← Chapters

လူငယ်တွေက ဂါရဝတရားမရှိကြဘူးပဲ

Vol. 8 Ch. 106

လူငယ်တွေက ဂါရဝတရားမရှိကြဘူးပဲ

Vol. 8 Ch. 106

"ငါ မင်းကိုယုံမယ်များထင်နေလား"

ကျန်းမုန့်လောင်က ထိုကဲ့သို့သောလူစားမျိုးမဟုတ်ကြောင်း ဝမ်လင် ကောင်းကောင်းသိသည်။ သို့သော် သူ ကျန်းမုန့်လောင်ကို စနောက်ချင်ဆဲပင်။

တကယ်တမ်းတော့ ဝမ်တာ့ဟိုတယ်ရှိ အဆင့်မြင့်ဇိမ်ခံဟိုတယ်ခန်း၏ အပြင်ဘက်တွင် လုံခြုံရေးများရှိနေသင့်သည်။ ထိုအင်တာနက်ဆယ်လီများ မဆိုထားနှင့်။ သာမန်အခြေအနေမျိုးမှာ သန့်ရှင်းရေးဝန်ထမ်းများနှင့် ဟိုတယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာဝန်ထမ်းများပင် အလွယ်တကူဝင်ခွင့်မရပေ။

ယခုလိုကိစ္စမျိုး ဖြစ်လာနိုင်ကြောင်း ဝမ်လင် တွေးထားမိပြီးသားပင်။ ထို့ကြောင့် သူသည် လုံခြုံရေးများကို တမင်တကာပထုတ်ထားခြင်း ဖြစ်၏။ ယခုလိုအခြေအနေမျိုးနှင့် ကြုံလိုက်ရလျှင် ကျန်းမုန့်လောင် မည်သို့နှယ်တုံ့ပြန်မလဲဆိုသည်ကို သူ မြင်ချင်သေးသည်။ ထို့အပြင် ဤသည်မှာ ဝေးပေါ်တိုက်ပွဲကြီးအတောအတွင်း သူ့ပရိသတ်များကို ကျန်းမုန့်လောင်၏ပရိသတ်များက အညှာအတာကင်းမဲ့စွာ လှောင်ပြောင်ခဲ့ခြင်းအတွက် ပြန်လက်စားချေခြင်းဖြစ်သည်။

ဤလုပ်ရပ်ကို သူ စနောက်ရုံသက်သက်သာ လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ဘာပြဿနာမှဖြစ်မလာစေရန်အတွက် ကျန်းမုန့်လောင်၏အခန်းကို တိတ်တိတ်လေးစောင့်ကြည့်ဖို့ လုံခြုံရေးများ တိတ်တဆိတ်စီစဉ်ထားသည်။

သို့သော် ကျန်းမုန့်လောင်၏အခန်းက အင်တာနက်ဆယ်လီဆုံရပ်တစ်ခုနီးနီး ဖြစ်လာလေကြောင်း သူ့ကို တစ်စုံတစ်ယောက်က သတင်းပို့လာချိန်မှာတော့ သူ အပြေးအလွှားရောက်လာခဲ့သည်။ ကျန်းမုန့်လောင်ကို သူနားလည်ထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်၏အကွက်များက ရွှတ်နောက်နောက်နိုင်သော်ငြား သူသည် ဘွဲ့ပင်မရသေးသော တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်လေရာ ဝံပုလွေတစ်ပိုင်းမိန်းမရိုင်းများ၏လက်ထဲသို့ ကျရောက်သွားလျှင် သူသာ နစ်နာရပေလိမ့်မည်။

"ငါ တကယ်ဘာမှမလုပ်ထားဘူးလို့"

ကျန်းမုန့်လောင်က စိတ်တိုတိုဖြင့်ပြောလိုက်လေသည်။

"မြန်မြန်လုပ်စမ်းပါ။ ဒီမိန်းမတွေကို အပြင်ခေါ်ထုတ်သွားစမ်းပါ။ သူတို့ကိုကြည့်ရတာနဲ့တင် ငါ ခေါင်းကိုက်လာပြီ"

"မင်းသေချာလား"

