ထက်ရှသည့် မေးခွန်း
Vol. 141 Ch. 2107
ကျီချင်းရန်၏ စကားက ခန်းမတစ်ခုလုံးကို လုံးဝဥဿုံ ငြိမ်သက်သွားစေခဲ့သည်။
လူတိုင်း မသိစိတ်အလျောက် အသံလားရာ ဘက်သို့ လှည့်ကြည့်မိကြရင်း သူမထံသို့ အကြည့်ကျရောက်သွားခဲ့ကြကာ အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာလေသည်။
လူတော်တော်များများက လင်းယွင်အုပ်စု၏ ကိုယ်စားလှယ်တစ်ယောက်ဟူသော ကျီချင်းရန်၏ အထောက်အထားကို သိရှိထားကြသည်။
အဆိုပါ ကုမ္ပဏီ၏ လီတိုဂရပ်ဖီ နည်းပညာက ယမန်နှစ်တွင် တစ်ကမ္ဘာလုံးသို့ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။ ဤတစ်ကြိမ် သဘောတူညီချက် အသစ်ကလည်း လင်းယွင်အုပ်စုကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်လေသည်။
ဤအမျိုးသမီး ကန့်ကွက်လာသည်က ပုံမှန်သာ ဖြစ်၏။
သို့သော် လူအုပ်ကြီး၏ မျက်နှာထက်ရှိ အပြုံးတို့က အံ့အားသင့်မှုဆိုသည်ထက် လှောင်ပြောင်ရိပ်တို့က ပိုနေသည်။
ဟွာရှ ကုမ္ပဏီလေး တစ်ခုကများ ကမ္ဘာ့ semiconductor ထိပ်သီးတွေကြားထဲ ဝင်ပတ်သက်ချင်နေတယ်ဟုတ်လား …
စဉ်းစဉ်းစားစားလေး လုပ်စမ်းပါ …
ခေတ်မီတိုးတက်သည့် အနောက်တိုင်းများ၏ စိတ်ထဲတွင် အရှေ့တိုင်းသားတို့ထက် သာလွန်သည်ဟူသော မောက်မာမှုက အရိုးစွဲဖြစ်နေသည်။
မြောက်မြားစွာသော အရင်းရှင် သူဌေးကြီးများနှင့် ဩဇာကြီးမားသည့် ပုံရိပ်တို့က ဟွာရှအပေါ် ဖိနှိပ်မှုများ သို့မဟုတ် ကန့်သတ်မှုများ ပြုလုပ်နေသည်ကို သူတို့၏ မျက်စိထဲတွင် အနိုင်ကျင့်သည့် လုပ်ရပ်အဖြစ် မရှုမြင်ကြပေ။ ထိုအစား ယင်းက ဖြစ်သင့်သည့် ကိစ္စတစ်ရပ်ဟူ၍သာ သူတို့ ယုံကြည်နေကြ၏။
ကျီချင်းရန်၏ လင်းယွင်အုပ်စုက ဤနေရာသို့ လာရောက်ရန်ပင် ထိုက်တန်ခြင်းမရှိဟူ၍ပင် ပင်ကိုယ်မသိစိတ်က ပြောပြနေလေသည်။
ထိုအချိန်မှာပဲ ဝင်ဒီဘီ စင်ပေါ်၌ ဘယ်ညာ လှမ်းအနည်းငယ် ရွေ့လျားလိုက်သည်။
လင်းယွင်အုပ်စုက သူတို့၏ အဓိက ပြိုင်ဘက်ဖြစ်ပြီး သူမ၏ ထွက်ပေါ်လာမှုက လင်းယွင်အုပ်စု သူတို့အပေါ် ခြိမ်းခြောက်နေသည့် အန္တရာယ်ကို အတည်ပြုသွားစေခဲ့သည်။
“ မိန်းကလေးကျီ … မင်း အခုလို ကန့်ကွက်ရတဲ့ အကြောင်းအရင်းကို ငါတို့ ကြားချင်ပါတယ် … ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား …”
“ ပြောဖို့ လိုနေသေးလို့လား … ရှင်တို့အကုန်လုံးလည်း တကယ့် အကြောင်းအရင်းအမှန်ကို သိနေပြီးသားပဲ … လူတိုင်း မသိသလို ဟန်ဆောင်နေတာက အဓိပ္ပာယ် မရှိဘူးနော် …” ကျီချင်းရန် အပြုံးလေးဖြင့် သူမ၏ အရှိန်အဝါတို့အား ထုတ်လွှတ်လာသည်။
“ လင်းယွင်အုပ်စု မြင့်တက်လာပြီး ရှင်တို့တွေ နောက်မှာ ကျန်နေရစ်မှာကို စိုးရိမ်လို့ အခုလို အရေးယူမှုတွေလုပ်နေတာလို့ ကျွန်မ ယူဆလိုက်သင့်လား … အဲ့တာမှလည်း သနားဖို့ကောင်းတဲ့ ရှင်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ခေါင်းမာမှုကို ဆက်ပြီး ထိန်းသိမ်းထားနိုင်မှာလေ …”
စကားလုံး အနည်းငယ်ဖြင့် ခန်းမတွင်းရှိ လေထုမှာ သိပ်သည်းမွန်းကြပ်လာလေသည်။
အကယ်၍ အစောပိုင်းတုန်းက ကျီချင်းရန်ထံသို့ ကျရောက်နေသည့် အကြည့်တို့က လှောင်ပြောင်မှု မည်လျှင် ...
