← Chapters

သူနဲ့ ဘာမှ ပြောစရာ မရှိဘူး

Vol. 141 Ch. 2101

သူနဲ့ ဘာမှ ပြောစရာ မရှိဘူး

Vol. 141 Ch. 2101

“ မင်း မျိုးမစစ်ကောင် ….”

ဤတစ်ကြိမ်တွင်တော့ လီကျန်းသည် မတ်တပ်ထရပ်လာခဲ့ပြီး လင်းရီ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှု၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ မင်းကိုယ့်အဆင့်ကိုယ် သိစမ်းဟေ့ကောင် …. ငါတို့ထဲ ကြိုက်တဲ့ တစ်ယောက် လက်ညှိုးထိုးလိုက် … မင်းတို့ လင်းယွင်အုပ်စုရဲ့ ရှယ်ယာကို တစ်ဝက်ချိုးပစ်လိုက်လို့ရတယ် … ငါ မင်းကို သတိမပေးဘူး မပြောနဲ့ ….”

“ ကြောက်စရာပါပဲ … ဒါပေမယ့် ကျုပ်ပြောချင်တာကတော့ ခင်များဘာသာ ဘာလုပ်လုပ် အဲ့တာ ခင်များရဲ့ ကိစ္စ .. ဒါပေမယ့် ဒီနေ့ခေတ် လူမှုပတ်ဝန်းကျင်ကြီးက သိပ်လုံခြုံတော့တာ မဟုတ်ဘူးနော် … လမ်းပဲ ကူးကူး ၊ ပန်းပဲခူးခူး သတိနဲ့နေ … မဆင်မောင်းတဲ့ ယာဉ်မောင်းတွေက ခင်များကို တိုက်သွားလို့ ကိုယ်ဖြစ်ချင်တာ မဖြစ်လိုက်ရဘဲ အရင် ကိစ္စချောသွားနေဦးမယ် ….” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်သည်။

“ နောက်ပြီး … ခင်များရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကိုတော့ ကျုပ် အလုပ်ရှုပ်ခံပြီး ပြောမနေတော့ဘူး … အထူးသဖြင့် ခင်များပဲ ဒါရိုက်တာလီ … မနှစ်တုန်းက ကျိုးဟိုင်မှာ ကျောင်းလာတက်လာတဲ့ တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်ကို မထင်မှတ်ဘဲ ကိုယ်ဝန်ရအောင် လုပ်ခဲ့တယ်မလား … ဒါရိုက်တာလီ အဲ့ကိစ္စ မှတ်မိနေဦးမယ်လို့ ကျုပ် ယုံကြည်တယ်…..”

ထိုစကားလုံးများ ပြောပြီးသည်နှင့်တစ်ပြိုင်နက် အခန်းတစ်ခုလုံး ရှော့ခ်ရသွားခဲ့ကြပြီး လူတိုင်း ကသိကအောက် ဖြစ်လာခဲ့ကြတော့၏။

ဤနေရာရှိ တစ်ချို့ အမှုဆောင် အဖွဲ့ဝင်များမှာ မနှစ်က ထိုအချင်းအရာကို မှတ်မိကြသေးလေသည်။

သို့သော် ထိုကိစ္စကို သိုသိုသိပ်သိပ်နှင့် လုပ်ဆောင်ခဲ့ပြီး သိလိုက်သည့် အပြင်လူက သိပ်မရှိချေ။ သူတို့ရှေ့ရှိ ဤသူငယ်က မည်သို့ သိရှိသွားခဲ့သနည်း။

“ ခင်များပုံစံ ကြည့်ရသလောက်တော့ ကျုပ် ဘာပြောနေလဲဆိုတာ သိတယ် ထင်ပါတယ် … ဒီတော့ ကျုပ် အပိုစကားတွေ ပြောပြီး အချိန်ဖြုန်းမနေတော့ဘူး … ကျန်တဲ့ ခင်များတို့ကိုတော့ .. ကျုပ် စကားအများကြီး မပြောချင်ပါဘူး … ခင်များတို့အကုန်လုံး ကိုယ့်အခြေအနေကိုယ် သိပ်တယ်… ဒီတော့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာက ခင်များတို့ သဘောပဲ … ဆွေးနွေးညှိနှိုင်းဖို့ နေရာလွတ်လေး နည်းနည်း ချန်ထားတာက အမြဲတမ်း အကောင်းဆုံးပဲ ဟုတ်တယ်ဟုတ် … နောင်ကျ စကားပြောရ ပိုလွယ်သွားတာပေါ့ ….”

