← Chapters

တွေ့ဆုံစကားဝိုင်း

Vol. 141 Ch. 2103

တွေ့ဆုံစကားဝိုင်း

Vol. 141 Ch. 2103

ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီးနောက် လင်းရီသည် လျန်ရူရွှယ် အပေါ် ခြုံထားပေးသည့် စောင်ကို သေချာစွာ ပြုပြင်ပေးလိုက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့၏။ ပေါက်စီအနည်းငယ် ဝယ်ပြီးသည့်နောက်တွင် တက္ကစီတစ်စင်းငှားရမ်းကာ လေဆိပ်သို့ ဦးတည်လာခဲ့လေသည်။

လင်းရီ ရောက်လာခဲ့သည့် အချိန်၌ လော့ချီကို ချက်ချင်း ဆက်သွယ်လိုက်ပြီး သူမနှင့် လေဆိပ် ဝင်ပေါက်ဝတွင် တွေ့ဆုံသည်။

“ အစ်ကိုရီ .. ရှင် ရောက်လာပြီပဲ ….”

လော့ချီက ပုံမှန်အတိုင်းသာ ဝတ်ဆင်ထား၏။ ဂျင်းအတိုနှင့် အဖြူရောင်ရှပ်တွင် အင်္ဂလိပ်စာလုံးများ ရေးထိုးထားသည့် အင်္ကျီကို ဝတ်ဆင်ထားပြီး လီနင်စီးတီးနိုင်း စနိကာကို စီးနင်းထားခဲ့ကာ အင်ပြည့်၊အားပြည့် အသွင် ဖြစ်ပေါ်နေသည်။

“ ခဏလောက် ထပ်စောင့်ရအောင် … တခြားလူတွေလည်း လာတဲ့လမ်းမှာ ရောက်နေပြီ … ခဏလောက်ဆို ဒီရောက်လာတော့မယ် ….”

“ အစ်ကိုရီ … ကျွန်မ ကြားမိတာ ဆန်းကြယ်တဲ့ အဲ့ဒီအဖွဲ့အစည်းက ဖရီးမေဆင်ကဆို …..” လော့ချီ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလာခဲ့၏။

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ တစ်နေ့ကပဲ အဲ့ကောင်တွေ ကျုံးဝေ့တပ်ဖွဲ့ထဲ ရောက်လာပြီး ပြဿနာ လာရှာသွားသေးတယ် … အခု သူတို့ဖော်တဲ့ဆေး သူတို့ပြန်ကျွေးမလို့ …”

“ ဟုတ်လား … ဘယ်လိုမျိုး လုပ်ကြမှာလဲ …..”

“ လန်ဒန်က ဒီရက်ပိုင်း ရာသီဥတု နည်းနည်းအေးတယ်ဆိုတော့ သူတို့ကို မီးဖိုပေးကြတာ‌ပေါ့ …”

(မီးဖိုပေး = မီးမွှေးပေး)

လော့ချီ ကြက်သီးဖြန်းသွားခဲ့၏။ အစ်ကိုရီက မည်သည့်အရာကို လုပ်ဖို့ စီစဉ်နေလဲ သူမ မသိသော်ငြားလည်း တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်တော့မှာကိုတော့ မြင်ယောင်မိနေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးလည်း သူမတို့၏ ကိုယ်စီ အသင်းသားများဖြင့် လေဆိပ်သို့ ရောက်လာခဲ့ကြသည်။ ထို့နောက် လေယာဉ်ပေါ်သို့ အတူတက်ကြ၏။

လူတိုင်းက ပုံမှန် အတိုင်းသာ ဝတ်ဆင်ထားခဲ့ကြပြီး အပျော်ခရီး ထွက်မည့်လူများနှင့်ပင် ဆင်တူနေသေး၏။

ဤသည်ကလည်း မလိုလားအပ်သည့် အာရုံစိုက်မှုများကို ရှောင်ကြဉ်ရန်အတွက် လိုအပ်သည့် အချင်းအရာတစ်ခုပင်။

