← Chapters

အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး၏ ကြောက်စရာကောင်းမှု

Vol. 2 Ch. 26

အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး၏ ကြောက်စရာကောင်းမှု

Vol. 2 Ch. 26

ဘာ?...

လျိုချင်းမင်နှင့် ကျန်းယုရိုတို့ တစ်ပြိုင်နက်တည်းကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။

“တကယ်ပဲ လှုပ်ရှားနေပြီဟ…”

ကျူးဂျန်ရှန်လည်း အံ့သြစွာနှင့် ကြည့်လိုက်သည်။

အစောပိုင်းက ငြိမ်သက်နေသည့် မျိုးစေ့က စတင်ဖောင်းပွလာခဲ့သည်။

“ဒါက…”

သူ တုန်လှုပ်သွားပြီး တိတ်တဆိတ်လည်း ဒေါသထွက်နေခဲ့သည်။

အလှလေး သူ့လက်ထဲရောက်တော့မည့် အချိန်မှ မျို့စေ့က တုန့်ပြန်လာခဲ့၏။

သူ၏လက်ရှိအခြေအနေက ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကို ရောက်မှ နှောင့်ယှက် ခံလိုက်ရသကဲ့သို့ဖြစ်၏။

အတော်လေး စိတ်မကြည်မသာဖြစ်လာပြီး သူက လှောင်ပြောင်လိုက်၏။

“ဒါက လှုပ်ရှားတယ်ဆိုရင်တောင်, ဘာမှမဟုတ်ပါဘူး။ အဲ့ဒီချီကျင့်ကြံခြင်းအရည်မှာ စိတ်ဝိညာဥ်စွမ်းအင် အနည်းငယ်ပါတယ် ဆိုရုံလောက်ပါပဲ...”

သို့ပေမယ့် သူပြောပြီးပြီးချင်းမှာပဲ မျိုးစေ့က အဆုံးစွန်ဖောင်းပွလာပြီး အက်ကွဲကာ အညှောင့်ပေါက်လာခဲ့သည်။

အစိမ်းရောင်အညှောင့်တစ်ခုက လျှင်မြန်စွာကြီးထွားလာခဲ့သည်။

တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ….

ချန်းစီလင်၏မျက်နှာက ရုတ်တရက် ပျော်ရွင်မှုတွေနှင့်ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“အမေ, သုံးလက်မ…, ဒါက သုံးလက်မ ရှိသွားပြီ။ ဒါက အမှန်တကယ် ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်ပဲ။ သူက ငါတို့ကို မလိမ်ခဲ့ဘူး။”

ကျူးဂျန်ရှန် ထိုအရာကို မယုံကြည်နိုင်ဖြစ် နေခဲ့သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

“အထီးကျန်လှေမြို့မှာ ဘယ်နည်းနဲ့မှ အဆင့် ၂ ဝိညာဥ်သခင်မရှိနိုင်ဘူး။”

“သူက ဒါတွေကို မှောင်ခိုဈေးကနေ ရလာတာလား…”

သူက ထိုအရာကိုတွေးမိပြီး ရှင်းပြချက်တစ်ခုသာ ရှိတော့၏။

သို့ပေမယ့် ထိုအခိုက်အတန့်၌…

ချန်းစီလင်က ရုတ်တရက် သူမပါးစပ်ကို ကာလိုက်ပြီး ပြောလိုက်သည်။

“နေအုန်း, ဒါက ဆက်လက်ကြီးနေတုန်းပဲ”

လူတိုင်း အာရုံစိုက်ပြီး ကြည့်လိုက်ကြ သည်။ အမှန်တကယ်ပဲ အညှောင့်က ဖြည်းညင်းစွာဆက်လက်ကြီးထွားနေခဲ့သည်။ နောက်ဆုံး သုံးလက်မခွဲ ရောက်သည့်အခါမှသာ ရပ်တန့်သွားခဲ့သည်။