ပြောပြီးနောက် လင်းရီ ပျင်းရိစွာဖြင့် ကိုယ်ညောင်းဆန့်လိုက်သည်။

“ အခု အချိန်စေ့တော့မယ် …. ဒီမှာတင် အဆုံးသတ်ကြတာပေါ့ …”

ပြောပြီးသည်နှင့် လင်းရီသည် အစည်းအဝေးခန်းတံခါးကို တွန်းဖွင့်ပြီး ရှန်းရှုရီကို ဖိတ်မန္တက ပြုလိုက်၏။

“ အန်တီရှန်း … အစည်းအဝေးပြီးပြီ … ကျုပ်တို့ ပြန်ကြတာပေါ့ …”

ရှန်းရှုရီ ကျော့ရှင်းစွာ မတ်တပ်ရပ်၍ ရှိနေသည့် အခြား အမှုဆောင် အဖွဲ့ဝင်များထံသို့ ပြုံးပြလိုက်သည်။ ဤတိုက်ပွဲ၏ အောင်နိုင်သူက မည်သူလဲဆိုတာကို အတိအလင်း ကြေညာနေသကဲ့သို့ပင်။

ရှန်းရှုရီက အစည်းအဝေးခန်းထဲကနေ ကျော့ကျော့မော့မော့လေး ထွက်လာခဲ့ပြီး လင်းရီက နောက်မှ လိုက်ပါလာသည်။ နှစ်ယောက်မှာ ရုံးခန်းထဲသို့ အတူပြန်ရောက်လာခဲ့ကြ၏။

“ နင် အဲ့ဒီ အချက်အလက်တွေကို ဘယ်ကရခဲ့တာလဲ … ကျုံးဝေ့တပ်ဖွဲ့ကလား …” ရှန်းရှုရီ မေးလိုက်၏။

“ ကျုံးဝေ့တပ်ဖွဲ့ကလွဲရင် ဘယ်သူကမှ အဲ့တာတွေ မသိနိုင်ဘူးလေ… ဘာပဲဆိုဆို ဒီလူတွေ အကုန်လုံးမှာက ထူးခြားတဲ့ နောက်ခံကိုယ်စီနဲ့ ရှိနေကြတာပဲဟာ … အထူးနည်းလမ်းနဲ့ လမ်းကြောင်းတွေ မရှိရင် ရှာတွေ့ဖို့ဆို မဖြစ်နိုင်လုနီးပါးပဲ ….”

“ နင်က ကြိုပြီး ကောင်းကောင်းပြင်ဆင်ထားတာပဲ ကလေး ….”

“ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်ရန်သူကို သိရင် တိုက်ပွဲတိုင်းကို အောင်နိုင်တယ်လေ အန်တီရဲ့ ….” လင်းရီ ပြောလိုက်ပြီး “ ဒီလူတွေက အလွယ်နည်းနဲ့ သိမ်းသွင်းလို့ မရတဲ့လူတွေဆိုတော့ ရိုးရိုးရှင်းရှင်း ခြိမ်းခြောက်တာက သူတို့အပေါ် အလုပ်မဖြစ်ဘူး … ဒါကြောင့်မို့ ဒီနည်းလမ်း သုံးလိုက်တာ ….”

“ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ သူတို့ လက်မြောက်သွားခဲ့ကြတာပါပဲ …” ရှန်းရှုရီ ပြောလိုက်ပြီး “ အခု ငါတို့အားလုံး မျှခြေက ညီသွားပြီ … ဘယ်သူ့ဘက်ကမှ ဘယ်သူ့ထက်ပိုပြီး သာမနေတော့ဘူး … ဒီတော့ နင် လုပ်ခဲ့တာတွေက မလွန်ပါဘူး .. ငါ့အထင် ခဏလောက်ဆို အခြေအနေတွေ ပြန်ငြိမ်သွားလောက်တယ် ….”

