ချန်မူသည် သိုင်းပညာများ ထွန်းကားလှသော မဟာကျိုးမင်းဆက်၏ သိုင်းလောကသို့ ကူးပြောင်းလာခဲ့ပြီးနောက် အလောင်းများဆီမှ ကတ်ပြားများ ကောက်ယူနိုင်စွမ်းကို ရရှိလာခဲ့သည်။ အတွင်းအားကတ် - လေထဲမှနေ၍ အတွင်းအားများကို ရုတ်တရက် တိုးပွားလာစေသည်။ ကျွမ်းကျင်မှုစွမ်းရည်ကတ် - အမျိုးမျိုးသော သိုင်းကွက်များနှင့် ကျွမ်းကျင်မှုများကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ ဉာဏ်အလင်းပွင့်ကတ် - အချိန်မရွေး၊ နေရာမရွေး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော အခြေအနေသို့ ချက်ချင်း ဝင်ရောက်နိုင်သည်။ အဆင့်ချိုးဖျက်ခြင်းကတ် - မည်သည့် အတားအဆီးမျှမရှိဘဲ နယ်ပယ်အဆင့်များကို အလွယ်တကူ ချိုးဖျက်နိုင်သည်။ ပြန်လည်မွေးဖွားခြင်းကတ် - လက်၊ ခြေထောက်၊ ဒါမှမဟုတ် ခေါင်းပြတ်သွားရင်တောင်မှ ဘာပြဿနာမှမရှိဘဲ ပြန်လည်ကောင်းမွန်လာစေနိုင်သည်။ ... အခြားသူများက ကျင့်စဉ်တစ်ခု ရရှိရန်အတွက် အသေအလဲ လိုက်လံရှာဖွေကာ နေရာအနှံ့ ငွေကြေးများ အလဟဿ သုံးစွဲနေရချိန်တွင် ချန်မူကတော့ ရွေးချယ်စရာကျင့်စဉ်များ အရမ်းများလွန်းနေတာကြောင့် မည်သည့်အရာကို ရွေးချယ်ရမည်နည်းဟု ခေါင်းခဲနေ၏။ အခြားသူများက နယ်ပယ်အဆင့်တစ်ခုကို ချိုးဖျက်နိုင်ရန် တံခါးပိတ်ကျင့်ကြံရင်း နှစ်ပေါက်အောင် နေ့ရောညပါ ကြိုးစားပမ်းစား အားထုတ်နေရချိန်တွင် ချန်မူကမူ မနက်အိပ်ရာမှ နိုးလာသည်နှင့် နယ်ပယ်အဆင့်သစ်တစ်ခုသို့ အလွယ်တကူ လှမ်းတက်သွားပြန်သည်။ အခြားသူများက ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များအတွက် အသေအလဲ ပြေးလွှားရှာဖွေနေရချိန်တွင် ချန်မူကမူ သူ၏ ပိုလျှံနေသော အရင်းအမြစ်များကို ပြန်လည်ရောင်းချနေခဲ့ရသည်။ တခြားသူတွေကတော့... ... အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ... အမျိုးမျိုးသော ပါရမီရှင်များ၊ အမြင့်ဆုံးသော ပုဂ္ဂိုလ်ကြီးများနှင့် ရှေးဟောင်း နတ်ဘုရားများ၊ နတ်ဆိုးများက ဤလောကကြီးကို အလှည့်ကျ စိုးမိုးကာ သူတို့၏ ခေတ်ကာလများကို လွှမ်းမိုးခဲ့ကြပြီးနောက် နောက်ဆုံးတွင်တော့ အားလုံး ပျောက်ကွယ်သွားခဲ့ကြ၏။ ချန်မူကတော့ မြစ်ကမ်းဘေးတွင် ရပ်ကာ အရက်သောက်ရင်း နောက်ခေတ်ကာလတစ်ခုတွင် သူ ဘာလုပ်ရမည်နည်းဟု တွေးတောနေချေသည်။ ဘယ်လိုမှ မတတ်နိုင်.... အရမ်းအစွမ်းထက်လွန်းပြီး အသက်အရမ်းရှည်လွန်းခြင်းကလည်း တစ်ခါတစ်ရံတွင် အထီးကျန်ခြင်းကို မလွဲမသွေ ဖြစ်ပေါ်စေတတ်သည် မဟုတ်လော.... တစ်နေ့တွင်တော့... "မင်းက ဘယ်အလောင်းဆီကနေမဆို ကတ်ပြားတွေ ကောက်ယူနိုင်တယ်ဆိုတော့... နေမင်းကြီး သေဆုံးသွားတဲ့အခါကျရင်ရော ဘယ်လိုလုပ်မလဲ..." ချန်မူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုနေရာတွင်တော့ အလင်းနှင့် အပူပေးစွမ်းမှု ရပ်တန့်သွားပြီဖြစ်သော မည်းမှောင်နေသည့် နေမင်းကြီး တစ်စင်း ရှိနေချေသည်။

