← Chapters

သတင်းမရှိ

Vol. 141 Ch. 2113

သတင်းမရှိ

Vol. 141 Ch. 2113

လင်းရီနှင့် သူ့အသင်းသားများ ထွက်ခွာသွားသည့် သတင်းကို ရတော့ အီဗန်နှင့် ဟောလစ်တို့၏ မျက်နှာအမူအရာသည် ယခုကကဲ့သို့ တင်းမာနေခြင်း မရှိတော့ဘဲ အနည်းငယ် ပြောလျော့သွားခဲ့သည်။ မည်သို့ပင်ဆိုစေ အသံမပေးဘဲ ကျရောက်လာနိုင်သည့် အန္တရာယ်တစ်ခုက ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

“ ကျုံးဝေ့တပ်ဖွဲ့ အဖွဲ့ဝင်တွေ ထွက်သွားခဲ့တယ်ဆိုရင်တောင်မှ သူတို့ လွယ်လွယ်နဲ့ လက်လျော့ဦးမှာ မဟုတ်တာ သေချာတယ် .. နောက်ပိုင်းကျရင် တခြား နည်းဗျူဟာတစ်ခုနဲ့ ပြန်ပြီး ရောက်လာနိုင်တယ် … အဲ့တာနဲ့ ပတ်သက်ပြီး ငါတို့ သတိထား စောင့်ကြည့်နေဖို့ လိုတယ် …” ဟောလစ် မှတ်ချက်ပေးလိုက်သည်။

“ ငါ သိတယ် …” အီဗန် တုံ့ပြန် ဖြေဆိုလိုက်ပြီး “ ဒီဖြစ်ရပ်ကို သတင်းပို့ပြီး ထောက်လှမ်းရေး အဖွဲ့သားတွေကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေ အပေါ် စောင့်ကြည့်ထားဖို့ တာဝန်ပေးထားလိုက် …”

“ အခုတော့ … ဒီရဲ့ စာမျက်နှာက ပိတ်သိမ်းသင့်ပြီ … ကြားထဲ လီယုံချောက အချောင်ဝင်ခံလိုက်ရတာပဲ …”

“ အဲ့ကိစ္စ ဆမ်ဆောင်းဘက်ကပဲ ကိုင်တွယ်လိမ့်မယ် … ဘယ်လိုလုပ်မယ်ဆိုတာက သူတို့ ကိစ္စ … “ အီဗန် ဆိုဖာပေါ်က မတ်တပ်ထရပ်ပြီးနောက် ဆက်ပြီး ဆိုလိုက်သည်။ “ အခုတော့ နားကြစို့ … ကျန်တဲ့ ကိစ္စ မနက်ဖြန်မှ ဆက်စကားပြောကြမယ် …”

“ ကောင်းပြီလေ …”

ဒေါက် ဒေါက် ဒေါက် …

နှစ်ယောက် ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပဲ အလျင်လိုသည့် တံခါးခေါက်သံက အခန်းထဲ ထွက်ပေါ်လာသည်။

အီဗန်တို့ နှစ်ဦးလုံး တံခါးပေါက်ဝထံ ပြိုင်တူ အကြည့်ပို့မိလိုက်ကြပြီး ဟောလစ် တံခါးသွားဆွဲဖွင့်လိုက်သည်။

အပြင်ဘက်တွင်တော့ အနက်ရောင် ဝတ်စုံပြည့်နျင့် လူတစ်ဦးက အသက်ကို အမောတကော ရှူရှိုက်နေပြီး ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် မျက်နှာထားဖြင့် “ မစ္စတာအီဗန် …. ဖရီးမေဆင် အဆောက်အဦး မီးလောင်နေပါပြီ …”

“ ဘာပြောလိုက်တယ် … မီးလောင်နေတယ် ဟုတ်လား …”

နှစ်ဦးလုံး၏ မျက်နှာမှာ ချက်ချင်း သွေးဆုတ် ဖြူလျော်သွားခဲ့တော့သည်။

လန်ဒန်ရှိ ဖရီးမေဆင် အဆောက်အဦးက သူတို့အတွက် ကြီးမားသည့် အထိမ်းအမှတ် သင်္ကေတကြီး တစ်ခုပင်။ ထိုအဆောက်အဦးကြီး မီးတောက်လောင်နေသည့် မြင်ကွင်းကို သူတို့ ယောင်၍ပင် စိတ်မကူးမိကြချေ။

