည်။
"မလိုပါဘူး ငါတို့မြို့မှာ မင်းဆီက အကာအကွယ်ကြေး တောင်းမယ့်လူ ဘယ်သူမှမရှိဘူး"
"တကယ်လား"
ကျန်းပေရန်က အံ့ဩဟန်ဆောင်လိုက်ပြီး သူ့အသံကိုနှိမ့်လိုက်သည်။
"ကျုပ်ကြားတာတော့ ဒီနားမှာ အဝါရောင်ဂိုဏ်းအဖွဲ့ဝင်တွေရှိတယ်တဲ့ သူတို့ကကျုပ်တို့ကို လုယက်မှာမဟုတ်ဘူးလား"
"ဟားဟားဟား ညီလေးမင်းဒီကိုမရောက်တာ ကြာပြီထင်တယ် ငါတို့မြို့မှာ အရင်ကတော့ အဝါရောင်ဂိုဏ်းအဖွဲ့ဝင်တွေရှိခဲ့တယ် ဒါပေမဲ့ မြူတိမ်သူရဲကောင်းအမြွှာ ရောက်လာပြီးကတည်းက သူတို့အားလုံးမောင်းထုတ်ခံလိုက်ရတယ်"
"မြူတိမ်သူရဲကောင်းအမြွှာ"
ကျန်းပေရန် မှင်သက်သွားသည်။
သူမြောက်ပိုင်းမြစ်ဒေသတွင် အချိန်အတော်ကြာနေခဲ့သော်လည်း ထိုနှစ်ယောက်အကြောင်း ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
"ဟုတ်တယ် မြူတိမ်သူရဲကောင်းအမြွှာပဲ သူတို့က တိုင်းပြည်အနှံ့လှည့်လည်ပြီး မကောင်းမှုကိုနှိမ်နင်းတဲ့ အရမ်းတော်တဲ့ညီအစ်ကိုတစ်စုံပဲ သူတို့က အဝါရောင်ဂိုဏ်းကို ဘယ်တော့မှသနားညှာတာမှုမပြဘူး ဒီကလူတွေက သူတို့ကိုအရမ်းကျေးဇူးတင်နေကြတာ"
"အော် ဒီလိုကိုး သတင်းအချက်အလက်အတွက် ကျေးဇူးတင်ပါတယ် ညီကိုတို့ ကျုပ်လည်းစိတ်အေးရပါပြီ"
"ဟုတ်တယ် စိတ်ပူစရာမလိုဘူး သူရဲကောင်းအမြွှာရှိနေသရွေ့ ငါတို့သာမန်ပြည်သူတွေ နောက်ဆုံးတော့ငြိမ်းချမ်းစွာနေနိုင်ကြပြီ"
သူရဲကောင်းအမြွှာအကြောင်း အသေးစိတ်အချက်အလက်များစုဆောင်းပြီးနောက် ကျန်းပေရန်က သူ၏စားပွဲသို့ပြန်လာသောအခါ ခုံချန်ချန်က ပုံပြောသူကို နားစွင့်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
"သတိထားဦး"
ကျန်းပေရန်က သူမ၏ခေါင်းကို တို့လိုက်သည်။
"အင်း အိုး"
ခုံချန်ချန်က ယဉ်ကျေးစွာပြန်ထိုင်လိုက်သည်။
ဖြစ်နိုင်ခြေမရှိဟုထင်ရသော်လည်း ကျန်းပေရန်က မုယောင်ကို အကယ်၍များဟုဆိုကာ မေးလိုက်သည်။
"မင်းမိစ္ဆာဂိုဏ်းတွေထဲမှာ မြူတိမ်သူရဲကောင်းအမြွှာအကြောင်း ကြားဖူးလား"
မုယောင်က ခဏစဉ်းစားပြီး ခေါင်းခါပြသည်။
"ဘယ်တုန်းကမှ မကြားဖူးဘူး"
"ကောင်းပြီ ဒါဆိုရင် နောက်မြို့ကိုသွားကြရအောင်"
"ဒါပေမဲ့ ကျွန်မဘာမှမစုံစမ်းရသေးဘူး ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်နေရုံပဲရှိသေးတာ"
"မင်းရဲ့မွေးစားအဖေပြောခဲ့တာကို သတိရလိုက် ဒီစုံစမ်းစစ်ဆေးမှုက စဉ်းစားဖို့က ငါ့အလုပ်၊ ခွန်အားသုံးဖို့က မင်းအလုပ်တဲ့ ဒါကြောင့်ငါ့စကားကိုနားထောင် သွားကြရအောင်"
ထိုသို့ကြားသောအခါ ခုံချန်ချန်က စပ်စုစွာမေးလိုက်သည်။
"အကိုကြီး ဒါဆိုရင် ကျွန်မအလုပ်ကရော ဘာလဲ"