ဝမ်လင်က ပြုံးရယ်လျက် မေးလိုက်လေသည်။

"ဒီလိုအုပ်စုလိုက်လှုပ်ရှားမှုမျိုးက နေ့တိုင်း အခွင့်အရေးမရနိုင်ဘူးနော်။ ဒါမှမဟုတ် ငါ မင်းအတွက် နောက်ထပ်နှစ်ယောက်လောက် ထပ်စီစဉ်ပေးရမလား"

"မင်းနှမကိုပဲ စီစဉ်ပေးလေ"

ကျန်းမုန့်လောင်က ဆဲဆိုလိုက်လေတော့သည်။

"မင်း လူယုတ်မာ..ငါမသိဘူးလို့ မထင်လိုက်နဲ့နော်။ ဒီကလုံခြုံရေးတွေကို မင်း ပထုတ်လိုက်တာ။ မင်းက ပွဲကြည့်ချင်နေတာလေ... ဟုတ်တယ်မလား"

"အစားကိုကုန်အောင်စား။ စကားကိုကုန်အောင်မပြောနဲ့တဲ့။ ငါတို့ဝမ်တာ့ဟိုတယ်ရဲ့ လုံခြုံရေးတွေက သေချာလေ့ကျင့်ပေးထားတဲ့လူတွေ။ ဒီနေ့လည်း လေ့ကျင့်ရေးဆင်းရမှာမို့ တစ်နာရီလောက် သူတို့နေရာကနေ ခဏထွက်သွားတာ။ ခဏလေးအတွင်း ဒီလောက်အခြေအနေဆိုးသွားလိမ့်မယ်လို့ ငါတို့ထင်မထားဘူးလေ"

"ရယ်ပါ။ ငါ့ကိုဆက်ရယ်နေလိုက်"

ကျန်းမုန့်လောင်ကလည်း ခြိမ်းခြောက်လိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ..ငါ မနက်ဖြန်ကျရင် ဝမ်တာ့ကိုဝယ်ပစ်ပြီး မင်းကို ငါ့တံခါးစောင့်အဖြစ် လုံခြုံရေးတာဝန်ပေးပစ်လိုက်မယ်"

"ငါမှားသွားပါတယ်။ ငါမှားသွားပါတယ်"

ဝမ်လင်အကြောက်ဆုံးကိစ္စမှာ ကျန်းမုန့်လောင်က ဝမ်တာ့အုပ်စုကို ဝယ်ချင်စိတ်ဖြစ်ပေါ်လာမည့်အရေးကိုပင်။ သူ့လိုလူစားမျိုးနှင့် စကားပြောရခြင်းဟာ နှိပ်စက်ညှဉ်းပန်းမှုတစ်ခုသာ။

"မြန်မြန်လုပ်။ ငါ့ရည်းစားလောင်းလေးနဲ့ ခဏလောက်ဂိမ်းဆော့ရဦးမှာ"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ငါသိပါပြီ"

စင်စစ်ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်အနေနှင့် ဝမ်လင်သည် ဤကဲ့သို့သောအခြေအနေမျိုးကို အများကြီးကြုံဖူးသည်။

တစ်ချိန်တုန်းက သူ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတစ်ခုကို လုပ်ခဲ့စဉ်က အမျိုးသမီးတင်ဆက်သူပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ဖူးသည်။ ထိုညတုန်းက သူ့ဟိုတယ်အခန်းတံခါးဝတွင် လူအမြောက်အများတန်းစီနေခဲ့ဖူးသည်။ ယခုလိုအခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုသည်မှာ သူ့အတွက်တော့ လွယ်ကူလွန်းလှသည်။

"မင်းတို့ ဒီမှာဘာလုပ်နေကြတာလဲ။ သမန်းဝံပုလွေဂိမ်းကစားကြမလို့လား"

ဝမ်လင်၏ မျက်လုံးအစုံက ထိုအင်တာနက်ဆယ်လီများကို ဝေ့ဝဲကြည့်ရှုလိုက်လေရာ သူတို့အား လုံခြုံမှုမရှိသလို ခံစားသွားရစေသည်။

"ဒါမှမဟုတ် မင်းတို့ရဲ့လှည့်ကွက်လေးနဲ့ ငါတို့ကို ခြိမ်းခြောက်နိုင်တယ်လို့များ ထင်နေကြတာလား"

