သူ့ရဲ့ ကံကြမ္မာက ဒီနေရာမှာ
Vol. 141 Ch. 2115
တိလိရာ့ကျွန်းတစ်ဝိုက်တွင် ဒါဇင်ကျော်သည့် စစ်ရေယာဉ်တို့က ရေပိုင်နက်ထဲတွင် လှည့်ပတ်သွားလာ ကင်းလှည့်နေကြပြီး အခြားသော မည်သည့် သီးသန့်အဖွဲ့အစည်းကမျှ ကျွန်းပေါ်တွင် အခြေချနိုင်ခြင်း မရှိစေရန် ကာကွယ်ထားပေးသည်။
၎င်း၏ ထူးခြားဆန်းကြယ်သည့် သဘောသဘာဝအပြင် ကျွန်းပေါ်၌ မစ်ရှင် လာရောက် ထမ်းဆောင်ကြသည့် စစ်သည်စစ်သားလည်း အများအပြား ရှိပြီး ယင်းက မျိုးနွယ်စုလေးများကဲ့သို့သော အစုအဝေးငယ်လေးများအား ဖြစ်ပေါ်လာစေသည်။
နိုင်ငံတစ်ခုချင်းစီတွင် ၎င်းတို့၏ သီးသန့် ဧရိယာ တစ်ခုစီ ပိုင်ဆိုင်ထားပြီး ခွင့်ပြုချက် မရှိပါဘဲနှင့် မည်သူကမျှ အခြားနိုင်ငံ ပိုင်နက်ထဲသို့ ဝင်ရောက်ကျူးကျော်ခွင့် မရှိပေ။
သို့သော် အများသူငှာ အသုံးပြုနိုင်သည့် ကျွန်း၏ အခြားသော ကျန်သည့် နေရာများတွင်တော့ လူတို့ ယောက်ယပ်ခတ် စည်ကားနေသည်။ သို့ပေမယ့်လည်း အထပ်နိမ့် အဆောက်အဦးများသာ ဖြစ်ကာ နှစ်ထပ်ကျော်သည့် အဆောက်အဦးကြီးတို့က လက်ချိုးရေတွက်၍ ရ၏။
လေထုအခြေအနေကတော့ အရှေ့အလယ်ပိုင်း မကြာခဏ စစ်မက်ဖြစ်ပွားလေ့ရှိသည့် နိုင်ငံတို့နှင့် ထူးမခြားနားပင်။
အများသူငှာ ရောင်းဝယ်ခွင့်ပြုထားသည့်ဇုန်ရှိ အထပ်နိမ့် အဆောက်အဦး တစ်ခုထဲတွင် ထူထဲကြမ်းတမ်းသည့် မုတ်ဆိတ်မွေးတို့ဖြင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် စားပွဲတစ်ခုတွင် ထိုင်နေသည်။ သူ့ရှေ့တွင်တော့ စားသောက်ပြီးသည့် ဟင်းပန်ကန်တို့က များစွာ ပြန့်ကျဲနေလျက် ရှိပြီး လက်ထဲတွင်လည်း ဗော့ဒ်ကာ တစ်ပုလင်းကို ကိုင်ထားသည်။ ရံဖန်ရံခါတွင် အားပါးတရ အကြိုက်မော့နေလေ့ရှိပြီး သာမန်ဆန်သော်ငြား ချဉ်းကပ်ရမလွယ်ကူသည့် လေထု အငွေ့အသက်ကို ထုတ်လွှတ်နေလျက်ရှိသည်။
ဤလူကတော့ လင်းကျင်ကျန့်ကလွဲ၍ အခြားသူ မဟုတ်ပေ။
လင်းကျင်ကျန့်နှင့် မျက်နှာချင်းဆိုင်တွင် စားလိုက်၊ သောက်လိုက် ပြုနေသည့် လူတစ်ဦးရှိပြီး ထိုလူကတော့ စုန့်ကျင်းမင် ဖြစ်၏။ သို့သော် သူ့လက်တစ်ဖက်ကတော့ ဖုန်းပွတ်ရင်း အလုပ်များနေသည်။