“ ဒါပေမယ့် ကျွန်တော် မှတ်မိသလောက်ဆို ပရောဂျက်တစ်ခုကို အန်တီ မနှစ်တုန်းကတည်းက ပြောခဲ့ဖူးသလားလို့ … သူတို့က ဘာလို့ အခုမှ ထပြီး ကန့်ကွက်နေကြတာ ….”

“ ဟွာရန်အုပ်စုရဲ့ သဘောသဘာဝကြောင့်ပဲလေ … နှစ်တိုင်းနှစ် ခေါင်းဆောင် အပြောင်းအလဲတွေ ရှိတယ် … ဒါကြောင်မို့ ဒီလိုမျိုး အရေးကြီးတဲ့ အချိန်အခါမျိုးမှာ ပစ်မှတ်ထားလာခဲ့ကြတာ ….”

“ သဘောပေါက်ပြီ သဘောပေါက်ပြီ …”

“ နင် ဒီနေ့ အစည်းအဝေးမှာ ပြလိုက်တော့ သူတို့တွေ ထပ်ပြီး မဆင်မခြင် လှုပ်ရှားဝံ့မှာ မဟုတ်တော့တာ သေချာတယ် … ငါလည်း နည်းနည်း အနားရတာပေါ့ ….” ရှန်းရှုရီ ပြောဆိုလိုက်ပြီး “ ဒါနဲ့ နင် ညစာ စားပြီးပြီလား … မစားရသေးဘူးမလား … ငါ နင့်ကိုထမင်းလိုက်ကျွေးမယ် …”

“ မဟုတ်တာ မဟုတ်တာ အန်တီရှန်း … ကျွန်တော်ကပဲ ကျွေးပါ့မယ် …”

“ ငါ့ကို ဘာတွေ အားနာနေတာ ….”

လင်းရီ ရယ်မောရုံမျှသာ ပြုလုပ်နိုင်တော့ပြီး ဘာမျှ ဆက်ပြောမလာတော့ချေ။

တစ်ခါတစ်ရံ တစ်ယောက်နှင့်တစ်ယောက် အလွန်အကျွံ ယဉ်ကျေးပြနေသည်က နှစ်ဘက် ဆက်ဆံရေးကို ပိုပြီး ဝေးကွာသွားစေတတ်သည်။

သူတို့နှစ်ဦးလုံးက ဟွိုက်ရန် စားသောက်ဆိုင်ကို ရွေးချယ်လိုက်ကြ၏။

ရှန်းရှုရီ၏ ရောက်ရှိလာမှုက စားသောက်ဆိုင်မန်နေဂျာကို အင်ပါယာတစ်ပါး ရုပ်ဖျက် ရောက်လာသကဲ့သို့ ကပျာကယာ ဖြစ်သွားစေခဲ့ပြီး တစ်ချိန်လုံး နှိမ့်ချရိုသေစွာဖြင့် ဝန်ဆောင်မှုပေးနေလျက် ရှိသည်။ ထို့ပြင် VIP ခန်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့၏။

လင်းရီတို့ နှစ်ဦးလုံးက ကိန်းကြီးခန်းကြီး နိုင်ရသည်ကို နှစ်သက်သူများ မဟုတ်ကြသဖြင့် ဟင်းသုံးပွဲနှင့် အရည်သောက် တစ်ပွဲသာ မှာယူပြီး ညစာကို စတင်စားသောက်လိုက်ကြသည်။

“ ငါကြားမိတာ ကျုံးဝေ့တပ်ဖွဲ့က အခုတလော ပြဿနာ တက်နေတယ်ဆို … ဖြေရှင်းပြီးသွားပြီလား ….”

“ အဲ့နေ့ညမှာပဲ ဖြေရှင်းပြီးသွားခဲ့တာ … ဒါပေမယ့်လည်း သွားတစ်ချောင်းကျိုးရင် သွားတစ်ချောင်း ၊ မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံး ဆိုတော့ မကြာခင် လက်တုံ့ပြန်မယ့် ကိစ္စ လာတော့မှာ ….”

