စိတ်ကူးယဉ်မိတ်ဆွေဖန်တီးခြင်း
Vol. 8 Ch. 107
"သောက်ကျိုးနည်း… ဒီလူက Bilibiliဗီဒီယိုထဲကလူ မဟုတ်လား"
Bilibili remixအသိုင်းအဝိုင်း၏ အတွေ့အကြုံရှိသုံးစွဲသူတစ်ယောက်ဖြစ်သည့်အတွက် ဤလူအိုကြီး၏မျက်နှာက အကန်ခံရ၍ ရောင်ရမ်းနေသည့်တိုင် သူ့ပုံပန်းသဏ္ဌာန်ကိုမူ ခွဲခြားနိုင်ဆဲပင်။
မာပေါင်ကွမ်ဟုခေါ်သော ဤလူက ဟွာရှားသိုင်းပညာဟု နာမည်တပ်ကာ နိုင်ငံခြားကျောင်းသားတချို့ဆီက ပိုက်ဆံများလိမ်လည်လှည့်ဖြားခဲ့သည်။ ယခုမူ သူသည် ဟွာရှားသို့ပြန်လာပြီး ဟွမ်ယွမ်ရှင်းယီထိုက်ကျိသင်တန်းကျောင်းဟုခေါ်သော အရာတစ်ခုကို စတင်လုပ်ဆောင်နေလေသည်။
တစ်ခါတုန်းက သူ့ကိုယ်သူသက်သေပြဖို့အတွက် အပျော်တမ်းဆန်တာ့အားကစားသမားတစ်ယောက်ကို သွားစိန်ခေါ်ပြီး လက်သီးတစ်ချက်တည်းနှင့် မှောက်သွားခဲ့ရသည်။ ထို့နောက် နှာခေါင်းမှ သွေးယိုစီးလျက်သားဖြင့် သူသည် လူငယ်လေးကို မျက်နှာသာပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ခဏမျှအနားယူလိုက်ဦးမည်ဟု ဆိုချေသည်။ လွန်ခဲ့သည့်လအနည်းငယ်အတွင်းမှာ Bilibiliက remixကုန်ကြမ်းပစ္စည်းများ နည်းပါးနေခဲ့သည်။
ထင်မထားပါဘဲ သူသည် ဤနေရာသို့ရောက်လာပြီး တင်းယွီရှီ၏ဘော်ဒီဂတ်ဖြစ်သွားဟန်တူလေသည်။
"လူငယ်လေး..ငါတို့က သူများတွေအန္တရာယ်ကင်းဖို့အတွက် အခကြေးငွေယူတယ်။ မင်းက မသိနားမလည်တဲ့အတွက် ငါ ဗွေမယူတော့ဘူး။ ခုနတုန်းက ငါအငိုက်မိသွားလို့။ အခု မင်းထွက်မသွားဘူးဆိုရင် ငါလည်း မတတ်သာဘဲ လျှပ်စီးကြာပွတ်ငါးချက်ကို ထုတ်သုံးရလိမ့်မယ်"
"ကျန်းမုန့်လောင်.. မင်း ဘာလို့ အဲ့ဒီမှာရပ်နေသေးတာလဲ။ သူက သောက်ကျိုးနည်းအဘိုးကြီးတစ်ယောက်ပါကွာ။ငါ့ကို မြန်မြန်လာကူညီစမ်းပါ"
ဝမ်လင်သည် အနီးအနားရှိ လူငယ်လေးတစ်ယောက်နှင့် လုံးထွေးသတ်ပုတ်နေချေသည်။
"လာပြီ"
ကျန်းမုန့်လောင်က ကန်ချက်တစ်ချက်နှင့် လွှားခုန်လိုက်ပြီး ထိုလူလိမ်ကို ကြမ်းပြင်ပေါ်၌ အမှောက်သိပ်လိုက်လေသည်။ ထို့နောက် ရုတ်ခြည်းဆိုသလို သူတို့သုံးယောက်သား လုံးထွေးသတ်ပုတ်နေကြတော့သည်။