“ အဲ့ဒီ အမေရိကန်တွေ ဒိုလီတောင်ကြားမြစ်ကို ဖြတ်ပြီးသွားပြီ … ငါကြားမိတာတော့ သုံးယောက်သေသွားတယ်ဆိုလား …” စုန့်ကျင်းမင် ဖုန်းကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
“ သုံးယောက်တည်းလား …” လင်းကျင်ကျန့် အံ့အားသင့်သည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်၏။ “ အဲ့မြစ်ထဲက မိချောင်းတွေ ဥပုသ်စောင့်နေတယ်လို့လည်း ငါ မကြားမိပါဘူး …”
“ အခုတလော အမေရိကန်ရဲ့ အနေအထားက တော်တော်လေး အားကောင်းနေတယ် … သူတို့ရဲ့ အင်အားလည်း အတော်လေး တိုးတက်လာနေပြီ … ငါ့အထင်တော့ ဒါတွေ အကုန်လုံးက စီအဆင့် သွေးရည်ကြည်ကြောင့်ပဲ ဖြစ်ရမယ် …”
“ ဖရီးမေဆင်က ထုတ်လုပ်နေတဲ့ ပစ္စည်းကို ပြောနေတာလား …”
စုန့်ကျင်းမင် ခေါင်းညိတ်လိုက်သည်။ “ သွေးရည်ကြည်ကလွဲပြီး အဲ့လိုမျိုး ခွန်အားတိုးမြင့်ပေးနိုင်တဲ့ တခြား ပစ္စည်း ရှိသေးလို့လား …”
လင်းကျင်ကျန့် ခေတ္တမျှကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် စကားပြောဆိုလာခဲ့သည်။
“ သူတို့ အရင်ရှာပါလေ့စေ … သူတို့တွေ ဒိုလီတောင်ကြားမြစ်ကို ဖြတ်နိုင်ထားဦး တောအုပ်ထဲက လမ်းလျှောက်လို့ လွယ်တာ မဟုတ်ဘူး … တောအုပ်အပြင်လိုမျိုး အေးအေးဆေးဆေး နေရင်တော့ ဖျားသွားလိမ့်မယ် ….”
“ အင်း ... သူတို့ကို အရင်ဦးဆုံး စမ်းသပ်ခိုင်းလိုက်တာကလည်း မဆိုးဘူးပဲ …”
နှစ်ယောက်သား စကားပြောဆိုနေစဉ် စစ်ဝတ်ယူနီဖောင်းနှင့် အမျိုးသမီး တစ်ဦးက အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။
ကပိုကရို ဖြစ်နေသည့် ဆံပင်နှင့် မိတ်ကပ်မလူးထားသော်ညားလည်း သူမ၏ ခန္ဓာကိုယ်က အရိုင်းဆန်ပြီး ကြမ်းတမ်းသည့် အလှတရားတို့အား ထုတ်လွှတ်နေလျက် ရှိသည်။
ထို အမျိုးသမီး၏ နာမည်က မီရာဖြစ်ပြီး ကုတ်နေမည်ကတော့ “ Ace of Hearts “ ပင်။
“ ခေါင်းဆောင် … အပြင်ကမ္ဘာရဲ့ ဥရောပဘက်ခြမ်းမှာ စိတ်ဝင်စားဖို့ကောင်းတာတော့ ဖြစ်သွားခဲ့ပြီ … လန်ဒန်နဲ့ ပဲရစ်မှာ ရှိတဲ့ ဖရီးမေဆင်ရဲ့ အဆောက်အဦးတွေ အကုန် မီးလောင်ကုန်ပြီ ….”