ယခု ၎င်းတို့အားလုံး ရှော့ခ်ရမှုတို့ဖြင့် ပြည့်နှက်နေခဲ့တော့သည်။
သူတို့၏ မျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် မေးခွန်းသည်ကား …
အာရှသားတစ်ယောက်က သူတို့ရှေ့မှောက်မှာ ဒီလို စကားတွေပြောဖို့ ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ ….
တင်းမာမှုက ပြန့်ကားလာသည်နှင့် ဝင်ဒီဘီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့သည်။ အဆိုပါ လှပသည့် ဟွာရှန့် အမျိုးသမီးအပေါ် သူ့အမြင်တို့ ပြောင်းလဲသွားခဲ့တော့၏။
စစချင်းတုန်းက သူမကို သူ့ဘက်က အလေးအနက် မထားခဲ့ဘဲ လှပသည့် မျက်နှာလေးက သုံးစားမရသည့် အချင်းအရာဟုသာ တွေးတောရင်း ပေါ့တန်တန် တွက်ဆထားခဲ့သည်ကို သူဝန်ခံသည်။
ယခုကြည့်ရသည်မှာတော့ သူမက သူထင်ထားသည်ထက်ပင် ဖြုံချင်စရာကောင်းသည့် အမျိုးသမီး တစ်ဦး ဖြစ်နေတော့၏။
ဝင်ဒီဘီ ပခုံးတွန့်လျက် တည်ငြိမ်စွာ ဖြေဆိုလိုက်၏။
“ မင်း ဒေါသထွက်နေတယ်ဆိုတာ ငါ နားလည်တယ် … ဒါပေမယ့် ဒီပြဿနာကို ခေါင်းအေးအေးထားပြီး ဖြေရှင်းဖို့ လိုတယ် …”
“ ဒေါသထွက်နေတယ် …. ကျွန်မကလား ….” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒီအပြုံးကို ရှင့်မျက်လုံးထဲမှာ ဒေါသထွက်နေတယ်လို့ မြင်နေတာလား …”
ကျီချင်းရန်၏ ထင်မှတ်မထားသည့် တုံ့ပြန်လာမှုက ဝင်ဒီဘီကို အငိုက်မိသွားစေခဲ့သည်။ သူ အလေးအနက်ပြောဆိုလိုက်သည့် စကားက သူမ၏ လမ်းကြောင်းလွှဲမှုဖြင့် ပါမွှားလေး ဖြစ်ပျက်သွားလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
“ တောင်းပန်ပါတယ် … ငါ အစောတုန်းက စကားပြောမှားသွားတယ် … ငါ ပြန်ပြောင်းပြောပေးပါ့မယ် …”
“ မလိုပါဘူး… ရှင်က ရှင့်အမှားကို ဝန်ခံနေပြီဆိုမှတော့ ကျွန်မလည်း စိတ်ထဲ မထားတော့ပါဘူး …”
ကျီချင်းရန် ပြုံးလျက်သာ ဆိုနေရင်း ခန်းမထဲရှိ လေထုက အနည်းငယ် ပြောင်းလဲသွားခဲ့ကာ သူမဘက်က အသာစီး ရသွားခဲ့ဟန်ပင်။
စင်အစွန်းတွင် ရပ်နေသည့် အီဗန်မှာ မျက်မှောင်ကြုတ်မိသွားခဲ့သည်။
“ ဒီမိန်းမက ဉာဏ်များတယ် … သူက အခြေအနေကို ပြောင်းလဲပစ်နေတာပဲ …”