ဝမ်လင်က လှောင်ရယ်လိုက်သည်။

"မင်းတို့ ဘယ်အေဂျင်စီတွေကလာတာလဲဆိုတာ ငါအကုန်သိတယ်နော်။ အခုချက်ချင်းထွက်မသွားဘူးဆိုရင် မင်းတို့အေဂျင်စီတွေကို မင်းတို့နဲ့ သဘောတူစာချုပ်ဖျက်သိမ်းခိုင်းနိုင်မဲ့ နည်းလမ်းတွေအများကြီး ငါ့မှာရှိတယ်"

"ဟီးဟီးဟီး.. သခင်လေးဝမ် စိတ်မဆိုးပါနဲ့။ ကျွန်မတို့က ဥက္ကဋ္ဌကျန်းကို စနောက်နေတာပါလို့"

"ဟုတ်တယ်။ ဒီည ဥက္ကဋ္ဌကျန်း ပျင်းနေမှာစိုးလို့ ကျွန်မတို့ညီအစ်မတွေက သူ့စိတ်ကို ပေါ့ပါးသွားအောင်လုပ်ပေးဖို့ လာခဲ့ကြတာ။ ကျွန်မတို့က ဥက္ကဋ္ဌကျန်းကို ဘယ်လိုလုပ်ပြီးခြိမ်းခြောက်နိုင်မှာတဲ့လဲ။ ဟုတ်တယ်မလား အားလုံးပဲ"

"ဟုတ်တယ်။ ဟုတ်တယ်"

"ဥက္ကဋ္ဌဝမ်က ဥက္ကဋ္ဌကျန်းနဲ့ ကိစ္စလေးရှိသေးတယ်ဆိုတော့လည်း ကျွန်မတို့ မနှောင့်ယှက်တော့ပါဘူး"

"ဟုတ်တယ်။ ဟုတ်တယ်။ သွားရအောင်။ သွားရအောင်"

ဤအင်တာနက်ဆယ်လီများဟာ သူတို့အင်တာနက်ဆယ်လီအေဂျင်စီများ၏ အရှိန်ကြောင့် ပိုက်ဆံအသင့်အတင့်ရှာနိုင်သော်လည်း ဝမ်လင်ပိုင်သည့် ဝမ်တာ့ရုပ်ရှင်နှင့်ယှဉ်ကြည့်ပါက သူတို့ကုမ္ပဏီများက မပြောပလောက်ပေ။

ကျန်းမုန့်လောင်ကမူ ဖော်ထုတ်ပြသထားသလောက်ဆိုလျှင် Unicornနည်းပညာတစ်ခုတည်းသာ ရှိသည်။ သို့သော် ကမ္ဘာ့အချမ်းသာဆုံးလူနှင့် ခင်မင်ရင်းနှီးထားရုံမျှဖြင့်ပင် သူ့ပိုင်ဆိုင်မှုက ဤမျှသာရှိသည်ဟု မည်သူကမှ မယုံကြည်ကြပေ။

သူတို့အနေနှင့် ကျန်းမုန့်လောင် အလွန်နာမည်ကြီးနေသည်ကိုပင် အပြစ်တင်ရပေလိမ့်မည်။ နာရီဝက်လေးအတွင်းမှာပင် အဆင့်မြင့်ဇိမ်ခံအခန်းကို လူတစ်ဒါဇင်ကျော်လောက် တံခါးလာခေါက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမှာတဲ့လဲ။ ကျန်းမုန့်လောင်၏တံခါးမှာ ပျက်လုနီးနီးပင်။

ဝမ်လင် သူတို့ကို ပြဿနာရှာမှာစိုး၍ ဆယ်လီတစ်သိုက်က ဝမ်လင်နှင့် ကျန်းမုန့်လောင်တို့ကို ကိုးရိုးကားရားအမူအရာဖြင့် ပြုံးပြလိုက်ပြီး အခန်းထဲမှ အမြန်ထွက်သွားကြသည်။ ဖီးနစ်ငှက်တစ်ကောင်ဖြစ်လာဖို့ အိပ်မက်မက်ရမှာတဲ့လား။ သူတို့ စဉ်းတောင်မစဉ်းစားဝံ့ကြပေ။

"ဒါကြီးက ပရမ်းပတာနိုင်လိုက်တာ"

ဝမ်လင်သည် အားကျ၍လား၊ စိတ်ပျက်၍လား မသဲကွဲသည့်လေသံမျိုးနှင့် ပြောလာလေသည်။

"ဟူး"

အင်တာနက်ဆယ်လီတစ်သိုက် ထွက်သွားသည်နှင့် ကျန်းမုန့်လောင်လည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

