မင်း အတော်လေး မရင့်ကျက်ဘူး
Vol. 141 Ch. 2108
ကျီချင်းရန်၏ တုံ့ပြန်မှုက ရောက်ရှိနေသည့် လူတိုင်းကို အံ့ဩဘနန်း ဖြစ်သွားစေခဲ့သည်။
နည်းပညာ ရှုထောင့်မှ ရပ်တည်ပြီး စီနီယာကျမှုနှင့် လွှမ်းမိုးနိုင်စွမ်း အပေါ် အမှီသဟဲပြု၍ စကားပြောနေသည့် ဝင်ဒီဘီသည် ကျီချင်းရန်ကို ဖိနှိပ်နိုင်လိမ့်မည်ဟု ယူဆထားခဲ့သည်။ သို့သော်လည်းပဲ တစ်ဖက်က ပြဿနာကို လက်တန်း ဖြေရှင်းနိုင်ရုံတင်မက သူ့ကိုပါ အပြည့်အဝ လွှမ်းမိုးကျော်လွှားနိုင်သွားခဲ့သည်။
မေးခွန်း၏ အဖြေကား အမှန်ပင် ဂျီးနီးယပ်စ်ဆန်လှ၏။
ရှန်းထျန်းကျိုးလည်း ထပ်တူညီစွာ ခံစားနေခဲ့ရ၏။
ဥက္ကဌလင်းက ကျီချင်းရန်ကို နောက်ကျောပေးပြီး စိတ်ချလက်ချ နေနိုင်တာ မဆန်းတော့ပါဘူး ..
ဒီလို အစွမ်းအစမျိုးနဲ့သာဆိုရင် ဥက္ကဌလင်းကလွဲပြီး ဘယ်သူကမှ သူ့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး …
“ ဒါပေမယ့် ပြဿနာရဲ့ အဓိကက နည်းပညာနဲ့ သက်ဆိုင်နေတယ်လေ …” ဝန်ဒီဘီသည် အတင်းအကျပ် ခွန်းတုံ့ပြန်လိုက်ပြီး “ ကာဗွန်အခြေပြု ချစ်ပ်နည်းပညာက အခုထိ အပြည့်အဝ မဖွံ့ဖြိုးသေးဘူး . ဒီတော့ မင်းရဲ့ အကြံပြုချက်ကို ငါတို့ ထည့်သွင်းစဉ်းစားလို့ မရဘူး …”
“ အပြည့်အဝ မဖွံ့ဖြိုးသေးဘူးဆိုတာက ရှင်တို့ ပိုင်ဆိုင်ထားတဲ့ နည်းပညာအပေါ်ပဲ သက်ရောက်မှုပဲ ရှိတယ် … လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကရင် ကျွန်မတို့ရဲ့ သုတေသန ပညာရှင်တွေက ကာဗွန် အခြေပြု ချစ်ပ် ထုတ်လုပ်ဖို့ကို ကျွမ်းကျင်နေပြီ …” ကျီချင်းရန် တုံ့ပြန် ပြောဆိုလိုက်ပြီး “ ကျွန်မတို့ကို နောက်ထပ် ၂ နှစ်ပဲ အချိန်ပေးလိုက် … ပြီးရင် ကျွန်မတို့ဘက်က ကာဗွန်ချစ်ပ်တွေကို ထုတ်လုပ်ပေးမယ် … အဲ့တာက ရှင်တို့ အဆိုသွင်းနေတဲ့ သဘောတူညီမှု အသစ်ထက် ပိုပြီး အသုံးဝင်မယ်လို့ ကျွန်မ ယုံကြည်တယ်…”
ကာဗွန်အခြေပြု ချစ်ပ်တွေကို ၂ နှစ်အတွင်း ထုတ်လုပ်မယ်…
ဤသည်ကို ကြားတော့ စတိတ်စင်ပေါ် ရှိနေကြသည့် နည်းပညာ ခေါင်းဆောင်ကြီးများအားလုံး ထိတ်လန့် ရှော့ခ်ရကုန်ကြသည်။
ဤသည်က သူတို့ တစ်ကြိမ်တစ်ခါမျှပင် တွေးတောမကြည့်ဖူးသည့် အရာပင် ဖြစ်၏။ အကယ်၍ လင်းယွင်အုပ်စုကသာ အောင်အောင်မြင်မြင်နှင့် ကာဗွန် အခြေပြု ချစ်ပ်များအား ထုတ်လုပ်နိုင်သွားမည် ဆိုပါက ကမ္ဘာ့ semiconductor နယ်ပယ်သည်လည်း အသစ်တစ်ဖန် ပြန်ပြောင်းရေးထိုးသွားလိမ့်မည်။
သူတို့ရဲ့ အနောက်ဘက် ကမ္ဘာက ဤနယ်ပယ်တွင် ဆက်ပြီး ကြီးစိုးထားနိုင်မှာ မဟုတ်တော့ချေ။