“ အဆောက်အဦးတွေ မီးရှို့ခံလိုက်ရတာလား ..” စုန့်ကျင်းမင် မျက်ခုံးပင့်၍ မေးမြန်းလိုက်ပြီး “ တစ်ချိန်တည်းမှာ နှစ်ခုဆက်တိုက် မီးလောင်သွားတယ်ဆိုတော့ .. ကြည့်ရတာ တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူးထင်တယ်…”
“ ကျိန်းသေပေါက်ပဲပေါ့ ….. အဲ့တာကို ပြောဖို့ လိုသေးလို့လား …” မီရာ ပြန်ဖြေလိုက်ပြီး “ အဲ့ဒီ အဆောက်အဦးတွေက ဖရီးမေဆင်အတွက် တန်ကြေး ဘယ်လောက်မှ မရှိဘူးဆိုပေမယ့် သူတို့ရဲ့ အမှတ်သင်္ကေတတွေ ဖြစ်နေသေးတုန်းပဲလေ … နှစ်ခုဆက်တိုက် မီးရှို့ခံလိုက်ရတာက ဘယ်လိုပဲကြည့်ကြည့် စိတ်ဝင်စားဖို့ကောင်းတယ် …”
“ အမှန်ပဲ …” လင်းကျင်ကျန့် အမှုမထားသည့် မျက်နှာအမူအရာဖြင့် သွားကြားထိုးနေပြီး “ လက်ရှိ ကမ္ဘာကြီးမှာ ဖရီးမေဆင်ကို အဲ့လို မျက်နှာဖြတ်ရိုက်ဝံ့တဲ့ လူတွေ ဘယ်နှယောက်မှ မရှိဘူး … ဖာမီ .. အဲ့ဒီ သက်ကျားအိုကြီးကတော့ သူတို့ထဲက တစ်ယောက်ပေါ့ …”
“ ဘယ်သူလုပ်တယ်လို့ ထင်လဲ …” စုန့်ကျင်းမင် သာမန်လေသံဖြင့် မေးလိုက်၏။
“ သဲလွန်စ မရှိသေးဘူး …” မီရာ ပခုံးတွန့်ပြလိုက်ပြီး ထို့နောက် သူမ၏ အကြည့်က လင်းကျင်ကျန့်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။ “ ဒါပေမယ့် တိုက်ဆိုင်မှု တစ်ခုတော့ ရှိတယ် …”
“ ဘာလဲ…” လင်းကျင်ကျန့် များများစားစား စိတ်ဝင်စားမှု မရှိပါဘဲ မေးမြန်းလိုက်သည်။
“ လန်ဒန်က ဖရီးမေဆင် အဆောက်အဦးတွေ မီးမလောင်ခင် ခေါင်းဆောင်ရဲ့သားကို ဟိဒ့်ပန်းခြံရဲ့ မန်ဒရင်း အော်ရီရန်တယ် ဟိုတယ်မှာ တွေ့လိုက်ရတယ် …”
“ ဟင် … သူက အဲ့ဒီကို ဘာသွားလုပ်တာ …”
ဤသည်ကို ကြားတော့ လင်းကျင်ကျန့်နှင့် စုန့်ကျင်းမင်တို့၏ မျက်ဝန်းတို့မှာ ချက်ချင်း လေးနက်သွားခဲ့ကြသည်။
“ မနှစ်တုန်းက ဟွာရှနည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ လင်းယွင်အုပ်စုက လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်ခဲ့တယ်လေ… အစိုးရရဲ့ ပံ့ပိုးပေးထားမှုနဲ့ semiconductor ထောက်ပံ့ရေးကွင်းဆက်ကြီး တစ်ခုလုံးကို တည်ဆောက်နေကြပြီ … ဒါပေမယ့် ဟွာရှနဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ကမ္ဘာ့ရဲ့ တချို့ ထိပ်တန်း semiconductor ကုမ္ပဏီကြီးတွေက လင်းယွင်အုပ်စုကို ဖယ်ရှားဖို့ဆိုပြီး သဘောတူညီချက် အသစ်တွေ စုပေါင်းလက်မှတ်ရေးထိုးဖို့ လုပ်ကြတယ် … အဲ့ကိစ္စနဲ့ သူ အဲ့ဒီကို ရောက်နေတာလေ ….” မီရာ ရှင်းပြလိုက်သည်။