ကျန်းပေရန်က သူမကိုတစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။
"မင်းအလုပ်က စားဖို့ပဲ"
"ဟီးဟီး ကျွန်မအဲ့ဒါကို အရမ်းတော်တာ"
ခုံချန်ချန်က မိုက်မဲစွာပြုံးလိုက်သည်။
နှစ်ယောက်ကို ငြိမ်းချမ်းဥသျှစ်မြို့မှခေါ်ထုတ်လာပြီးနောက် ကျန်းပေရန်က နွားလှည်းဆီသို့ ပြန်ဦးတည်လိုက်သည်။
"အိုး သခင်လေးကျန်း ဒီလောက်မြန်မြန်ပြန်လာတာလား"
"ဟုတ်တယ် နောက်တစ်နေရာကို သွားကြရအောင်"
ကျန်းပေရန်က မြေပုံတစ်ချပ်ကိုဖြန့်ကာ ညွှန်ပြလိုက်သည်။
"ဒီတစ်ခါ ငါတို့သွားမှာက ဒီကို နေဝင်ဆည်းဆာမြို့"
ဒါက သူလက်ဖက်ရည်ဆိုင်က လူနှစ်ယောက်ဆီကနေ ရခဲ့တဲ့သတင်းအချက်အလက်ဖြစ်သည်။
မြူတိမ်သူရဲကောင်းအမြွှာကို နေဝင်ဆည်းဆာမြို့အနီးတွင် အများဆုံးတွေ့ရတတ်သောကြောင့် သူထိုနေရာတွင် ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ရပါတယ် လူတိုင်းလှည်းပေါ်တက်ကြပါ"
နေဝင်ဆည်းဆာမြို့က မဝေးသောကြောင့် ညမရောက်ခင်မှာပင် နွားလှည်းက ရောက်ရှိသွားသည်။
ထိုမြို့သည် ကျန်းပေရန် လျိုဇီဂျင်းတို့နှင့် ပထမဆုံးအကြိမ်လာရောက်ခဲ့စဉ်ကကဲ့သို့ပင် စည်ကားနေပြီး ဈေးသည်များက နေရာတိုင်းတွင် သူတို့၏ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်။
လိုင်ချီးစေ့လှော်ရောင်းသံကို ကြားသောအခါ ခုံချန်ချန်က ကျန်းပေရန်၏အင်္ကျီစကို ဆွဲလိုက်သည်။
"ဆရာ ဆရာ ကျွန်မ လိုင်ချီးစေ့လှော်စားချင်တယ်"
"ရတယ်လေ"
အခုသူတို့ နေဝင်ဆည်းဆာမြို့ထဲရောက်နေပြီဖြစ်သောကြောင့် အလျင်လိုစရာမရှိတော့ပေ။
ကျန်တာကတော့ သူတို့ကံကောင်းခြင်းအပေါ်မူတည်နေသည် သူတို့ သူရဲကောင်းအမြွှာနှင့် တွေ့နိုင်မတွေ့နိုင်ဆိုတာပဲဖြစ်သည်။
ခုံချန်ချန်အတွက် လိုင်ချီးစေ့လှော်တစ်ထုပ်ဝယ်ပေးပြီးနောက် သူမကကျေးဇူးတင်စကားဆိုကာ ချက်ချင်းပင် သူမ၏အစ်မကြီးနှင့် မျှဝေစားသောက်လိုက်သည်ကိုကြည့်ရင်း ကျန်းပေရန်က စိတ်ထဲမှတွေးလိုက်သည်။
ဒါတကယ်ကို မူမမှန်ဘူး
သူ့ရဲ့ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှုကို ပြန်အမှတ်ရလိုက်သောအခါ သူဝင်လာသည့်အခိုက်မှာပင် စနစ်ကအချက်ပြမှုများစွာကို ပြသခဲ့သည်။
သို့သော်ယခုမူ ခဏတာလှည့်ပတ်သွားလာပြီးသည့်တိုင် တစ်ခုတည်းသောနှောင့်ယှက်မှုမျှမရှိခဲ့ပေ။
အဝါရောင်ဂိုဏ်း၏ တကယ့်သဘာဝကိုသိထားသော ကျန်းပေရန်က သူတို့ကိုဒီလောက်နှိမ်နင်းနိုင်တဲ့ "သူရဲကောင်း" တွေက ဘယ်လိုလူစားမျိုးလဲဆိုတာကို အရမ်းသိချင်နေမိသည်။
