← Chapters

နှစ်နှစ်ကာကာ မေတ္တာ

Vol. 141 Ch. 2112

နှစ်နှစ်ကာကာ မေတ္တာ

Vol. 141 Ch. 2112

အခြားသူများ၏ နောက်တွင် ရပ်နေသည့် ကျီချင်းရန်၏ မျက်နှာမှာ ဖြူလျော်သွားခဲ့တော့၏။ ယခုအချိန်မတိုင်ခင်က ဤကဲ့သို့သော အရာမျိုး ဖြစ်ပျက်လာလိမ့်မည်ဟူ၍ သူမ မတွေးတောခဲ့မိပါချေ။

“ သူ သွားခဲ့ပြီ …” နင်ချဲ့ ညင်သာစွာ ဆိုလိုက်ပြီး “ အဲ့တာ သူ့ပုံစံပဲ …”

ကျီချင်းရန် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ အကယ်၍ ချီရှန်းကျောက်နှင့် ရှန်းထျန်းကျိုးတို့က ကူညီဖေးမပေးထားခြင်းသာ မရှိခဲ့ပါက ကြမ်းပြင်သို့ လဲကျသွားပြီး ဖြစ်၏။

“ ဥက္ကဌကျီ .. နင် မစိုးရိမ်နဲ့ ….. ငါတို့ လင်းရီကို ဘာမှမဖြစ်စေရဘူး …” နင်ချဲ့ သူမအား နှစ်သိမ့်ပေးလိုက်သည်။

“ ဘေးကင်းတဲ့နေရာ ရောက်တာနဲ့ ငါတို့ ချက်ချင်း ပြန်လာခဲ့မှာ … ဒီကိစ္စကို အဆုံးထိ လိုက်ရမယ် ….”

ကျီချင်းရန်၏ မျက်နှာမှာ တစ္ဆေတစ်ကောင်နှယ် ဖြူလျော်နေလျက်သာရှိပြီး သွေးရောင်အတိ ကင်းမဲ့နေသည်။

“ ငါ ဘယ်လိုရှင်းပြချက်မျိုးမှ မကြားချင်ဘူး … နင်တို့လူတွေ ဘာတွေလုပ်လဲ ငါမသိဘူး … ဒါပေမယ့် ငါလိုချင်တာက လင်းရီ နင်တို့ အဖွဲ့ထဲက ထွက်သွားဖို့ပဲ .. နင်တို့တွေ ဒီတစ်ချက်တော့ အာမခံပေးနိုင်မယ်လို့ မျှော်လင့်တယ် …”

“ ဒါက …..”

ချိုးယွီလော့နှင့် နင်ချဲ့တို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြရင်း ကျီချင်းရန်၏ ခံစားချက်ကို စိတ်ထဲ နားလည်နေခဲ့ကြသည်။

မည်သည့် အမျိုးသမီးကမျှ သူတို့ ချစ်ခင်မြတ်နိုးသည့် အမျိုးသားကို အန္တရာယ်ရှိသည့် ကိစ္စရပ်တို့အား စွန့်စားစေချင်မှာ မဟုတ်ပေ။

“ ငါတောင်းပန်ပါတယ် ဥက္ကဌကျီ …” ချိုးယွီလော့ ပြောလိုက်ပြီး “ အဲ့ဆုံးဖြတ်ချက်ကိုတော့ ငါတို့ ချမှတ်လို့ မရဘူး … ဒါပေမယ့် ငါတို့ရဲ့ အထက်ကို တင်ပြပေးလိုက်ပါမယ် ….”

