သူတောင်းစားတစ်ယောက်ကိုပဲ ဆယ်သန်းသွားပေးလိုက်ပါ့လား
Vol. 8 Ch. 108
"ဘာ..ဘီလီယံငါးဆယ်လား။ မင်း ဘဏ်ဓားပြသွားတိုက်လိုက်ပါတော့လား"
တင်းယွီရှီခမျာ ထိုပမာဏကြောင့် အံ့ဩထိတ်လန့်သွားလေသည်။
သူ့အဖေတင်းဆန်ရှီ၏ စုစုပေါင်းပိုင်ဆိုင်မှုအားလုံးပေါင်းလျှင်ပင် အမေရိကန်ဒေါ်လာ၁၆ဘီလီယံမျှသာ ရှိပြီး ဝမ်ယိအုပ်စုတစ်ခုလုံး၏တန်ဖိုးမှာလည်း ဒေါ်လာငါးဆယ်ဘီလီယံမျှသာ ရှိသည်။
စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရမည့်အကြောင်း သူကြားဖူးသည်။ သို့သော် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် ဒေါ်လာငါးဆယ်ဘီလီယံတဲ့လား။ ထိုပမာဏမျိုးအထိ တောင်းဆိုခြင်းမှာ စိတ်မနှံ့ခြင်းသာ ဖြစ်ရပေမည်။
"အမှားလုပ်ရင် တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်မှာပဲ"
ကျန်းမုန့်လောင်က အေးတိအေးစက်လှောင်ရယ်လျက် ပြောလိုက်လေသည်။
"မင်း အရွယ်ရောက်ပြီးသားလူတစ်ယောက်မဟုတ်ဘူးလား။ ဒီလောက်တောင် ရှင်းနေတဲ့အကြောင်းအရာကို နားမလည်ဘူးလား"
"ကျန်းမုန့်လောင် လွန်မလာနဲ့နော်။ ငါ မင်းကို တရိုတသေနဲ့ အစ်ကိုတပ်ခေါ်တယ်ဆိုတာ လေးစားမှုကြောင့်ခေါ်တာ။ မင်းတို့မိသားစုမှာ ပိုက်ဆံနည်းနည်းရှိတယ်ဆိုတာနဲ့ပဲ မင်းလုပ်ချင်တာလုပ်လို့ရပြီလို့ မထင်နဲ့"
တင်းယွီရှီ၏လေသံကား ကျန်းမုန့်လောင်ကို မျက်နှာသာမပေးတော့သည့်အလား ကြမ်းတမ်းခက်ထန်သွားလေသည်။
ကျန်းမုန့်လောင်သည် စင်စစ်ချမ်းသာသည်ဆိုသော်ငြား ဤကိစ္စမှာ နောက်ဆုံးအဆင့်သို့ မရောက်ရှိလိုက်ပေ။ စီးပွားရေးအမြင်ချို့တဲ့သော ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ဖြစ်သော တင်းယွီရှီသည် စီးပွားရေးလုပ်ငန်းတွင် ထက်မြက်ချင်မှ ထက်မြက်လိမ့်မည်။ သို့သော် မိန်းမကိစ္စနှင့်ပတ်သက်လာလျှင် သူ့ကို ယှဉ်နိုင်သူမရှိချေ။
သူတို့၏ဝမ်ယိဂီတသည် "Three-Body"ရုပ်ရှင်၏ နောက်ခံတေးဂီတနှင့် အဓိကတေးသီချင်းတို့အတွက် အကျိုးတူပူးပေါင်းမည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သို့ဖြစ်လေရာ သူတို့အနေနှင့် ထိုသီချင်းများကို သီဆိုပေးမည့် သင့်တော်သူများကို လိုအပ်နေပေသည်။