ချန်းစီလင်က လက်သီးဆုပ်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။

“သုံးလက်မခွဲ…,ဒါက ငါတို့မိသားစုစီနီယာရဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်းအရည်က တိမ်စိမ်းဂိုဏ်းက ဝိညာဥ်သခင်ရဲ့ ချီကျင့်ကြံခြင်းအရည်ထက် အရည်အသွေးပိုမြင့်တယ်လို့ ဆိုလိုမနေဘူးလား။”

ထိုအရာကို ကြားသည့်အခါ, ကျန်းယုရို လည်း တုန်လှုပ်သွားပြီး ပြောလိုက်သည်။

“ရှန်အာ, သားပြောတော့ ချန်မိသားစုက ဝိညာဥ်သခင်က အတုဆို”

“သူသန့်စင်တဲ့ချီကျင့်ကြံခြင်းအရည်တွေက အစစ်မဟုတ်တာတောင် ဘာလို့ တိမ်စိမ်းဂိုဏ်းက တစ်ခုထက် ပိုအားကောင်းနေရတာလဲ။”

ထိုမေးခွန်းက ကျူးဂျန်ရှန်ကို အကျပ်ရိုက်သွားစေခဲ့သည်။

သူက အမည်မသိ အဆင့် ၂ ဝိညာဥ်သခင် ရှိသည့် လျို့ဝှက်ခန်းကို ကြည့်ပြီး နောက်ထပ်မလေးမစား မလုပ်ရဲတော့ပေ။

သူခံစားနေရသည့် အရာလုံးက အံ့သြထိတ်လန့်ခြင်းသာ ဖြစ်၏။

သို့ပေမယ့် အစောပိုင်းသူပြောခဲ့သည့် အရာတွေကနှင့် ယုံကြည်မှုတွေက သူ့မျက်နှာသူ ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ဆန္ဒမရှိစွာနှင့် သူက ညင်သာစွာ ရေရွတ်လိုက်၏။

“သူက အဆင့် ၂ ဝိညာဥ်သခင် ဖြစ်တယ်ဆိုရင်တောင် ငါတို့ တိမ်စိမ်းဂိုဏ်းက အကြီးအကဲထက် ပိုတော်တယ်လို့တော့ မဆိုလိုပါဘူး။”

“ငါတို့ တိမ်စိမ်းဂိုဏ်းရဲ့ ဝိညာဥ်သခင်က ပုလင်းပေါင်းများစွာ သန့်စင်ခဲ့တဲ့ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။”

“ဒီစီနီယာက ပိုကောင်းတဲ့ ထိပ်တန်းအဆင့် ချီကျင့်ကြံခြင်း အနည်းငယ်ကို သန့်စင်နိုင်ခဲ့တာနဲ့တူတယ်။”

ထိုအရာအား ဂျန်ဖန်းကို အလွန်လေးစား နှစ်သက်သည့် ချန်းစီလင်တောင်မှ မငြင်းပေ။

တိမ်စိမ်းဂိုဏ်း၏ စီနီယာဝိညာဥ်သခင်က ကျော်ကြားသည့် ပုံရိပ်တစ်ခုဖြစ်၏။

သူက ဘဝတစ်လျှောက်လုံး၌ မရေမတွက်နိုင်သည့် စိတ်ဝိညာဥ်ဆေးလုံးတွေကို သန့်စင်ခဲ့၏။

ဆန့်ကျင်ဘက်အနေဖြင့် ဂျန်ဖန်းက အလွန်ငယ်လှ၏။ ချီကျင့်ကြံခြင်းအရည် တစ်ပုလင်းတည်းနဲ့တော့ တိမ်စိမ်းဂိုဏ်း စီနီယာကို ကျော်တက်ဖို့က မလုံလောက်သေးပေ။