“ အိုး … ပြီးတော့ တခြားတစ်ခုလည်း ရှိသေးတယ် …” သူမ ဆက်ပြီးပြော၏။ “ ဆမ်ဆောင်းရဲ့ အမွေဆက်ခံသူ လီယုံချောလည်း အဲ့ပွဲကို တက်တယ် … ခေါင်းဆောင်ရဲ့သားကလည်း သူ့ကို ဓားနဲ့ထိုးလိုက်တယ် .. ကျီချင်းရန်ဆိုတဲ့ မိန်းကလေးအပေါ် တစ်ချို့စိတ်တွေ ရှိနေခဲ့မိလို့နဲ့ တူပါတယ် …”
လင်းကျင်ကျန့် တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီးနောက် ကျယ်လောင်စွာ ဟားတိုက် ရယ်မောမိလိုက်သည်။
“ မြင်လား … အဲ့တာမှ ငါ့သားလို့ ခေါ်တယ် … ဆမ်ဆောင်းရဲ့ အမွေဆက်ခံသူကိုတောင် ဓားနဲ့ထိုးတာ လက်မတွန့်သွားဘူး …”
“ ကျစ် … စိတ်ငြိမ်ငြိမ်ထားစမ်း … အဲ့ဒါက အဓိက အချက် မဟုတ်သေးဘူး…” စုန့်ကျင်းမင် ကြားဖြတ်ပြောဆိုလိုက်ပြီး “ ငါတော့ အဲ့ကောင်လေး လန်ဒန်မှာ ပေါ်လာခဲ့တာ တိုက်ဆိုင်တယ်လို့ မထင်ဘူး … မီးရှို့တဲ့ကိစ္စက သူ့လက်ချက် ဖြစ်နေနိုင်တယ် …”
“ သေချာပေါက်ပဲပေါ့ … ထပ်ပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာ …” လင်းကျင်ကျန့် ယုံကြည်ချက် အပြည့်ဖြင့် တုံ့ပြန်လိုက်သည်။
“ ဖရီးမေဆင်အပေါ် လက်ရွယ်ဝံ့တဲ့ အဖွဲ့အစည်းကြီးတွေ အများကြီး မရှိဘူး … ကျုံးဝေ့တပ်ဖွဲ့က အဲ့ဒီထဲက တစ်ခုပဲ … ပြီးတော့ အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာ ရှင့်သား ပေါ်ပေါက်လာတာကို ကြည့်ရင် သူက တရားခံ ဖြစ်ဖို့ အများဆုံးပဲ … ဒါပေမယ့် ဒီမှာ မေးစရာရှိတာက သူက ဘာကြောင့် အဲ့လိုလုပ်ရတာလဲ …”
မီရာ သူမ၏ ကိုယ်ဟန်ကို ချိန်ညှိ၍ ပြောဆိုလိုက်ပြီး “ ဝင်ဒီဘီနဲ့ လီယုံချောက ဖရီးမေဆင်နဲ့ ဆက်နွယ်နေတာကို သူသိရင်တောင် အဲ့ဒါကလည်း စီးပွားရေး ပြဿနာပဲလေ … ဒီလောက်ထိ ပြင်းပြင်းထန်ထန် တုံ့ပြန်စရာ အကြောင်းမှ မရှိတာ … သူ့လုပ်ပုံက နည်းနည်းလေး …. အောက်တန်းကျ ----”
“ ငါတို့ မြင်နေတာ အပေါ်ယံလောက်ပဲ… သူ့မှာ ဒီထက်ပိုတဲ့ ဇာတ်လမ်းတွေ ရှိနေလောက်တယ် … “ လင်းကျင်ကျန့် ပြောလိုက်ပြီး “ ငါမှန်းကြည့်တာတော့ ဖရီးမေဆင်က ကျုံးဝေ့တပ်ဖွဲ့ကို တစ်နည်းနည်းနဲ့ အပြစ်ပြုမိပြီး သူတို့အဲ့ဒီအတွက် လက်စားလာချေတာပဲ ဖြစ်ရမယ် …”
ထောက် …
စုန့်ကျင်းမင် စီးကရက် မီးညှိလိုက်ပြီး “ သူ့ စရိုက်နဲ့ဆို နေရာနှစ်နေရာကို မီးရှို့တာက အစပိုင်းပဲ ရှိလောက်ဦးမယ် …”
“ သူ့ပျော်သလို လုပ်ပါစေ … ငါတို့ကတော့ ဒီတိုင်း ထိုင်ကြည့်ကြတာပေါ့ …” လင်းကျင်ကျန့် စိုးရိမ်စိတ်မရှိပါဘဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ ဒါပေမယ့် မဒမ်သာ ဒီကိစ္စ သိသွားခဲ့ရင် ရတက်မအေး ဖြစ်နေလောက်မယ်နော်.. ရှင့်ဆီ အကူအညီ တောင်းလာလောက်တယ် …” မီရာက အစမ်းသဘော လေသံဖြင့် ပြောဆိုလိုက်သည်။