"အင်တာနက်ဆယ်လီလောကက တကယ်မရှင်းမရှင်းနဲ့ ညစ်ပတ်လွန်းတာပဲ။ မင်း အင်တာနက်ဆယ်လီတွေကို ဘာလို့ကြိုက်တာလဲဆိုတာ ငါနားမလည်နိုင်ဘူး။ ဘတ်စ်ကားတစ်စီးလိုဖြစ်နေမှာ မကြောက်ဘူးပေါ့"

"ငါက အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်ရင်တောင် ထိပ်တန်းအဆင့်မှာရှိနေမှာကွ"

ဝမ်လင်က အရှက်မရှိ ကြေညာလိုက်သည်။

"ပြီးတော့ ငါက ဒီအတိုင်းအပျော်ရှာနေတာပါ။ လက်ထပ်မှာလည်းမဟုတ်ဘူး။ သူတို့ကငါ့ပိုက်ဆံကိုမက်တယ်။ ငါကလည်း သူတို့ခန္ဓာကိုယ်ကိုမက်တယ်။ ရိုးရိုးလေးပဲမဟုတ်ဘူးလား"

"တော်တော့။ တော်တော့။ ငါ့တန်ဖိုးကို လာမဖျက်စီးနဲ့"

ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်လေသည်။

"ငါက တစ်ယောက်ဆိုတစ်ယောက်ပဲကွ။ ဒါနဲ့ မင်းဘာလိုချင်လို့လဲ။ မင်း ဒီကိုလာတာ ငါ့ကိုလာလှောင်တာတော့ မဟုတ်ဘူးမလား"

"တခြားကိစ္စလေးတစ်ခုရှိလို့"

ဝမ်လင်ကပြောလိုက်လေသည်။

"သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေက အကုန်သတ်မှတ်ပြီးခါနီးနေပြီလေ။ နောက်ပြဿနာက နောက်ခံသီချင်းပဲ။ ငါ ဝမ်ယိအုပ်စုရဲ့ ဝမ်ယိဂီတဌာနခွဲက လူတစ်ယောက်နဲ့ ဆက်သွယ်ထားတယ်။ ခဏနေရင် ငါတို့ ညလယ်စာအတူစားကြမလား"

"အိုး"

ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသည်နှင့် ကျန်းမုန့်လောင်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ့မိသားစု၏စည်းစိမ်များကို အမွေဆက်ခံရန် အစပျိုးခဲ့ခြင်းမှာ ဝမ်ယိအုပ်စုမှ ထုတ်ပယ်ခံခဲ့ရသည့်အချိန်ကပင်။

ထိုနေ့တုန်းက သူ အထွန့်တက်ခဲ့ခြင်း မရှိခဲ့ပါက သူ့အဖေကလည်း သူဟာ ရောင့်ရဲနိုင်သည်ဟု ထင်မှတ်သွားပြီး သူတို့မိသားစု၏စည်းစိမ်များအကြောင်း ဖော်ထုတ်ရန်အတွက် နောက်ထပ်နှစ်အနည်းငယ်မျှ ရွှေ့ဆိုင်းပစ်လိုက်နိုင်သည်။

ကျန်းမုန့်လောင်၏ စိတ်ထဲတွင်မူ ဝမ်ယိအုပ်စုကို သိမ်းပိုက်လိုသည့်အတွေးများ အမြဲရှိနေခဲ့သည်။ မင်းတို့တွေ အရင်က ငါ့ကို လျစ်လျူရှုခဲ့ကြတယ်။ ပြီးတော့ လှည့်ကွက်တွေတောင် ဆင်ခဲ့သေးတယ်။ နောင်အနာဂတ်ကျရင် မင်းတို့ ငါ့ကို လိုက်မမီနိုင်အောင် လုပ်ပြမယ်။

ဝမ်ယိအုပ်စု၏ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၆၀ဘီလီယံခန့်ရှိပြီး သူသာ ဝမ်ယိအုပ်စုကို သိမ်းပိုက်နိုင်ခဲ့ပါက အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ကုန်အောင်သုံးရမည့်တာဝန်ကို ကျန်းမုန့်လောင် ပြီးမြောက်သွားနိုင်မည် ဖြစ်၏။