အပေါ်ယံတွင် ဝင်ဒီဘီ၏ တောင်းပန်စကားက သက်ရောက်မှု မရှိသည့် အသေးအမွှားလေးမျှသာ ထင်ရသော်လည်းပဲ စင်စစ်တွင်မူကား ဝင်ဒီဘီ၏ တောင်းပန်စကားက ခန်းမထဲရှိ ပါတီနှစ်ခု၏ စည်းချက်ကို ပြောင်းလဲသွားစေခဲ့သည်။
ဤကဲ့သို့သော သိမ်မွေ့သည့် အားသာချက်ကို ကျီချင်းရန်က ကျင်လည်စွာဖြင့် ဖော်ဆောင်ခဲ့ခြင်း ဖြစ်၏။
“ ငါ အစတုန်းက ဧည့်ခံပွဲပြီးမှပဲ လှုပ်ရှားဖို့ စီစဉ်ထားတာ ကြည့်ရတာတော့ စောစောစီးစီး လှုပ်ရှားဖို့ လိုလာပုံပဲ ….”
အီဗန် ခေါင်းညိတ်လိုက်သည်။ “ ဒီအမျိုးသမီးက မရိုးရှင်းဘူး … သူ့ အစွမ်းအစတွေက သူ့ရဲ့ လှပမှုတွေလိုမျိုး ပြောင်မြောက်တယ် … မထင်မှတ်ထားတာတွေ ဖြစ်မလာဖို့ ငါတို့ ကြိုပြီး ကိုင်တွယ်လိုက်သင့်တယ် …”
ဟောလစ် မကျေမချမ်း ဖြစ်နေသည့် အမူအရာဖြင့် လှည့်ထွက်ခွာသွားခဲ့ပြီး လက်ထဲတွင်တော့ သူမ၏ ဖုန်းကို ကိုင်ဆောင်ထားခဲ့သည်။
တစ်ချိန်တည်းတွင် ဝင်ဒီဘီသည် စင်ရှေ့သို့ လှမ်းလာခဲ့ပြီး “ လင်းယွင်အုပ်စုကလည်း လီတိုဂရပ်ဖီစက် ထုတ်လုပ်သူ တစ်ယောက် ဖြစ်နေတော့ မင်း ကန့်ကွက်တာကို ငါနားလည်တယ် … ဒါပေမယ့် semiconductor နယ်ပယ်က တစ်စို့တဲ့ အခြေအနေအောက်ကို ရောက်နေတာ ကြာပြီ … ငါတို့ ထိုးဖောက်ဖို့လိုတယ် … မင်းတို့ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ထိခိုက်တာကြောင့်နဲ့ပဲ ဒီလို သဘောတူညီချက်မျိုးကို ကန့်ကွက်တာကတော့ ကျင့်ဝတ်သိက္ခာနဲ့ မလျော်ညီဘူးနော် ….”
“ ထိုးဖောက်တာလား …” ကျီချင်းရန် ညင်သာစွာ ဆိုလိုက်ပြီး “ ကျွန်မ သိသလောက်ကတော့ ရှင်တို့လည်း Ryzen အသစ်နဲ့ အမ်ပီယာ တည်ဆောက်ပုံ အသစ်ကို စပြီး မိတ်ဆက်ခါစ ရှိသေးတယ် မဟုတ်ဘူးလား … ဒါပေမယ့် ဒါတွေက ချစ်ပ်တွေဆီ တိုးတက်မှု ဘယ်လောက်တောင် ယူလာပေးနိုင်နေလို့ … တကယ်လို့ နယ်ပယ် တိုးတက်စေဖို့ ရှုထောင့်အမြင်ကနေ အမှန်တကယ် ဆွေးနွေးလိုတယ်ဆိုရင် ဒါဆိုလည်း ကျွန်မ ကာဗွန် ချစ်ပ်တွေကို အသုံးပြုကြဖို့ လေးလေးနက်နက်နဲ့ အကြံပြုချင်တယ် … ဒါက အခြေခံကျတဲ့ အရင်းမြစ်ပြဿနာကို ဖြေရှင်းပြီးတဲ့အပြင် ကြီးမားတဲ့ တိုးတက်မှု အသစ်တွေကိုလည်း ယူဆောင်ပေးလာနိုင်ဦးမယ် … ရှင်တို့ အားလုံး လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကုန်လုံးကိုလည်း ဖြေရှင်းပြီးသား ဖြစ်တာပေါ့ ….”
