← Chapters

ပြန်ဆုတ်

Vol. 141 Ch. 2110

ပြန်ဆုတ်

Vol. 141 Ch. 2110

“ အားးးးးးး “

ချက်ချင်းဆိုသလို ခန်းမအတွင်းထဲ၌ ငယ်သံပါအောင် အော်ဟစ်သည့်အသံတို့ ဆူညံလာသည်။

အမျိုးသမီးများက ၎င်းတို့၏ ပါးစပ်ကို အုပ်၍ ကြောက်လန့်တကြား ထွက်ပြေးနေကြပြီး တချို့က ၎င်းတို့နှင့် အတူပါလာသည့် အမျိုးသားများ၏ နောက်ကျောသို့ ပြေးဝင်ပုန်းအောင်းနေခဲ့ကြသည်။

အမျိုးသားများသည်လည်း ထိတ်လန့်တုန်လှုပ်လို့ နေသည်။ ၎င်းတို့၏ မျက်ဝန်းတို့မှာ လင်းရီကို ကြောက်လန့်စွာ ကြည့်နေမိခဲ့ကြ၏။

လီယုံချောလည်း လင်းရီ၏ လက်ကို တင်းကြပ်စွာ ကိုင်ထားရင်း ရှော့ခ်ရစွာ ငေးကြည့်နေမိခဲ့သည်။

သူ၏ မျက်ဝန်းထဲရှိ မောက်မာမှုတို့က ကင်းစင် ပပျောက်သွားခဲ့ပြီး ကြောက်လန့်မှုတို့က အစားထိုး ဝင်ရောက်လာလေသည်။

“ အခုရော ဘယ်လိုနေသေးလဲ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခုနလေးတင် စောက်ရမ်း မိမိုက်‌ထောင်လွှားပြနေခဲ့တာ မဟုတ်ဘူးလား ….”

လင်းရီသည် သူ၏ လက်အား ဆုပ်ကိုင်ထားသည့် လီယုံချောကို လျစ်လျူရှု၍ ဓားမြောင်အား ပြန်လည် ဆွဲထုတ်လိုက်သည်။

နီရဲလတ်ဆတ်သည့် သွေးစက်တို့က ဓားသွားထက်ကနေ တစ်စက်စက် စီးကျလာခဲ့ပြီး လီယုံချော၏ မျက်ဝန်းတို့ ပြူးကျယ်ငေးမောလျက် ကြမ်းပြင်သို့ ပုံလျက်သား လဲကျသွားခဲ့သည်။

ရှိနေသည့် လူတိုင်းထံသို့ လင်းရီ ဓားမြောင်ကို ရွယ်ပြီး ပြောလိုက်၏။

“ ဘယ်ကောင် ပြဿနာရှာချင်လဲ .. ရှာချင်တဲ့‌ကောင် ရှေ့ထွက်လာခဲ့လို့ ရတယ် … “

“ မင်း … မင်း လျှောက်မလုပ်စမ်းနဲ့ …”

ဝင်ဒီဘီ အော်ဟစ်လိုက်ပြီး ရဲအရာရှိများ ရှိရာဘက်သို့ အော်ပြောလိုက်သည်။

“ မင်းတို့ ခွေးသူတောင်းစားတွေကရော ယီးလုပ်နေတာလား … သူ့ကို ချက်ချင်း ဖမ်းကြစမ်း …”

ဝင်ဒီဘီ၏ စကားလုံးကြောင့် ရဲအရာရှိ လေးယောက်လည်း ကြောင်အမ်းနေရာမှ သတိပြန်ဝင်လာခဲ့ကာ နောက်ဆုံး၌ တုံ့ပြန်လာခဲ့တော့သည်။

“မလှုပ်နဲ့ … လက်တွေ လေပေါ် မြှောက်ထားစမ်း ….”

ရဲအရာရှိ လေးဦးလုံးက သေနတ်များ ဆွဲထုတ်ပြီး လင်းရီကို ပြိုင်တူ ချိန်ရွယ်ထားလိုက်ကြသည်။

လင်းရီ သူ၏ လက်အား ဖြည်းညင်းစွာ မြှောက်ထားလိုက်ပြီး မည်သည့် ထိတ်ပျာမှုကိုမျှ ပြသခြင်း မရှိခဲ့ချေ။ အရာလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်ပွားနေသကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေသည်။

ထိုအခါမှ ရဲအရာရှိများလည်း ရှေ့သို့ အမြန်တက်လာပြီး လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦးလုံးကို လက်ထိပ်ခတ်လိုက်ကြသည်။

“ သူတို့ကို ခေါ်သွားကြ ….”