First – class တစ်ခန်းလုံးကို ဘွတ်ကင်ယူထားခဲ့သဖြင့် ပရိုက်ဗစ်စီကတော့ သူတို့တွင် ပေါပေါများများ ရှိသည်။ အုပ်စုက လာမည့် မစ်ရှင်အတွက် အသေးစိတ် အကြောင်းအရာများကို ဆွေးနွေးရန်အတွက် ခေါင်းချင်းဆိုင်လိုက်ကြ၏။

“ ငါတို့ရဲ့ ဒီတစ်ခေါက် မစ်ရှင်က ဖရီးမေဆင်ရဲ့ ရုံးချုပ်တွေကို မီးရှို့ဖို့ပဲ … အတော်လေး ရိုးစင်းတဲ့ တာဝန်လို့ ပြောလို့ ရတယ် … ဒီတော့ ဘာမှ ဖိအားများနေစရာ မလိုဘူး … အလည်ခရီး ထွက်လာတယ်ပဲ သဘောထားကြ ….” လင်းရီ ပြောလိုက်သည်။

“ ခေါင်းဆောင်လင်း …. မီးရှို့ဖို့က မခက်ခဲဘူး … ဒါပေမယ့် ဖရီးမေဆင်ရဲ့ ရုံးချုပ်ဆိုမှတော့ ဒီတိုင်း အကာအကွယ်တွေ မချထားဘဲ ဟာလာဟင်းလင်းကြီး ပစ်ထားပါ့မလားဆိုတာတော့ တွေးချင်စရာပဲနော် … အခုက အများသူငှာတွေလည်း ဝင်လို့ ရတဲ့ နေရာဆိုပေမယ့် သူတို့အတွက် အရေးကြီးတဲ့ အထိန်းအမှတ် သင်္ကတလည်း ဟုတ်နေသေးတယ် … အဲ့ဒီမှာ အပြင်လူတွေ သတိမထားမိလောက်တဲ့ လုံခြုံရေး ကာကွယ်မှုတွေ ရှိနေလောက်မယ်လို့ ကျုပ်တော့ ထင်တယ် ….”

ပြောလိုက်သူက အသင်း ၂ အသင်းဝင် လီဖန်းဖြစ်သည်။

“ အဲ့တစ်ချက်ကိုလည်း ထည့်စဉ်းစားထားပြီးပြီ … ငါတို့ မဆင်မခြင် လှုပ်ရှားလို့ မဖြစ်ဘူး … အရင်ဆုံး ဘုရားကျောင်းရဲ့ မြေပြင်အခြေအနေကို စုံစမ်းရမယ် …”

“ ပြဿနာ မရှိဘူး … အဲ့ကိစ္စ ငါတို့နဲ့ လွှဲထားလိုက် ….” ချိုးယွီလော့ ပြောလိုက်သည်။

“ ငါလည်း သိချင်နေတာ ... ဖရီးမေဆင်က လန်ဒန်မြို့ထဲမှာ သူတို့ရဲ့ တိုက်ခိုက်ရေး အင်အားစုတွေ ဖြန့်ကျက်ထားမလား မသိဘူးနော်… တကယ်လို့ အဲ့လိုသာဆိုရင် ငါတို့ရဲ့ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်လာနိုင်တယ် …” နင်ချဲ့ ပြောလိုက်သည်။ “ နောက်ပြီး ဖရီးမေဆင်ရဲ့ အာဏာနဲ့ လွှမ်းမိုးမှုအရဆိုရင် သူတို့ရဲ့ အကြံအစည် မအောင်မြင်တာကို သိပြီးလောက်ပြီ … ဒီတော့ လုံခြုံရေးတွေ တိုးမြင့်ထားရင် ငါတို့အပေါ် သိသိသာသာကြီး ခြိမ်းခြောက်နိုင်စွမ်းရှိတယ် ….”

“ အဲ့ကိစ္စ မပူနဲ့ … လော့ချီနဲ့ ငါက မီးရှို့မယ့် ကိစ္စကို ကိုင်တွယ်လိုက်မယ် … မင်းတို့ အလုပ်က ဘုရားကျောင်းရဲ့ အတွင်းပိုင်းနဲ့ ပတ်ဝန်းကျင် အခြေအနေကို စုံစမ်းပေးပြီး ငါတို့ကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးဖို့ပဲ ….”

