လင်းချီမှာ မှော်ကုန်းမြေသို့ ဝိဉာဥ်ကူးပြောင်းရောက်ရှိသွားပြီးနောက် အထက်တန်းစားမိသားစုတစ်ခု၏ တတိယသခင်လေးဖြစ်လာခဲ့သည်။ ချမ်းသာပြည့်စုံမှုများနှင့် ပြည့်စုံနေသော ဘဝတစ်ခုကို ပျော်ပျော်နေနိုင်တော့မည်ဟု သူတွေးလိုက်ရုံရှိသေး မိသားစု၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် နှင်ထုတ်ခံလိုက်ရပြီး 'သေခြင်းတရားနယ်မြေ'ရှိ လေနက်ရဲတိုက်သို့ စေလွှတ်ခြင်းခံရ၏။ ဤနေရာတွင် အမှောင်နတ်သူငယ်များ၊ ထိန်းမနိုင် သိမ်းမရ သောင်းကျန်းလွန်းသည့် လူ့ဘီလူး အော့စ်မျိုးနွယ်များအပြင် သွေးဆာတတ်သည့် နဂါးများမှာ နေ့စဉ်တွေ့မြင်နေရသော မထူးဆန်းလှသည့်အရာများဖြစ်သည်။ လင်းချီ သေချာပေါက် သေလိမ့်မည်ဟု လူတိုင်းက ထင်နေကြပြီး သူ့အလောင်းကိုပင် သွားကောက်ရန် အသင့်ပြင်ပြီး ဖြစ်နေခဲ့သည်။ ထိုအချိန်လေးတွင်ပင် လင်းချီ၌ [လျှာကဝေစနစ်] နိုးထလာခဲ့၏။ ဤသို့ဖြင့် ကိစ္စများမှာ ပြောင်းလဲရန် အကြောင်းဖန်လာခဲ့သည်။ နတ်သူငယ်တို့၏ ဘုရင်မက သူဖန်တီးသော အရွက်သုပ်ကို အလွန်ပင် နှစ်သက်ကာ အော့စ်မျိုးနွယ် သူတော်စင်မှာတော့ သူ၏ အမဲသားကင်ကို မစားရမနေနိုင်ချေ။ သန့်စင်မွန်မြတ်ခြင်းနန်းတော်မှ မှော်ဆရာမှာ "လင်းချီအမှတ်တံဆိပ်"ဝီစကီမရှိဘဲ နေ့တစ်နေ့ကို မဖြတ်သန်းနိုင်။ သွေးစုပ်ဖုတ်ကောင်တို့၏ မင်းသားနီကိုးလပ်စ်ပင်လျှင် လင်းချီ၏ လတ်လတ်ဆတ်ဆတ်နှပ်ဖျော်ထားသော သွေးကော်ဖီကို ကာလကြာရှည်စွာ အော်ဒါမှာနိုင်ရေးအတွက် ဘာမဆို စတေးရဲသည်အထိ။ ဤ အချင်းအရာတို့မှာ ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်သည့် ဧရာမနဂါးကြီးတစ်ကောင် သူ့အိမ်တံခါးရှေ့ ရောက်မလာခင်အထိသာ...။