လူတိုင်း၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်မှာပဲ လင်းရီ၊ ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးတို့ သုံးဦးလုံး လက်ထိပ်ကိုယ်စီနှင့် ဖမ်းဆီးခေါ်ဆောင်သွားခံလိုက်ရ၏။

သွေးထွက်လွန်ပြီး အားနည်းနေသည့် လီယုံချောကိုတော့ အသက်ကယ်ရန်အတွက် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်လိုက်ကြသည်။

ထိုအချိန်တွင်တော့ ခန်းမထဲရှိ လူတိုင်း၏ စိတ်ထဲ၌ ကြောက်ရွံ့မှုက အရှိန်မပြေကြသေးချေ။ လင်းယွင်အုပ်စုရဲ့ ဥက္ကဌကြီးက တကယ့်ကို အရူးပဲ။

ဓားကြီးကိုင်ပြီး ပတ်ရမ်းနေတာ … သူတို့ ရှေ့မတက်မိခဲ့တာ ကံကောင်းသွားတယ် ….

“ မစ္စတာအီဗန် … ဒီ ကိစ္စကို လေးလေးနက်နက်နဲ့ ကိုင်တွယ်ဖို့လိုတယ်နော် … ဒီလူက အန္တရာယ် သိပ်များလွန်းတယ် …”

အနီးနားတွင် မတ်တပ်ရပ်နေသည့် အီဗန်နှင့် ဟောလစ်တို့ အချင်းချင်း အမူအရာမည်းမှောင်စွာဖြင့် အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

“ သူ့ရဲ့ နောက်ခံနဲ့ ဒီလိုအရာမျိုးတွေ လုပ်တာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး …”

လင်းရီ အထဲသို့ ဝင်လာစဉ်ကတည်းကရင် သူတို့အားလုံး မည်သူမည်ဝါ ဖြစ်သည်ကို သိရှိပြီး ကြပြီ ဖြစ်သည်။

သူက ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်၏။ ယင်းက ဖန့်ကျင်း၏ သတင်းအချက်အလက်မှတဆင့် သူတို့ သိရှိထားသည့် သတင်းတစ်ခုပင်။

“ သွားကြစို့ .. လင်းရီ ပေါ်လာတာ ကောင်းတဲ့ ကိစ္စတော့ မဖြစ်နိုင်ဘူး … ဒီကိစ္စ အမြန်ကိုင်တွယ်ဖို့လိုတယ် …”

အီဗန် ရေရွတ်လိုက်ပြီး ခန်းမထဲက ထွက်လာခဲ့ကာ သူ၏ မျက်နှာအမူအရာမှာ ကောင်းမွန်မနေချေ။ လင်းရီ၏ ရုတ်ချည်းထွက်ပေါ်လာမှုက သူတို့ကို မသက်မသာ ဖြစ်အောင် လုပ်နေခဲ့၏။

ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ယောက်က ယခုလို အ

ထိလွယ်ရှလွယ်သည့် အချိန်အခါမျိုး၌ လန်ဒန်တွင် ထွက်ပေါ်လာသည်။ ဤသည်က အတော်လေး သံသယဝင်ဖို့ကောင်း၏။

“ ဝေါ်ကာ ဖော်ထုတ်ခံလိုက်ရတယ်လို့ နင်ထင်လား …” ကားထဲသို့ ဝင်ရင်း ဟောလစ် မေးမြန်းလိုက်သည်။ စီးကရက် တစ်လိပ်ကို မီးညှိရင်း သူမ၏ လေသံက လေးနက်တည်ကြည်နေသည်။

“ ငါတော့ မထင်ဘူး …” အီဗန် ခွန်းတုံ့ပြန်လိုက်ပြီး “ ဝေါ်ကာက ဉာဏ်ကောင်းတယ် … ဗုံးကလည်း ပေါက်ကွဲအား ပြင်းတယ် … နောက်မှာ ဘာသက်သေ အထောက်အထားမှ ချန်ထားခဲ့မှာ မဟုတ်ဘူး …”