ထို့ပြင် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည့် ဟွာရှ၏ အင်အားက သူတို့ မမြင်တွေ့ချင်ဆုံး အရာပင်။
“ ကြည့်ရတာ ရှန်းထျန်းကျိုးအပြင် ဖြေရှင်းဖို့ လိုတဲ့ နောက်တစ်ယောက် ပိုလာပြီပဲ … သူကတော့ ကျီချင်းရန် …” ပေါ်ဝန် မှတ်ချက်ပေးလိုက်သည်။
“ သူ့ရဲ့ သတ္တိက ဒီမှာ ရှိတော့ ဘယ် ယောက်ျားသားနဲ့မဆို ရင်ဘောင်တန်းနိုင်တယ် … တကယ်လို့ သူနဲ့ ရှန်းထျန်းကျိုးသာ အသင်းဖွဲ့ ဖြစ်သွားမယ်ဆိုရင် ငါတို့အပေါ် အမှန်တကယ် ခြိမ်းခြောက်လာနိုင်လိမ့်မယ် ….”
“ ဒီကိစ္စ ငါ ဖြေရှင်းလိုက်မယ် …” လီယုံချော အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အားကိုးလို့ မရတဲ့ ရဲတွေလက်ထဲ ထည့်ပေးထားတာထက် မိန်းကလေးကို ငါ ကိုယ်တိုင် ဂရုစိုက်ပေးတာကပဲ ပိုကောင်းတယ် … ဘာပဲဆိုဆို ရလဒ်က အတူတူပဲလေ …”
“ အဲ့ကိစ္စ နောက်မှ … အခုလောလောဆယ် ဝင်ဒီဘီကတော့ မဟန်တော့ဘူး …” ပေါ်ဝန် ပြောလိုက်သည်။ “ ဒီခုနေရာမှာ အရေးပါတဲ့ semiconductor ကုမ္ပဏီကြီးတွေ ရှိနေသေးတယ် … သူတို့ရဲ့ ယုံကြည်ချက်တာ ယိမ်းယိုင်သွားခဲ့မယ်ဆိုရင် ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး ….”
ပေါ်ဝန်က အရင်းရှင်သူဌေးကြီး ရှုထောင့်နေရာမှ လုံးလုံးလျားလျား တွေးခေါ်နေခြင်းပင်။
စီးပွားရေး သမားတို့က အကျိုးအမြတ်နောက်သို့သာလျှင် လိုက်၏။ သူတို့ ဂရုစိုက်သည်က ကြီးစွာ ပြန်ရလာမည့် အကျိုးရမြတ်ပင်။ အကယ်၍ လင်းယွင်အုပ်စုသည်သာ ကာဗွန် အခြေပြုချစ်ပ်များအား အမှန်တကယ် ထုတ်လုပ်နိုင်ခဲ့မည်ဆိုပါက ဤလူတစ်သိုက်ပါ ခြေရောလက်ပါ မြောက်ပြီး အားပေးနေကြမည်ကို သူသိသည်။
“ မင်းတို့က ဖန်တီးနိုင်တယ် … အဲ့တော့ ဘာဖြစ်လဲ … အခုမှ စမ်းသပ်ဆဲ အဆင့်ပဲ ရှိသေးတယ် မဟုတ်ဘူးလား … အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့က တစ်ခြား ကဏ္ဍ ဖြစ်သွားပြီ ….” ဝင်ဒီသည် နည်းပညာရှုထောင့် အမြင်မှ ရပ်တည်၍ သူ၏ အခြေအနေကို ပြန်လည် တည်ငြိမ်စေလိုက်သည်။ “ နောက်ပြီး …. ဒီလောက်လေးနဲ့ ငါတို့ကို လှည့်ဖျားလို့ရမယ် ထင်မနေနဲ့ … ဒါက သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက် မဟုတ်ဘူး …”