ကျီချင်းရန် ထိုင်ခုံပေါ်သို့ အားအင်ချိနဲ့စွာ ပြန်ထိုင်ချလိုက်ပြီး ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလေသည်။ သူမ၏ မျက်နှာမှာ ပူပန်မှုကြောင့် ဖြူလျော်နေဆဲပင်။

သူမ အင်မတန် ပင်ပန်းလွန်းသည်ဟု ခံစားနေခဲ့ရ၏။ လင်းရီ၏ အခြေအနေက သူမ၏ စိတ်ပိုင်းဆိုင်ရာကို ဆက်တိုက် ညှင်းပန်းနေသည်။

သူမတို့ အတူရှိရသည် ဖြစ်စေ၊ မရှိရသည် ဖြစ်စေ ၊ လင်းရီ လုံခြုံနေသည်ကိုပဲ သူမ လိုချင်သည်။

အန္တရာယ်ရှိသည့် ကိစ္စရပ်များထဲ ဝင်ရောက်စွက်ဖက်နေသည်ကို သူမ ထပ်ပြီး မလိုချင်တော့ပေ။ သို့သော် ကံဆိုးစွာဖြင့် … လက်တွေ့ကျသည့် အမှန်တရားက သူမ၏ စိတ်ကူးယဉ်အိပ်မက်လေးကို နင်းချေပြခဲ့သည်။

ကျီချင်းရန်၏ နွမ်းလျနေသည့် ပုံစံကို မြင်တော့ ရှိနေကြသည့် အမျိုးသမီးများအားလုံး ကိုယ်ချင်းစာသွားခဲ့ကြ၏။

သူမက လင်းရီကို အရိုးထဲ၊ အသားထဲမှ နှစ်နှစ်ကာကာ ချစ်မြတ်နိုးပုံပင်။ သက်တမ်းဘယ်လောက်မျှ မရှိသည့် လူ့ဘဝထဲတွင် စိန်ခေါ်မှုတို့က တစ်ခုပြီးတစ်ခု၊ အခက်အခဲ အတားအဆီးတို့က တစ်ခုပြီးတစ်ခု၊ သို့သော် သူမ လိုချင်သည့် ဆန္ဒကား ထိုအမျိုးသား၏ ဘေးကင်းလုံခြုံရေးပင်။

“ ဥက္ကဌကျီကို အာရုံစိုက်နေတာ လောလောဆယ်ရပ်ပြီး အန္တရာယ် ကင်းကင်းနဲ့ ပြန်သွားဖို့ပဲ နည်းလမ်းရှာကြမယ် …” နင်ချဲ့ ပြောလိုက်သည်။

“ အဲ့တာဆိုရင်တော့ ခက်လောက်မယ် …” ချိုးယွီလော့ မှတ်ချက် ပေးလိုက်ပြီး “ အခု .. ငါတို့ ရပ်နားလို့ရမယ့် နေရာက ဘယ်နေရာမှာမှ မရှိဘူး … ပြီးတော့ ဥက္ကဌကျီနဲ့ တခြားသူတွေက လေယာဉ်ပေါ်မှာ … သူတို့ လုံခြုံစိတ်ချရအောင် ငါတို့ ဟွာရှ အရင်ပြန်ဖို့ လိုတယ် … ပြီးတော့မှပဲ လန်ဒန်ကို တိတ်တိတ်လေး ပြန်လာလို့ရမှာ … ဒါပေမယ့် အသွားအပြန်ဆို ၂၄ နာရီ … ငါတို့ ပြန်ရောက်လာတဲ့ အချိန်ကျရင် ကိစ္စတော်တော်များများ ဖြစ်ပြီးနေလောက်ပြီ ….”

နင်ချဲ့လည်း ချိုးယွီလော့ ပြောသည့် အချက်ကို ထည့်သွင်းစဉ်းစားခဲ့ဖူးသည်။ သို့သော် သူမရင်ထဲ မလွယ်ကူမှုကို ခါချထုတ်ပစ်ဖို့ မတတ်နိုင်ခဲ့ပေ။

“ အဲ့အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး … တခြား ရွေးချယ်စရာရှိသေးလား နင် စဉ်းစားစမ်း …” နင်ချဲ့ တိုက်တွန်းလောဆော်လိုက်၏။

သူမ၏ ခံစားချက်တို့က ပြင်းထန်နေသဖြင့် ချိုးယွီလော့ကိုပင် အမိန့်သံဆန်သည့် လေသံဖြင့် ပြောလိုက်မိသည်။

“ နင်ချဲ့ .... နင် စိတ်အေးအေးထားစမ်း … ဒီ အခြေအနေရောက်လာခဲ့မှတော့ ငါတို့မှာ အဲ့ဒီ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ် ….”