“ မြန်မြန် ငါ့ကို ခေါ်သွားစမ်း …”

နှစ်ဦးလုံး အောက်ထပ်သို့ အရေးတကြီး ပြေးဆင်းလာခဲ့ကြပြီး ဖရီးမေဆင် အဆောက်အဦးထံ ဦးတည်လိုက်ကြသည်။

သူတို့ရောက်ရှိသွားသည့် အချိန်၌ မီးမှာ ယခုထိတိုင် ငြိမ်းသတ်၍ မသေနိုင်သေးချေ။

နီရဲ၍ ရွှေဝါရောင် ရောစပ်နေသည့် မီးတောက်တို့က ညအမှောင်ထုထဲတွင် တုနှိုင်းမဲ့ မြင်ကွင်းသဖွယ် လှပလှ၏။ ထိုလှပသည့် တန်ဖိုးအတွက် ပေးဆပ်ထားရသည်ကလည်း သမိုင်းအစဉ်အလာ ရှိခဲ့ဖူးသည့် သူတို့၏ ဖရီးမေဆင် အဆောက်အဦးကြီးပင်။

အဆောက်အဦးကြီး တစ်ခုလုံး၏ နေရာအနှံ့ မီးစွဲလောင်နေပြီး အထဲမှ ပေါက်ကွဲသံများလည်း ရံဖန်ရံခါ ထွက်ပေါ်နေလေသည်။ အဆောက်အဦးကြီး တစ်ခုလုံး အချိန်မရွေး ပြိုကျတော့မည့်မယောင် ဖြစ်နေခဲ့သည်။

အခင်းဖြစ်ပွားသည့် နေရာ၌ မီးသတ်ကား လေးစင်းရှိနေသည်။ သို့သော် တောက်လောင်နေသည့် မီးအင်အားက လက်ရှိ ရောက်ရှိနေသည့် မီးသတ်အင်အားထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။ လန်ဒန်က လူကုံထံတို့အတွက် နိဗ္ဗာန်ဘုံ ဖြစ်နေပါသော်လည်း ကမ္ဘာ့ ကဏ္ဍ အသီးသီးတွင် ဦးဆောင်နေသည်လို့တော့ မဆိုနိုင်ချေ။

မီးသတ်ကဏ္ဍကလည်း ထိုအနက် တစ်ခု အပါအဝင်ဖြစ်၏။

အကယ်၍ ဟွာရှတွင် ဖြစ်ခဲ့မည်ဆိုပါက မီးတောက်လောင်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ မရေမတွက်နိုင်သည့် မီးသတ်ကားတို့က အလီလီရောက်လာပြီး အခြားနေရာများသို့ မီးမကူးစေရန် ထိန်းသိမ်းပေးနိုင်လိမ့်မည်။

သို့သော် လန်ဒန်တွင်တော့ မီးသတ်ကားက လေးစင်းမျှ ရှိပြီး ဤနေရာသို့ ရောက်ရှိရန်ကလည်း အတော်လေး အချိန်ယူခဲ့ရသည်။

ပို၍ ဆိုးရွားသွားစေခဲ့သည်က ရေထောက်ပံ့မှုသည်လည်း လုံလောက်ခြင်း မရှိသည့်ပုံပင်။

“ ငါ လခွမ်းတွေ ဖြစ်နေတာလားကွာ … မီးက ဘာဖြစ်လို့ အခုထိ မသေသေးတာလဲ …”

အီဗန် မီးသတ်သမားများဘက်သို့ လှည့်ပြီး ဟိန်းဟောက်လိုက်သည်။

“ ဒါက ရှို့မီး … တစ်စုံတစ်ယောက်က အထဲမှာ ဓာတ်ဆီတွေ လောင်းထားတယ် … ပြီးတော့ မီးလောင်ပေါက်ကွဲလွယ်တဲ့ ပစ္စည်းတွေကလည်း နေရာအနှံ့မှာ … ငါတို့ လူတွေ အထဲ ဝင်လို့ မရဘူး ….”