ခုံချန်ချန်ကို ဆီးသီးပန်းကိတ်များနှင့် ကန်စွန်းဥဖုတ်များ ဝယ်ကျွေးပြီးနောက် ကျန်းပေရန်က နေဝင်ဆည်းဆာမြို့တွင် အတင်းအဖျင်းပြောရန် အကောင်းဆုံးနေရာဖြစ်သော အရက်ဆိုင်ငယ်လေးတစ်ဆိုင်တွင် နေရာယူလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း မက်မွန်ပန်းအရက်တစ်အိုးမှာပြီးမကြာမီမှာပင် သူကြားချင်နေသောအရာကို အတိအကျကြားလိုက်ရသည်။
"ဟေ့ သူရဲကောင်းအမြွှာ ဒီနေ့ပြန်လာကြမယ်လို့ ကြားတယ်"
"မင်းဘယ်ကကြားတာလဲ"
"ငါ့ဝမ်းကွဲပြောတာ စိတ်ချရတဲ့သတင်းရင်းမြစ်ပဲ"
"ဒါဆိုရင် ငါတို့သူတို့ကိုသွားကြိုသင့်တယ် သူတို့ကျေးဇူးကြောင့် ငါ့လယ်မြေကိုပြန်ရခဲ့တာ ဒါမှမဟုတ်ရင် ဒီဆောင်းတွင်းမှာငါငတ်သေတော့မှာ"
"ဒါကြောင့်မင်းကိုပြောတာပေါ့ မင်းငါနဲ့အတူလိုက်ခဲ့ရအောင်လို့"
"ကောင်းပြီလေ ဒါဆိုငါတို့ဒီမှာထိုင်ပြီး အချိန်ဖြုန်းနေသေးတာလဲ သွားကြစို့"
နှစ်ယောက်သားထွက်သွားကြစဉ် ကျန်းပေရန်က သူတို့စားပွဲကိုရှင်းလင်းနေသော စားပွဲထိုးတစ်ယောက်ကို တားလိုက်သည်။
"ညီလေးကိုမေးပါရစေ ကျုပ်က ငြိမ်းချမ်းလမ်းကြားမြို့ကပါ သူရဲကောင်းအမြွှာကို အမြဲတွေ့ချင်နေတာ သူတို့ဒီနေရာကို မကြာခဏလာတတ်တယ်လို့ကြားတယ်"
စားပွဲထိုးက ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်သည်။
"ဟုတ်တာပေါ့ နေဝင်ဆည်းဆာမြို့က သူရဲကောင်းအမြွှာရဲ့အိမ်ပဲ သူတို့ဒီမှာ မကြာခဏအရက် လာသောက်တတ်တယ် ခင်ဗျားကံကောင်းရင် သူတို့ကိုတွေ့နိုင်ပါတယ်"
"အရမ်းကောင်းတာပဲ ကျုပ်ကြားတာတော့ သူတို့ဒီနေ့ပြန်လာကြမယ်တဲ့ အဲ့ဒါဟုတ်လား"
"ပြောရခက်တယ် လူတွေက အဲ့ဒီကောလာဟလကို နေ့တိုင်းဖြန့်နေကြတာပဲ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ သူရဲကောင်းအမြွှာက သုံးရက်ငါးရက်တစ်ခါလောက်ပြန်လာတတ်တယ် သူတို့ကိုနောက်ဆုံးတွေ့ခဲ့တာက သုံးရက်ရှိပြီဆိုတော့ သူတို့ဒီနေ့ပြန်လာနိုင်ပါတယ်"
"အော် ကျေးဇူးတင်ပါတယ် ညီလေး"
"အာ ဘာမှမဟုတ်တာ ရပါတယ် သခင်လေးတို့ သောက်စရာကို အားရပါးရသုံးဆောင်ပါ"
ထိုအချက်အလက်ကိုရရှိပြီးနောက် ကျန်းပေရန်က စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။
မကြာမီ သူရဲကောင်းအမြွှာ ဒီနေရာသို့ ရောက်လာလိမ့်မည်။
"တောင် တောင်" "တောင် တောင်"
"အားလုံးအေးချမ်းပါတယ် ဘာမှထူးခြားမှုမရှိပါ"
ညကင်းသမား၏အော်သံကိုကြားသောအခါ သကြားလုံးချောင်းကိုလျက်နေသော ခုံချန်ချန်က မေးလိုက်သည်။
"ဆရာ ဒုတိယတစ်ချက်တီးပြီ ကျွန်မတို့တည်းခိုခန်းကို သွားနားတော့မှာမဟုတ်ဘူးလား"
"အင်း နောက်ခဏလောက်စောင့်ကြရအောင်"
မုယောင်က မကျေမနပ်ညည်းညူလိုက်သည်။
