← Chapters

လင်းရီကို ခြိမ်းခြောက်တဲ့ အကျိုးဆက်

Vol. 141 Ch. 2109

လင်းရီကို ခြိမ်းခြောက်တဲ့ အကျိုးဆက်

Vol. 141 Ch. 2109

ကျီချင်းရန်က သူ့ ညီမ လီယုံဂျင်း အကြောင်း စကားထည့်ပြောလာသည်ကို မြင်တော့ လီယုံချော၏ မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့သည်။

သူနှင့် နီးစပ်သည့်လူတိုင်း လီယုံဂျင်း၏ နာမည်က တားမြစ်ထားသည့် အရာ ဖြစ်ကြောင်း နားလည်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် လီယုံဂျင်းက သူမတူထူးကဲလောက်အောင် ထူးချွန်ပြောင်မြောက်လှပြီး အထူးသဖြင့် လက်ရှိ နှစ်ပိုင်းထဲတွင် ဆမ်ဆောင်း၏ အာရှ ပစိဖိတ် ဒေသ စီးပွားရေး လုပ်ငန်းများအား လက်တစ်ဖက်တည်းနှင့် ကိုင်တွယ်နိုင်နေသည်။

လီယုံချောလည်း ထိုအရာက မည်သို့သော အရာဖြစ်သည်ကို နားလည်ထားသည်။

အမွေဆက်ခံသူ စာရင်းထဲ ပထမ အဆင့်နေရာ ရပ်တည်နေနိုင်သည်က သူသည် ပြိုင်ဘက်ကင်းနေသောကြောင့် မဟုတ်ဘဲ ယောက်ျားသား ဖြစ်ရခြင်း၏ အားသာချက်ကြောင့်ပင်။

အကယ်၍ လီယုံဂျင်းသည်သာ အမျိုးသား တစ်ယောက်အဖြစ် မွေးဖွားခဲ့မည်ဆိုပါက သူ့အတွက် နေရာပင် ကျန်ရှိမှာ မဟုတ်ချေ။

“ ဥက္ကဌကျီ … မင်းက မပြောသင့်တဲ့ စကားမျိုး ပြောလိုက်တာပဲ … ငါမင်းကို အခွင့်အရေး ပေးနေတုန်း သေချာလေး တန်ဖိုးထားနော် … တကယ်လို့ ငါ စိတ်ကောင်းဝင်နေတယ်ဆိုရင် မင်းမှာ အခွင့်အရေး နည်းနည်း ရှိတာမျိုးလည်း ဖြစ်နိုင်တာပေါ့ …” လီယုံချော၏ မျက်နှာအမူအရာ ပြောဆိုနေရင်းဖြင့် ပိုပြီး နက်မှောင်လာခဲ့သည်။

“ ဒါပေမယ့် ငါသာ အခွင့်အရေး မပေးဘူးဆိုရင် လင်းယွင် အုပ်စုက နောက်နှစ်မှာ ဒေဝါလီ ခံသွားရလိမ့်မယ် …”

“ ဟမ့် …”

ကျီချင်းရန် အေးစက်သည့် နှာမှုတ်သံ တစ်ချက် ပြုလိုက်ပြီး လီယုံချော၏ ခြိမ်းခြောက်စကားကို လုံးလုံးလျားလျား မျက်ကွယ်ပြုထားခဲ့သည်။

“ ကျွန်မတို့ စောင့်ကြည့်ကြတာပေါ့ …”

“ မင်း … ခွေးမ … မင်း ငါ့ကို ခြိမ်းခြောက်နေတာလား … မင်းဟွာရှကို ဒီတစ်သက် မပြန်နိုင်အောင် ငါ လုပ်လိုက်လို့ရတယ်ဆိုတာ မင်း ယုံလား …”

“ နင် ဘာလုပ်နေတာလဲ … ငါ့လက်ကိုလွှတ်စမ်း … ဖြန်း …”

ကျီချင်းရန်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လီယုံချော၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်၏။

ပါးရိုက်ခံလိုက်ရသည့်အတွက် လီယုံချော ကြက်သေသေသွားခဲ့လေသည်။

ကျီချင်းရန်သည် သူ့ကို လက်ပါဝံ့သည်အထိ အတင့်ရဲနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