ရုပ်ရှင်တေးဂီတများကို သီဆိုပေးမည့် အဆိုတော်တစ်ယောက်အနေနှင့် လိုအပ်ချက်သတ်မှတ်ချက်များက မမြင့်လှပေ။ သူတို့အနေနှင့် ပရိသတ်အင်အားတောင့်တင်းရန်လည်း မလိုအပ်ပေ။ အကြောင်းမှာ ကြည့်ရှုသူများသည် နောက်ခံသီချင်းကိုနားထောင်ရင်း ရုပ်ရှင်ကိုအရင်ကြည့်ကြမည်ဖြစ်၏။ နောက်မှသာ ထိုသီချင်းကို မည်သူဆိုထားလေကြောင်း စိတ်ဝင်စားလာမည်ဖြစ်သည်။
အထူးသဖြင့် "Three-Body"ကဲ့သို့ လူကြိုက်များရေပန်းစားသည့် ရုပ်ရှင်တစ်ခုအတွက် အဓိကတေးသီချင်းနှင့် အဆုံးသတ်တေးသီချင်းများကို သီဆိုခွင့်ရခြင်းမှာ လူသစ်များနှင့် နာမည်သိပ်မကြီးသေးသော အဆိုတော်များအဖို့တော့ အံ့ဖွယ်ကောင်းလောက်သော အခွင့်အရေးတစ်ခုဖြစ်သည်။
ယနေ့ညမှာ ကျန်းမုန့်လောင်၏အခန်းထဲသို့ ရောက်လာခဲ့ကြသော အင်တာနက်ဆယ်လီများကဲ့သို့ပင် မြောက်များလှစွာသော အမျိုးသမီးအဆိုတော်များနှင့် Influencerများမှာ ဤအခွင့်အရေးကို လိုချင်မက်မောကြသည်။ ဤကိစ္စအတွက် ဆုံးဖြတ်ချက်ချရာမှာ ဝမ်ယိဂီတ၏တာဝန်ရှိသူ တင်းယွီရှီက နောက်ဆုံးပြောရေးဆိုခွင့်ရှိသူဖြစ်၏။
ဝမ်ယိဂီတဘက်က အဓိကတေးသီချင်း၊ အဆုံးသတ်တေးသီချင်းနှင့် ဇာတ်ဝင်တေးသီချင်းများကို ပါဝင်ဖန်တီးမည့်အကြောင်း ကြေညာပြီးကတည်းက တင်းယွီရှီသည် အသောက်အစားအပျော်အပါးလိုက်စားကာ လက်ခံနိုင်ဖွယ်မရှိသော ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပနေခဲ့လေသည်။
ရက်အနည်းငယ်ကြာအောင် ဂီတပညာရှင်များနှင့် ရုပ်ရှင်ဇာတ်ကောင်များ ရွေးချယ်ရေးအတွက် လူရွေးပွဲများကျင်းပမည်ဖြစ်သောကြောင့် ဝမ်လင့်ထံမှ ဖိတ်ကြားချက်တစ်ခုရ၍ သူ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။
စီးပွားရေးကိစ္စနှင့် ပတ်သက်လာလျှင် တင်းယွီရှီသည် အားစိုက်ထုတ်မှု များများစားစားမရှိပေ။ မည်သို့ပင်ဖြစ်စေ သူ့ကုမ္ပဏီတွင် ထိပ်တန်းအဆင့်ဂီတပညာရှင်ပေါင်းများစွာရှိပြီး ထိုကိစ္စများကို သူ့လက်အောက်ဝန်ထမ်းများကိုသာ တာဝန်ပေးထားလို့ရပေသည်။ သူ ဤနေရာသို့လာခြင်းမှာ အပျော်ရှာရုံသက်သက်သာဖြစ်ပြီး သင့်တော်သော "သားကောင်"တစ်ယောက်ရှိမရှိ ကြည့်ရှုရန်အတွက်သာ။
ဤမိန်းကလေးသည် သူမျက်စိကျထားသော သူ့သားကောင်စာရင်းထဲမှ သားကောင်တစ်ယောက်ဖြစ်သည်။
သူ(မ)၏နာမည်မှာ ရှားယိုဖြစ်ပြီး ကျန်းနန်မြို့ ဂီတတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သည်။ တကယ်တမ်းတွင် သူ(မ)သည် အခြားလူများကဲ့သို့ ကံစမ်းရန်အလို့ငှာ သူ(မ)၏အခန်းဖော်တချို့နှင့်အတူ လူရွေးပွဲဖြေရန် ရောက်လာခြင်းပင်။ ဟွာရှားတွင် သီချင်းအဆိုကောင်းသူများ မရှားလှကြောင်းကိုမူ သူ(မ)သိသည်။