“ အိုကေ … ပြဿနာ မရှိဘူး …”

နောက်ထပ် နာရီ အနည်းငယ် ကြာသည့်တိုင် အုပ်စုက သူတို့၏ အစီအစဉ်ကိစ္စများကို ဆက်လက် ဆွေးနွေးနေခဲ့ကြပြီး အမှတ်မထင် ဖြစ်ပေါ်လာသည့် မတော်တဆမှုများ မရှိစေရန် ပြင်ဆင်နေခဲ့ကြသည်။

“ စကားမစပ် … ငါ မေးမယ် မေးမယ်နဲ့ မေ့နေတာ …” လင်းရီ ပြောလိုက်ပြီး “ ဖန့်ကျင်းရော ဘယ်လိုဖြစ်သွားပြီလဲ ….”

“ သေဒဏ်ပဲပေါ့ …” နင်ချဲ့ ပြောလိုက်ပြီး “ သူ့မိသားစုလည်း ဒီထဲ ပါဝင်ပတ်သက်နေတယ်လေ … သူတို့ကို ထောင်သွင်း အကျဉ်းချတဲ့အထိ မလုပ်ဘူးဆိုပေမယ့် သူတို့ရဲ့ အနာဂတ်တွေ ပျက်စီးသွားပြီ … သူတို့ လုပ်သမျှ အရာရာတိုင်းမှာ ကန့်သတ်ချက်တွေ ရှိနေတော့မှာ ….”

လင်းရီ များများစားစား မဆိုဘဲ ခေါင်းညိတ်လိုက်သည်။ ဤရလဒ်က ကျုံးဝေ့တပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းတို့နှင့် ကိုက်ညီနေသည်။

“ တန်တယ် … နည်းတောင် နည်းသေးတယ် … တကယ့်တကယ် သနားဖို့ကောင်းတာက ခေါင်းဆောင်လီပဲ …” ချိုးယွီလော့‌ ပြောလိုက်ပြီး “ သူသာ အမြင်လျှမ်းပြီး ဖန့်ကျင်းကို သော့ပွားဖို့ အခွင့်အရေး မပေးခဲ့ရင် ဒီလို အခြေအနေမျိုးတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး … နောက်ဆုံးတော့ သူလည်း ရာထူးကနေ ဖယ်ရှားခံလိုက်ရတယ်လေ… “

“ တကယ်ကြီးလား … တကယ်လို့ ခေါင်းဆောင်လီရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် မင်းတို့ ငါ ရောက်လာတဲ့ အချိန်အထိ တောင့်ခံနိုင်မှာ မဟုတ်တာကို သူလည်း အကျိုးခံစားခွင့် တစ်ချို့တော့ ရဖို့ ထိုက်တန်ပါတယ်ဟ ….”

“ ကျုံးဝေ့တပ်ဖွဲ့ ကိုင်တွယ်တဲ့ နည်းလမ်းတွေက အဲ့လိုမျိုးပဲလေ …” ချိုးယွီလော့ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် အလုပ်ထုတ်ခံလိုက်ရတာတော့ မဟုတ်ပါဘူး … ဒီတိုင်း တခြား ဌာနတစ်ခုကို ရွှေ့ပြောင်းခံလိုက်ရရုံပါပဲ … တကယ်လို့ သူသာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်မယ်ဆိုရင်တော့ နဂိုနေရာကို ပြန်ရောက်ရင် ရောက်နိုင်မှာပါ … နင် ပြောခဲ့သလိုမျိုး သူ့ရဲ့ အကျိုးဆောင်မှုတစ်ချို့ကလည်း ရှိနေသေးတာကိုး ….”

“ လူသားဆန်မှု နည်းနည်းတော့ ရှိနေသေးသားပဲ … မဟုတ်ရင် သူ ကြိုးပမ်းထားခဲ့တာတွေ အကုန်လုံး အချည်းနှီး ဖြစ်သွားခဲ့ရတော့မှာ ….”