သို့ပေမယ့် ထိုအခိုက်အတန့်၌…

ရုတ်တရက် ခပ်တိုးတိုးအသံတစ်ခု လျို့ဝှက်အခန်းထဲကနေ ပဲ့တင်ထပ်နေခဲ့သည်။

အနီရောင်မီးခိုးမျှင်တန်းတစ်ခု ထွက်လာပြီး လေထုထဲသို့ပျံ့နှံ့လာခဲ့သည်။ ခြံဝန်းက ချက်ချင်းပဲ စွဲမက်ဖွယ်ဆေးရနံ့တစ်ခုနှင့် ပြည့်နှက်သွားခဲ့သည်။

အသက်တစ်ချက်ရူလိုက်ရုံဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ယောက်ဖြစ်သည့် ကျန်းယုရိုနှင့် လျိုချင်းမင်တို့က စိတ်ဝင်စားနှစ်သက်သည့် အမူအရာတွေပြသလာခဲ့ကြသည်။

“ဒါက ဘာလဲဟ…, ဒါက အလှအပဆေးလုံးနဲ့ အတော်လေး တူတာပဲ။ ဒါပေမယ့် ရနံ့က ပိုမွှေးနေတယ်။”

အထီးကျန်လှေမြို့၏ အထက်တန်းစား အမျိုးသမီးတွေအနေဖြင့် သူတို့က ဈေးကြီးသည့် အလှအပဆေးလုံးတွေကို အမြဲလိုလို အသုံးပြုကြတာပဲဖြစ်သည်။

ထို့ကြောင့် သူတို့က ဆေးရနံ့အမျိုးအစားကို ချက်ချင်းမှတ်မိလိုက်၏။

သို့ပေမယ့် ဤရနံ့နှင့်ယှဥ်လျှင် သူတို့အသုံးပြုသည့် အမြင့်ဆုံး အလှအပထုတ်ကုန်တွေတောင် အတော်လေးနိမ့်ကျပုံပေါ်နေခဲ့သည်။

ကျူးဂျန်ရှန် အတော်လေး ပဟေဠိ ဖြစ်နေခဲ့သည်။

“တိမ်စိမ်းဂိုဏ်းက စီနီယာဝိညာဥ်သခင် တစ်ခါက ပြောဖူးတယ်။ ဆေးလုံးအဆင့်မြင့်လေလေ, သန့်စင်တဲ့အခါမှာ ရနံ့က ပိုပြင်းလေလေတဲ့။”

“သခင်မလေးချန်း, အဲ့ဒီစီနီယာက ဘယ်လို ဆေးလုံးအမျိုးအစား သန့်စင်နေတာလဲ။”

ချန်းစီလင်လည်း တုန်လှုပ်သွားခဲ့သည်။

သူမက လျိုဝှက်ခန်းကို မျက်တောင်မခတ်တန်း ကြည့်နေပြီး မယုံကြည်နိုင်သည့် အသံနှင့် ပြောလိုက်သည်။

“သူပြောတာတော့ အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံး သန်စင်မလို့တဲ့”

ကျူးဂျန်ရှန် ထိုဆေးလုံးကို အရင်က တစ်ခါမှ မကြားဖူးပေ။

ကျန်းယုရို တုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။

“ဒဏ္ဍာရီလာဆေးလုံး…. ဒါက ဆံပင်အဖြူတွေကို ပြန်နက်စေပြီး အသားအရေကို ပြန်လည်လှပတင်းရင်စေတဲ့ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးပဲ”

လျိုချင်းမင် စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားခဲ့သည်။

“စီလင်, သမီး ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့တန်တန် မပြောသင့်ဖူးနော်။ ဒါက အဆင့် ၃ စိတ်ဝိညာဥ်ဆေးလုံးပဲ။ ဒီကမ္ဘာကြီးမှာ ဘယ်သူမှမသန့်စင်နိုင်ဘူး။”

ဤကဲ့သို့ ဒဏ္ဍာရီလာဆေးလုံးမျိုးက အမျိုးသမီးတွေအတွက် စွဲဆောင်နိုင်စွမ်း ကြီးလှ၏။ အထူးသဖြင့် အသက်ကြီးသည့် အမျိုးသမီးတွေအတွက် ဖြစ်၏။