ချိုးယွီလော့ အခိုင်အမာ ပြောဆိုလိုက်၏။ “ နင်နားလည်ထားရမှာ ငါတို့ရဲ့ ပြိုင်ဘက်က ဖရီးမေဆင် အဖွဲ့သားတွေပဲ .. သူတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ သတင်းထောက်လှမ်းရေးအားက ငါတို့ စိတ်ကူးထားတာထက် အများကြီးပိုတယ် … ဘယ်လို သေးမွှားတဲ့သဲလွန်စမဆို ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ဖော်ထုတ်သွားနိုင်တယ် .. မဟုတ်ရင် လင်းရီက အဲ့ဒီအတိုင်းအတာအထိ သွားခဲ့မှာ မဟုတ်ဘူး …”

နင်ချဲ့ တိတ်ဆိတ်လျက်သာ ရှိနေသည်။ သူမတို့ ရင်ဆိုင်နေရသည့် ရန်သူက သူမတို့ ကနေဦး စိတ်ကူးထားသည်ထက် အများကြီး သာလွန်ကြောင်းကို နားလည်သည်။ သို့သော် ထိုအကြောင်းအရင်းကြောင့်ပဲ သူမ လင်းရီကို စိုးရိမ်ပူပန်နေမိခြင်းပင်။

“ ငါတို့အနေနဲ့ တစ်လှမ်းပြီးမှ တစ်လှမ်း လှုပ်ရှားသွားဖို့ပဲ တတ်နိုင်တယ် … ဒါပေမယ့် ငါတို့ ခေါင်းဆောင်လျိုကို သတင်းပို့ပြီး ထောက်ချိန်ကို အသင်းတစ်သင်း ဦးဆောင်ခိုင်းပြီး လင်းရီကို ကူညီပေးခိုင်းလို့ ရတာပဲလေ ….”

နင်ချဲ့ ခေါင်းညိတ်လိုက်သည်။ “ အဲ့လိုလုပ်ရုံ ရှိတော့တာပဲ …”

“ ငါချက်ချင်း စီစဉ်လိုက်မယ် … ဒါပေမယ့် နင် စိတ်ငြိမ်ငြိမ်ထား … အလောသုံးဆယ်လုပ်တာက အမှားအယွင်းတွေ ဖြစ်ပေါ်စေတယ် ….”

“ ငါ နားလည်တယ်… ငါ စိတ်ထိန်းထားတယ် …”

“ အဲ့တာကောင်းတယ် …”

နှစ်ယောက်က သူတို့၏ အစီအစဉ်အကြောင်း စိုးရိမ်တကြီးနှင့် ဆွေးနွေးနေစဉ်တွင် လင်းရီသည် လေဆိပ်ဝန်ထမ်း ယူနီဖောင်းဖြင့် လေဆိပ်ရှိ စောင့်ကြည့်ကင်မရာများ၏ မျက်ကွယ်ထောင့်တို့မှတဆင့် ညအမှောင်ထုအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

….

ထိုအချိန်တွင် ဟိုတယ် ၇ လွှာရှိ suite အခန်း တစ်ခုထဲတွင်။

အီဗန်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ဟောလစ်ကတော့ မီးလင်းဖိုနံရံကို မီ၍ မတ်တပ်ရပ်နေလျက် ရှိသည်။ နှစ်ဦးလုံး၏ မျက်နှာအမူအရာများက အုံ့မှိုင်းလို့နေသည်။

သူတို့ လေဆိပ်၏ စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းကို စစ်ဆေးပြီးချိန်၌ ကျုံးဝေ့တပ်ဖွဲ့၏ အဓိက အဖွဲ့ဝင်တော်တော်များများကို မြင်တွေ့လိုက်ကြရသည်။ ဤသည်က သူတို့အတွက် ကောင်းသည့် လက္ခဏာ တစ်ရပ်မဟုတ်ချေ။

“ ဝေါ်ကာ သေသွားတာက ငါတို့အရင် ထင်နေသလိုမျိုး တည့်တိုးမဆန်လောက်ဘူးလို့ ငါတော့ သံသယရှိလာပြီ .. သူ ဘယ်သူ ဘယ်ဝါဆိုတာ ပေါက်ကြားသွားခဲ့လောက်တယ် …” အီဗန် တင်းမာသည့် မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