“ ကျွန်မတို့ လင်းယွင်အုပ်စုက စီးပွားရေးကို ဖြောင့်မတ်မှုနဲ့ပဲ အမြဲ အလုပ်လုပ်တယ် … အဲ့လို မသမာတဲ့ နည်းလမ်းတွေ ကျွန်မတို့ မသုံးဘူး …” ကျီချင်းရန် တုံ့ပြန် ဖြေဆိုလိုက်ပြီး “ ပြီးတော့ ကျွန်မတို့ အစောပိုင်း ဆွေးနွေးထားတဲ့ အစီအစဉ်အတိုင်းဆိုရင် သဘောတူညီချက်နဲ့ ကာဗွန် အခြေပြုချစ်ပ် တည်ဆောက်ပုံက open-source အသစ် ဖြစ်လာနိုင်တယ် … အဲ့ဒါဆို လူတိုင်း ပိုက်ဆံကို အတူရှာလို့ရပြီ … ကျွန်မတို့က ရှင်တို့လို ပိုင်ဆိုင်ထားတဲ့ နည်းပညာ နည်းနည်းလေးတိုင်းကို လက်ဝါးကြီး အုပ်ထားတာမျိုး လုပ်မှာ မဟုတ်ဘူး … အဲ့တာက အရမ်း စိတ်သဘောထား သေးသိမ်ရာ ကျလွန်းတယ် …”
( open source - လူတိုင်း ယူသုံးခွင့်ရှိပြီး ကိုယ့်စိတ်ကျ ပြင်ခွင့်ရှိ၊ ပွင့်ပွင့်လင်းလင်း ချပြထားပေးတဲ့ အရင်းအမြစ် )
စင်ပေါ်တွင် မိုက်ကိုင်ပြီး မတ်တပ်ရပ်နေသည့် ဝင်ဒီဘီသည် ပြောစရာ စကား ကင်းမဲ့သွားတော့၏။ သူ့မှာ အချိန်အတော်ကြာအောင် စကားပြောရန် ဟန်တပြင်ပြင်နှင့် ဖြစ်နေသည့်တိုင် မပြောဆိုနိုင်ဘဲ ရှိနေခဲ့သည်။
“ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ …”
ခန်းမအတွင်းရှိ လေထုက အပ်ကျသံ ကြားရလောက်သည်အထိ ငြိမ်သက်နေစဉ်မှာပဲ ဝင်ပေါက်ဝရှိ အသံတစ်သံက ရုတ်ချည်း ပျံ့လွင့်လာသည်။
လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ကြရာ ရဲအရာရှိလေးဦး ပြေးလွှားဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
မသိစိတ်အလျောက် ဧည့်ခံပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တိုင်း ရဲများအတွက် လမ်းဖယ်ပေးလိုက်ကြ၏။ ၎င်းတို့၏ မျက်နှာအမူအရာများမှာတော့ စိတ်ရှုပ်ထွေးနေကြလေသည်။
ဒီလို ပွဲမျိုးမှာ ရဲတွေက ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ …
ရဲအရာရှိများ ရောက်ရှိလာမှုကြောင့် ကျီချင်းရန်နှင့် ဝင်ဒီဘီတို့နှစ်ဦးကြားရှိ ဆွေးနွေးငြင်းခုန်မှုသည်လည်း ခေတ္တရပ်ဆိုင်းလိုက်ရတော့သည်။
သို့သော် ထိုအချိန်မှာပဲ ရဲအရာရှိ လေးဦးက သူမ ရှိနေသည့် နေရာသို့ ဦးတည်လာနေသည်ကို သတိပြုမိလိုက်လေသည်။
၎င်းတို့က လက်ထိပ်များ ထုတ်လာခဲ့ကြပြီး ဘာတွေဖြစ်နေလဲဆိုတာကို ရှန်းထျန်းကျိုး နားမလည်နိုင်ခင်မှာပဲ သူ့အား တုံ့ပြန်ရန် အခွင့်အရေး မပေးပါဘဲနှင့် လက်ထိပ်ခတ်လိုက်ကြ၏။
သူတို့နှစ်ဦးလုံး မျက်ဝန်းများ ပြူးကျယ်သွားခဲ့ကြလေသည်။ ယခုလိုမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
“ နင်တို့ ဘာလုပ်နေကြတာလဲ …”
ကျီချင်းရန်သည် ရှန်းထျန်းကျိုး၏ ရှေ့တွင် စီးရပ်လိုက်ပြီး မေးခွန်းထုတ်လိုက်၏။
“ သူ့နာမည် ရှန်းထျန်းကျိုး … မှန်တယ်မလား ….”