“ အင်းနော် …. သနားဖို့ကောင်းလိုက်တာ ….”

ကျုံးဝေ့တပ်ဖွဲ့အကြောင်း ပြောဆိုပြီးနောက်တွင် လူတိုင်းက ကိုယ်စီ ထိုင်ခုံများသို့ ပြန်ရောက်သွားခဲ့ကြပြီး စစ်ဆင်ရေး၏ နောက်ခြေလှမ်းများအကြောင်း အတွေးနက်နေခဲ့ကြသည်။

ဆယ့်နှစ်နာရီခန့် ကြာပြီးနောက်တွင် သူတို့၏ လေယာဉ်က လန်ဒန် လေဆိပ်သို့ ဆင်းသက်လာသည်။ အသင်းက တာမင်နယ်ထဲကနေ အုပ်စု အသေးလေးများ ဖွဲ့၍ ထွက်လာခဲ့ကြပြီး ကြိုတင် ဘွတ်ကင်ယူထားခဲ့သည့် ဆေဗရီ ဟိုတယ်သို့ ထွက်လာခဲ့ကြသည်။

ဟိုတယ်က နေရာကောင်းတွင် တည်ရှိပြီး အနီးပတ်ဝန်းကျင်တွင် ပြတိုက်များ ၊ အထင်ကရနေရာတို့နှင့် ဝန်းရံနေသည်။ ယင်းက လန်ဒန်ရှိ ဟိုတယ်များထဲ လက်ဇရီအဆန်ဆုံး ဟိုတယ်များထဲက တစ်ခုပင်။ ဈေးအသက်သာဆုံး အခန်းတစ်ခုသည်ပင် ပေါင်ငါးရာ နီးနီး ပေးရ၏။ မည်သည့် ကမ္ဘာ့ငွေကြေးနှင့်မဆို ဤသည်က အတော်လေး မတန်တဆဈေးနှုန်းပင်။

ဟိုတယ်သို့ ရောက်သည်နှင့် အသင်း သုံးသင်းမှာ ကိုယ်စီ လမ်းခွဲသွားခဲ့ကြပြီး ၎င်းတို့ အချင်းချင်း မရင်းနှီးသကဲ့သို့ ဟန်ဆောင်နေခဲ့ကြ၏။

မစ်ရှင် အသေးစိတ်ကတော့ အသင်းခေါင်ဆောင်များ၏ တာဝန်ပင်။

နေရာထိုင်ခင်း အခြေချပြီးသည့်နောက် လော့ချီက အပြင်သို့ ထွက်သွားခဲ့ပြီး လင်းရီကတော့ ချီရှန်းကျောက်ထံ ဖုန်းခေါ်လိုက်သည်။

“ ဥက္ကဌလင်း ….”

“ မင်း လန်ဒန်မှာလား ….”

“ အင်း … ဒီမှာ နိုင်ငံတကာ Semiconductor ညီလာခံ တစ်ခု ရှိနေလို့လေ … ဒါရိုက်တာရှန်းနဲ့ ကျုပ်လည်း အဲ့ဒီအတွက် ရောက်လာခဲ့တာပဲ ….”

“ မင်းတို့ အခု ဘယ်မှာလဲ … ငါလည်း လန်ဒန်ရောက်နေတာ … ထမင်းအတူ စားကြတာပေါ့ ….”

“ အဲ့တာဆို ကောင်းတာပေါ့ … ဥက္ကဌလင်းက ဘယ်နားလေးမှာလဲ … ကျုပ် လာကြိုလိုက်မယ် …ဒါရိုက်တာရှန်းကိုရော ခေါ်ခဲ့ရဦးမလား ….”

“ ဒါရိုက်တာရှန်းက နည်းပညာဘက်ခြမ်းကို အာရုံစိုက်ထားတဲ့လူဆိုတော့ ကုမ္ပဏီကိစ္စတွေ ဆွေးနွေးဖို့ သူ့ကို ခေါ်စရာ မလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ ငါ အခု ဆေဗရီ ဟိုတယ် အခန်း 409 မှာ ….”