သို့သော်လည်း ထိုရိုက်ချက်က လီယုံချောကို လုံးဝ မီးပုံယမ်းကျ ဖြစ်သွားစေခဲ့သည်။

“ မင်း နိမ့်ကျတဲ့ ကောင်မကများ … ငါမင်းကို ဘာမှ မလုပ်ရဲဘူး ထင်နေနဲ့ … ငါ ပြောလိုက်မယ် … မင်း ဒီနေ့ည လန်ဒန်ကနေ ထွက်သွားနိုင်ဖို့ စဉ်းတောင် မစဉ်းစားနဲ့ …”

လီယုံချော လက်မြောက်ပြီး ကျီချင်းရန်ကို ပြန်ရိုက်ဖို့ ဟန်ပြင်လိုက်သည်။ သို့သော် သူ လုပ်တော့မည့် အချိန်မှာပဲ တံခါးဝထံမှ အသံတစ်သံက ထွက်ပေါ်လို့လာသည်။

“ မင်းက ငါ့အမျိုးသမီးကိုတောင် ခြိမ်းခြောက်ဝံ့တဲ့အထိ သတ္တိကောင်းနေတာပဲ …”

ရင်းနှီးနေသည့် ဤအသံကို ကြားတော့ ကျီချင်းရန်၏ စိုးရိမ်ပူပန်မှုတို့ ချက်ချင်း ပျောက်ရှသွားခဲ့လေသည်။

ထိုအသံက သူမ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်သည့် အသံဖြစ်၏။

“ လင်းရီ …”

တံခါးပေါက်ဝဘက်သို့ လှည့်ကြည့်လိုက်သည့် အချိန်၌ လင်းရီက ထိုနေရာတွင် မတ်တပ်ရပ်နေသည်ကို ကျီချင်းရန် မြင်တွေ့လိုက်ရသည်။

တဒင်္ဂမျှကြာအောင် ထိုအရာက အိပ်မက်တစ်ခု ဖြစ်သည့်နှယ် ခံစားသွားခဲ့ရ၏။ သူမ၏ မျက်ဝန်းတို့ထဲတွင် မျက်ရည်များဖြင့် စိုစွတ်လာခဲ့ပြီး မည်သို့မျှ မထိန်းသိမ်းနိုင်လု နီးပါးပင်။

ဤကဲ့သို့သော နေရာမျိုးတွင် လင်းရီ ထွက်ပေါ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါချေ။

တစ်စုံတစ်ယောက်က မှားယွင်းသည်ဟု ခံစားရသည့် အခါ၌ အဆိုပါ စိတ်ခံစားချက်တို့ကလည်း မျက်နှာထက်တွင် အလိုအလျောက် ထွက်ပေါ်လာပေလိမ့်မည်။ ကျီချင်းရန်အဖို့ … လင်းရီသည်ကား သူမ၏ နောက်ဆုံးသော အကာအကွယ်စည်း ဖြစ်နေခဲ့၏။

“ လင်းရီ ….”

ဒုတိယအတွေးတို့ ဝင်လာခြင်း မရှိပါဘဲ ကျီချင်းရန်သည် လင်းရီထံသို့ ချက်ချင်း ပြေးဝင်သွားခဲ့ပြီး အဆိုပါ ရင်ခွင်ကျယ်ကြီးထဲသို့ မျက်နှာအပ်ကာ လင်းရီ၏ ကိုယ်ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။

လင်းရီလည်း သူမကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ သူနှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သည့် အဆိုပါ ရင်းနှီးသည့် ခံစားချက်က သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။

“ မင်းကို ပင်ပန်းစေမိပြီ … လင်းယွင် အုပ်စုကို တစ်ချိန်လုံး ကိုင်တွယ်နေရတာ ဒုက္ခများမှာပဲ ….”