“ လက်ရှိ မြင်နေရတဲ့ ပုံစံကို ကြည့်ရသလောက်ကတော့ အဲ့လို ဖြစ်သွားပုံပဲ …” ဟောလစ်လည်း တူညီသည့် အမူအရာဖြင့် ပြန်လည် ဖြေဆိုလိုက်၏။

အကယ်၍ ဝေါ်ကာသည်သာ ပေါက်ကွဲ၍ သေဆုံးသွားခဲ့သည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့ဝင်များလည်း ဤနေရာသို့ စုဝေးရောက်လာခဲ့မှာ မဟုတ်ချေ။

သူတို့ ရောက်ရှိလာသည်က တစ်ကဏ္ဍ ဖြစ်၏။

ဝေါ်ကာ၏ အထောက်အထား ပေါ်လွင်သွားခဲ့ပြီး ဤနေရာသို့ လက်စားချေရန် ရောက်လာခဲ့ကြခြင်းပင်။

မည်သို့ပင်ဆိုစေ ဖရီးမေဆင်က ကျုံးဝေ့တပ်ဖွဲ့ထဲသို့ အလျင်ဦးစွာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တပ်ဖွဲ့၏ အကျင့်စရိုက်ဖြင့်ဆိုပါက ထိုကိစ္စကို ဖြစ်ပြီးသွားခဲ့သည့်အတိုင်း ပစ်ထားလိုက်မှာ မဟုတ်ချေ။ စုဝေးရောက်ရှိလာသည်က သာမန်မျှပင်။

“ ငါ နင့်ကို ပြောဖို့ လိုတာ တစ်ခု ရှိသေးတယ်….” ဟောလစ် ပြောဆိုလိုက်ပြီး “ ဘုရင့်လမ်း ကွန်ဒိုတစ်ဝိုက်မှာ လောင်ခဲ့တဲ့ မီးအခြအနေကို စစ်ဆေးပြီးသွားပြီ … လောင်သွားတဲ့ ပစ္စည်းက ရဲကားပဲ .. ပြီးတော့ အထဲမှာ လူသေ လေးလောင်းလည်း တွေ့ခဲ့ရတယ် … ငါတို့ ရှာတွေ့တဲ့ အချိန်မှာ အပြည့်အဝ လောင်ကျွမ်းနေပြီးပြီ … ကျန်တာကိုတော့ ငါ ထပ်ပြီး ပြောစရာ လိုမယ်မထင်ဘူး … နင် စဉ်းစားတတ်ပါတယ် …”

“ အဲ့ဒီ ရဲအရာရှိ လေးယောက်ကို ဒီကောင် သတ်လိုက်တာ ဖြစ်ရမယ် …” အီဗန် အံကြိတ်ပြီး ပြောလိုက်၏။

“ အမှန်ပဲ …”

“ အဲ့လောက်တော့ ငါ ထင်ထားပြီးသား … ငါတို့ အမြင်လျှမ်းသွားခဲ့တယ် ပြောရမယ် …” အီဗန် ပြောဆိုလိုက်ပြီး သူ၏ မျက်နှာမှာ တင်းမာနေဆဲပင်။

“ ငါ့အထင် … သူ လီယုံချောကို ဓားနဲ့ထိုးလိုက်တာက သူ့အတွက်သူ အခွင့်အရေး ဖန်တီးလိုက်တာ ဖြစ်မယ် … ပြီးတော့ သူ အောင်မြင်တယ် … ဘာက ပိုခံပြင်းဖို့ ကောင်းလဲဆိုတော့ ငါတို့နှစ်ယောက်လုံး အဲ့နေရာမှာ ရှိနေခဲ့တာတောင် သူကစားတာ ခံလိုက်ရတာပဲ ….”