သို့သော် ကျန်းမုန့်လောင်သည် အကြောင်းပြချက်မရှိဘဲ ဘာမှမလုပ်တတ်ပေ။ အကယ်၍ သူသာ ဝမ်ယိအုပ်စုကို သိမ်းပိုက်ရမည်ဆိုပါက ဝေးပေါ်ကို ဝယ်ပစ်တုန်းကလို တရားဝင်အကြောင်းပြချက်တစ်ခုလည်း လိုအပ်သည်မဟုတ်လား။ သို့မဟုတ်ပါက လူတိုင်းက သူ့ကို အသုံးအဖြုန်းကြီးသော သားတစ်ယောက်ဟု သတ်မှတ်ကြပေလိမ့်မည်။

"ခဏနေဦး။ မင်းလိုဥက္ကဋ္ဌဝမ်က ညလယ်စာစားဖို့ လူတစ်ယောက်ကို ဖိတ်ထားတယ်ဆိုတော့ အဲ့ဒီလူက သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ဘူးမလား"

"ဟုတ်တာပေါ့"

ဝမ်လင်ကလည်း ပြန်ပြောလိုက်သည်။

"လက်ရှိဝမ်ယိဂီတရဲ့ခေါင်းဆောင်က ဝမ်ယိအုပ်စုရဲ့ဥက္ကဋ္ဌတင်းယွီရှီရဲ့သား တင်းဆန်ရှီပဲ။ သူက ငါနဲ့ယှဉ်ရင်တော့ နည်းနည်းအဆင့်နိမ့်ပေမဲ့ လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး"

"သူက အယုတ်တမာကောင်တော့မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်က ရယ်မောလိုက်လေသည်။

"ဘာ"

"တင်းဆန်ရှီက ဂိမ်းဖန်တီးရာမှာ မရိုးမသားလေးတွေလုပ်ထားလို့ အဆဲခံနေရတာ တော်တော်ကြာပြီ။ အနည်းဆုံးတော့ သူ့သားက အယုတ်တမာမဟုတ်ဘူးဆိုတဲ့အချက်ကြောင့်သာမဟုတ်ရင် ငါ သူ့ကို အခါသုံးရာငါးရာလောက် ဆဲပြီးနေလောက်ပြီ"

"ဟားဟားဟား.. ခဏနေရင် ပစ္စည်းကိုစစ်ဆေးဖို့အတွက် အဝတ်တွေဆွဲချွတ်လိုက်ရင်ရော ဘယ်လိုလဲ"

"အား.. မင်း အဲ့လိုကိစ္စမျိုးကို စိတ်ဝင်စားလိမ့်မယ်လို့ ငါထင်မထားဘူး"

"စကားပြောနေတာတော်သင့်ပြီ။ သူက မင်းရဲ့အောက်ထပ်က အဆင့်မြင့်ဇိမ်ခံအခန်းထဲမှာရှိတယ်။ အတူသွားကြစို့"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်လည်း ယခု အမူးပြေလုနီးနီးဖြစ်သွားသည့်အပြင် ညနေကတည်းက ဘာမှမစားရသေးသည့်အတွက် အလွန်ဗိုက်ဆာနေ၏။

သူတို့နှစ်ယောက်သား ကော်ရစ်ဒါမှ အတူလျှောက်လာလိုက်ပြီး အောက်ထပ်ရှိ အဆင့်မြင့်ဇိမ်ခံအခန်းထဲသို့ ဦးတည်လိုက်သည်။ ထိုအခိုက်ဝယ် ကော်ရစ်ဒါတစ်လျှောက် ခပ်ဖျော့ဖျော့ငိုသံတစ်သံကို ကြားလိုက်ရသည်။ သေချာနားမထောင်လျှင် ထိုအသံကိုကြားရဖို့မလွယ်လှချေ။

"ရှူး"

ကျန်းမုန့်လောင်က သူ့ရှေ့မှာ ပိတ်ရပ်လိုက်သည်။

"မင်း အသံတစ်ခုခုကြားလိုက်လား"

"အသံလား"

ဝမ်လင်လည်း အသက်ရှူအောင့်ထားလိုက်မိသည်။ ခဏအကြာတွင် တစ်ဖက်လူ၏မျက်ဝန်းထဲ၌ ခပ်ဖျော့ဖျော့ဒေါသရိပ်တစ်ခု ထင်ဟပ်နေကြောင်း မြင်လိုက်ရသည်။