မဆိုစလောက်ဝနေသော ဝမ်လင်၏ခန္ဓာကိုယ်ကြောင့် အလှည့်စားမခံလိုက်လေနှင့်။ သူသည် ကရာတေးလေ့ကျင့်ခဲ့ဖူးသည်။ ကျန်းမုန့်လောင်ကလည်း မူလတန်းပထမနှစ်တုန်းက သိုင်းပညာများသင်ယူခဲ့ပြီး တတိယနှစ်တွင် တိုက်ကွမ်ဒိုသင်ကာ တက္ကသိုလ်တွင်မူ ဂျူဂျစ်ဆုကလပ်၏ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ အတိုက်အခိုက်နှင့်ပတ်သက်လာလျှင် သူ မည်သူ့ကိုမှ မကြောက်ပေ။
သူတို့နှစ်ယောက်ပေါင်းလိုက်သော် ထိုလူငယ်ကို ကြမ်းပြင်ပေါ်လဲသွားအောင်လုပ်ဖို့ အချိန်သိပ်မယူလိုက်ရပေ။
"ငါနဲ့လာတိုက်ခိုက်မယ်ပေါ့လေ။ သေခြင်းတရားကို လက်ယပ်ခေါ်နေတာနဲ့အတူတူပဲ"
ဝမ်လင်က ဒေါသထွက်နေဆဲဖြစ်ပြီး ထိုလူကြီးနှင့်လူငယ်နှစ်ယောက်ကို ခပ်ကြမ်းကြမ်းကန်ကျောက်ပစ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် အခန်းထဲရှိ အော်ဟစ်သံများက တိတ်ကျသွားသည်။
"သောက်ကျိုးနည်း.. လူကိုအရင်ကယ်ကြရအောင်"
အခန်းကား အတွင်းမှ လော့ချထားသည်။ ထို့ပြင် ဝမ်တာ့ဟိုတယ်၏လုံခြုံရေးတည်ဆောက်မှုက အလွန်ကောင်းမွန်လှသည်။ သာမန်အခြေအနေမျိုးတွင် အပြင်မှတစ်ဆင့် အားသုံး၍ဝင်ရောက်ဖို့ရာ ခဲယဉ်းလွန်းလှသည်။
"လုံခြုံရေးတွေကဘယ်မှာလဲ။ လေ့ကျင့်ရေးဆင်းနေတာကိုရပ်ပြီး ဒီကိုပြန်လာခဲ့ကြစမ်း။ ဟိုတယ်ထဲမှာ လူတစ်ယောက်ပြဿနာရှာနေတယ်ကွ"
ဝမ်လင်က အလျင်စလိုဖုန်းခေါ်လိုက်လေသည်။
ဤသည်မှာ မျက်နှာပျက်မပျက်နှင့် မဆိုင်တော့ပေ။ ယခုလိုအရှက်ရစရာသတင်းကြီးသာ ပေါက်ကြားသွားပါက အွန်လိုင်းပေါ်တွင် နောက်တစ်ကြိမ်ပြစ်တင်ဝေဖန်ခံရတော့မည်ဟု ဝမ်လင် ကြိုမြင်ယောင်နေမိသည်။
"အချိန်မရှိဘူး"
ကျန်းမုန့်လောင်လည်း အနီးအနားရှိ မီးသတ်ဖန်အိမ်၏ ဖန်တံခါးကို ရိုက်ခွဲ၍ အထဲရှိ ပုဆိန်လေးကို ထုတ်ယူလိုက်သည်။
"ဘေးဖယ်"
ဘော်ဒီဂတ်နှစ်ယောက်ခမျာ ကျန်းမုန့်လောင် မာန်ပါပါချဉ်းကပ်လာသည်ကို မြင်သောအခါ ပြင်းထန်လှစွာသော နာကျင်မှုကို ခံစားနေရသည့်ကြားက ဘေးဘက်ကို လှိမ့်သွားလိုက်သည်။
"ဒုတ်"
"ဒုတ်"