ဓာတ်ဆီကို လင်းရီက ဖြန်းပက်ခဲ့တာဖြစ်ပြီး လောင်ကျွမ်းပေါက်ကွဲလွယ်သည့် ပစ္စည်းများကိုတော့ ချိုးယွီလော့နှင့် လော့ချီတို့က တပ်ဆင်ထားခဲ့ခြင်းပင်။

ဤသည်က မီးကို ဆက်လက်လောင်ကျွမ်း ပျံ့နှံ့စေရန် သေချာစေပြီး ငြိမ်းသတ်ဖို့ ခက်ခဲသွားစေသည်။ ထို့ပြင် လင်းရီ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းများလည်း တပ်ဆင်ထားခဲ့သေးသည်။

ထူထဲသည့် နံရံများ၌ ဗုံးအသေးစားလေးများ ကပ်ထားပြီး ဖောက်ခွဲပြီးနောက်တွင် အဆောက်အဦး၏ အုတ်မြစ်သည်လည် ချက်ချင်း ယိုင်နဲ့လာသည်။

ဤသို့ဖြင့် စွန့်စားပြီး အထဲသို့ ဝင်ရောက်ငြိမ်းသတ်မည့် အကြံကို မီးသတ်သမားများ လက်လျှော့သွားမည်ဖြစ်ကာ သူ၏ မစ်ရှင်လည်း အောင်အောင်မြင်မြင်နှင့် ပြီးစီးသွားလိမ့်မည်။

အထိမ်းအမှတ် အဆောက်အဦးကြီး မီးတောက်လောင်နေသည့် မြင်ကွင်းကို အီဗန်နှင့် ဟောလစ်တို့နှစ်ဦးသား အပြူးသား ငေးကြည့်နေခဲ့မိကြရင်း ၎င်းတို့၏ အမူအရာမှာ ရှော့ခ်ရနေကြလေသည်။ ထို့နောက် အလျင်အမြန်ပဲ ဒေါသထွက်သည့် အမူအရာသို့ ပြောင်းလဲသွားခဲ့၏။

“ ထောက်လှမ်းရေးက ပို့လာတဲ့ သတင်းမှာ အမှားပါနေတယ် … ဒါ သေချာပေါက် ကျုံးဝေ့တပ်ဖွဲ့ လက်ချက်ပဲ ….” ဟောလစ် အာဃာတအပြည့် ဖြစ်နေသည့် လေသံဖြင့် မုန်းတီးစွာ ပြောဆိုလိုက်သည်။

“ ပြန်မယ် … ဒီကိစ္စ သေချာစုံစမ်းဖို့ လူလွှတ်လိုက်မယ် …”

အီဗန် အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် တုံ့ပြန်လိုက်သော်လည်းပဲ စိတ်ထဲတွင်တော့ ဒေါသမီးက တစထက်တစ ကြီးမားလာနေသည်။

ဖရီးမေဆင်ဘက်က မည်သည့် ထိခိုက်မှုမျှ မရှိခဲ့သော်လည်းပဲ အဆောက်အဦးက အုတ်တစ်ချက်၊ သဲတစ်ပွင့်ဟူသည်ထက် ပိုသည်။ ယင်းက ဖရီးမေဆင်၏ အာဏာနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုထားသည်။

ယခု ထိုကဲ့သို့သော သင်္ကေတ အဆောက်အဦးကြီးက မီးရှို့လောင်ကျွမ်းစေသည်မှာ ဖရီးမေဆင်အဖွဲ့အစည်းကြီးအား ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်။

ဤသည်အား သူတို့ အခဲကျေမည်မဟုတ်။

………..

ဟွာရှသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်၌။

ညဉ့်နက်သန်းခေါင်ယံ အချိန်ဆိုသော်ငြားလည်း ချိုးယွီလော့နှင့် နင်ချဲ့တို့က စိတ်ချလက်ချ အနားယူနိုင်ခြင်း မရှိသေးချေ။

၎င်းတို့၏ မျက်လုံးများအာ မှိတ်လျက် တိတ်ဆိတ်စွာထိုင်နေရင်း အားအင်ဖြည့်တင်းနေသည်။

ဒူ ဒူ ဒူ …

ချိုးယွီလော့၏ ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့၏။ လျိုဟုန်က ဝီချက် မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။

“ ဘာဖြစ်တာလဲ …”

နိုးနိုးကြားကြား ရှိနေသည့် နင်ချဲ့က သိချင်စိတ်ဖြင့် မေးမြန်းလာသည်။

“ ခေါင်းဆောင်လျိုဆီက ….”

