← Chapters

အန္တိမကျွန်း

Vol. 141 Ch. 2114

အန္တိမကျွန်း

Vol. 141 Ch. 2114

“ အဲ့လိုတော့ မဖြစ်လောက်ဘူး …” ချိုးယွီလော့ ပြန်ဖြေလိုက်ပြီး “ တကယ်လို့ လင်းရီသာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဖရီးမေဆင်က လှုပ်ရှားမယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး … အခုချိန်လောက်ဆို သတင်းကိုသာ ထုတ်လွှင့်ပြီးနေလောက်ပြီ … အခု ဆယ်နာရီတောင် ကျော်သွားခဲ့ပြီ … ဘာသတင်းမှ ထွက်မလာဘူး … သူ တစ်ခုခု ဖြစ်သွားတာတော့ မဖြစ်နိုင်ဘူး …”

ဤသည်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးသည့် ပဋိပက္ခဖြစ်ကြောင်းကို နှစ်ဖက်လုံး ကောင်းစွာ နားလည်ကြသည်။ ထို့ကြောင့် ပေါက်ကွဲလောက်သည့် အခြေအနေသို့ မရောက်သေးသရွေ့ ခံရသည့် တစ်ဖက်က ထိခိုက်ဆုံးရှုံးမှုကို တိတ်တဆိတ်ပဲ ခံစားနေကြရမှာ ဖြစ်သည်။

အကယ်၍ ဖရီးမေဆင်ဘက်မှ လင်းရီကို ဖမ်းမိခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင်ဟူသော သူ၏ ရာထူးကို ဂရုစိုက်နေမှာ မဟုတ်ချေ။

ပွင့်ပွင့်လင်းလင်း ပြောရမည် ဆိုပါက တုံ့ဆိုင်းခြင်း မရှိ အမဲဖျက်မှာ ဖြစ်သည်။

ချိုးယွီလော့ ပြောခဲ့သည့်အတိုင်း အကယ်၍ လင်းရီသည်သာ အဖမ်းခံထားခဲ့ရမည်ဆိုပါက အချိန် နာရီပိုင်းအတွင်းမှာပဲ တစ်ကမ္ဘာလုံးအနှံ့သို့ ပျံ့နှံ့နေလောက်ချေပြီ။

“ ပြဿနာက အဲ့တာပဲ .. မစ်ရှင်က ပြီးနေပြီ … ဒါပေမယ့် သတင်းက ပေါ်မလာဘူး … ချီးပဲ ဒီကောင် ဘာတွေလျှောက်လုပ်နေလဲ မသိပါဘူး …” နင်ချဲ့ မြည်တွန်တောက်တီးလိုက်၏။

“ သူ ဘာတွေ လုပ်နေလဲ ငါတို့ သိနေရင် လင်းရီ မဟုတ်တော့ဘူးလေ …” ချိုးယွီလော့ အရွှန်းဖောက်ပြီး ပြောလိုက်သည်။

“ အဲ့ကောင်ကတော့ တကယ်မနိုင်တော့ကောင်ပဲ …” လျိုဟုန် ရေရွတ်ရင်း သူ့စီးကရက်ကို အေးဆေး ဖွာနေခဲ့သည်။

“ ငါတော့ ကြိုးစားနေတာ တော်ပြီ …” ချိုးယွီလော့ ထပ်ပေါင်း ပြောဆိုလိုက်၏။ “ သတင်းပဲ စောင့်ကြတာပေါ့ … လင်းရီက မဆင်မခြင် လှုပ်ရှားတတ်တဲ့လူ မဟုတ်တာ နင်တို့လည်း သိနေတာပဲ … တကယ်လို့ အခြေအနေက ထိန်းချုပ်မှုအောက်က လွတ်ကင်းသွားခဲ့ရင် သူ ငါတို့ဆီ ဆက်သွယ်လာမှာ ကျိန်းသေတယ် … အတွေးလွန်နေလို့ အလကားပဲ …”

လျိုဟုန်ရော နင်ချဲ့ပါ ဘာမျှ ဆက်ပြောမလာကြတော့ချေ။ ယခု အခြေအနေသို့တိုင် ရောက်လာခဲ့ပြီးမှတော့ သူတို့ ပြောနေလို့လည်း အချည်းနှီးသာ ဖြစ်၏။