ကျန်းမုန့်လောင်က တံခါးကို ပုဆိန်နှင့် အထပ်ထပ်အခါခါရိုက်ချလိုက်သည်။ သူ့အင်အားက ကြီးမားလွန်းလှသောကြောင့် သိပ်မကြာခင်မှာပင် တံခါးက ပုံပျက်ပန်းပျက်ဖြစ်သွားလေသည်။
"တစ် နှစ် သုံး.. အတူဝင်တိုက်ကြမယ်"
"ဘန်း"
တွေဝေတုံ့ဆိုင်းမနေပါဘဲ အမျိုးသားနှစ်ယောက်က ပုံပျက်ပန်းပျက်ဖြစ်နေပြီဖြစ်သော တံခါးကို ဝင်တိုက်လိုက်ကြသည်။
"ဘန်း"
တံခါးရှိ သံကြိုးများပြုတ်ထွက်သွားပြီး လေထဲတွင်ဝဲနေပြီးနောက် ကျယ်လောင်လှစွာသော မြည်သံကြီးဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"သောက်ကျိုးနည်း… မင်းတို့က အပြင်မှာစောင့်နေရမှာမဟုတ်ဘူးလား"
လူငယ်လေးတစ်ယောက်က တခြားအခန်းဆီမှ ထွက်လာပြီး ဆဲဆိုနေလေတော့သည်။ သူသည် ရှပ်အင်္ကျီကိုချွတ်ထားလေရာ မှိန်ပျပျအလင်းရောင်အောက်ဝယ် သူ့ခန္ဓာကိုယ်ထက်ရှိ ကုတ်ရာခြစ်ရာခပ်ဖျော့ဖျော့က မြင်သာထင်သာရှိနေချေသည်။
"ဝမ်…ဝမ်လင်"
ဝမ်လင်ကိုမြင်သောအခါ ထိုလူငယ်လေးက ရုတ်တရက်ထိတ်လန့်သွားဟန် ပြလာလေသည်။
"မဟုတ်သေးပါဘူး.. ငါတို့ ကိုးနာရီခွဲကျမှ ညလယ်စာထွက်စားဖို့ သဘောတူထားတာမဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အစောကြီးရောက်လာတာလဲ"
"ဒါဆို ဒါက အစ်ကိုမုန့်လောင်ပေါ့ ဟုတ်လား"
တင်းယွီရှိက ကိုးရိုးကားရားပြုံးပြလိုက်ပြီး ကျန်းမုန့်လောင်ဘက်ကို လက်ဆန့်လိုက်လေသည်။
"လစ်စမ်းပါ"
ကျန်းမုန့်လောင်က ထိုလက်ကို ရိုက်ချလိုက်ပြီး အခန်းထဲသို့ ကျူးကျော်ဝင်ရောက်သွားသည်။ အခန်းထဲတွင်မူ အသက်နှစ်ဆယ်အရွယ်မျှသာရှိသော မိန်းကလေးတစ်ယောက်က မျက်ရည်လည်ရွှဲဖြစ်နေကာ အိပ်ရာခင်းနှင့် သူ(မ)ကိုယ်သူ(မ)ပတ်ထားပြီး အဝတ်အစားများလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသေးသည်။ သူ(မ)ကို တစ်စုံတစ်ယောက်က ကိုယ်လုံးတီးနီးပါးဖြစ်သည်အထိ ဆွဲချွတ်ထားမှန်း သိသာလှသည်။
"ဝူး…"
တစ်စုံတစ်ယောက်ဝင်လာသည်ကို မြင်သောအခါ ထိုမိန်းကလေးက သနားစဖွယ်ကောင်းအောင် ငိုကြွေးလေတော့သည်။
"မစ္စတာကျန်း..ဘာဖြစ်တာလဲ"
ထိုအချိန်ဝယ် လုံခြုံရေးအစောင့်တစ်စုက အခန်းထဲသို့ အလျင်စလိုဝင်ချလာကာ ဟုန်းရီကလည်း သတင်းရပြီး အရှေ့မှဦးဆောင်လာသည်။