ချိုးယွီလော့ ဖုန်းကို ဖွင့်လိုက်သည့် အချိန်၌ ဓာတ်ပုံအနည်းငယ်နှင့် စာတစ်ချို့ကို မြင်တွေ့လိုက်ရသည်။ ပုံများက မီးလောင်ကျွမ်းနေသည့် ဖရီးမေဆင် အဆောက်အဦးကြီးကို မှတ်တမ်းတင်ထားလေသည်။

“ သေစမ်း … သူ တကယ်ကြီး ဖရီးမေဆင် အဆောက်အဦးကြီးကို သူ့ဘာသူ မီးရှို့ပစ်လိုက်တာပဲ …”

“ ငါတို့ အပြည့်အဝ ပြန်ဆုတ်ခွာသွားတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်လိုက်တယ်ဆိုတာ ငါ သိနေတယ်လေ … အဲ့လိုမှပဲ ရန်သူ ထင်မထားတဲ့အချိန်မှာ တစ်ချက်တည်းနဲ့ ရိုက်ချလိုက်နိုင်မှာ …” ချိုးယွီလော့ မှတ်ချက် ပြုလိုက်၏။

“ ဟူး …..”

နင်ချဲ့ စိတ်သက်သာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး “ မစ်ရှင်က အခု အောင်မြင်သွားပြီ … လင်းရီ ဟွာရှပြန်လာဖို့ နည်းလမ်းရှာနေမယ်လို့ ငါ လောင်းရဲတယ် ….”

ချိုးယွီလော့လည်း ခေါင်းညိတ်လိုက်သည်။ “ သူ သံရုံးကို သွားလောက်တယ် … ငါ ဌာနနဲ့ ဆက်သွယ်ပြီး သူ့ဆီက သတင်းရှိမရှိ မေးကြည့်လိုက်မယ် …”

“ ဘယ်လိုပဲဖြစ်ဖြစ် မစ်ရှင်က ပြီးသွားပြီဆိုတော့ စိုးရိမ်စရာလည်း မရှိတော့ဘူး …. လန်ဒန်ကနေ ထွက်လာဖို့က သူ့အတွက် ပြဿနာ ရှိမှာ မဟုတ်ဘူး …”

ဆယ်နာရီခန့် ကြာပြီးနောက် လေယာဉ်က ကျိုးဟိုင်လေဆိပ်သို့ ဆင်းသက်လာခဲ့ပြီး ကျီချင်းရန်နှင့် အခြားသူများအားလုံး ဘေးကင်းလုံခြုံစွာနှင့် ရောက်ရှိလာခဲ့သည်။

“ ဥက္ကဌကျီ … နင် လင်းရီကို စိတ်မပူနဲ့တော့ …” ချိုးယွီလော့ အားတက်သရော ပြောဆိုလိုက်ပြီး “ သူ မကြာခင် ပြန်ရောက်လာတော့မှာ … ငါ့အသက်နဲ့ လောင်းကြေးထပ်ပြီး ကတိပေးတယ် … သူ ဘာအန္တရာယ်မှ မရှိတော့ဘူး …”

“ ငါ ဒါတွေ ဆက်မကြားချင်ဘူး …” ကျီချင်းရန် အသက်မပါသည့် မျက်နှာထားဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ငါက လင်းရီကို နင်တို့ အဖွဲ့အစည်းထဲက နှုတ်ထွက်တာပဲ လိုချင်တယ် .. ဒီနေ့ကစပြီး သူ့ကို ထပ်ပြီး မဆက်သွယ်နဲ့တော့ … သူ့ကို သာမန်လူတစ်ယောက်လိုပဲ အေးအေးချမ်းချမ်းလေး နေပါစေ …”