“ နင် မနက်ဖြန် နေ့လည် သွားမယ်ဆိုတာက အဲ့ကိစ္စလား ….”

လင်းရီ ခေါင်းညိတ်လိုက်ပြီး ရှန်းရှုရီထံသို့ မည်သည်ကိုမျှ ကွယ်ဝှက်ခြင်း မပြုခဲ့ချေ။

“ ကျွန်တော် လန်ဒန်ကို သွားရမှာ … နှစ်ရက် သုံးရက်လောက်ပါပဲ … သိပ်မကြာပါဘူး …”

“ လန်ဒန်ကို သွားရမှာလား …”

“ အင်း …. ဘာလို့ … ပြောချင်တာရှိလို့လား အန်တီရှန်း …..”

“ မရှိပါဘူး …”ရှန်းရှုရီ ပြောလိုက်ပြီး “ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ချီရှန်းကျောက် ရန်ကျင်း ရောက်လာပြီး ငါ့ကို လာတွေ့တယ် …. အလုပ်အကြောင်းတွေ ပြောရင်း မကြာခင် လန်ဒန်မှာ Semiconductor ညီလာခံတစ်ခု ရှိတယ်လို့လည်း ပြောသွားသေးတယ် … သူလည်း အဲ့ညီလာခံကို တက်မှာ … နင်သွားတဲ့အချိန် သူနဲ့ တွေ့ရင် တွေ့နိုင်တယ် …”

လင်းရီ လေးနက်စွာ ခေါင်းညိတ်လိုက်ရင်း သူ ရောက်သွားသည့် အချိန်၌ ချီရှန်းကျောက်ထံ ဖုန်းတစ်ချက် ခေါ်ကြည့်ဖို့ စဉ်းစားလိုက်သည်။

ယခုတလောတွင် ကိစ္စတို့က အများအပြား ဖြစ်ပျက်ထားသဖြင့် လင်းယွင်အုပ်စု၏ အရေးကိစ္စများအပေါ် အာရုံမပေးနိုင်ခဲ့ချေ။ ယခု သူ့တွင် အခွင့်အရေး ရှိလာပြီ ဖြစ်သဖြင့် ချီရှန်းကျောက်နှင့် စကားအနည်းငယ် ပြောဖို့ လိုအပ်သည်။ တွေးရင်းဖြင့် လန်ဒန်တွင် KTV ရှိမရှိ သိချင်မိသွားခဲ့သည်။ မဟုတ်ပါက စကားပြောဆိုရသည်မှာ သိပ်အဆင်ပြေမှာ မဟုတ်ချေ။

ရှန်းရှုရီ ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ နင့်အသင်းရော အခု ဘယ်လိုတွေ လုပ်နေလဲ ….”

ရှန်းရှုရီ ရုတ်တရက်ကြီး ခေါင်းစဉ်ပြောင်းသွားသည်က လင်းရီကို အနည်းငယ် အံ့အားသင့်သွားစေခဲ့လေသည်။ သူ့အသင်းကိစ္စအကြောင်း ရုတ်တရက်ကြီး မေးမြန်းလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

“ အန်တီရှန်းက ဘာလို့ မေးနေတာလဲ ….”

“ ဆိုရိုးစကားတောင် ရှိသေးတာပဲ … ခြံတောင့်ဖို့က တိုင်တွေလိုတယ် … သူရဲကောင်း တစ်ယောက်က ရဲဘော်သုံးယောက် လိုတယ်…. နင့်ကိုယ်နင် ဘယ်လောက်ပဲ အရည်အချင်း ရှိတယ်ပြောပြော ကြီးမားတဲ့ ကိစ္စတွေကိုတော့ နင်တစ်ယောက်တည်း လုပ်လို့ မရဘူးလေ ….” ရှန်းရှုရီ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ “ နင့် အဖေလို သန်မာတဲ့ လူတောင် သူ့ဘေးနားမှာ ကျွမ်းကျင်သူ တစ်အုပ်စု ရှိထားရတာ နင် အမြင်ပဲ … တကယ်လို့ နင့်အသင်းကသာ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘူးဆိုရင် ကမ္ဘာ့ဇာတ်ခုံပေါ် တက်ဖို့ ခက်ခဲလိမ့်မယ်….”