သို့သော် သေချာသည့်အရာ တစ်ခုကတော့ … အကယ်၍ လင်းရီသည်သာ ယခုကဲ့သို့ ဆက်တိုက် သိုသိပ်နေသည်ဆိုပါက သူ အကြီးအကြီး တစ်စုံတစ်ရာကို ကြိတ်ပြီး ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုအချင်းအရာ ထွက်ပေါ်လာသည်နှင့် လူတိုင်းကို အံ့အားသင့် ရှော့ခ်ရသွားစေမည်မှာ သံသယရှိစရာ မလိုပေ။

ကလင် ကလင် ကလင် ….

ထိုအချိန်တွင် ချိုးယွီလော့၏ ဖုန်းသံ မြည်ဟည်းလာခဲ့ပြီး စခရင်ကို ကြည့်လိုက်သည့် အခါ၌ အမည်မသိ နံပါတ် တစ်ခု ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမ တုံ့ဆိုင်းခြင်း မရှိဘဲ ဖုန်းကိုင်လိုက်သည်။

“ ဟယ်လို … အခုပြောနေတာ လင်းယွင်အုပ်စုက ချီရှန်းကျောက်ပါ …”

အသံကို မှတ်မိတော့ ချိုးယွီလော့ ချက်ချင်းပဲ စပီကာဖွင့်ပြီး မေးမြန်းလိုက်သည်။

“ ဥက္ကဌချီ … ရှင် လင်းရီအကြောင်း သတင်းရထားလို့လား….”

“ ဟုတ်တယ် …” ချီရှန်းကျောက် အတည်ပြုပေးလိုက်သည်။ “ ဥက္ကဌလင်းက အခုလေးတင်ပဲ ကျုပ်ကို ဖုန်းဆက်လာပြီး ဆမ်ဆောင်းအုပ်စုရဲ့ အမွေဆက်ခံသူ လီယုံချောကို ဧည့်ခံပွဲက ဥက္ကဌကျီအပေါ် လုပ်ခဲ့တဲ့ မသင့်လျော်တဲ့ လုပ်ရပ်အတွက် တရားစွဲဖို့ တောင်းဆိုလိုက်တယ် ….”

“ လင်းရီက ရှင့်ကို ဆက်သွယ်လာတယ် ဟုတ်လား ….”

ချိုးယွီလော့ အံ့အားတကြီး မေးမြန်းမိလိုက်သည်။

“ အင်း …. သူ အဲ့ကိစ္စ ပြောပြီးတာနဲ့ တန်းပြီး ဖုန်းချသွားခဲ့တာပဲ ….”

ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ ဧည့်ခံပွဲ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်းကို အကြမ်းဖျင်းမျှတော့ နားလည်ထားခဲ့၏။

ကြည့်ရသည်မှာ ဆမ်ဆောင်းအုပ်စု၏ လီယုံချောက ဥက္ကဌကျီအပေါ် မရိုးဖြောင့်သည့် စိတ်ကူးတို့ ရှိခဲ့ပြီး လင်းရီက ကြားဖြတ်ဝင်ရောက် နှောင့်ယှက်ခဲ့ကာ ၎င်းအား သင်ခန်းစာ ပေးခဲ့သည်။

ဆမ်ဆောင်း၏ လွှမ်းမိုးမှုအရ ၎င်းတို့ဘက်က ဤကိစ္စကို လိုက်လာမှာ သေချာသည်။

လင်းရီ၏ တရားစွဲခိုင်းသည့် ဆုံးဖြတ်ချက်က အသာစီး ရရှိစေမည့် ကြိုတင် လှုပ်ရှားမှုပင်။ ယင်းကို နားလည်ဖို့ မခဲယဉ်းပေ။

“ လင်းရီ တခြား ဘာပြောခဲ့သေးလဲ ….”

