လင်းရီဆိုရင် ဘာလုပ်မလဲ
Vol. 141 Ch. 2106
အခြေအနေ၏ လေးနက် ပြင်းထန်မှုကို သတိပြုမိတော့ အခန်းထဲရှိ လူတိုင်း တိတ်ဆိတ်ငြိမ်ကျသွားခဲ့ကြတော့သည်။
အကယ်၍ လင်းယွင်အုပ်စုကသာ သာမန် ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့မည်ဆိုပါက သူတို့ ကြောက်ရွံ့နေမှာ မဟုတ်ချေ။
သို့သော် ကျုံးဝေ့တပ်ဖွဲ့ထဲရှိ ၎င်း၏ ထူးခြားသည့် ရာထူးနေရာကိုပါ ထည့်ပေါင်းလိုက်သည့်အခါ၌ ဤကိစ္စက သတိနှင့် ချဉ်းကပ်မှ ရတော့မည့် ကိစ္စ တစ်ခု ဖြစ်လာသည်။
“ ဒါဆိုရင်တော့ ငါတို့ ငြင်းပယ်စရာ အကြောင်း မရှိပါဘူး …” ဒရစ်(ခ်) ပြောလိုက်သည်။ “ ဒါပေမယ့် ဝင်ဒီဘီပြောတာ မှန်တယ်လို့ ငါ ယုံကြည်တယ် … ရှန်းထျန်းကျိုးက မယုံကြည်နိုင်စရာကောင်းတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့လူပဲ … သူ အရင်က မိုက်ခရိုဆော့ဖ်မှာ စီနီယာ ဒုဥက္ကဌရာထူး ယူခဲ့ဖူးတယ် … သူ့ရဲ့ အရည်အချင်းနဲ့ တကယ်လို့ ဟွာရှကို ပြန်သွားပြီး လုံလောက်တဲ့ ဘဏ္ဍာရေး နောက်ခံနဲ့ဆိုရင် အနာဂတ်မှာ နည်းပညာပိုင်းအရ ထိုးဖောက်မှု အသစ်တွေ ရှိလာနိုင်တယ် … အဲ့တာ ငါတို့အတွက် အန္တရာယ်ပဲ …..”
“ စိတ်ချထားလိုက် .. ငါ ဒီကိစ္စ ဂရုစိုက်ထားလိုက်မယ် …” ဟောလစ် အပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်၏။
“ နင်တို့က ဖရီးမေဆင်ရဲ့ စီနီယာ အဖွဲ့ဝင်တွေပဲလေ … ငါ့ဘက်က အကောင်းဆုံး အားထုတ်ပြီး နင်တို့ရဲ့ ဒီပြဿနာကို ကူညီဖြေရှင်းပေးမှာပါ …”
လူတိုင်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး မည်သည့် စကားမျှ ထပ်မပြောကြတော့ချေ။
“ တကယ်လို့ တခြား မေးခွန်းထုတ်စရာတွေ မရှိတော့ဘူးဆိုရင် အောက်ဆင်းကြတာပေါ့ … ဧည့်ခံပွဲက မကြာခင် စတော့မှာ …” ဟောလစ် ဆွဲဆောင်မှု ရှိစွာဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် သဘောတူညီချက်ကို လက်မှတ်ထိုးဖို့တော့ မမေ့နဲ့နော် … အဲ့တာက ဒီနေ့ညပွဲရဲ့ အခရာပဲ …”
“ မပူနဲ့ … ပြဿနာ မရှိစေရဘူး …” လီယုံချော ပြောလိုက်ပြီး “ ငါကတော့ ပွဲတက်ဖို့ကို လုံးဝ မစောင့်နိုင်တော့ဘူး ….”