“ နားလည်ပြီ .. ကျုပ် အခု ထွက်လာခဲ့မယ် …”

မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် အခန်းတံခါး ဘဲလ်သံမြည်လာခဲ့သည်။ လင်းရီ တံခါးဖွင့်ပေး၍ ချီရှန်းကျောက်ကို အထဲသို့ ခေါ်လိုက်သည်။

“ ဥက္ကဌလင်း … မတွေ့ဖြစ်တာတောင် အတော်ကြာပြီ ….”

ချီရှန်းကျောက် အပြုံးလေးဖြင့် လင်းရီကို နှုတ်ဆက်လိုက်ပြီး မိတ်ဟောင်းဆွေဟောင်းများ ပြန်လည်ဆုံတွေ့နေရသကဲ့သို့ ပြုမူနေသည်။

“ အင်း … ငါလည်း နောက်ပိုင်း အလုပ်တွေ မအားတာနဲ့ ကုမ္ပဏီကို လာလည်ဖို့တောင် အချိန်မပေးနိုင်ဘူး … မင်းကိုပဲ အားကိုးနေရတာ အလုပ်ကြိုးစားပေးလို့ ကျေးဇူးပဲကွာ ….”

“ ဒါ ကျုပ်တာဝန်ပါပဲ … အမှန်အတိုင်း ပြောရရင် ကျုပ်က ကိုယ့်တာဝန်ကို လုပ်နေရုံပဲ … အမှန်တကယ် အလုပ်ကြိုးစားနေတဲ့လူကမှ ဥက္ကဌကျီ …”

“ ဥက္ကဌကျီ …၊ ချင်းရန်လား ….”

“ ဟုတ်တယ်…” ချီရှန်းကျောက် ခေါင်းညိတ်လိုက်ပြီး “ ကုမ္ပဏီက ခုနောက်ပိုင်း ပြဿနာ တော်တော်များများနဲ့ ရင်ဆိုင်နေရတာ … တော်တော်များများက ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုတွေ ရှိတယ် … အဲ့လို ဆုံးဖြတ်ချက်တွေကျ ကျုပ်ဘာကျုပ် ချမှတ်ဖို့က မဖြစ်နိုင်ဘူးလေ … ဒီတော့ ယွမ်ယွမ်က ဥက္ကဌကျီကို ဆက်သွယ်လိုက်တာ … နောက်ပိုင်း ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဥက္ကဌကျီ တစ်ဦးတည်းက ချမှတ်နေခဲ့တာပဲ … ဒီရဲ့ လန်ဒန်ညီလာခံကို သူလည်း လာတက်တယ်လေ….”

“ သူလည်း ဒီရောက်နေတာလား ….”

ကံကြမ္မာက ဆော့ကစားတတ်လွန်းသည်ဟု လင်းရီ ရုတ်တရက် တွေးတောမိသွားခဲ့၏။

ရည်ရွယ်ချက်ရှိရှိ မဟုတ်ပါသော်လည်း နှစ်ဦးမှာ အမြဲတစေ တူညီသည့် နေရာ ၊ တူညီသည့် အချိန်၌ လာရောက် ဆုံစည်းစမြဲ ဖြစ်နေသည်။

မရှင်းပြနိုင်သည့်အရာကို ကံကြမ္မာအပေါ်သို့ ပုံချလိုက်ရန်သာ လင်းရီ ဆုံးဖြတ်လိုက်၏။

“ မင်း အခု ငါနဲ့ လာတွေ့တဲ့ကိစ္စ သူ့ကို ပြောခဲ့သေးလား … မပြောခဲ့ဘူးမလား ….”

“ မပြောပါဘူး မပြောပါဘူး ….” ချီရှန်းကျောက် ပြောဆိုလိုက်ပြီး “ ဥက္ကဌလင်းတို့ နှစ်ယောက်ကြား နည်းနည်း တင်းမာနေတာကို ကျုပ် သတိမထားမိဘဲ ဘယ်နေမှာ … ဒါကြောင့် မပြောခဲ့ဘူး … ဒီတိုင်း သူငယ်ချင်းဟောင်း တစ်ယောက်ကို တွေ့မယ်လို့ပဲ ပြောခဲ့တာ … အဲ့နောက် ဥက္ကဌကျီလည်း ဆက်မမေးတော့ဘူး ….”