မိန်းကလေးတစ်ယောက် ရောက်လာသည်ကို မြင်သောအခါ စိတ်ပျက်အားငယ်နေသော ထိုမိန်းကလေးက မျက်ရည်များ အဆက်မပြတ်ကျဆင်းလျက်သားဖြင့် ဟုန်းရီကိုပွေ့ဖက်လိုက်လေသည်။
"ဘော့စ်"
လုံခြုံရေးအစောင့်ခြောက်ယောက်ကမူ ဝမ်လင်ရှေ့တွင် တလေးတစားမတ်တတ်ရပ်နေချေသည်။
"မင်းတို့တွေ ဘာအသုံးကျလဲ။ ဒီလိုကိစ္စမျိုးက ငါ့ဟိုတယ်မှာလာဖြစ်နေတယ်ပေါ့လေ"
ဝမ်လင်က ဒေါသတကြီးဆူပူကြိမ်းမောင်းပါတော့သည်။
"ဘော့စ်.. ဒီနေ့ ကျွန်တော်တို့ကို ယာယီလေ့ကျင့်ရေးဆင်းခိုင်းထားပြီး ဒီအထပ်နှစ်ထပ်ကို လျှောက်မသွားနဲ့လို့ ပြောထားတာမဟုတ်ဘူးလား"
လုံခြုံရေးတစ်ယောက်က မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလာလေသည်။
ကျန်းမုန့်လောင်ကလည်း ဝမ်လင့်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။
သေချာပေါက်ပဲ.. ဒါက ဒီကောင့်လက်ချက်ကိုး…
"ပါးစပ်ပိတ်ထားစမ်း..ငါ မင်းကို စကားပြောခိုင်းမိလို့လား"
"လောင်ကျန်း.. ငါတို့ဘာလုပ်ကြမလဲ။ ရဲခေါ်မလား"
ဝမ်လင်က မေးလိုက်လေသည်။
"ဝမ်လင် မင်း…"
တင်းယွီရှီက ရဲခေါ်မည်ဟု ကြားလိုက်သည်နှင့် ချက်ချင်းပင် ထိတ်လန့်သွားချေသည်။ ယနေ့ခေတ်တွင် ပိုက်ဆံသည်သာ အရာရာမဟုတ်ပေ။ ကျန်းမုန့်လောင်လိုသာ ချမ်းသာမည်ဆိုလျှင်တော့ တစ်မျိုးပင်။ သို့သော် သူ တင်းယွီရှီကတော့ ဥပဒေ၏အထက်မှာ မရှိပေ။
"အခုလောလောဆယ်တော့ ရဲမခေါ်နဲ့ဦး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"သူက မိန်းမငယ်လေးပဲရှိသေးတော့ ငါတို့သာ ရဲခေါ်လိုက်ရင် သူ့ဂုဏ်သိက္ခာလည်း ပျက်စီးသွားလိမ့်မယ်"
ထိုမိန်းကလေး၏ပုံစံက စိတ်မချမ်းမြေ့စရာကောင်းသော်ငြား သူတို့နှစ်ယောက် အချိန်မီရောက်လာဟန်တူသည်။
ရဲမခေါ်တော့ဘူးဟု ကြားလိုက်ရသောအခါ တင်းယွီရှီလည်း ချက်ချင်းစိတ်အေးသွားရသည်။ ရဲကိစ္စမပါသရွေ့ ဆွေးနွေးလို့ရနိုင်သေးသည်။
"သူတို့သုံးယောက်စလုံးကို ခြေထောက်တွေရိုက်ချိုးပစ်လိုက်"
ကျန်းမုန့်လောင်က အကြင်နာကင်းမဲ့စွာ ပြောလိုက်သည်။