စင်ပေါ်ရှိ လူများအားလုံး မသက်မသာ ဖြစ်သွားခဲ့ကြသည်။
ကျီချင်းရန်၏ မှတ်ချက်က အနာပေါ် တုတ်ကျသွားစေခဲ့လေသည်။
Semiconductor နယ်ပယ်ကို ဦးဆောင်နေသည့် ဤလူများအားလုံး ကာဗွန်ချစ်ပ်တို့က ဆီလီကွန်ချစ်ပ်တို့ထက် စွမ်းဆောင်ရည် ပိုကောင်းသည်ကို မသိဘဲ ဘယ်နေလိမ့်နည်း။ သို့သော် နည်းပညာက လက်တွေ့ အသုံးချနိုင်လောက်သည်အထိ ပြည့်စုံမှု မရှိသေးခြင်းပင်။
“ မိန်းကလေးကျီ … စော်ကားဖို့တော့ မရည်ရွယ်ပါဘူး … ဒါပေမယ့် မင်းရဲ့ စကားတွေက မင်းရဲ့ နားလည်မှု ချို့တဲ့မှုတွေကို ဖော်ပြနေတယ် …”
ဝင်ဒီဘီသည် ကျီချင်းရန်၏ ဖော်ပြချက်တွင် အမှားတစ်ချက်ကို ရှာတွေ့သွားခဲ့သဖြင့် သူ့ဘက်က ပြန်ပြီး တည်ငြိမ်မှု ရလာသည်။
“ လက်ရှိမှာ ကာဗွန်ပြားတွေနဲ့ ချစ်ပ်ထုတ်လုပ်ဖို့က သီအိုရီထဲမှာပဲ ရှိသေးတယ် .. နည်းပညာက လက်တွေ့အသုံးချနိုင်လောက်တဲ့အထိ မဟုတ်သေးဘူး… ဒီလို နည်းပညာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို ဆွေးနွေးချင်တယ်ဆိုရင် မင်းတို့ဘက်က ကျွမ်းကျင်တဲ့ တစ်စုံတစ်ယောက်ကို ပို့ခဲ့သင့်တယ် …”
ဝင်ဒီဘီ၏ စကားလုံးတို့က ခန်းမအတွင်းထဲရှိ လေထုကို ပိုပြီး တင်းမာသွားစေခဲ့သည်။
“ မိန်းမလှလေးကို အဲ့လိုစကားမျိုး ပြောလိုက်တာ ဝင်ဒီဘီ အတော်ရက်စက်တဲ့ ကောင်ပဲ …” မီခရွန်ကိုယ်စားလှယ် ပေါ်ဝန်က ပြောလိုက်သည်။
“ အံ့အားသင့်စရာ မရှိပါဘူး …” လီယုံချော ခွန်းတုံ့ပြန်လိုက်ပြီး “ လင်းယွင်အုပ်စုရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ လီတိုဂရပ်ဖီစက်တွေက ASML ကို သူတို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာစေတယ် … ဝင်ဒီဘီက ငါတို့ထဲမှာ စိုးရိမ်ပူပန်နေဆုံးပဲ … သူတို့ကို ဖိနှိပ်ဖို့ သူ့ဘက်က နည်းလမ်းတွေ ရှာလာမှာ သေချာပေါက်ပဲ …”
“ ဒါပေမယ့် ဒီမိန်းမက အထင်ကြီးဖို့တော့ တကယ်ကောင်းတယ် … ဝင်ဒီဘီကို ဒီလို အခြေအနေမျိုးထိ ရောက်အောင် ပို့ပြီး … လူကြီးလူကောင်းဆန်တဲ့ ပုံရိပ်ကို ပျက်စီးစေတဲ့အထိ ပြုမူလာစေတာ ငါ တစ်ခါမှ မမြင်ဖူးဘူး …”