“ ငါလည်း အဲ့မိန်းမနဲ့ အတော်လေး တွေ့ချင်နေပြီ ….” လီယုံချောဘေးတွင် ရပ်နေသည့် လူဖြူ လူငယ်လေး တစ်ဦးက ပြောလိုက်သည်။
သူ့နာမည်က ပေါ်ဝန် ဖြစ်ပြီး မီခရွန် စီအီးအို၏ အမွေဆက်ခံသူ ဖြစ်ကာ မီခရွန်၏ အထွေထွေ မန်နေဂျာ တစ်ဦးလည်း ဖြစ်လေသည်။
လီယုံချော သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ “ အေးဆေးနေစမ်းပါ … ငါ အောင်မြင်သွားရင် မင်းကိုလည်း မျှမှာပေါ့ …”
“ အလွယ်လေးပဲ မဟုတ်လား … ဘာပဲပြောပြော ဒီနေရာက လန်ဒန်လေ ….” ပေါ်ဝန် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး " ဒီကစည်းမျဉ်းနဲ့ ဥပဒေကို ငါတို့ ချမှတ်တယ် … ငါ လိုချင်ရင် ဘာမဆိုရတယ် … တစ်စုံတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုရင်တောင်မှပေါ့ … လင်းရီဆိုတဲ့ကောင် ရောက်မလာတာတော့ နှမြောဖို့ ကောင်းတယ် …”
“ မပူနဲ့ .. မင်း အနှေးနဲ့အမြန် သူနဲ့တွေ့ရမှာပါ ဟားဟားဟား ….”
ပြီးသည့်နောက် အုပ်စုမှာ အခန်းထဲကနေ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့ကြသည်။
ထိုအချိန်တွင် ပထမထပ်ရှိ အဓိက ဟောခန်းမထဲတွင် သာယာ ညိမ့်ညောင်းသည့် သံစဉ်တစ်ခုက ထွက်ပေါ်နေပြီး အမျိုးသားနှင့် အမျိုးသမီးအားလုံးတို့မှာ အလယ်ဗဟိုတွင် စုစည်း၍ ကျော့ရှင်းစွာဖြင့် စည်းချက်၏ လှုပ်ရှားမှုအတိုင်း မြောပါနေခဲ့ကြသည်။ ဧည့်ခံပွဲ၏ လေထု အခြေအနေက အတော်လေး လိုက်လျောညီထွေ ရှိနေသည်။
ဟောခန်း၏ ထောင့်တစ်နေရာတွင် ရှန်းထျန်းကျိုးသည် ဒီဇိုင်နာကိုယ်တိုင် လက်ဖြင့် ချုပ်ထားသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဝိုင်နီတစ်ခွက်ကိုလည်း ကိုင်ထားလျက် ရှိ၏။ သူက အချိန်တိုင်းလိုလို အခြားသူများအား လက်ဝှေ့ယမ်းပြနေသည်။ သို့သော် ဝှေ့ယမ်းပြီးနောက်တွင်တော့ သူ၏ အမူအရာက လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့၏။
ကျီချင်းရန်က အနက်ရောင် ညနေခင်း ပွဲတက် ဝတ်စုံကို ဝတ်ဆင်ထားလျက် ရှိသည်။ အဝတ်အစား ဒီဇိုင်းက မင်သက်လောက်စရာ မရှိသည့် ပြောင်ချောကြီးသာ ဖြစ်၏။ သို့တိုင် အဆိုပါ ဝတ်စုံက သူမကို အများအလယ်တွင် တမူထူးခြားစေနိုင်ဆဲပင်။
“ ဒေါက်တာရှန်း … ရှင်ဘာတွေ စဉ်းစားနေတာလဲ ….” ကျီချင်းရန် မေးမြန်းလိုက်သည်။
ရှန်းထျန်းကျိုး ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ တကယ်လို့ ဥက္ကဌလင်းသာ ဒီနေရာမှာ ရှိခဲ့ရင် သူ ဘယ်လိုလုပ်လောက်မလဲလို့ ငါစဉ်းစားနေတာ ….”