ဟောလစ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ “ ငါတို့တွေ အမြင်လျှမ်းခဲ့မိတာ အမှန်ပဲ … ဒါပေမယ့် ငါတို့ ကိုင်တွယ်နေရတာက ကျုံးဝေ့တပ်ဖွဲ့ဆိုတာ မမေ့နဲ့ … သူ့ရဲ့ အစွမ်းအစက သူမတူအောင် ထူးခြားတယ် … သူ့ရဲ့ အစီအစဉ်တွေကို ငါတို့ ဖောက်ထွင်း မမြင်ခဲ့တာ နားလည်ပေးလိုက်လို့ရတယ် …” သူမ ပြောလိုက်သည်။ “ ဒါပေမယ့် အခုက အဲ့အကြောင်း တွေးပြီး ဒေါကန်နေရမယ့် အချိန် မဟုတ်သေးဘူး … လန်ဒန်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ အာရုံစိုက်ဖို့ လိုပြီ … ကျုံးဝေ့တပ်ဖွဲ့ ဒီရောက်လာတာနဲ့ ငါတို့ဘက်က အလျင်အမြန် မလှုပ်ရှားရင် အခြေအနေက ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားနိုင်တယ် …”

“ ငါ အဲ့အကြောင်း တွေးထား ---- “

အီဗန် ပြောတော့မည့် အချိန်မှာပဲ စားပွဲပေါ်တင်ထားသည့် ဖုန်းမြည်သံက နှောင့်ယှက်လာသည်။

စခရင်ပေါ် ရေးမှတ်ထားသည့် နာမည်ကို မြင်တော့ အီဗန် ချက်ချင်း ဖုန်းကိုင်လိုက်၏။

“ ဘာကိစ္စလဲ….”

“ မင်း သေချာလား …”

“ ကောင်းပြီ .. ငါ နားလည်ပြီ …”

စကားကို လိုရင်းတိုရှင်း ပြောဆိုပြီးသည့်နောက် အီဗန် ဖုန်းပြန်ချလိုက်သည်။ ဟောလစ် သူ့အား သိချင်စိတ်ပြင်းပြစွာ ကြည့်လာခဲ့၏။

“ ဘာဖြစ်တာလဲတဲ့ …”

“ လေဆိပ် ကင်မရာကို‌ စောင့်ကြည့်နေတဲ့ ငါ့လူတွေ သတင်းပို့လာတာ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေ အကုန်လုံး လေယာဉ်နဲ့ လန်ဒန်က ထွက်သွားကြပြီဆိုပဲ …”

“ ဟင် … သူတို့ အကုန်လုံး ထွက်သွားကြပြီ ဟုတ်လား …” ဟော်လစ် မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် ကျယ်လောင်စွာ မေးမြန်းလာခဲ့သည်။

“ အင်း … အနည်းဆုံးတော့ အရေးကြီး အဖွဲ့ဝင်တွေ အကုန် ထွက်သွားခဲ့တာပဲ … အဲ့ထဲ လင်းယွင်အုပ်စုရဲ့ စီနီယာ အမှုဆောင် အဖွဲ့ဝင်တွေလည်း ပါတယ် … သူတို့ အကုန် ဆုတ်ခွာသွားကြပြီ ….”

“ ခဏလေးပဲ ရှိသေးတာကို သူတို့ ထွက်ပြေးသွားကြပြီပေါ့ … သံသယ ဖြစ်ချင်စရာပဲနော်…”

“ အပေါ်ယံကြည့်ရင်တော့ … ဟုတ်တယ် အမှန်ပဲ … ထူးဆန်းတယ် … ဒါပေမယ့် တခြား ရှုထောင့်ကနေ ကြည့်ရင်တော့ ယုတ္တိရှိပါတယ် …” အီဗန် ပြောလိုက်ပြီး သူ၏ အမူအရာမှာ လေးနက်တည်ကြည်နေသည်။

“ နင် ဘာပြောချင်တာ ….”

“ သူတို့တွေ ဖရီးမေဆင်ရဲ့ ခွန်အားကို သတိထားမိပြီး ငါတို့နဲ့ ပြိုင်ဘက်မဖြစ်နိုင်တာကို သတိပြုမိသွားတာ ဖြစ်မယ် … ဒါကြောင့်မို့ ဒီမှာ ဆက်မနေရဲတော့ဘဲ ဟွာရှ ပြန်ပြေးသွားကြတာပဲ …”

All Chapters