သို့သော် လမ်းဘေးဖျော်ဖြေသူများနှင့် မြေအောက်ရထားဘူတာရုံရှိ ဖျော်ဖြေသူများကို ကြည့်ခြင်းအားဖြင့် ဤလောက၏ ခက်ခဲကြမ်းတမ်းသော အနေအထားကို သိရှိနိုင်ပေသည်။
လူတိုင်းကိုအံ့ဩသွားစေသည့်အချက်မှာ ရှားယို၏ ကြည်လင်ပြီး ညင်သာသိမ်မွေ့သော အသံက လူရွေးပွဲများတွင် ဂီတပညာရှင်များထံမှ ချီးကျူးခံခဲ့ရသည်။ သူ(မ)၏အသံကား အဆုံးမဲ့လေဟာနယ်ထဲသို့ ပဲ့တင်ထပ်သွားသည့်အလား နားဆင်သူများကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိကာ ထင်မှတ်မထားပါဘဲ ဒုတိယအဆင့်ရွေးချယ်မှုသို့ တက်ရောက်နိုင်ခဲ့သည်။
ဤလူရွေးပွဲအတွင်းတွင် တင်းယွီရှိလည်း ရှိနေခဲ့သည်။ ချစ်စရာကောင်းလှသော ရှားယို၏အသွင်အပြင်က သူ့ကို မျက်စိဖမ်းစားခဲ့ပေသည်။ အရှက်အကြောက်ကင်းမဲ့ပြီး ဈေးပေါလှသော အင်တာနက်ဆယ်လီများနှင့်မတူဘဲ ဤမိန်းကလေးသည် ရင်းနှီးကျွမ်းဝင်စေသော ဆွဲဆောင်မှုတစ်မျိုးရှိလေရာ တင်းယွီရှီကလည်း အပျော်ရှာရန် ကြံစည်လိုက်လေတော့သည်။
ဂီတထုတ်လုပ်ရေးကုမ္ပဏီခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကို အသုံးချ၍ ညနေဘက်တွင် ဒုတိယအဆင့်လူရွေးပွဲတစ်ခု ရှိသည်ဟုဆိုကာ သူ့ဝန်ထမ်းများကို ရှားယိုနှင့် ဆက်သွယ်စေခဲ့သည်။
သို့သော် သူ(မ)မသိလိုက်သည့်အချက်မှာ ဝန်ထမ်းဟုခေါ်ဆိုပါသော ထိုလူသည် တင်းယွီရှီ၏လက်ပါးစေတစ်ယောက်ဖြစ်နေသောကြောင့် ရှားယိုကို ဟိုတယ်ထဲသို့ တိုက်ရိုက်ခေါ်ချလာပေသည်။
ထိုအချိန်တွင် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ရှားယို ခံစားလိုက်မိသည်။ သူ(မ) အမြန်ပြန်သွားချင်ခဲ့ပါသော်လည်း တင်းယွီရှိ၏အကြံအစည်က သေသပ်စေ့စပ်လှ၏။ သူသည် "သရုပ်ဆောင်များ"ကိုပါ သူ့အခန်းထဲသို့ ခေါ်ယူထားခဲ့ပြီး အဆိုရှင်ရွေးချယ်မှုတစ်ခုလုပ်နေသည့်အလား ထင်မှတ်မှားစေခဲ့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှားယိုလည်း သူ(မ) သံသယလွန်ကဲနေခြင်းဖြစ်ရမည်ဟု ထင်လိုက်မိသည်။ ဝံပုလွေသားရဲတွင်းထဲသို့ သူ(မ) ဝင်သွားလိုက်သည့်အခါမှာမူ ကျန်လူများအားလုံးက ထွက်သွားကြပြီး ထိုအချိန်မှသာ တင်းယွီရှီက သူ့သရုပ်မှန်ကို ပြသလာသည်။