လင်းရီ ရယ်မောလိုက်ပြီး “ အန်တီရှန်းက ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပဲ … ကျွန်တော့်မှာ အဲ့လောက်ကြီးမားတဲ့ ရည်မှန်းချက်မျိုး မရှိပါဘူး … မိန်းမနဲ့ ကလေးတွေနဲ့ … ပြီးတော့ နွေးထွေးတဲ့ အိပ်ရာကုတင်လေး တစ်လုံးရှိရင် လုံလောက်ပါပြီ …”

“ နင် အခုပြောနေတဲ့ လေသံက နင့်အမေအတိုင်းပဲ …” ရှန်းရှုရီ ပြောလိုက်ပြီး “ သူ ရှေ့ရက်တုန်းက ငါ့ဆီ ခဏလာခဲ့သေးတယ် … ငါ ကြားတာတော့ သူ ကျိုးဟိုင် သွားခဲ့တယ်ဆိုပဲ … သူ နင့်ကို ဆက်သွယ်လာသေးလား …”

“ အမေက ကျိုးဟိုင် ရောက်ခဲ့သေးတာလား ….” လင်းရီ အံ့အားတကြီး မေးမြန်းလိုက်မိသည်။

ရှန်းရှုရီ ခေါင်းညိတ်လိုက်၏။ “ သူ ရောက်တော့ ငါ့ဆီ ဖုန်းဆက်လာတာပဲ … ငါတို့ စကားတောင် ခဏ ပြောဖြစ်ခဲ့ကြသေးတယ် … သူပြောတာ အချိန်သိပ်မရလို့ ရန်ကျင်းတော့ မလာဖြစ်တော့ဘူးတဲ့ .. ငါ ထင်ထားတာ သူနင့်ကို ဖုန်းဆက်မှာပါပေါ့လေ ….”

လင်းရီ ခေါင်းခါလိုက်သည်။ “ သူ ဘယ်လိုနေလဲ .. အားလုံး အဆင်ပြေတယ်မလား ….”

“ နင့် အမေက အဆင်ပြေနေတယ် … ငါတို့ ဗွီဒီယိုကော ပြောတုန်းက သတိထားမိတာ ဝိတ်တောင် နည်းနည်းတက်လာသေးတယ် … နင့်အဖေကတော့ …. ငါလည်း မသိဘူး ….”

လင်းရီ၏ မျက်လုံးတို့ အနည်းငယ် ရွေ့လျားသွားခဲ့ပြီး “ ဒါနဲ့ ကျွန်းပေါ်မှာ ဘာတွေဖြစ်နေလဲ အန်တီရှန်း သိလား ….”

“ နင်တော့ လူမှားပြီး လာမေးနေတာပဲ …” ရှန်းရှုရီ တခစ်ခစ် ရယ်မော၍ “ ရှောင်မီရဲ့ အဘိုးက ကျုံးဝေ့တပ်ဖွဲ့ထဲမှာ အလုပ်လုပ်နေတယ်ဆိုပေမယ့် အဲ့တာ သူ့ကိုယ်ရေးကိုယ်တာလေ … ငါက ဒီတိုင်း သာမန်လူပဲ … သာမန်လူနဲ့ ကျုံးဝေ့တပ်ဖွဲ့ ၊ ပြီးတော့ ကျွန်းနဲ့က မဆိုင်တဲ့ သူ့ကမ္ဘာနဲ့သူပဲ … ငါ သိထားတယ်ဆိုတဲ့အရာတွေကလည်း အတော်လေး အကန့်အသတ်နဲ့ .. ဒါကြောင့်မို့ နင့်ကို အများကြီး မပြောပြနိုင်ဘူး….”

ပြောပြီးနောက် ရှန်းရှုရီ ခေတ္တရပ်တန့်သွားခဲ့ကာ ဆက်ပြီး ပြောသည်။

“ တကယ်လို့ နင် သိချင်တယ်ဆိုရင် နင့်အဖေကို ဖုန်းဆက်ပြီး မေးပေါ့ … ကျွန်းပေါ်မှာ ဘာတွေ ဖြစ်နေလဲ သူ အများကြီး သိတယ် ….”

All Chapters