ဤသည်မှာ မိန်းကလေးတစ်ယောက် အပြင်းအထန်အနိုင်ကျင့်ခံနေရချိန်တွင် အော်ဟစ်လိုက်သောအသံမျိုးဖြစ်ကြောင်း အသိသာချည်းပင်။

"သေစမ်း။ တစ်ယောက်ယောက်က ငါ့ဟိုတယ်မှာ ဒါမျိုးလာလုပ်နေတယ်ပေါ့။ ဘယ်သူကများ ဒီလောက်သတ္တိရှိတာလဲဆိုတာ ငါကြည့်ရမယ်"

သူတို့နှစ်ယောက်က ခြေလှမ်းများကို ခပ်သွက်သွက်အရှိန်တင်လိုက်သော်ငြား သူတို့ နီးလာလေလေ ဝမ်လင်လည်း တစ်ခုခုလွဲနေကြောင်း ခံစားမိလေလေပင်။ ထိုအသံက တင်းယွီရှီ၏အခန်းထဲမှ ဖြစ်ဟန်တူသည်။

"ထင်ထားတဲ့အတိုင်း မသင်္ကာစရာတစ်ခုခုတော့ ရှိနေတာပဲ"

တင်းယွီရှီ၏အခန်းအပြင်ဘက်တွင် လူငယ်တစ်ယောက်နှင့် အဘိုးကြီးတစ်ယောက်က ပတ်ပတ်လည်ကို ချောင်းမြောင်းကြည့်ရှုနေသည်။ ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ ဒေါသတကြီးချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့၏မျက်ဝန်းထဲ၌ လက်ခနဲဖြစ်သွားရသည်။

"ဘယ်လိုလုပ်မလဲ"

ကျန်းမုန့်လောင်က ဝမ်လင်ကိုကြည့်လိုက်သည်။

"လက်သီးနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စဆိုရင်လည်း ခပ်မြန်မြန်ရှင်းလိုက်ကြတာပေါ့"

"ငါလည်း အဲ့လိုပဲစဉ်းစားနေတာ"

နှစ်ယောက်သားဟာ အသည်းအသန်ပြေးသွားလိုက်ကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရဲကို ဖုန်းခေါ်ပြီး စောင့်ဆိုင်းနေခြင်းမှာ မိုက်မဲသောလုပ်ရပ်တစ်ခုဖြစ်၏။

"မင်းတို့က ဘယ်သူတွေလဲ။ ငါက မာပေါင်ကွမ်ရဲ့ဆရာ ဟွမ်ယွမ်ရှင်းယီထိုက်ချိဂိုဏ်းခေါင်းဆောင်ပဲ။ မင်းတို့ အနားကပ်လာလို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့"

"ချီးကို ငါ့ကိုအဆိုးမဆိုနဲ့လား"

ကျန်းမုန့်လောင်သည် ထိုလူ ဘယ်သူလဲဆိုသည်ကို လုံးဝဂရုမစိုက်ပါဘဲ ကန်ထုတ်ပစ်လိုက်သည်။

ကျန်းမုန့်လောင်က အရပ်တအားမရှည်သော်လည်း ငယ်စဉ်ကတည်းက အပြေးချန်ပီယံတစ်ယောက်ဖြစ်၏။ သူ၏ခုန်ပေါက်နိုင်စွမ်းနှင့် ပေါက်ကွဲဖွယ်စွမ်းအားမှာ သာမန်လူများထက် ပိုမိုသန်မာအားကောင်းလေရာ ဤကန်ချက်မှာ မာပေါင်ကွမ်၏မျက်နှာပေါ်သို့ တည့်တည့်ကျသွားလေသည်။

"အား"

ကျန်းမုန့်လောင်အဖို့တော့ ဟွမ်ယွမ်ရှင်းယိထိုက်ကျိ၏ ဂိုဏ်းခေါင်းဆောင်က ဤမျှအားနည်းလိမ့်မည်ဟု ထင်မထားပေ။

"မင်း.."

မာပေါင်ကွမ်က နှာခေါင်းတွင် သွေးထွက်လျက်သားဖြင့် ကြမ်းပြင်ပေါ်မှ ထလာချေသည်။

"မင်း..ဒီနေ့ခေတ်လူငယ်တွေက ဂါဝရတရားခေါင်းပါးလိုက်တာ"

.......

All Chapters