ချိုးယွီလော့၏ လေသံမှာ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။ လင်းရီက ဖုန်းဆက်နိုင်သေးသဖြင့် ဘေးကင်းနေသည်မှာ သေချာသည်။ စိုးရိမ်နေဖို့ မလိုအပ်တော့ချေ။

“ တခြား ဘာမှ ထပ်မပြောခဲ့ပါဘူး ….” ချီရှန်းကျောက် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် သူ့လေသံ နားထောင်ရတာတော့ အေးဆေး သက်သက်သာသာ ရှိနေပုံပါပဲ …. အန္တရာယ်တော့ မရှိလောက်ဘူး …”

“ အဲ့လိုဆို ကောင်းတယ်….” ချိုးယွီလော့ ရွှင်ပြသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ တကယ်လို့ အကြောင်းထူးရင်လည်း ကျွန်မဆီ အခုလိုလေး ဖုန်းဆက်လာခဲ့ပေးဦးနော် ….”

“ ဒါပေါ့ … ကျုပ် ဆက်လိုက်ပါ့မယ် ….”

ဖုန်းချပြီးနောက် ကားထဲရှိ သုံးဦးသားလုံး မတိုင်ပင်ထားဘဲနှင့် ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။

၎င်းတို့၏ စိုးရိမ်ပူပန်စိတ်ကို ချေဖျောက်နိုင်ခဲ့သော်လည်းပဲ လင်းရီ၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ကတော့ အဖြေရှာမရ ဖြစ်နေခဲ့ဆဲပင်။

ကလင် ကလင် ကလင် ….

ဖုန်းချပြီး မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် လျိုဟုန်၏ ဖုန်းက အသံမြည်လာသည်။ ကားမောင်းနေသည် ဖြစ်ရာ လျိုဟုန် တုံ့ဆိုင်းခြင်း မရှိ ဖုန်းကိုင်၍ စပီကာ ဖွင့်လိုက်သည်။

“ ဘော့စ် .. ပြင်သစ်မှာ ရှိတဲ့ ဖရီးမေဆင်ရဲ့ ထိန်းချုပ်ရေးစင်တာ မီးလောင်သွားပါတယ် …”

“ ဘာ ….”

ကားထဲရှိ သုံးဦးသားလုံး အဆိုပါ သတင်းကြောင့် ရှော့ခ်ရပြီး အေးခဲသွားခဲ့ကြသည်။

မစ်ရှင်၏ သဘောသဘာဝကြောင့် ထိန်းချုပ်ရေး အဆောက်အဦးက မည်သည်ကို ကိုယ်စားပြုနေသည်ကို သူမတို့ ကောင်းစွာ နားလည်ထားခဲ့ကြသည်။

ယင်းက ပဲရစ်ရှိ ဖရီးမေဆင် ဌာနချုပ်များထဲက တစ်ခု ဖြစ်၏။

လန်ဒန်ရှိ ဖရီးမေဆင် အဆောက်အဦးနှင့် တူညီသည့် အမှတ်သင်္ကေတကို သယ်ဆောင်ထားလေသည်။

“ လင်းရီ ဘာလုပ်နေလဲ ငါသိပြီ ….”

နင်ချဲ့ သူမ၏ ပေါင်ကို ဖြန်းခနဲ ရိုက်၍ ပြောလိုက်ပြီး “ လင်းရီက လန်ဒန်မှာ ရှိတဲ့ ဖရီးမေဆင် အဆောက်အဦးကိုပဲ ပစ်မှတ်ထားနေတာ မဟုတ်ဘူး … သူက တခြား ဌာနချုပ်တွေကိုပါ ဦးတည်နေတာ …”

“ အဲ့ကောင်တော့ ရူးနေပြီ ထင်တယ် …” ချိုးယွီလော့ ရွှတ်နောက်နောက်လေသံဖြင့် အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

“ ဘော့စ်လျို … ရှင်သူ့ကို ဒီလိုမျိုး တာဝန်ပေးမိလို့ နောင်တရလား ….” နင်ချဲ့ ကောက်ကျစ်သည့် အပြုံးလေးဖြင့် မေးမြန်းလိုက်၏။

“ နောင်တ … ဟုတ်လား … ရကို မရတာ ….” လျိုဟုန် လက်တစ်ဖက်ကို စတီယာရင် ဘီးပေါ် တင်ထားပြီး သူ့မျက်နှာထက်တွင်တော့ ကျေနပ်အားရနေသည့် အမူအရာတစ်ခုက ဖြစ်ပေါ်နေသည်။