“ အင်း ….” လင်းကျင်ကျန့် ခေတ္တကြာအောင် တုံ့ဆိုင်းမိသွားခဲ့သည်။ “ ယုတ္တိကျကျပြောကြေးဆိုရင်တော့ သူ မလုပ်ဘူး … သူ့ရဲ့ လင်းရီအပေါ် ထားတဲ့ စံနှုန်းတွေက အတော်မြင့်တယ် … တကယ်လို့ အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှ မဟုတ်ရင် ငါ့ဆီ အကူအညီ တောင်းလာမှာ မဟုတ်တာ သေချာတယ် …”
မီရာနှင့် စုန့်ကျင်းမင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးလုံးက အမှုမထားသည့် အမူအရာများ ပြသနေခဲ့ကြသည်။
“ အမှန်အတိုင်းပြောရရင် ငါတောင် သူ့ကို အားကျလာပြီ … မီးတွေ လိုက်ရှို့ရတာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းထားလဲ ….” စုန့်ကျင်းမင် ပြုံးလျက် ဆိုလိုက်၏။
“ ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်နေနိုင်တယ်နော်…” မီရာ ပြောလိုက်သည်။
“ ဘယ်လို အခွင့်အရေးမျိုးကို မင်းက ပြောနေတာ …” လင်းကျင်ကျန့် သူမအား ကြည့်ပြီး မေးလိုက်သည်။
“ ဖရီးမေဆင်ကို အားနည်းသွားစေမယ့် အခွင့်အရေးလေ …” မီရာ ရှင်းပြလိုက်ပြီး “ ကမ္ဘာ့အရေးက ပိုပိုပြီး ပရမ်းပတာဆန်လာပြီ … ဖရီးမေဆင်၊ မာမွန် ၊ သိန်းငှက်ရိမ်းဂျား၊ ဘလိုင်ဒါဘာ့ဒ် ကလပ်နဲ့ နွားရိုင်းသွေး မျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေက ပိုပိုပြီး ပြင်းထန်လာနေပြီ …”
“ အဲ့ကိစ္စကြောင့် အသေးစား နိုင်ငံငယ်လေးတွေက ကျွန်းပေါ်မှာ သူတို့ရဲ့ ပိုင်နက်က တဖြည်းဖြည်း ကျုံ့လာတာကို သတိထားမိလာနေပြီ .. သန်မာတဲ့ အင်အားကို ခုခံဖို့ဆို အားနည်းသူတွေက နောက်ကွယ်မှာ တိတ်တိတ်လေး မဟာမိတ် ဖွဲ့ဖို့ လုပ်နေကြပြီ … အခြေအနေက ပိုပြီး ပရမ်းပတာ ဆန်သထက် ဆန်လာဖို့ပဲ ရှိတယ် …”
“ ဒီကောင်တွေက တကယ်ကို မျက်နှာသာ မပေးကြဘူးပဲ …” လင်းကျင်ကျန့် ရယ်သွမ်းလိုက်ပြီး “ ငါ့သားက ကျွန်းပေါ်ကို ခြေတောင်မချရသေးဘူး … ဒီကောင်တွေက ကြိုတင်လှုပ်ရှားနေကြပြီပေါ့ …”
စုန့်ကျင်းမင်သည် လင်းကျင်ကျန့်အား တစ်ချက်ကြည့်လိုက်သည်။ “ မင်းက သူ့ကို ဒီလိုနေရာမျိုးဆီ တကယ် လာစေချင်တယ်ပေါ့ … မင်းတို့ ဟွာရှန့်တွေက အမြဲတမ်း မိန်းမရယ် ၊ ကလေးရယ် ၊ နွေးထွေးတဲ့အိပ်ရာလေး တစ်ခုရယ်ဆိုပြီး ပြောနေကျ မဟုတ်ဘူးလား … “
“ ဒါပေမယ့် မင်း သိထားရမှာက ….” လင်းကျင်ကျန့်သည့် အရှေ့ဘက် မိုးကုပ်စက်ဝိုင်းကြီးထံ လှမ်းမျှော် ကြည့်ရှုရင်း “ ဟွာရှမှာ ကံကြမ္မာဆိုတဲ့ စကားတစ်ခု ရှိတယ် …”
“ သူ့ရဲ့ ကံကြမ္မာက ဒီနေရာမှာ ရှိနေဖို့ပဲ … ပြီးတော့ ဘယ်သူမှ အဲ့တာကို တားမြစ်လို့ မရဘူး …”
စာစဉ် (၁၄၁)ပြီး၏။