လင်းရီက လင်းယွင်အုပ်စု၏ နောက်ကွယ်က အဓိက မဏ္ဍိုင်ကြီး ဖြစ်သည်ဟု ပြောဆိုလျှင် အမှန်ပင် ချဲ့ကားရာ မကျပေ။
ခက်ခဲနေသည့် အချိန်ကာလများ၌ ၎င်းတို့ ပင်ကိုယ်အသိစိတ်အလျောက် တမ်းတမိသည့် နာမည်ကား လင်းရီပင်။
ကျီချင်းရန် တိတ်ဆိတ်လျက်သာ ရှိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမလည်း တူညီစွာ စဉ်းစားနေခဲ့သောကြောင့်ပင်။
အကယ်၍ လင်းရီသာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက သူ မည်သို့ ကိုင်တွယ်မည်နည်း။
သို့သော် နှစ်ယောက်လုံးက ထင်ကြေးပေးရုံမျှသာ တတ်နိုင်ကြ၏။ အကယ်၍ လင်းရီ၏ အတွေးများကသာ ခန့်မှန်းရန် လွယ်ကူနေခဲ့မည်ဆိုပါက လက်ရှိ သူရောက်နေသည့် နေရာသို့ ရောက်ရှိနေနိုင်မှာ မဟုတ်ပေ။
“ ကျွန်မကတော့ ဒီကိစ္စက လင်းယွင်အုပ်စုကို နောက်ကွယ်ကနေ ပူးပေါင်းပြီး အကွက်ချတဲ့ ကြံစည်မှုဆိုတဲ့ ခံစားချက်ကို စိတ်ထဲကနေ မထုတ်နိုင်သေးဘူး …” ကျီချင်းရန် ဆိုလိုက်သည်။
“ ငါလည်း အတူတူပဲ …” ရှန်းထျန်းကျိုး သဘောတူလိုက်၏။ “ ငါတို့က 5 nm လီတိုဂရပ်ဖီစက်ကို ဖန်တီးနိုင်ထားတယ်ဆိုပေမယ့် ပြည်တွင်းဈေးကွက်မှာပဲ နေရာရသေးတယ် … နိုင်ငံတကာ ဈေးကွက်ထဲကို အပြည့်အဝ မထိုးဖောက်နိုင်သေးဘူး … ဒီလူတွေအပေါ် ခြိမ်းခြောက်နိုင်တဲ့ အတိုင်းအတာအထိလည်း မဟုတ်သေးဘူး … သူတို့ရဲ့ လုပ်ရပ်က ရက်စက်လွန်းတယ် ….”
“ လင်းယွင်အုပ်စုရဲ့ မြန်မြန်ဆန်ဆန်နဲ့ ကြီးထွားနေတဲ့ နှုန်းကို သူတို့ ကြောက်နေတာကြောင့်များလား … ဒီလူတွေမှာ အဲ့လို အမြင်မျိုး ရှိနေမယ်လို့တော့ ကျွန်မ မယုံဘူး ….”
“ အဲ့တာလည်း မဖြစ်နိုင်လောက်ဘူး …” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ပြီးတော့ လီတိုဂရပ်ဖီစက်နဲ့ ပတ်သက်တဲ့ နည်းပညာ အစိတ်အပိုင်းတွေ အတားအဆီးကိုလည်း သူတို့ဘက်က ချမှတ်ထားသေးတယ် … လင်းယွင်အုပ်စုကို ကန့်သတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ် .. ဒီလိုမျိုး ပြင်းထန်တဲ့ နည်းလမ်းတွေ အသုံးပြုစရာ မလိုဘူး … ဒါက သူတို့ကိုယ်တိုင် အပေါ်လည်း အကျိုးသက်ရောက်မှု ရှိတယ် … ဒီကိစ္စမှာ ပူးပေါင်းကြံစည်မှု တစ်ခုခုတော့ ရှိကို ရှိနေရမယ် … ဒါပေမယ့် အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ အမှောင်ထဲမှာပဲ ရှိနေသေးတုန်းပဲ …”
ကျီချင်းရန် ဘာမျှ ထပ်ပြောမလာခဲ့ချေ။ နှစ်နိုင်ငံကြားရှိ ကုန်သွယ်ရေးကိစ္စက အထိခိုက်မခံသည့် အခြေအနေသို့ ရောက်ရှိနေသည်ကို သူမ နားလည်သည်။
အရှိန်အဟုန်နှင့် တိုးတက်လာနေသည့် ဟွာရှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများကို ဖိနှိပ်ရန် အကောင်းဆုံးသော ရိုက်ချက်က သံသယ ရှိစရာ မလိုအောင်ကိုပဲ လင်းယွင် အုပ်စု ဖြစ်သည်။