“ အဲ့တာဆိုရင်တော့ ဖြစ်နိုင်ချေတစ်ခုတည်းပဲ ကျန်တယ် …” ဟောလစ် တွေးတွေးဆဆနှင့် ပြောဆိုလိုက်ပြီး “ သူက လင်းယွင်အုပ်စုကြောင့်နဲ့ ဒီရောက်လာတာပဲ ဖြစ်ရမယ် …”

“ ဘယ်သူကမှ တပ်အပ် မပြောနိုင်သေးဘူး … ငါတို့ သတိထားဖို့ လိုတယ်….” အီဗန် ပြောဆိုလိုက်ပြီး “ မင်း ရဲစခန်းသွားပြီး သူတို့တွေ ဒီကထွက်သွားလို့ မရတာ သေချာအောင် လုပ်ခဲ့ … ငါတို့ လင်းရီနဲ့ ရှန်းထျန်းကျိုးကို ဟွာရှ ပြန်ပို့လိုက်လို့ မဖြစ်ဘူး … ငါ လေဆိပ်က အခြေအနေကို တစ်ချက် စစ်ကြည့်လိုက်ဦးမယ် .. တကယ်လို့ သူတစ်ယောက်တည်း လာခဲ့တာဆိုရင် အဆင်ပြေတယ် … ဒါပေမယ့် မဟုတ်ခဲ့ဘူးဆိုရင်တော့ လေးလေးနက်နက်နဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မှာပဲ … အဲ့ခါကျ ဝေါ်ကာ ဖော်ထုတ်ခံလိုက်ရတယ်ဆိုတာ ဖြစ်နိုင်သွားပြီ …”

“ နားလည်ပြီ … လူခွဲသွားကြတာပေါ့ ….”

………….

ခန်းမထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ ၊ ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးတို့ သုံးဦးလုံး ရဲကားထဲသို့ ရောက်ရှိလာသည်။

အခြေအနေ ဆိုးရွားနေသည်ကလွဲ၍ ကျီချင်းရန်မှာ မည်သည့် ထိတ်လန့်ကြောက်ရွံ့မှုကိုမျှ ခံစားရခြင်း မရှိချေ။

သူမဘေးနားတွင် လင်းရီ ရှိနေသမျှ ကာလပတ်လုံး သူမ မည်သည်ကိုမျှ ကြောက်ရွံ့သည်ဟု မခံစားရချေ။

ရဲကားထဲတွင်တော့ ရဲအရာရှိတစ်ဦးက ကားမောင်းနေပြီး ကျန်သုံးဦးက အနောက်ခန်းထဲတွင် ထိုင်နေကာ လင်းရီနှင့် ကျန်သူများအား အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။

လေထုအခြေအနေက အနည်းငယ် လေးလံနေသည်။ လင်းရီကတော့ ခေါင်းကို အနည်းငယ် ငုံ့၍ ထိုင်နေလျက် ရှိရင်း လက်ထိပ်ခတ်ခံထားရသည့် သူ့လက်များကတော့ နောက်ကျောဘက်သို့ ပို့ထားခြင်း ခံထားရသည်။

ရဲအရာရှိသုံးဦးမှာ လင်းရီကို မျက်လုံး ဒေါက်ထောက် ကြည့်နေခဲ့ကြပြီး သူတို့၏ သတိကို လျော့ချရဲခြင်း မရှိပေ။ ဤလူက သူတို့ ထင်ထားသည်ထက် အန္တရာယ်များကြောင်း နားလည်လေသည်။

ကလစ် …

ရုတ်ချည်းဆိုသလို ထက်ရှသည့် အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလာခဲ့ပြီး ရဲအရာသုံးဦးလုံး၏ မျက်လုံးတို့က လင်းရီထံသို့ တစ်ဖန်ပြန်ပြီး စူးစိုက်သွားခဲ့ကြကာ သူတို့၏ ခန္ဓာကိုယ်များက အလိုအလျောက် တင်းကြပ်သွားခဲ့ကြသည်။

သူတို့ဘက်က မလှုပ်ရှားနိုင်ခင်မှာပဲ လင်းရီ စတင် လှုပ်ရှားလာခဲ့၏။

ငွေရောင် စကေဘာဓားက လေထုကို ထက်ခြမ်းခွဲမယောင် ထင်ရပြီး ရဲအရာရှိတစ်ဦး၏ သွေးလွှတ်ကြောက ဖြတ်တောက်ခံလိုက်ရ၏။ ထိုလူမှာ ချက်ချင်းပဲ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားရတော့သည်။

“ ငါ-ိုးပဲ ….”