ဦးဆောင်လာသည့် လူဖြူ ရဲအရာရှိက ပြန်ပြီး မေးခွန်းထုတ်လာသည်။
“ ဟုတ်တယ် .. ငါပဲ ….”
“ ခင်များ မိုက်ခရိုဆော့ဖ်ထဲဝင်ပြီး ကုမ္ပဏီရဲ့ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတယ်လို့ သံသယ ရှိတယ် … အခု ခင်များကို စစ်ဆေးဖို့ စခန်း ခေါ်သွားရမယ် …” လူဖြူ ရဲအရာရှိက ပြောဆိုလိုက်သည်။
“ ငါတို့မှာ ဖမ်းဆီးခွင့် ဝရမ်းပါတယ် … ခင်များလည်း ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် … ခုခံနေရင်တော့ အဆိုးမဆိုနဲ့ပေါ့ …”
“ ဘာကွ … ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေ ပေါက်ကြားစေတယ် ဟုတ်လား …”
ရှန်းထျန်းကျိုး ဒေါသတကြီးနဲ့ မြည်တမ်းလိုက်မိပြီး “ မင်းတို့ ဒါ စော်ကားတာ … ငါ လက်မခံဘူး …”
“ လုပ်ထုံးလုပ်နည်းအတိုင်း ခင်များ ရှေ့နေ ခေါ်ပိုင်ခွင့် ရှိတယ် … ပြီးရင် ခင်များကို ခုံရုံးတင်မယ် .. ဒါပေမယ့် လောလောဆယ်တော့ ငါတို့နဲ့ လိုက်ခဲ့ …”
“ နင်တို့ တရားလွန်နေပြီ …” ကျီချင်းရန် စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်ပြီး “ ဒါ မဟုတ်မမှန် စွပ်စွဲနေတာပဲ …”
ရှန်းထျန်းကျိုးက လင်းယွင်အုပ်စုအတွက် မည်မျှ အရေးပါကြောင်းကို ကျီချင်းရန် နားလည်သည်။
အကယ်၍ သူ့ကိုသာ ဖမ်းခေါ်သွားခွင့် ပြုလိုက်မည်ဆိုပါက လင်းယွင်အုပ်စု၏ semiconductor ပရောဂျက်များအားလုံး ရပ်ဆိုင်းထားရလိမ့်မည်။
ကုမ္ပဏီ၏ အူတိုင်သည်လည်း အဆုံးသတ်ပြီ ဖြစ်၏။ ထို့ပြင် ဒါရိုက်တာရှန်းကို ဖမ်းခေါ်သွားခွင့် ပြုလိုက်သည်နှင့် ပြန်ရဖို့ မည်သို့မျှ လွယ်ကူမည် မဟုတ်သည်ကို သူမ နားလည်သည်။
မည်သို့ပင်ဆိုစေ ကိုယ့်ကို ချောက်တွန်းချင်နေသည့် လူတစ်ယောက်က နည်းလမ်းမျိုးစုံနဲ့ ချောက်တွန်းလာမှာပဲ ဖြစ်၏။
စင်ပေါ်တွင် ရပ်နေရင်း အီဗန် မသိမသာ ခေါင်းညိတ်လိုက်သည်။ တိုင်မင်က ကွက်တိဖြစ်သွားခဲ့၏။
ဝင်ဒီဘီ ဤအမျိုးသမီးနှင့် ဆက်ပြီး စကားစစ်ထိုးနေစရာ မလိုတော့ချေ။
“ မိန်းကလေး … ငါတို့ရဲ့ အလုပ်ထဲ မင်း ဝင်မစွက်ဖို့ အကြံပေးချင်တယ် … မဟုတ်ရင် မင်းကိုပါ ဖမ်းခေါ်သွားရလိမ့်မယ် …” လူဖြူ ရဲအရာရှိက စူးရဲစွာ သတိပေးလာသည်။
ကျီချင်းရန်၏ အလှက သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
“ နင်တို့ ငါ့ကို ဖမ်းသွားရင်တောင် ဒါရိုက်တာရှန်းကို ခေါ်သွားလို့ ရမယ် မထင်နဲ့ ….”