ယခု ပြိုင်ဆိုင်မှုထဲတွင် ညှပ်မိရင်း လင်းယွင်အုပ်စုသည် စစ်ပွဲ အထိနာသူ တစ်ယောက် ဖြစ်လာဖို့ များ၏။
သို့ပေမယ့် ဒေါက်တာရှန်း ပြောသွားခဲ့သည့်အတိုင်း အကယ်၍ သူတို့ဘက်က လင်းယွင်အုပ်စုကို ပစ်မှတ်ထားချင်သည်ဆိုပါက ဤသို့သော နည်းလမ်းမျိုးကို အသုံးပြုဖို့ အမှန်ပင် မလိုအပ်ချေ။
အရင်းရှင် စီးပွားရေး သူဌေးကြီးတို့က အမြဲတစေ အကျိုးအမြတ်ကိုသာလျှင် လိုလားကြသည်။ ၎င်းတို့ကိုယ်၌ ထိခိုက်စေမည့် နည်းဗျူဟာကို အသုံးချပြီး ပြိုင်ဘက်များကို ဖိနှိပ်သည်က ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမနေချေ။
သူမပင်လျှင် စီးပွားရေး ယှဉ်ပြိုင်ရာ၌ ထိုသို့သော နည်းလမ်းများကို အသုံးမပြုပေ။
ဤသည်ကလည်း ကျီချင်းရန် နားမလည်နိုင်သည့် ကဏ္ဍ တစ်စိတ်တစ်ပိုင်းဖ ြစ်၏။
ထိုအချိန်၌ ဟောခန်းထဲရှိ ဂီတသံစဉ်က ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး လူအုပ်ကြီး၏ အာရုံက လှေကားထစ်များထံသို့ ကျရောက်သွားခဲ့၏။ ဝင်ဒီဘီ ၊ ဒရစ်(ခ်) နှင့် အခြားသူများ လှေကားထစ်ပေါ်မှ ဆင်းလာကြသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ကြရသည်။
ဤပုဂ္ဂိုလ်များကို မြင်တော့ လွန်ခဲ့သည့် အခိုက်အတန့်အနည်းငယ်က သံစဉ်နှင့်အတူ စီးမြောနေကြသည့် လူကုံထံ အမျိုးသား၊ အမျိုးသမီးတို့မှာ အပြုံးမျက်နှာ ကိုယ်စီဖြင့် ခေါင်းညိတ်နှုတ်ဆက်လာခဲ့ကြသည်။
ဤလူများက ကမ္ဘာ့ semiconductor နယ်ပယ်ကို ဦးဆောင်နေကြသူများ ဖြစ်ပြီး ၎င်းတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ နှုတ်ထွက်စကားတို့က တစ်ကမ္ဘာလုံးရှိ ဤနယ်ပယ်ကို အတက်အကျ ဖြစ်စေသည်အထိ လွှမ်းမိုးမှုအား ကောင်းလှသည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသည့် စီးပွားရေး သမားများကလည်း ထိုလူများနှင့် ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ တည်ဆောက်နိုင်ရန် မျှော်လင့်နေကြ၏။ ဤသို့ဖြင့် မိမိတို့၏ ကုမ္ပဏီ တိုးတက်ရေးအတွက် ကြီးစွာသော အထောက်အပံ့များ ရရှိလာနိုင်သည်။
ဝင်ဒီဘီနှင့် ဒရစ်(ခ်) တို့က ၎င်းတို့၏ အပြုံးများကို စေနည်းမနေဘဲ လူအုပ်ကြီးဘက်သို့ ပျူငှာစွာဖြင့် လက်ပြနှုတ်ဆက်လိုက်ကြ၏။
အဝေးတစ်နေရာတွင် ထိုင်နေသည့် ကျီချင်းရန်ကတော့ အေးစက်စွာဖြင့် ထိုအခြေအနေကို အကဲခတ်နေလျက် ရှိကာ သူမ၏ အမူအရာမှာ မည်သို့မျှ လှုပ်ခတ်မသွားခဲ့ချေ။
၎င်းတို့၏ ထွက်ပေါ်လာမှုက မည်သည်ကို အသွင်ဆောင်နေပြီး ယခု ဧည့်ခံပွဲ၏ ရည်ရွယ်ချက်က မည်သည်ကို ညွှန်းဆိုနေချင်လဲဆိုတာကို သူမ နားလည်ထားသည်။