ဤသည်ကို မြင်တော့ ကျန်သည့် ရဲအရာရှိ နှစ်ဦးလုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ကြသည်။ သို့သော် ၎င်းတို့၏ သင်တန်းတွင် ပို့ချထားခံရသည်များက ရုတ်ချည်း အသက်ဝင်လာခဲ့ပြီး လက်များက ခါးရှိ သေနတ်များသို့ အလိုအ‌လျောက် ရောက်ရှိသွားခဲ့ကြသည်။

သို့သော် လင်းရီ၏ လှုပ်ရှားမှုတို့က ပိုပြီး မြန်ဆန်နေခဲ့လေသည်။

ဘန်း ..

ရဲအရာရှိတစ်ဦး၏ မျက်နှာကို လင်းရီ လက်သီးထိုးလိုက်ကာ နာကျင်စွာ ညည်းညူသွားစေလိုက်သည်။ ထိုလူ သတိလက်လွတ် ဖြစ်နေစဉ်တွင် ကြမ်းပြင်သို့ ပြုတ်ကျသွားသည့် သေနတ်အား အလျင်အမြန် ကောက်ယူကာ ရှေ့တွင် ကားမောင်းနေသည့် ဒရိုင်ဘာရဲအရာရှိသို့ ချိန်ရွယ်ထားပြီး ထို့နောက် အခြားရဲ အရာရှိတစ်ယောက်ကိုတော့ စကေဘာဖြင့် လည်ပင်းထောက်ထားလိုက်သည်။ ကျန်သည့် ရဲအရာရှိတစ်ယောက်ကိုတော့ ခြေထောက်ဖြင့် ကန်ကာ ဖိနှိပ်ထားလိုက်၏။

“ ဘယ်ကောင်မှ မလှုပ်နဲ့ … မဟုတ်ရင် ဘုရားသခင်နဲ့ ချက်ချင်း တွေ့သွားရမယ် ….”

အနီးနားတွင် သေနေသည့် ရဲအရာရှိကို ကြည့်ရင်း … ကျန်ရဲအရာရှိ နှစ်ဦးမှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ယင်နေသည်။

အကယ်၍ ကားမောင်းနေသည့် ဒရိုင်ဘာသာ စတီယာရင်ကို ထိန်းချုပ်ဖို့ မလိုအပ်ခဲ့ပါက လက်မြှောက်ထားနှင့်ပြီ ဖြစ်သည်။

ဟွာရှ ရဲအရာရှိတို့နှင့် မတူညီသည့် တစ်ချက်က အနောက်တိုင်း ရဲအရာရှိတို့၏ အလုပ်အပေါ် ခံယူချက်က မတူကွဲပြားသည်။ ၎င်းတို့အများစုအတွက် ဤသည်က သာမန် အလုပ်အကိုင် တစ်ခုမျှသာ ဖြစ်ပြီး ကိုယ့်အသက် ကယ်ဆယ်နိုင်ရေးက ဦးစားပေးအရာပင်။

ယင်းက ဘဏ္ဍာရေး အလုပ်အကိုင် တစ်ခုသို့ ရာထူးလျှောက်သည်နှင့် ဆင်တူပြီး … အကယ်၍ အလုပ်ခေါ်ယူသူက ၎င်းတို့၏ အလုပ်သည် အသက်ကို ဖက်နှင့်ထုပ်ထားရမည်ဆိုပါက မည်သူကမျှ လုပ်ကိုင်လိုစိတ် မရှိမှာ သေချာသည်။

ထိုအစား အလုပ်ခေါ်ယူသူကိုပင် ကျိန်ဆဲသွားကြလိမ့်ဦးမည်။

ယခု အနောက်တိုင်း ရဲအရာရှိများလည်း ထိုနည်းလည်းကောင်းဖြစ်ကြ၏။ ထို့ကြောင့် ယခုလို အချိန်အခါမျိုး၌ လျင်မြန်စွာ လက်မြှောက် အရှုံးပေးလိုက်ကြခြင်းပင်။

“ သူတို့ရဲ့ လက်ထိပ်တွေ ဖြုတ်ပေးလိုက် ….”