အနှီရိုးရှင်းသည့် ခံစားချက် စကားလုံးလေး အနည်းငယ်က ကျီချင်းရန်၏ စိတ်ခံစားချက် အတားအဆီးကို လွယ်လင့်တကူ ချိုးဖောက်သွားခဲ့သည်။ သူမက စီးပွားရေးတွင် သူမတူအောင် ထူးချွန် ကျွမ်းကျင်သည့် အမျိုးသမီး ဖြစ်နေပါသော်လည်းပဲ ဤကဲ့သို့သော အခြေအနေမျိုးကို ဘယ်တုန်းကမှ ရင်မဆိုင်ခဲ့ဖူးချေ။ မည်သို့ပင်ဆိုစေ ချောင်ရန်အုပ်စုက ကျိုးဟိုင်တွင် အလယ်အလတ် အဆင့်မျှသာ ရှိသည့် ကုမ္ပဏီကြီး တစ်ခုသာ ဖြစ်၏။

လင်းယွင်အုပ်စုကို လက်လွှဲယူပြီးသည့် အချိန်မှသာ ဤကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးများအား တက်ရောက်နိုင်သည့် အခွင့်အရေး ပေါ်လာပြီး ကမ္ဘာ့ ထိပ်သီး ပုဂ္ဂိုလ်ကြီးများနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်ခဲ့ခြင်းပင်။

စင်စစ်တွင်မူကား သူမကိုယ်သူမ သန်မာသည့် သွင်ပြင်ပေါက်စေရန် အတင်းလုပ်ယူထားခဲ့ခြင်း ဖြစ်လေသည်။

“ ငါ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး လင်းရီ ….”

“ မင်း လုပ်တာ တော်တယ် …” လင်းရီ သူမ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး “ ကျန်တာ ငါ ဂရုစိုက်လိုက်မယ် … မင်း အခု ဘေးဖယ်နေတော့ ….”

သူတို့နှစ်ဦး ခွဲခွာပြီးသည့်နောက် လင်းရီသည် ရှန်းထျန်းကျိုးဘက်သို့ အကြည့်ပို့လိုက်၏။

သူ့ရှေ့ရှိ အခြေအနေက သူ စိတ်ကူးထားသည်ထက်ပင် ဆိုးရွားနေလေသည်။

“ ဧည့်ခံပွဲပြီးတော့မယ့် အချိန်မှ ဥက္ကဌကြီးက ပေါ်လာတယ်ဆိုတော့ မင်းကိုယ်မင်း နည်းနည်း နှေးတယ်လို့ မထင်ဘူးလား …” လီယုံချော နှာခေါင်းရှုံ့လိုက်သည်။

“ နည်းနည်းလေးမှကို မထင်တာ …” လင်းရီ ပခုံးတွန့်၍ ပြောလိုက်ပြီး “ ငါ ဒီရောက်လာခဲ့တာ ရယ်စရာကောင်းတဲ့ ညီလာခံကို တက်ဖို့ မဟုတ်ဘူး … မင်းတို့ လူရွှင်တော်တွေ မင်းတို့ ကြိုက်သလို ဉာဏ်များကြ .. ငါနဲ့ မဆိုင်ဘူး …”

“ မင်း လေသံက အတော်မောက်မာတာပဲ … အောင်မြင်မှုလေး နည်းနည်း ရှိတာနဲ့ပဲ ဒီနေရာမှာ မင်း ပြောချင်သလို ပြောလို့ရပြီလို့ ထင်နေလား ….”

“ ငါတို့မှာ ထုတ်လုပ်ရေး ကွင်းဆက် အပြည့်အဝ ရှိတယ် … ငါတို့ ထုတ်လုပ်ချင်တဲ့ ဘယ်အရာမဆို ငါတို့ ထုတ်နိုင်တယ် … ငါတို့ရဲ့ ဂုဏ်သတင်းက မင်းတို့လောက် မကြီးမားဘူးဆိုပေမယ့် ငါတို့ဘက်က ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိနေသရွေ့ ဘာကမှ အရေးမပါဘူး … ငွေကြေးကသာ အဓိကပဲ … မင်းတို့ ပြောနေတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအသစ် သဘောတူညီချက်ဆိုတာ အာပလာပဲ …”

“ ငွေကြေးလား …”

လီယုံချော ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး “ ငါ လင်းယွင် အုပ်စုအကြောင်း နည်းနည်းသိထားတယ် … ဟွာရှမှာ မင်းတို့က လွှမ်းမိုးမှု တစ်ချို့ ရှိတာ မှန်တယ် … ဒါပေမယ့် ကြွယ်ဝမှုချင်း ယှဉ်ရင် ငါတို့နဲ့ ပြိုင်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား …”