မည်သူကမှ မခုခံနိုင်ပေ။

ချန်းစီလင်က ပြောလိုက်သည်။

“စီနီယာက မေ့လျော့ခြင်းမြစ်ပဲပင်ကို ယူသွားတယ်။ ပြောတာတော့ သူ အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး သန့်စင်ချင်တယ်တဲ့။ သန့်စင်နိုင်ခဲ့ရင် ကုန်ကြမ်းအဖိုးအခအတွက် ငါ့ကို ဆေးတစ်လုံးပေးမယ်ပြောတယ်။”

“အခုသန့်စင်ပြီးတဲ့ ဆေးလုံးက အလှအပ ပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးလား ဆိုတာတော့ မသေချာဘူး။”

ထိုအရာကို ကြားသည့်အခါ, လျိုချင်းမင်က စိတ်လှုပ်ရှားစွာနှင့် ချန်းစီလင်၏ ပုခုံးကို ဆုပ်ကိုင်လိုက်၏။

“သူက သမီးကို ဆေးတစ်လုံးပေးမယ်လို့ တကယ်ပြောခဲ့တာလား”

“ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်။ ငါ့ရဲ့သမီးအလိမ္မာလေး… သမီးက စပရိုက်အကြီးကြီး တစ်ခုပေးလိုက်တာပဲ။”

“မိသားစုစီးပွားရေးတွေ သမီးကို လက်လွဲပေးလိုက်တာ အမေ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။”

ချန်းစီလင်၏မျက်လုံးတွေ အနည်းငယ် မဲ့ရွဲ့သွားခဲ့သည်။

သူမအဖေအပြင်းအထန်ဖျားနှာသည့်အခါ မိသားစုအဖွဲ့ဝင်တွေက ချန်းစီလင်ကို မိသားစုလုပ်ငန်းတွေ ဦးစီးဖို့ အကြံပြု ထောက်ခံခဲ့ကြ၏။ သူမအမေက ပထမဆုံး ကန့်ကွက်သူဖြစ်၏။

သူမက ချန်းစီလင်အရမ်းငယ်သေးတယ်လို့ တွေးပြီး မိသာစုလုပ်ငန်းတွေကို သူမကိုယ်တိုင် ဦးစီးစီမံသင့်သည်ဟု ပြောခဲ့သည်။

သို့ပေမယ့် သူမက လုပ်ငန်းတာဝန်တွေကို တစ်ခါမှ မစီမံဘူးတာကြောင့် မိသားစု အဖွဲ့ဝင်တွေက သူမမကိုင်တွယ်နိုင်မှာကို စိုးရိမ်ခဲ့ကြ၏။ ထိုအစား ချန်းစီလင်ကိုပဲ ဦးစီးစေခဲ့တာပဲဖြစ်သည်။

ထိုကိစ္စကြောင့် အမေနှင့် သမီးကြား အဖုအထစ်ဖြစ်သွားခဲ့သည်။

ယခု, အလှအပပြန်လည်ထိန်းသိမ်းခြင်း ဆေးလုံးကြောင့် သူမအမေ၏သဘောထားက ၁၈၀ ဒီဂရီထိ ချက်ချင်းပြောင်းလဲသွားခဲ့၏။

အခြားတစ်ဖက်မှာတော့, ကျန်းယုရိုက စိုးရိမ်လာခဲ့သည်။ အလှအပ ပြန်လည်ထိန်းသိမ်းခြင်းဆေးလုံးကဲ့သို့ အံ့ဖွယ်ပစ္စည်းမျိုး အခြားလူတစ်ယောက်၌ရှိပြီး သူမမှာ မရှိတာကို တွေးမိသည့်အခါ သေလောက်အောင် မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။

“စီလင်, တူမလေး… သမီးအန်တီကိုလည်း ဆေးတစ်လုံးရအောင် ကူညီရမယ်နော်။ ဈေးနှုန်းကကိစ္စမရှိပါဘူး။ အဒေါ် ပေးဖို့ ဆန္ဒရှိပါတယ်…”