အနောက်ခုံတွင် ရှိနေသည့် ရဲအရာရှိက ကတုန်ကယင် ဖြစ်နေသည့် လက်များဖြင့် ကျီချင်းရန်နှင့် ရှန်းထျန်းကျိုးတို့၏ လက်ထိပ်များကို သော့ဖွင့်ပေးလိုက်သည်။ ထို့နောက် သူ၏ လက်များကို လေပေါ်သို့ တစ်ဖန် ပြန်မြှောက်လိုက်၏။

လင်းရီ သူ့အား အန္တရာယ်ရှိသည်ဟု တွေးထင်ကာ သတ်ပစ်လာမည်ကို အလွန်အမင်း စိုးရွံ့နေသည်။

ဘုတ် …

ကျစ်လျစ်သည့် လှုပ်ရှားမှုဖြင့် လင်းရီသည် အနောက်ထိုင်ခုံတွင် ရှိသည့် ရဲအရာရှိ၏ လည်ပင်းသို့ တစ်ချက်ခုတ်ပြီး သတိလစ်စေလိုက်သည်။

“ ဒါရိုက်တာရှန်း … လန်ဒန်က လမ်းနာမည်တွေကို သိတယ်မလား …”

“ အနည်းနဲ့ အများပေါ့ … နေရာအများစုကိုတော့ ငါ ရောက်ဖူးတယ် …”

“ လောင်ချီကို ဆက်သွယ်ပြီး ကျုပ်တို့ကို လာကြိုဖို့ ပြောလိုက် … လူကွယ်တဲ့ နေရာမှာ တွေ့ဖို့လိုတယ် … မြန်လေ ကောင်းလေ …”

“ ငါ အခု ဆက်သွယ်လိုက်မယ် …”

ရှန်းထျန်းကျိုး မေးခွန်တွေ အများကြီး မေးမြန်းမနေဘဲ ချီရှန်းကျောက်၏ နံပါတ်ကို ဆက်သွယ်ကာ လင်းရီ၏ ညွှန်ကြားချက်ကို တစ်ဆင့် လွှဲပြောင်းပေးလိုက်သည်။

တစ်ချိန်တည်းတွင် လင်းရီသည် ချီရှန်းကျောက်ကို ဧည့်ခံပွဲသို့ ခေါ်မလာခဲ့မိသည့်အတွက် အတော်လေး စိတ်သက်သာရမိသွားခဲ့သည်။ ထိုအရာက မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားခဲ့ဟန်ပင်။

ခေတ္တကြာပြီးနောက် လင်းရီသည် နင်ချဲ့၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

“ နင့်ဘက်ခြမ်းက အခြေအနေ ဘယ်လိုလဲ … ဒီဘက်မှာတော့ အကုန် အဆင်ပြေတယ် .. အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပဲ …” နင်ချဲ့ ရွှင်ပြသည့် လေသံဖြင့် ပြောဆိုလာသည်။

“ ငါတို့ ပြဿနာတက်နေတယ် …” လင်းရီ လျင်မြန်စွာ ပြောကြားလိုက်ပြီး “ အကုန်လူစုထားလိုက် .. ပြီးရင် သံရုံးကို ဆက်သွယ် … ဟွာရှကို ချက်ချင်း မြန်မြန်ပြန်ဖို့ လိုတယ် … အရမ်းကြီး ကြောင်ခိုးဝှက်ဖြစ်တဲ့ပုံစံ မလုပ်နဲ့ … ပုံမှန်လေးပဲ ထွက်သွားကြမယ် … တစ်ခုခုဆိုတာနဲ့ သံရုံးက မင်းတို့ကို ကာကွယ်နိုင်တာ သေချာပါစေ … ပြီးတော့ လေယာဉ်က ဟွာရှရဲ့ လုပ်ပိုင်ခွင့်ရ လေယာဉ်ဖြစ်တာလည်း သေချာအောင် လုပ်ဦး ….”

“ ဘာဖြစ်တာလဲ …”

“ ငါတို့ ဖော်ထုတ်ခံလိုက်ရပြီ … ဒီကနေ ချက်ချင်း ထွက်သွားဖို့လိုတယ် ..” လင်းရီ အမိန့်ပေးလိုက်ပြီး “ လေဆိပ်မှာ တွေ့ဖို့လုပ်ထား … အချိန်ထပ်မဖြုန်းနဲ့တော့ … ဘေးကင်းတဲ့ နေရာကို ချက်ချင်း ဆုတ်ခွာမယ် ….”

All Chapters