“ ဒါက ငါလိုချင်တဲ့ ရလဒ် အတိအကျပဲ …. ငါတို့ အချိန်အကြာကြီး သိုသိုသိပ်သိပ်နဲ့ လှုပ်ရှားလာခဲ့ပြီးပြီ … ပြီးတော့ အဲ့တာကို ကမ္ဘာကြီးက ငါတို့ကို အနိုင်ကျင့်ရလွယ်တယ်ဆိုပြီး အထင်မှားနေကြတယ် … ဒါက လူတိုင်းကို မင်းဘာမင်း ဘာကောင်ကြီး ဖြစ်နေ ဖြစ်နေ ၊ တချို့ နေရာတွေက သွားထိလို့ မရဘူးဆိုတာ သတိပေးဖို့ အခွင့်အရေးကောင်းပဲ … “

“ ဒါပေမယ့် အခုလို လုပ်တာက ဖရီးမေဆင်ကို ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာနဲ့ အတူတူပဲနော်…”

“ တကယ်လို့ ဖရီးမေဆင်သာ မဟုတ်ခဲ့ရင် အဓိပ္ပာယ် မရှိတော့ဘူးလေ … ဟားဟားဟား ….” လျိုဟုန်၏ အားပါးတရ ရယ်မောသံကြီးက ကားထဲထွက်ပေါ်လာသည်။

“ ဒါပမေယ့် ငါတို့လည်း ဒီတိုင်း ထိုင်နေပြီး သူ့ကို လျှောက်ပြေးခိုင်းနေလို့ မဖြစ်ဘူး … အဲ့လိုဆို မတရားရာ ကျတာပေါ့ …. မင်းတို့လည်း ပြင်ဆင်ထားဖို့ လိုပြီ ….”

“ ဘာကို ပြောချင်နေတာ ….”

“ ကမ္ဘာ့အနှံ့မှာ ဖရီးမေဆင် ဌာနချုပ်က ခြောက်ခုရှိတယ် … အခု လန်ဒန်နဲ့ ပဲရစ်က ပြဿနာ တက်နေပြီ … တိုကျို ၊ ဆိုလ်း ၊ နယူးရော့ခ်နဲ့ Berghain(ဂျာမနီ) တို့ပဲ ကျန်တယ် … “ လျိုဟုန် ရှင်းပြလိုက်ပြီး “ တစ်ခြားနေရာတွေနဲ့ ယှဉ်ရင် နယူးရော့ခ်က ပိုပြီး တင်းတင်းကြပ်ကြပ် ရှိနေလောက်တယ် … သူ အဲ့မှာ အကူအင်အားတစ်ချို့ လိုလာမှာပဲ … ဒီတော့ နယူးရော့ခ်ကို သွားဖို့ ပြင်ထားကြ …”

“ နားလည်ပါပြီ ….”

………….

ပါစကယ် သမုဒ္ဒရာ။ မြောက်လတ္တီကျု 33 ဒီဂရီတွင် တိလိရာ့ကျွန်း တည်ရှိသည်။

တိလိရာ့ကျွန်း၏ အရပ်လေးမျက်နှာတွင် တောင်တို့ဖြင့် ပတ်လည်ဝန်းရံနေပြီး ခပ်လှမ်းလှမ်းသို့ လှမ်းမျှော်ကြည့်ရှုသော် ထူထဲသည့် မြူထုလွှာတစ်ခုက ဝန်းရံထားသည်။

ကောင်းကင်ထက်တွင်တော့ ပိတ်စကန့်လန့်ကာတစ်ခုနှယ် အုပ်မိုးနေသည့် အဖြူရောင်တိမ်စိုင်တို့ ရှိနေပြီး ၎င်း၏ ဆန်းကြယ်သည့် အရောင်ကာလာကို ထပ်ပေါင်းတိုးသွားစေသည်။

သို့သော် အဆိုပါ ဆန်းကြယ်သည့် ဒိုင်မန်းရှင်းအတွင်း၌ တိလိရာ့ကျွန်း တစ်ခုတည်းကသာလျှင် ဆိုစမှတ်ပြုရလောက်သည့်အရာ မဟုတ်ပါဘဲ အဂျီရာပိရမစ်များ၊ ပိုင်လာရာ တြိဂံနှင့် မေဟမ် လူ့အဖွဲ့အစည်းကြီး၏ ကြွင်းကျန်ရစ်သည့် အပိုင်းအစအနတို့လည်း တူညီသည့် ဒိုင်မန်းရှင်းတစ်ခုတည်းတွင် ရှိနေသည်။