ချန်းစီလင် ချက်ချင်းပဲ သူမခေါင်းကို ခါယမ်းလိုက်သည်။

“ဒီလို စီနီယာဝိညာဥ်သခင်မျိုးက ငါ့တောင်းဆိုမှုကို အလွယ်တကူ အလေးထားမယ့် လူမျိုးမဟုတ်ဘူး။”

“စီနီယာက အဒေါ့်ကို ရောင်းပေးနိုင်မလားလို့ပဲ သမီးမေးပေး နိုင်မယ်။”

ထိုအရာကိုကြားသည့်အခါ, ကျန်းယုရို အလွန်ပျော်ရွင်သွားခဲ့သည်။ သူမက အလျှင်အမြန်ပဲ လက်က တန်ဖိုးကြီး လက်ကောက်ကို ချွတ်ကာ ချန်းစီလင်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ငါ့တူမလေး, အန်တီ သမီးကို အားကိုးမယ်နော်။”

“သမီး အန်တီအတွက်ပြောပေးရုံနဲ့ ရလဒ်ကဘာပဲဖြစ်ဖြစ် ဒီကျောက်စိမ်းလက်ကောက်က သမီးဟာပဲ။”

ချန်းစီလင် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ ဤလက်ကောက်က ငွေပြား တစ်သိန်းလောက် တန်ဖိုးရှိတာပဲဖြစ်သည်။

သူမ အလျှင်အမြန်ပဲ လက်ခါယမ်းလိုက် ၏။

“မဟုတ်တာ, သမီး ဒါကို လက်မခံနိုင်ပါဘူး။ ဒါက အရမ်းဈေးကြီးလွန်းတယ်….”

ကျွီ….

ထိုအခိုက်အတန့်၌ လျိုဝှက်ခန်း ကျောက်တံခါးက ပွင့်လာခဲ့သည်။

မှိန်ဖျော့သည့် အနီရောင်မီးခိုးငွေ့တွေ အလယ်၌ ဂျန်ဖန်း သူ့လက်ထဲက ကြက်သွေးရောင် အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံး သုံးလုံးကို ကြည့်နေခဲ့သည်။

သူတို့ထဲ၌ အကောင်းဆုံးတစ်ခုမှာ ထိပ်တန်းအဆင့် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ဖြစ်၏။

ကျန်နှစ်ခုက အဆင့်နိမ့် ဆေးလုံးတွေဖြစ်ကြ၏။

သူက ထိပ်တန်းအဆင့် ဆေးလုံးကို ခန်းဝင်ပစ္စည်းအဖြစ်သုံးဖို့ စီစဥ်ထားခဲ့သည်။

ကျန်ဆေးလုံးနှစ်လုံးအတွက်တော့ တစ်လုံးကို ကတိအတိုင်း ချန်းစီလင်ကို ပေးမည်ဖြစ်ပြီး အခြားတစ်လုံးကို ရောင်းချမည်ဖြစ်၏။ သူက ထိုဆေးလုံး ဘယ်လောက်တန်လဲတော့ မသိပေ။

ထိုအရာကို တွေးပြီး သူက ထိပ်တန်းအဆင့် ဆေးလုံးနှင့် အဆင့်နိမ့် ဆေးတစ်လုံးကို သိမ်းလိုက်၏။ ကျန်သည့် အဆင့်နိမ့် ဆေးတစ်လုံးကိုတော့ ကျောက်စိမ်းပုလင်းထဲသို့ ထည့်ကာ လျို့ဝှက်အခန်းထဲက ထွက်လာခဲ့သည်။

ထို့နောက် သူက ခြံဝန်းထဲ၌ ချန်းစီလင်ဘေးမှာ လူသုံးယောက်ကို သတိထားမိလိုက်သည်။

သူတို့ထဲက တစ်ယောက်က တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက် ဖြစ်သည့် ကျူးဂျန်ရှန်ဖြစ်၏။ သူက မနေ့ကမှပဲ သူနှင့် ခန်းဝင်ပစ္စည်းအတွက် ယှဥ်ပြိုင်ခဲ့ကြ၏။