“ ကြွယ်ဝမှုခြင်း ယှဉ်ရင်တော့ ငါတို့ ပြိုင်နိုင်ချင်မှ ပြိုင်နိုင်မယ် … ဒါပေမယ့် …. လင်းယွင်အုပ်စုက ဟွာရှမှာ ထူးခြားတဲ့ တည်ရှိမှု တစ်ခုဆိုတာ မမေ့လိုက်နဲ့ … ငါတို့မှာ အကန့်အသတ်မဲ့တဲ့ ရန်ပုံငွေ အရင်းအမြစ်လမ်းကြောင်းတွေ ရှိတယ် … အဲ့တာ မင်းတို့မှာ မရှိဘူး .. ရှိလို့လား ပြောစမ်း ဟမ် ….”

လီယုံချော မျက်စိ စွေစောင်းကြည့်လိုက်ပြီး သူ၏ အကြည့်တို့က ထက်ရှနေကာ လင်းရီကို ခြိမ်းခြောက်သလို ကြည့်နေသည်။

“ မင်းက မိန်းမတစ်ယောက်ကိုပဲ လွှတ်ပြီး ညီလာခံတောင် လာမတက်ရဲတဲ့ ငကြောက်တစ်ကောင်ထက် မပိုဘူး … မင်းရဲ့ စကားလုံးတွေက ဝိတ်ရှိလို့လား ….”

လီယုံချောသည် လင်းရီကို ရှုတ်ချလိုက်ပြီး “ ဒါပေမယ့် မင်း အချိန်ကိုက် ရောက်လာတယ် ပြောရမယ် … မင်း မရောက်လာခဲ့ရင် မင်းကောင်မလေး ဒီည ဒီက ထွက်သွားနိုင်မှာ မဟုတ်ဘူး ….”

လင်းရီ မျက်ခုံးပင့်၍ လီယုံချောကို ကြည့်လိုက်ကာ သူ၏ အကြည့်တို့က ရေခဲ တမျှ အေးစက်နေခဲ့၏။

“ ငါနဲ့ မျက်နှာချင်းဆိုင်ပြီး ဒီလို စကားမျိုး ပြောရဲတာ မင်း ပထမဆုံးပဲ …”

“ အိုး … အခု ငါ့ကို ခြိမ်းခြောက်နေတယ်ပေါ့ …..” လီယုံချော မောက်မာစွာ ပြောဆိုလိုက်ပြီး” ငါဒီနေ့ လွှတ်ပေးထားတယ်ဆိုတာ စိတ်ကောင်းဝင်နေလို့ .. မဟုတ်ရင် မင်း ကောင်မလေး ဒီကနေ မတ်တပ်ရပ်ပြီး ထွက်သွားနိုင်မှာတောင် မဟုတ်ဘူး …”

လင်းရီသည် သူ၏ ခါးနောက်ကျော သာမန်လျှံကာ လက်ပို့လိုက်ပြီး ကာကွယ်ရေး ဓားမြောင်ကို ဆွဲထုတ်လာကာ လက်ထဲတွင် လှည့်စားလိုက်သည်။

“ မင်းစောနက ပြောတာကို နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း ….”

တလက်လက်တောက်ပနေသည့် ဓားမြောင်ကို မြင်တော့ အနီးနားရှိ လူတိုင်း မသိစိတ်အလျောက် အဝေးသို့ ရှောင်ခွာ သွားခဲ့ကြသည်။

ဤလူက ဤမျှ အတင့်ရဲနေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပါချေ။

ဝင်ဒီဘီ အပါအဝင် စင်ပေါ်ရှိ လူများအားလုံး မျက်မှောင်ကြုတ်သွားခဲ့ကြ၏။ သူတို့ လင်းရီကို မကြောက်ရွံ့ပေ။ သို့သော် ၎င်း၏ လုပ်ရပ်ကတော့ သူတို့ကို အတော်လေး အံ့အားသင့်သွားစေခဲ့လေသည်။

လီယုံချော အမူအရာပြောင်းလဲမသွားခဲ့ဘဲ လက်နှစ်ဖက်ကို ပြန့်ကား၍ ရင်ကိုပင် ဖွင့်ပေးလိုက်သည်။