“ ဒါဆိုလည်း ဝတ္တရားနှောင့်ယှက်မှုနဲ့ မင်းကို ဖမ်းခေါ်သွားရတော့မှာပဲ …”
ပြောပြီးသည်နှင့် လူဖြူ ရဲအရာရှိသည် နောက်ထပ် လက်ထိပ်တစ်စုံကို ထုတ်ကာ ကျီချင်းရန်အား လက်ထိပ်ခတ်ရန် ဟန်ပြင်လိုက်သည်။
“ အရာရှိကြီးတို့ … မင်းတို့ သိပ် မကြမ်းတမ်းလွန်းဘူးလား …”
ရဲအရာရှိ လက်ထိပ်ခတ်တော့မည့် အချိန်မှာပဲ စင်ပေါ်တွင် ရှိနေသည့် လီယုံချောက စကားထပြောလာခဲ့သည်။
ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးတို့ နှစ်ဦးလုံး လှည့်ကြည့်လိုက်ကြပြီး လီယုံချောက မည်သူ ဖြစ်သည်ကို သတိပြုမိသွားခဲ့ကြ၏။
ဆမ်ဆောင်းကို ဆက်ခံနိုင်သည်ဟု ထင်ကြေးပေးခံထားရသည့် အမွေဆက်ခံသူ စာရင်းထဲက ပထမတစ်ယောက်။
သို့သော် ယခုလို အချိန်အခါမျိုး၌ ထိုသူက စကားဝင်ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ ဆာ … မင်း ဘာပြောစရာရှိလို့လဲ …”
လူဖြူ ရဲအရာရှိက လီယုံချောကို ကြည့်ပြီး မေးလိုက်သည်။
“ ဒီရဲ့ အလှလေးက ဒေါသထွက်လို့ ပြောမိပြောရာ ပြောလိုက်မိရုံတင်ပါပဲ … ရာဇဝတ်သားမဟုတ်ဘူး …”
“ တကယ်လို့ သူသာ နှောင့်ယှက်မလာဘူးဆိုရင် ငါတို့လည်း သူ့ကို မဖမ်းဘူး …”
“ ကျေးဇူးပဲ …”
လီယုံချော ပြုံးလိုက်ပြီး ကျီချင်းရန်ထံသို့ အကြည့်ပို့လိုက်၏။
“ မိန်းကလေးကျီ … ငါ ရုတ်တရက်ကြီး မင်းနဲ့ ဒီကိစ္စ အကြောင်း ဆွေးနွေးချင်လာတယ် … သီးသန့် စကားပြောခွင့် ပေးနိုင်မလား …”
“ စကားပြောမယ် ဟုတ်လား … ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာပြောစရာ စကားမှ မရှိဘူး … ရှင့်ရဲ့ လက်တွေ့မကျတဲ့ စိတ်ကူးတွေကို တော်လိုက်တော့ …”
ကျီချင်းရန် အေးစက်သည့် မျက်ဝန်းတို့ဖြင့် လီယုံချောအား ကြည့်ပြီး သူစိမ်းဆန်ဆန် ဆိုလိုက်သည်။
“ ရှင် တကယ်ပဲ စကားပြောချင်နေတယ်ဆိုလည်း ရှင့်ညီမ လီယုံဂျင်း ရှိတယ်မလား … ကျွန်မဆီလွှတ်လိုက် … ရှင်နဲ့တော့ ပြောစရာ မရှိဘူး ….”