“စီနီယာ, ရှင် သန့်စင်တာ အခြေအနေဘယ်လိုရှိလဲ…”

ချန်းစီလင် သိချင်စွာနှင့် မေးလိုက်သည်။

ဂျန်ဖန်း ပြုံးလိုက်ပြီး သူလက်ထဲက ကျောက်စိမ်းပုလင်းကို သူမဆီသို့ ပစ်ပေးလိုက်၏။

“ဒါက မင်းအတွက်ပဲ…”

ချန်းစီလင် ထိုအရာကို ယူလိုက်၏။ သူမက ချက်ချင်းပဲ ကျောက်စိမ်းပုလင်းကနေ တဆင့် ဆေးလုံး၏ ထူးခြားမှုကို ခံစားမိ၏။

“အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး”

လျိုချင်းမင် စိတ်လှုပ်ရှားစွာနှင့် ဆွဲယူလိုက်ပြီး အနီးကပ်စစ်ဆေးလိုက်၏။

“တကယ်ပဲဟ… ဒါက သမီးအဘိုးတစ်ခါက ဆွဲပြဖူးတယ့် အလှအပပြန်လည်ထိန်းသိမ်းခြင်းဆေးလုံး ပုံစံပဲ။ အမေဒါကို မရေမတွက်နိုင်အောင် မြင်ဖူးတယ်။”

“သမီး, ဒါကို အမေယူလိုက်မယ်နော်။”

ချန်းစီလင် ဆွံ့အသွားခဲ့သည်။

သူမသာ မပေးဘူးလို့ပြောလျှင် လျိုချင်းမင်က ချက်ချင်းပဲ သူမကို သမီးအဖြစ်မှ စွန်လွတ်မယ်ဆိုတာ သံသယရှိစရာမလိုပေ။

“အမေ စီနီယာကို မေးတာ ပိုကောင်းပါတယ်။”

ချန်းစီလင် ဆုံးဖြတ်ချက် မချရဲပေ။

ဂျန်ဖန်း ထူးမခြားနားစွာ ပြောလိုက်သည်။

“မင်းကိုပေးလိုက်ပြီဆိုမှတော့, မင်းကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။”

ထို့နောက် သူက ထွက်ခွာသွားတော့သည်။

ကျန်းယုရိုက အလျှင်အမြန်ပဲ အရိုအသေပေးလိုက်ပြီး လေးစားစွာ ပြောလိုက်သည်။

“စီနီယာ, စီနီယာမှာ အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံး အပိုရှိသေးလား မသိဘူး…”

ချန်းစီလင်လည်း ချက်ချင်းပဲ ဝင်ပြောလိုက်သည်။

“စီနီယာ ဒါက သခင်မ ကျူးပါ။ သူမသားက တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်လေ။”

“စီနီယာ သူမကို အလှအပပြန်လည် ထိန်းသိမ်းခြင်းဆေးလုံး ရောင်းပေးနိုင်မလား။”

အို?...

ကျူးဂျန်ရှန်ရဲ့ အမေလား?....

ဂျန်ဖန်း အဓိပ္ပာယ်ပါပါပြုံးလိုက်ပြီး ထွက်ခွာသွားခဲ့သည်။

ကျူးဂျန်ရှန်၏ မျက်လုံးထဲ၌ ကြည်ညိုလေးစားမှုတွေနှင့် ပြည့်နှက်နေသည်။ သူက ဂျန်ဖန်း လမ်းကို ပိတ်ရပ်လိုက်ပြီး ဘုတ်ခနဲ ဒူးထောက်ချလိုက်သည်။

“တိမ်စိမ်းဂိုဏ်းတပည့် ကျူးဂျန်ရှန်, စီနီယာကို အရိုအသေပေးပါတယ်။”

All Chapters