“ အမှန်ပဲ… အခု သူ ဒီစကားကို ဘယ်လို တုံ့ပြန်မလဲ ကြည့်ကြတာပေါ့ …” လီယုံချော စိတ်ဝင်တစား အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ဒီ မိန်းမက ငါ စိတ်ဝင်စားမှုနဲ့ ထိုက်တန်တဲ့ မိန်းမ ဖြစ်ထိုက်ရဲ့လား ဆိုတာ ငါ တကယ်သိချင်နေပြီ …”
ထိုအချိန်၌ ရှိသမျှ မျက်လုံး အကုန်လုံးက ကျီချင်းရန်ထံသို့ စုပြုံ ကျရောက်နေခဲ့ကြသည်။
အနှီ ကျော့ရှင်းပြီး မင်သက်ဖွယ် အလှတရားနှင့် အမျိုးသမီးလေးက ဝင်ဒီဘီ၏ စိန်ခေါ်မှုကို မည်သို့ ကိုင်တွယ်သွားမည်နည်း။
ဘေးတွင် ရပ်နေသည့် ရှန်းထျန်းကျိုးပင် ဆက်တိုက် မျက်မှောင်ကြုတ်နေမိသည်။
ဤသည်က အတော် ဖြေရှင်းရခက်သည့် မေးခွန်းဖြစ်၏။ ဥက္ကဌကျီ ကိုင်တွယ်နိုင်ပါစေဟုပဲ သူ ဆုတောင်းပေးနိုင်သည်။
အကယ်၍ သူမသာ မကိုင်တွယ်နိုင်ခဲ့ဘူးဆိုပါက လင်းယွင်အုပ်စုသည်လည်း အရေးနိမ့်သွားလိမ့်မည်။
ယနေ့ အခြေအနေကို မှောက်လှန်ပစ်ဖို့ရာ မည်သို့မျှ ဖြစ်နိုင်မှာ မဟုတ်ချေ။
“ မှန်ပါတယ် … ကျွန်မရဲ့ နောက်ခံက ဘဏ္ဍာရေး ဆိုတော့ semiconductor နည်းပညာနဲ့ ပတ်သက်လာရင် အပြင်လူပဲ … ဒါပေမယ့် ဝင်ဒီဘီ … ရှင် ဒီလိုစကားမျိုးပြောလာတာကလည်း ရှင့်ရဲ့ နားလည်မှု ချို့တဲ့မှုကို ဖော်ပြနေတာပဲ …” ကျီချင်းရန် တည်ငြိမ် ယုံကြည်ချက် ပြည့်ဝစွာ ခွန်းတုံ့ပြန်လိုက်၏။
“ လက်ရှိ ကမ္ဘာကြီးမှာ အရာအားလုံးက ငွေနဲ့ လည်ပတ်နေတာချည်းပဲ.. နည်းပညာဆိုတာ သူဌေးကြီးတွေရဲ့ ထိန်းချုပ်မှုကို ခံနေရတဲ့ အသုံးချခံ ကိရိယာ အသေးစားလေး တစ်ခုပဲ … ရှင်က ဒီကိစ္စကို နည်းပညာကဏ္ဍကနေ ရပ်တည်ပြီး ဆွေးနွေးဖို့ပဲ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျွန်မတို့မှာ တူညီတဲ့ အခြေ(ပိုင်းခြေ)တွေ မရှိတာအမှန်ပဲ… ရှင့်ကိုလည်း ASML က ဘဏ္ဍာရေး အကြောင်း နားလည်တဲ့ တစ်စုံတစ်ယောက် လွှတ်လိုက်ဖို့ ပြောချင်တယ် … ပြီးတော့ ဒီမှာ ရှိတဲ့ ကျွန်မတို့ ဘယ်သူကမှ ရှင် နည်းပညာအကြောင်း ပြောတာတွေ နားထောင်ချင်မနေဘူး .. ရှင်ရော သဘောတူလား …”