နတ်သိကြား၊ အသူရာ၊ နဂါး၊ ဂဠုန်တို့မှအစ မင်းစိုးရာဇာ၊ သူရဲသူဘက်တို့အဆုံး အရာခပ်သိမ်းတို့သည် လောက၌ လှုပ်ရှားရှင်သန်လျက် ရှိကြ၏။ နဂါးမင်းသမီးငယ်သည် ညအခါ မီးရှူးတိုင်ကိုင်၍ လမ်းပြလင်းလက်ပြီး၊ ဖလားငယ်တစ်ခုအတွင်း၌မူ သမုဒ္ဒရာပင်လယ်ကို ထည့်သွင်းသိုလှောင်ထားနိုင်သည့် တန်ခိုးဣဒ္ဓိပါဒ်တို့နှင့် ပြည့်စုံသော လောကကမ္ဘာတစ်ခု။ တောမြေခွေးတို့ တရားရှာ၍ ဈာန်ဝင်စားကာ ကျားရိုင်းတို့ပင် တရားထူးတရားမြတ်ကို ရရှိဉာဏအလင်းပွင့်နိုင်သော နေရာ။ မိုးသောက်ယံ၌ မြောက်ပင်လယ်သို့ လှည့်လည်ပြီး၊ နေညိုချိန်တွင်မူ တိမ်လွှာကိုခွင်း၍ တိမ်တိုက်တို့ဖုံးလွှမ်းရာ တောင်စဉ်ခုနစ်ထပ်ကို ခြေဆန့်နိုင်ကြသည့် တန်ခိုးရှင်တို့၏ ဘုံဌာန။ ဤလောက၌ နတ်သိကြားတို့ကား အမှန်တကယ်ရှိ၏။ မကောင်းဆိုးဝါး နတ်မိစ္ဆာတို့ကလည်း တိုင်းနိုင်ငံတည်ထောင်လို့ ကိုယ့်ထီးကိုယ့်နန်း စံနေကြကုန်၏။ သို့သော် ဤအကြောင်းအရာများသည် ချီဝူဟော်ဆိုသော သာမန်လူငယ်လေးတစ်ဦးနှင့်မူ မည်သို့မျှ ပတ်သက်ခြင်းမရှိခဲ့။ သူ့ကမ္ဘာနှင့်သူ၊ သူ့ဘဝနှင့်သူ လွင့်မျောနေတဲ့ ချီဝူဟော်အတွက်တော့ အဲဒီလို အံ့ဩဖွယ်ရာတွေဟာ တိမ်လွှာပေါ်က ပုံပြင်တွေလိုပင်။ အိပ်မက်ထဲမှာ လေးထောင့်ပုံသဏ္ဌာန် စာလုံးတွေကို အမြဲလိုလို မြင်မက်တတ်သည့်တိုင် သူ၏စိတ်အစဉ်သည် လာမည့်နှစ် နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အရာထမ်းကောင်းတစ်ယောက် ဖြစ်လာရေး၌သာ စွဲလမ်းနစ်မွန်းနေခဲ့သည်။ သူ့အတွက်တော့ အိပ်မက်ထဲက လျှို့ဝှက်ဆန်းကြယ်သော စာလုံးများထက် လက်တွေ့ဘဝ၏ စားဝတ်နေရေးက ပို၍အရေးကြီးနေခဲ့သည်လေ။ ဒီလိုနဲ့ နေ့ရက်တွေ ကုန်ဆုံးရင်း တစ်နေ့မှာတော့ ထမင်းရည်ပူတစ်အိုးကို ကျိုချက်နေစဉ် အဘိုးအိုတစ်ဦး ရောက်လာခဲ့သည်။ ထိုအဘိုးအိုက သူ့အား ကျောက်စိမ်းခေါင်းအုံးတစ်လုံးကို လက်ဆောင်ပေးရင်း အလွန်တရာ ရှည်လျားလွန်းလှသော အိပ်မက်တစ်ခုကို မက်စေခဲ့လေ၏။ ‘ထမင်းရည်ပူတစ်အိုး မကျက်မီ မက်ခဲ့ရသော အိပ်မက်တစ်ခု။’ … … … … ထိုအိပ်မက်မှ လန့်နိုးလာသောအခါ သူ့ရင်ထဲက သာမန်လူသားတစ်ယောက်၏ လောကီရည်မှန်းချက်တို့ ကြေမွပျက်စီးသွားခဲ့ပြီ။ ထိုအချိန်မှစ၍ ကျင့်ကြံခြင်းတရားဟူသော တံခါးမကြီးဟာ သူ့အတွက် ဟင်းလင်းပွင့်သွားခဲ့တော့သည်။ ရွှေကျီးကန်းသည် ပျံသန်းလျက်၊ ငွေယုန်သည် ပြေးလွှားလျက်။ အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ဘုံသုံးပါးဟူသည် လက်ဆုပ်ထဲမှ ဆန်တစ်စေ့မျှသာ။ ခိုင်မာထည်ဝါလှသည်ဆိုသော တောင်တန်းကြီးများနှင့် မြစ်ချောင်းအသွယ်သွယ်တို့သည်ပင် နှစ်အနည်းငယ်အတွင်း ဖြစ်တည်ပျက်စီးသွားကြရသော မြူမှုန်မျှသာ။ ယခုမူ… လူအများ စည်ကားသက်ဝင်နေသည့် မြို့ပြဈေး၌ ဓားတစ်ချောင်းလွယ်၍ အေးအေးလူလူ ဖြတ်သန်းနေလေ၏။ ကျွန်ုပ်သည် သိဒ္ဓိတန်ခိုးရှင်တစ်ပါးဖြစ်ကြောင်း ဤလူသားတို့အလယ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သိနိုင်ကြမည် မဟုတ်ပါတကား။