သို့သော် ကံဆိုးချင်တော့ မိနစ်အနည်းငယ်အကြာမှာပင် ကျန်းမုန့်လောင်နှင့် အခြားသူများ သိရှိသွားခဲ့ကြသည်။
"လုပ်ချင်ရာလုပ်တယ်ပေါ့လေ။ ငွေအားကိုးနဲ့ လုပ်ချင်ရာလုပ်နေတာ မင်းမဟုတ်ဘူးလား"
"ငါ တကယ်ဘာမှမသိပါဘူး။ ဒီကောင်မလေးက သူကိုယ်တိုင် ငါ့အခန်းထဲကိုရောက်လာပြီး သူ့ကို သီချင်းဆိုဖို့အခွင့်အရေးပေးသရွေ့ သူ ဘာမဆိုလုပ်နိုင်တယ်လို့ပြောခဲ့တာ။ နှစ်ဦးနှစ်ဖက်သဘောတူတာဆိုမှတော့ မင်းတို့မှာ ဘာမှပြောပိုင်ခွင့်မရှိဘူးမလား"
တင်းယွီရှီက အရှက်မရှိပြောလာလေသည်။
"ရှင် ပေါက်ကရတွေပြောနေတာ"
ယခုမှ စိတ်အခြေအနေကောင်းမွန်ခါစရှိသေးသော ရှားယိုက တင်းယွီရှီ၏စကားများကြောင့် ဒေါသူပုန်ထသွားလေသည်။
"ငါက ဘာပေါက်ကရတွေပြောနေလို့လဲ"
တင်းယွီရှီက ရယ်မောလိုက်လေသည်။
"မင်း ငါ့ကိုမယုံရင် ဟိုတယ်ရဲ့စောင့်ကြည့်မှတ်တမ်းကို စစ်ကြည့်လို့ရတယ်။ ဒီမိန်းကလေးက ညသန်းခေါင်ကြီး သူ့ဘာသာ ငါ့အခန်းထဲကိုလာခဲ့တာ။ သူ့ကို ငါ လှည့်စားထားတာလည်းမရှိဘူး။ မင်း ငါ့ကိုပြောစမ်းပါဦး။ အဲ့လိုမှမဟုတ်ရင် အဆိုတော်တစ်ယောက်က ဂီတထုတ်လုပ်သူတစ်ယောက်ရဲ့အခန်းထဲကို ညသန်းခေါင်ကြီး ဘာလို့လာမှာတဲ့လဲ"
"ရှင် တော်တော်မျက်နှာပြောင်တိုက်တာပဲ"
တင်းယွီရှီ၏စကားများကို ကြားသောအခါ ရှားယို ပို၍ပင်စိတ်ထိခိုက်သွားရပြီး သူ(မ)ကြုံတွေ့ခဲ့ရသမျှ ကိစ္စအလုံးစုံကို ပြန်ပြောပြလိုက်သည်။
သို့သော် စဉ်းစားကြည့်ပါက တင်းယွီရှီ၏ အစီအစဉ်က လုံးဝစိတ်ချရပေသည်။ သက်သေအထောက်အထားအားလုံးက တင်းယွီရှီ၏အခန်းထဲသို့ ရှားယိုကိုယ်တိုင်ရောက်လာကြောင်း ညွှန်ပြနေပေသည်။
"ဒီအကွက်က သိပ်မိုက်တာပဲ"
ကျန်းမုန့်လောင်မှာ တင်းယွီရှီ၏ ကောက်ကျစ်ယုတ်မာမှုကို မလေးစားဘဲ မနေနိုင်ချေ။ သူ့ဦးနှောက်ကိုသာ စီးပွားရေးလုပ်ငန်းတွင် အသုံးချပါက သူ့အဖေ တင်းဆန်ရှီလည်း ဘာစိတ်ပူနေစရာလိုတော့မည်လဲ။
"သခင်လေးဝမ်.. သခင်လေးကျန်း.. ဒီမိန်းမက မင်းတို့နဲ့လည်း ဘာမှမတော်ပါဘူး။ ပြီးတော့ ဘာမှလည်းမဖြစ်သွားတဲ့ဟာကို ဘာလို့ သူ့ဘက်ကလိုက်ပြောပေးနေတာလဲ"
တင်းယွီရှီက ဘာမှကြောက်စရာမရှိသည့်အလား ပြုမူနေပေသည်။
"ငါပြောပြီးပြီလေ။ သူက ငါ့သူငယ်ချင်းရဲ့ချစ်သူလို့"