ချီရှန်းကျောက်မှာ အတော်လေး တွေးပေးတတ်ပြီး အရာရာတိုင်းကို ဂရုတစိုက်နှင့် စဉ်းစားဆင်ခြင် ဆုံးဖြတ်တတ်သူပင်။ ထို့ကြောင့် တုံးအသည့် အလုပ်မျိုးကို သူ မလုပ်ပေ။

“ ညီလာခံအကြောင်း ပြောပြစမ်းပါ … ဘယ်သူတွေ တက်မှာ … ငါတို့ ကုမ္ပဏီအပေါ်ကိုရော သက်ရောက်မှု ရှိလား ….”

“ အကြီးကြီး သက်ရောက်မှု ရှိတယ် …” ချီရှန်းကျောက် အခိုင်အမာ ပြောဆိုလိုက်ပြီး “ ကျုပ်တို့တင် မကဘူး … ASML, TSMC နဲ့ ဆမ်ဆောင်းတို့လို ကုမ္ပဏီကြီးတွေလည်း ညီလာခံကို တက်လာကြတယ် … ဒါပေမယ့် အခြေအနေကတော့ ကျုပ်တို့အတွက် အတော်လေး အရေးသာမနေဘူး ….”

“ အသေးစိတ် ပြောပြစမ်းပါ ….”

“ ညီလာခံက Semiconductor ချစ်ပ်တည်ဆောက်ရေး သဘောတူညီချက် အသစ်ကို ကြေညာလိုက်ပြီ .. ကမ္ဘာတစ်ဝှမ်းက Semiconductor ထုတ်လုပ်သူတွေ အကုန်လုံး ဒီရဲ့ လမ်းကြောင်းကို မလိုက်နိုင်ကြဘူး …” ချီရှန်းကျောက် ရှင်းပြလိုက်ပြီး “ ကျုပ်တို့ရဲ့ အရင် ချစ်ပ် ဖွဲ့စည်းတည်ဆောက်ပုံက ဒီခု တည်ဆောက်ပုံနဲ့ လုံးဝ မညီဘူး … ကျုပ်တို့ရဲ့ ဒီဇိုင်းနဲ့ ကုတ်တွေ အများစုက ပြန်လုပ်ဖို့ လိုအပ်တယ် … ဒါရိုက်တာရှန်း ပြောပုံအရဆိုရင် အလုပ်ဝန်က ကြီးမားလွန်းတယ် … ပြီးတော့ ကျုပ်တို့ရဲ့ နဂိုအစီအစဉ်တွေလည်း လုံးဝ နှောင့်ယှက်ခံလိုက်ရပြီ …”

“ နောက်ကွယ်မှာ သူတို့ ရှိနေမယ်လို့ ငါ လောင်းရဲတယ် …”

“ သူတို့တင် မကဘူး …” ချီရှန်းကျောက် မဲမှောင်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ဒါက ကုန်သွယ်ရေး စစ်ပွဲရဲ့ အပေါ်ယံလေးပဲ ရှိသေးတယ် … ကံဆိုးချင်တော့ ကျုပ်တို့က အချောင်ဝင်ခံလိုက်ရတဲ့ကောင်တွေ ဖြစ်နေတာပဲ … ညီလာခံ ပြီးတာနဲ့ လုံရှင်းတင် မကဘူး … DIDI ရဲ့ စတော့ရှယ်ယာတွေပါ သက်ရောက်မှု ရှိလာနိုင်တယ် … ပစ္စည်း မှာယူမှုကလည်း နောက်နှစ်လောက်ထိကို ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားဖို့ အလားအလာရှိတယ်လို့ ခန့်မှန်းထားတယ် …”

“ ဒီရဲ့ တည်ဆောက်ပုံ အသစ် သဘောတူညီချက်ကို ဘယ်သူလဲ တင်သွင်းခဲ့တာ …” လင်းရီ တိတ်တဆိတ် မေးမြန်းလိုက်၏။

“ ASML နဲ့ TSMC “

All Chapters