သူသည် အမျိုးသမီးများကို အတင်းအကျပ်ပြုသူများအား အမြဲမုန်းတီးခဲ့သည်။ ဝမ်လင်ကလည်း အင်တာနက်ဆယ်လီများနှင့် ပျော်ပါးရတာကို သဘောကျသော်ငြား သူတို့က နှစ်ဦးနှစ်ဖက်လက်ခံသဘောတူ၍သာ ခန္ဓာကိုယ်ကို ပိုက်ဆံနှင့် အလဲအထပ်လုပ်ကြခြင်းဖြစ်သည်။
သို့သော် သူတို့အရှေ့ရှိ ဤမိန်းကလေးကမူ အတင်းအကျပ်ပြုကျင့်ခံရသည်မှာ ထင်ရှားလှသည်။
"ဘာ.. ကျန်းမုန့်လောင်.. မင်းက လူတစ်ယောက်ကို မတရားအပြစ်ပေးနေတာလား"
"ငါ မင်းကို ချန်းထန်မြစ်ထဲ ပစ်ချလိုက်ရင်တောင် ငါ့ဘဝကောင်းစားနေဦးမယ်ဆိုရင် မင်းယုံလား"
"လောင်ကျန်း.. အလျင်စလိုမလုပ်ပါနဲ့"
ဝမ်လင်က ကျန်းမုန့်လောင် စိတ်လိုက်မာန်ပါလုပ်လိုက်မည်စိုး၍ သူ့ကို အလျင်အမြန်ဆွဲထားလိုက်သည်။
"ကောင်းပြီလေ.. မင်းပဲ ဒီကိစ္စကိုဖြေရှင်းလိုက်တော့"
ကျန်းမုန့်လောင်က ဒေါသတကြီး ဘေးကပ်ရပ်လိုက်သည်။
"မင်း ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"မင်း ရှင်းပြစမ်း"
ဝမ်လင်က အေးတိအေးစက်ပြောလိုက်လေသည်။
ဝမ်ယိအုပ်စုက စင်စစ်ကြီးမားလှသော ကော်ပိုးရေးရှင်းကြီးတစ်ခု ဖြစ်သည်။ သို့သော် မှတ်သားထားရမည့်အချက်မှာ တင်းယွီရှီ၏ဖခင် တင်းဆန်ရှီက ရှယ်ယာအများကြီး မကိုင်ထားနိုင်ပေ။ သို့သော် ဝမ်လင်နှင့် သူ့အဖေကတော့ ဝမ်တာ့အုပ်စုကို အလုံးစုံပိုင်ဆိုင်ထားသူများဖြစ်၏။ အားနည်းသူနှင့် အားကောင်းသူမှာ မည်သူများဖြစ်ကြောင်း ရှင်းနေလေသည်။
"လောင်ဝမ်.. အစ်ကိုမုန့်လောင်.. စိတ်အေးအေးထားကြပါဗျ။ အဲ့ဒါ မိန်းကလေးတစ်ယောက်ပဲဟာကို"
ဘာအရည်အချင်းမှမရှိသည့် ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်သည့် တင်းယွီရှီက သူတို့ကို ဖျောင့်ဖျသိမ်းသွင်းရန် ကြိုးစားလေသည်။
"သူက အင်တာနက်အဆိုတော်လေးတစ်ယောက်ပါဗျာ။ ဒီလောက်ကြီးဒေါသထွက်နေစရာလည်းမလိုပါဘူး"
တင်းယွီရှီက ထိုမိန်းကလေးကို လှည့်ကြည်လိုက်လေရာ ထိုမိန်းကလေးခမျာ ချက်ချင်းပင် ခန္ဓာကိုယ်ကျုံ့လိုက်သည်မှာ စိတ်ဒဏ်ရာရသွားမှန်း သိသာလှသည်။
"ဒီလိုဗျာ။ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် သူ့ကို တစ်သန်းလျော်ကြေးပေးလိုက်မယ်လေ။ ဒါဆို ပြီးသွားပြီမဟုတ်လား"