ကျန်းမုန့်လောင်က ဆက်လက်သရော်လိုက်သည်။ သူ့အနေနှင့် ဤကိစ္စကို လွယ်လင့်တကူအဆုံးသတ်ပေးလိုက်ဖို့ စိတ်ကူးမရှိပေ။ အကြောင်းမှာ ရှားယိုကြောင့် လုရီယောင်ကို မြင်ယောင်မိသွားသောကြောင့်ပင်။ ကြည့်ရသည်မှာ ဂီတကိုချစ်မြတ်နိုးသော မိန်းကလေးတိုင်းက တူညီသောအရည်အသွေးများရှိကြပုံပင်။
"ဒီတော့ မင်းက ဒီကိစ္စကို အကြီးကြီးဖြစ်အောင်လုပ်တော့မယ်ပေါ့"
"ငါ နောက်တစ်ခါထပ်ပြောမယ်။ မင်း အမှားလုပ်ထားရင် တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာပဲ"
"နောက်ဆုံးတော့လည်း ပိုက်ဆံကိစ္စပဲမဟုတ်လား"
တင်းယွီရှီက ရယ်မောလိုက်လေသည်။
"ဒီလိုလုပ်ရင်ရော။ ဒီကိစ္စမှာ ငါ အရှုံးခံလိုက်မယ်။ ဒါပေမဲ့ ငါးဆယ်ဘီလီယံကတော့ များလွန်းတယ်။ ဆယ်သန်းနဲ့ပဲ ဒီကိစ္စကို လက်စဖြတ်လိုက်ရအောင်"
နည်းနည်းတော့နာကျင်သော်ငြား ကျန်းမုန့်လောင်၏ လေးနက်တည်ကြည်သောအမူအရာကို မြင်နေရသည်ဖြစ်ရာ တင်းယွီရှီအနေနှင့် သူနှင့် အဆုံးထိရန်ဖက်မဖြစ်ချင်ပေ။ ထို့ပြင် ယနေ့အချိန်အထိ ကျန်းမုန့်လောင်နှင့် အချင်းများခဲ့သူများထဲတွင် မည်သူမှ အဆုံးသတ်မလှခဲ့ချေ။
"ငါ့ကို ဈေးလာဆစ်နေတာလား။ ဆယ်သန်းတဲ့လား။ သူတောင်းစားကို ပိုက်ဆံလှူနေတယ်များ အောက်မေ့နေတာလား"
"ဒါဆိုလည်း မင်း သူတောင်းစားတစ်ယောက်ကို ဆယ်သန်းသွားလှူကြည့်လေ"
တင်းယွီရှီခမျာ ကြက်သေသေသွားရလေသည်။ သူတောင်းစားတစ်ယောက်ကို ဆယ်သန်းလှူရမတဲ့လား။ ဒီလူ ရူးနေတာများလား။
"ဟုန်းရီ ချက်လက်မှတ်ပေး"
ကျန်မုန့်လောင်က ဆိုလိုက်ချေသည်။
ဟုန်းရီကလည်း သူ(မ)၏အိတ်ထဲမှ ချက်လက်မှတ်အထပ်လိုက်ကြီးနှင့် ဘောပင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ(မ)သည် ချက်လက်မှတ်များကို အမြဲတမ်း ကိုယ်နှင့်မကွာသယ်ဆောင်ထားပေသည်။
ကျန်းမုန့်လောင်က ဘောပင်ကိုယူလိုက်ပြီး ချက်လက်မှတ်ပေါ်တွင် သုညခုနစ်လုံးပါသော ဂဏန်းတွဲကြီးတစ်ခုကို ခပ်မြန်မြန်ရေးလိုက်သည်။ ဆယ်သန်းတိတိပင်။
"ရွှား"
ကျန်းမုန့်လောင်က ချက်လက်မှတ်ကို အမှုမထားဟန်ဖြင့် ဖြဲလိုက်ပြီး နောက်ထပ်ဆယ်သန်းကိုပါ နောက်တစ်ရွက်ပေါ်တွင် ချရေးလိုက်သည်။
ထို့နောက် တတိယတစ်ရွက်၊ စတုတ္ထတစ်ရွက် စသည်ဖြင့် စုစုပေါင်း ချက်လက်မှတ်ဆယ်စောင်ဖြစ်သွားသည်။
သူက ထိုချက်လက်မှတ်များကို ဝမ်လင်၏လက်ထဲသို့ ထိုးထည့်လိုက်ပြီး ပြောလိုက်လေသည်။
"ဝမ်လင်.. ငါ့ကို သူတောင်းစားဆယ်ယောက်လောက် ကူရှာပေးစမ်းပါ။ ပြီးရင် တစ်ယောက်ကို တစ်ရွက်စီပေးလိုက်"
......