"အရမ်းနောက်ကျနေပြီ သူတို့အခုပြန်မလာတော့ပါဘူး"
"မင်းအိပ်ချင်နေပြီလား"
ကျန်းပေရန်က သူမကိုမေးလိုက်သည်။
"မအိပ်ချင်ပါဘူး"
"ဒါဆိုရင် နောက်ခဏလောက်ထပ်စောင့်ကြရအောင်"
မုယောင်၏စိတ်မရှည်မှုကို မြင်သောအခါ ကျန်းပေရန်က ရယ်မောလိုက်သည်။
"ငါတို့ဒီအတိုင်းအချိန်ဖြုန်းနေရုံပဲဆိုတော့ စကားစမြည်ပြောကြမလား"
"ဟွန့် ဘယ်သူကမင်းနဲ့ စကားပြောချင်လို့လဲ"
မုယောင်က သူမ၏ခေါင်းကိုလှည့်လိုက်သော်လည်း လျင်မြန်စွာထပ်ပြောသည်။
"ဒါပေမဲ့ မင်းတကယ်ပြောချင်တယ်ဆိုရင်တော့ ငါမင်းကိုခဏလောက် အဖော်လုပ်ပေးနိုင်ပါတယ်"
"အိုး မလိုပါဘူး ငါအဲ့ဒီလောက်လည်း စိတ်မအားထက်သန်ပါဘူး"
သူမအံ့ဩစွာပင် ကျန်းပေရန်၏တုံ့ပြန်မှုအပေါ် မုယောင်စိတ်ဆိုးခြင်းမရှိသည်ကို တွေ့ရှိလိုက်ရသည်။
ဂိုဏ်းတွင်ပြန်ရောက်နေပါက ဘယ်သူမှ သူမကို ထိုသို့ပြောရဲမည်မဟုတ်ပေ။
"ဆရာ ကျွန်မနဲ့စကားပြောပါ ဆရာဘယ်လိုဒီလောက်အများကြီး သင်ယူခဲ့လဲဆိုတာ ကျွန်မတကယ်သိချင်တယ်"
"ဘာလို့လဲဆိုတော့ ငါကမကျင့်ကြံလို့ပဲ အဲ့ဒီပိုနေတဲ့အချိန်တွေက ငါ့ကိုတခြားကျွမ်းကျင်မှုတွေ သင်ယူနိုင်စေတယ်"
မုယောင်က ဝင်မပြောဘဲ မနေနိုင်တော့ပေ။
"မင်းတကယ်ပဲ ဘယ်တော့မှမကျင့်ကြံဘူးလား"
"ငါလုပ်ခဲ့ပါတယ် ဒါပေမဲ့ငါ့မှာ ပါရမီမရှိဘူး ငါ့ရဲ့သိုင်းညီအစ်ကိုတွေကို ဘယ်တော့မှ လိုက်မမီနိုင်ခဲ့ဘူး ဒါကြောင့် ငါတဖြည်းဖြည်း လက်လျှော့လိုက်တာ"
"ဒါပေမဲ့ မင်းကရှင်းရှင်းလင်းလင်း"
မုယောင်က သူမ၏စကားများကိုမျိုချရင်း စကားစကိုဖြတ်လိုက်သည်။
သို့သော် သူမ၏အစ်ကိုကြီးကိုအနိုင်ယူခဲ့သူတစ်ဦးတွင် ကျင့်ကြံခြင်းပါရမီမရှိဟူသော အတွေးက သူမကို မရှင်းပြနိုင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သို့သော် မုယောင်ကထိန်းချုပ်ထားစဉ်တွင် ခုံချန်ချန်က ချုပ်တည်းမှုမရှိဘဲ ပြောချလိုက်သည်။
"ဒါပေမဲ့ဆရာ ဆရာကအရမ်းတော်တာပဲ ဘယ်လိုဖြစ်ပြီး ကျင့်ကြံခြင်းပါရမီမရှိရတာလဲ"
"ဉာဏ်ကောင်းတိုင်း ကျင့်ကြံခြင်းပါရမီရှိရမယ်လို့ ဘယ်သူမှမပြောခဲ့ဘူး တချို့အရာတွေက အတင်းအကျပ် လုပ်လို့မရဘူး"
သူမထိလွယ်ရှလွယ်နေရာကို ထိမိသွားသည်ဟုခံစားရသောအခါ ခုံချန်ချန်က အနည်းငယ် ရှက်သွားသည်။
ခဏစဉ်းစားပြီးနောက် သူမ၏ ဘယ်ဘက်လက်မှ သကြားလုံးချောင်းကို ကျန်းပေရန်အားကမ်းပေးလိုက်သည်။
"ဆရာ ဒါကိုစားလိုက်ပါ"
ကျန်းပေရန်ငြင်းမည်ပြုစဉ်မှာပင် အနီးအနားမှ ကျယ်လောင်သောအသံတစ်ခုက အော်ဟစ်လိုက်သည်။
"မြူတိမ်သူရဲကောင်းအမြွှာ ပြန်လာပြီ မြူတိမ်သူရဲကောင်းအမြွှာ ပြန်လာပြီ"