ကျုံးဝေ့တပ်ဖွဲ့ဝင်များအားလုံး ငြိမ်ကျသွားခဲ့ကြသည်။

ယင်းက တစ်ကိုယ်ကောင်းဆန်သည့် တောင်းဆိုမှု တစ်ခုပင်။ သို့သော် သူတို့ထဲ မည်သူကမျှ ထိုမေးခွန်းကို အဖြေ မပေးနိုင်သကဲ့သို့ သူမကို အပြစ်တင်နိုင်သည့် အခွင့်အရေးလည်း သူတို့ထံတွင် ရှိမနေခဲ့ချေ။

မည်သို့ပင်ဆိုစေ သူမ၏ လုပ်ရပ်က မှားယွင်းမနေပေ။

ချစ်ခြင်းမေတ္တာကိုယ်၌က ပင်ကိုယ်အားဖြင့် တစ်ကိုယ်ကောင်းဆန်သည့် အရာဖြစ်နေခဲ့သည်။

“ ဥက္ကဌကျီ … နင် စိတ်ချ … ငါ ဒီကိစ္စကို အကြီးအကဲတွေဆီ တင်ပြပေးလိုက်ပါ့မယ် …” ချိုးယွီလော့ နှစ်သိမ့်ပေးလိုက်သည်။

ကျီချင်းရန် ညင်သာစွာ ခေါင်းညိတ်လိုက်၏။ “ ငါ့ကို ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးပါပဲ …”

“ ဒါ ငါတို့ တာဝန်ပါပဲ …”

ကျီချင်းရန်၏ စိတ်အခြေအနေ မကောင်းသည်ကို မြင်တော့ ချီရှန်းကျောက် ရှေ့သို့ တက်လာခဲ့ပြီး ချိုးယွီလော့တို့ အုပ်စုနှင့် လောကဝတ်စကား တစ်ချို့ ဆိုပြီး ခွဲထွက်လာခဲ့လိုက်သည်။

မထွက်ခွာမီ ချိုးယွီလော့က သူမ၏ ဖုန်းနံပါတ်ကို ချီရှန်းကျောက်ထံသို့ ပေးထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်းရီ၏ သတင်း တစ်စုံတစ်ရာ ရှိမရှိ မေးမြန်းလိုပါက ဆက်သွယ်နိုင်ရန် တစ်ဖက်က တောင်းဆိုလာခဲ့သောကြောင့်ပင်။

နှစ်နာရီခန့် ကြာပြီးသည့်နောက် လေယာဉ်က ရန်ကျင်း လေဆိပ်သို့ ဆင်းသက်လသည်။

ပုံမှန်မဟုတ်စွာဖြင့် လျိုဟုန်ကိုယ်တိုင် ၎င်းတို့အား လာကြိုပေးသည်။

လူကိုးယောက်မှာ ကားသုံးစင်းထဲသို့ အသီးသီး ဝင်ရောက်လိုက်ကြပြီး လျိုဟုန်၊ ချိုးယွီလော့နှင့် နင်ချဲ့တို့က ရှေ့ဆုံးကားထဲသို့ ဝင်ရောက်လိုက်ကြသည်။

“ လင်းရီအကြောင်း ဘာသတင်းထူးသေးလဲ …” လျိုဟုန် မေးမြန်းလာခဲ့၏။

“ ဟင် … သူ ရှင့်ဆီ မဆက်သွယ်ဘူးလား …” နင်ချဲ့ တုံ့ပြန် မေးခွန်းထုတ်လိုက်၏။

“ ငါ ဘာသတင်းမှ မရဘူး … သူ့ဖုန်းကို ဆက်လည်း ဆက်သွယ်လို့ မရဘူး …” လျိုဟုန် ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“ ရှင် သံရုံးနဲ့ မဆက်သွယ်ကြည့်ခဲ့ဖူးလား … မစ်ရှင်က ပြီးသွဦးပြီလေ … အခုလောက်ဆို သူ ကျွန်မတို့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာပြီးနေသင့်ပြီ …” ချိုးယွီလော့ ပြောဆိုလိုက်ပြီး သူမ၏ လေသံထဲတွင် စိုးရိမ်ပူပန်မှုတို့ ရောစွက်လို့နေသည်။

“ ချီးပဲ … အခုထိ ဘာသတင်းမှ မကြားရသေးဘူး … သူ တစ်ခုခု ဖြစ်နေတာများလားနော်….” နင်ချဲ့ ပူပန်စွာဖြင့် မေးမြန်းလာခဲ့သည်။

All Chapters