တင်းယွီရှီက သူ့အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။
"ဘာမှမလုပ်ဘဲ ပိုက်ဆံတစ်သန်းရတာလေ။ မင်း ဈေးပေါပေါနဲ့ရလိုက်တာနော်"
"ကြည့်စမ်းပါဦး"
ကျန်းမုန့်လောင်က ချက်ချင်းထရယ်လိုက်ချေသည်။ ထိုကဲ့သို့မျက်နှာပြောင်တိုက်တတ်သူမျိုးကို သူ ပထမဆုံးမြင်ဖူးခြင်းပင်။
"တစ်သန်းတဲ့လား။ မလောက်ဘူးလေ။ မင်းက နစ်နာကြေးလို့တောင် ပြောရဲသေးတယ်ပေါ့။ ဝမ်ယိအုပ်စုမှာ ပေးစရာပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ကြည့်ကြရအောင်"
"မင်းတော့ ဒီနေ့ကံဆိုးတာပဲ။ ဒါက ငါ့ညီအစ်ကိုရဲ့ရည်းစားပဲ။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ဆိုရင် တစ်သန်းနဲ့ ဘယ်လိုလုပ်လောက်မှာလဲကွ"
"မင်းညီအစ်ကိုရဲ့ကောင်မလေးလား"
ဝမ်လင်ခမျာ တဒင်္ဂမျှ အံ့အားသင့်သွားရသော်လည်း ချက်ချင်းပင် သဘောပေါက်လိုက်လေသည်။ ကျန်းမုန့်လောင်က "စိတ်ကူးယဉ်မိတ်ဆွေတစ်ယောက်"ကို ဖန်တီးပြီး ငွေပမာဏအများကြီးတောင်းဖို့ ကြိုးစားနေခြင်းဖြစ်သည်။
"သောက်ပေါက်ကရတွေ.. မင်း ဒီကောင်မလေးရဲ့နာမည်ကိုပြောပြနိုင်ရင် ငါ့ကိုယ်ငါ ဒီနေရာမှာတင် ချက်ချင်းသင်းကွပ်ပစ်လိုက်မယ်"
တင်းယွီရှီက စိတ်ထဲမှာတော့ ကျန်းမုန့်လောင်၏ဘိုးဘေးများကိုပါ ဆဲဆိုနေမိသော်လည်း ထုတ်မပြောရဲပေ။ သူစိမ်းတစ်ယောက်အတွက်နှင့် သူ့ကိုယ်သူနစ်နာအောင် လုပ်စရာလိုလေသလား။
သို့သော် သူ့ကို လူမိသွားသည့်အတွက် ရွေးချယ်စရာမရှိဘဲ ငြိမ်းချမ်းသည့်ဖြေရှင်းနည်းတစ်ခုကိုသာ ရွေးလိုက်ရသည်။
"ဒီလိုအခြေအနေမျိုးလည်းရှိတာလား။ ဒါဆိုရင် ငါ တကယ်မှားသွားတာပေါ့"
တင်းယွီရှီက အပြစ်ရှိဟန်အမူအရာမျိုး လုပ်လိုက်ချေသည်။
"ဒီလိုလုပ်ရင်ရော အစ်ကိုမုန့်လောင်.. အစ်ကို့သူငယ်ချင်းကို တောင်းပန်တဲ့အနေနဲ့ အစ်ကိုကပဲ ပမာဏတစ်ခုသတ်မှတ်လိုက်လေ"
"ဒီလိုဆိုရင်ရော…ငါးဆယ်ဘီလီယံပေးလိုက်။ ဒါဆိုရင် ဒီကိစ္စ ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူးလို့ ငါသဘောထားပေးမယ်"
.......