ဒီဝတ္ထုကတော့ စာရေးဆရာ Sesujiရဲ့ နာမည်ကြီးဝတ္ထု About A Place in the Kinki Regionကို ဇာတ်လမ်းအရသာအပြည့်အဝရနိုင်ဖိုအတွက် မြန်မာမှုပြုထားတာပါ။ ဒီဝတ္ထုကိုရုပ်ရှင်အနေနဲ့လည်း ၂၀၂၅ခုနှစ်တုန်းက found footageအမျိုးအစားရုပ်ရှင်တစ်ကားထွက်ထားပါသေးတယ်။ တစ်ခါတလေမှာ အမှန်တရားဟာ ဝတ္ထုတွေထက် ပိုပြီး ထိတ်လန့်ဖိုကောင်းပါတယ်။ အခုဖော်ပြမယ့်စာအုပ်ဟာ သာမန် သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ် မဟုတ်ပါဘူး။ ဒါဟာ ပျောက်ဆုံးသွားတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ခြေရာကို လိုက်ရင်း၊ လျှိဝှက်ထားတဲ့ သတင်းဆောင်းပါးတွေ၊ အင်တာဗျူးမှတ်တမ်းတွေနဲ့ အင်တာနက်ပေါ်က ကြောက်မက်ဖွယ်ရာ ပြောစကားတွေကို စုစည်းထားတာပါ။ ဇာတ်လမ်းအကျဉ်း သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဇင်မျိုးဝင်းဟာ ပဲခူးရိုးမရဲ့ တောနက်ထဲက ထူးဆန်းတဲ့ ရိုးရာဓလေ့တစ်ခုအကြောင်း စုံစမ်းရင်း အစအနမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ မိတ်ဆွေဖြစ်သူ စာရေးဆရာ DrNyan က ဇင်မျိုးဝင်း ဘာကြောင့် ပျောက်ဆုံးသွားလဲဆိုတာကို သိဖို သူချန်ထားခဲ့တဲ့ မှတ်တမ်းတွေကို လိုက်လံစုစည်းရာကနေ... တစ်စထက်တစ်စ ကျောချမ်းစရာကောင်းတဲ့ အမှန်တရားတွေ ပေါ်ပေါက်လာပါတယ်။ ဒီဝတ္ထုကို ဘာကြောင့် ဖတ်သင့်လဲကိုပြောရရင်တော့ ဒီဝတ္ထုဟာ စာဖတ်သူကို ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်လို ခံစားရအောင် ဖန်တီးထားနိုင်လိုပါ။ အခန်းတိုင်းဟာ တကယ့်လက်တွေ့ဖြစ်ရပ်တွေလို ထင်ယောင်ထင်မှားဖြစ်စေပြီး၊ ဖတ်နေရင်းနဲ့ ကိုယ့်နောက်ကျောမှာ တစ်စုံတစ်ယောက် ရှိနေသလိုမျိုး "Paranoid" ဖြစ်လာစေမယ့် ခံစားချက်ကို ရစေပါတယ်။ "သတိပေးချက် - ဒီစာအုပ်ကို အဆုံးထိ ဖတ်ပြီးသွားရင်တော့ ခင်ဗျားဟာ ဒီကျိန်စာနဲ့ အရှုပ်အထွေးကြားထဲကို ရောက်သွားနိုင်ပါတယ်။ ခင်ဗျားကိုယ်တိုင်လည်း ကျိန်စာရဲ့ သားကောင် ဖြစ်သွားနိုင်တာမလို... ဖတ်ဖို သတ္တိရှိရဲ့လား"