ဤအခွင့်အရေးကို အသုံးချ၍ လက်ရှိ ရောက်ရှိနေသည့် လူတိုင်းသို့ သဘောတူညီမှု အသစ်နှင့် တည်ဆောက်မည့်ပုံစံ အသစ်ကို semiconductor နယ်ပယ်တစ်ရပ်လုံးသို့ ကြေညာချင်နေခြင်းပင်။ ယင်းက နယ်ပယ်ထဲရှိ အခြားသော ပြိုင်ဘက်များကို ချေမှုန်းသွားစေနိုင်မည် ဖြစ်ပြီး အထူးသဖြင့် လင်းယွင်အုပ်စုကိုပင်။
တစ်ချိန်တည်းတွင် ဟိုတယ် ဝန်ထမ်းများက စတိတ်စင်ပေါ်သို့ စားပွဲ ဒါဇင်ခန့်မျှ သယ်ဆောင်လားပြီး မိုက်ခရိုဖုန်း ပြင်ဆင်ပေးလိုက်သည်။
ဝင်ဒီဘီနှင့် ဒရစ်(ခ်)တို့၏ အတွင်းရေးမှူး လက်ထောက်များက မကြာခင် အသုံးပြုရနိုင်ချေရှိသည့် သဘောတူညီမှု စာရွက်စာတမ်း အထပ်လိုက်ကြီးကို စားပွဲပေါ်သို့ တင်ဆောင်လိုက်ကြသည်။
မိနစ်အနည်းငယ်ကြာအောင် လောကွတ်ချော်သည့် စကားများအား ပြေဆိုပြီးနောက် ဝင်ဒီဘီက ဦးဆောင်၍ စင်အလယ်သို့ မိုက်ခရိုဖုန်းနှင့်အတူ ရောက်ရှိလာသည်။ သူက ပြုံးလျက် လူအုပ်ကြီးသို့ နှုတ်ခွန်းဆိုလိုက်၏။
“ ငါ့ရဲ့ သူငယ်ချင်း မိတ်ဆွေတို့ … semiconductor ချစ်ပ်တွေ ပြန်ပြီး တည်ဆောက်မယ့်ပုံစံအသစ် သဘောတူညီချက် အသစ်က လုပ်ထုံးလုပ်နည်းတွေကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ … နောက်လိုအပ်တာက ငါတို့အားလုံး ဒီရဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ပါပဲ … ဒီရဲ့ သဘောတူညီမှု အသစ်က ရာစုနှစ် တစ်ခုရဲ့ မှတ်ကျောက်တိုင် တစ်ခု ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်… ဒါက တတိယမြောက် စက်မှုတော်လှန်ရေး ဖြစ်မလာဘူးလို့တောင် ပြောမရဘူး … ပြောင်းလဲမှုတွေက ကမ္ဘာကြီးကို ပြောင်းလဲစေမယ် … အခု ငါ့ဘက်ကနေပြီး သမိုင်းဖြစ်ရပ်ကို မျက်မြင်တွေ့ရဖို့ လူတိုင်းကို ဖိတ်မန္တက ပြုလိုက်ပါတယ် …”
သူ့စကားဆုံးသည်နှင့် ပွဲတက်လာဧည့်အပေါင်းထံမှ ကျယ်လောင်သည့် ဩဘာလက်ခုပ်သံများ ထွက်ပေါ်လာခဲ့လေသည်။ ဝင်ဒီဘီနှင့် အခြားသူများကတော့ ၎င်းကို ပြုံးလျက် ကြည့်နေခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် .. မကြာမီ အချိန်အတွင်းမှာပဲ ယခုခမ်းနားမှုကြီးက တစ်ကမ္ဘာလုံးသို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေမည်ကို သူတို့ သေချာနေသောကြောင့်ပင်။
စင် နံဘေးအစွန်းတွင် မတ်တပ်နေသည့် အီဗန်နှင့် ဟောလစ်တို့လည်း ကိုယ်စီ ပြုံးမိလိုက်ကြသည်။ အရာအားလုံးက သူတို့စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်နေပြီး ဤသည်ကလည်း သူတို့ မြင်တွေ့ချင်သည့် အရာပင်။
သို့သော် ထိုအချိန်မှာပဲ မမျှော်လင့်ထားသည့် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
“ ကျွန်မတို့ လင်းယွင်အုပ်စုက ဒီရဲ့ သဘောတူညီချက်ကို ကန့်ကွက်ပါတယ် …”