“ မင်းက မင်းကောင်မလေးဘက်က ရပ်တည်ပေးချင်တယ်ပေါ့ … ငါမင်းကို အခွင့်ရေးပေးလိုက်မယ် … မင်းမှာ လုပ်ရဲတဲ့ ဇရှိလား ကြည့်ကြတာပေါ့ … ငါ့ကို စိတ်မပျက်စေစမ်းနဲ့ …”

လီယုံချော၏ မောက်မာမှုက အထွတ်အထိပ်သို့တိုင် ရောက်ရှိနေပြီ ဖြစ်သည်။

“ အစောပိုင်းတုန်းက ငါ မင်းကောင်မလေးကို ခေါ်သွားဖို့ အစီအစဉ် မဆွဲထားဘူး … ဒါပေမယ့် မင်းအခု ပုံစံကို ကြည့်ပြီးတော့ ငါ စိတ်ပြောင်းသွားပြီ … မင်း ဇရှိရင် လာခဲ့လိုက် … မဟုတ်ရင် မင်းကောင်မလေး ဒီည ငါ့အိပ်ရာထဲ ရောက်ပြီပဲ … လုပ်စမ်းပါ … မြင့်မြတ်တယ်ဆိုတဲ့ မင်းတို့ ဟွာရှ သတ္တိသွေးက ဘယ်လောက်နီလဲ ပြစမ်းပါ ….”

သူတို့ဘေးနားရှိ လူများလည်း ဤမြင်ကွင်းကို အေးတိအေးစက် ကြည့်ရှုနေခဲ့ကြကာ ၎င်းတို့၏ နှုတ်ခမ်းတို့က လှောင်ရီမောစွာဖြင့် တွန့်ကွေးနေခဲ့ကြ၏။

လီယုံချောက ဆမ်ဆောင်း အင်ပါယာကြီးကို အမွေဆက်ခံရန် လျာထားခြင်း ခံရသူများ စာရင်းထဲက ပထမဆုံး တစ်ယောက်ပင်။

ဤလူက ဟွာရှ လင်းယွင်အုပ်စု၏ ဥက္ကဌကြီး ဖြစ်ပါသော်လည်း ဆမ်ဆောင်း အုပ်စုနှင့် နှိုင်းယှဉ်မည်ဆိုပါက ၎င်း၏ ပြိုင်ဘက် မဟုတ်သေးချေ။ နတ်ဆိုးဝိဉာဏ်ပင်လျှင် ထိုကဲ့သို့သော အင်အားစုကြီးကို စိန်ခေါ်ရန်စဝံ့မှာ မဟုတ်ချေ။

လူတိုင်း လင်းရီကို နှာခေါင်းရှုံ့နေစဉ်တွင် လင်းရီသည် ဓားမြောင်ကို ကိုင်လျက် လီယုံချောထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့ပြီး ရည်ရွယ်ချက် ရှိရှိ ဖြည်းညင်းစွာ လှုပ်ရှားနေခဲ့သည်။

ထို့နောက် ၎င်းနှင့် မီတာဝက်မျှ အကွာတွင် ရည်ရွယ်ချက် ရှိရှိ ရပ်တန့်လိုက်၏။

“ မင်း ဒီလောက် အမောက်ထောင်ပြနေတာ ငါမင်းကို ဘာမှ မလုပ်ရဲဘူး ထင်နေလို့ ဟုတ်တယ်မလား ….”

“ ငါ မပြောဘူးနော် …” လီယုံချော တဟားဟား ရယ်မောလိုက်ပြီး “ ဒါပေမယ့် ဟွာရှကောင် … မင်းမှာ အဲ့လို သွေးမျိုး မရှိတာ ငါသိတယ် … ဒါကြောင့်မို့ ငါ ----- “

သူ့စကားမဆုံးခင်မှာပဲ ပြောနေသည့် စကားလုံးများက အတင်းအကြပ် ရပ်တန့်လိုက်ခံရလေသည်။

အဘယ်ကြောင့်ဆိုသော် လင်းရီ၏ ဓားမြောင်က သူ၏ ဝမ်းဗိုက်အတွင်းသို့ ထိုးစိုက်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

All Chapters