အဓိက မြစ်ကြီးများဖြစ်သော ယန်ဇီမြစ် ၊ နိုင်းမြစ်၊ ယူဖရိတ် နှင့် မစ်စစ္စပီမြစ်ကြီးများသည်ပင် ဤနေရာနှင့် ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေခဲ့သည်။

ယနေ့မျက်မှောက်တွင် မည်သူကမျှ ထိုကဲ့သို့သော ထူးခြားသည့် ဖြစ်စဉ်ကို ရှင်းပြနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးသကဲ့သို့တိလိရာ့ကျွန်း၏ တည်နေရာကိုလည်း မည်သည့် အဖွဲ့အစည်း သို့မဟုတ် သတင်းမီဒီယာ တစ်ခုကမျှ ဖော်ပြဖူးခြင်း မရှိချေ။

ထို့ကြောင့် သာမန်လူတို့အဖို့ ကမ္ဘာကြီးထဲတွင် ဤကဲ့သို့သော နေရာတစ်ခု ရှိနေသည်ကို သိရှိခြင်းငှာ မတတ်နိုင်ကြတော့ပေ။ သို့သော် ကျွန်းပေါ်ရှိ သိပ္ပံပညာရှင်များနှင့် သုတေသန ပညာရှင်များ ၊ သို့မဟုတ် ဤကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်လာသူတို့အတွက်ကတော့ ဤနေရာကို တိလိရာ့ကျွန်းအစား အန္တိမကျွန်းဟု ခေါ်ဆိုရသည်ကို နေသားကျလာခဲ့ကြသည်။ ဤနေရာက သိပ္ပံနည်းကျ သက်သေပြနိုင်သည့် အလွန်တွင် တည်ရှိနေသည်။ နာမည်ကြီး သိပ္ပံပညာရှင်များဖြစ်သည့် အိုင်းစတိုင်းနှင့် နယူတန်တို့က ကမ္ဘာကြီးထဲတွင် ပိုပြီး စွမ်းအားကြီးသည့် ဖြစ်တည်မှုတို့ တည်ရှိနေကြောင်း ယုံကြည်နေခဲ့ကြသကဲ့သို့ပင်။

ယင်းက အမည်မသိ သဘောတရားအတွေးအခေါ် သို့မဟုတ် ကွမ်တန် မက်ကန်းနစ်၏ ဆန်းကြယ်သည့် တုံ့ပြန်မှုတို့ဖြစ်စေကာမူ Double-slit လက်တွေ့စမ်းသပ်မှုကဲ့သို့သော တစ်စုံတစ်ရာက လူသားတို့ သိရှိထားသည့်အရာသည် ရေခဲပြင် ထိပ်ဖျားလေးမျှသာ ရှိသေးကြောင်းကို သက်သေပြနေလျက်ရှိသည်။

သိပ္ပံပညာရှင်များ၏ တိလိရာ့ကျွန်းအပေါ် သိချင်စိတ်ပြင်းပြမှုက အဆိုပါ စမ်းသပ်မှုများအား ရူးသွပ်စွဲလမ်းမှုနှင့် အလားသဏ္ဌာန်တူသည်။ သို့တိုင် ယနေ့အထိ … သူတို့မှာ သဲလွန်စ မရရှိသေးဘဲ ဖြစ်နေလျက်ရှိသည်။

ထို့ကြောင့် ဆန်းကြယ်မှုပေးစွမ်းနေသည့် ဤကျွန်းကြီး၏ အရောင်ကာလာမျိုးစုံကို သူတို့ နေသားကျလာပြီး တစ်ချို့က ဤနေရာသည် လူသားမျိုးစိတ်တစ်ခုလုံး၏ … သို့မဟုတ် ကမ္ဘာကြီးတစ်ခုလုံး၏ နောက်ဆုံး မှတ်တိုင်တစ်ခု ဖြစ်လာနိုင်သည်ဟု ယုံကြည်နေခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် တိလိရာ့ကျွန်းက ကမ္ဘာကြီးတစ်ခုလုံး၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီးကို ကိုယ်စားပြုနေသောကြောင့်ပင်။

All Chapters