← Chapters

ဝမ်ယိအဆောက်အဦးကိုစားပြ

Vol. 8 Ch. 111

ဝမ်ယိအဆောက်အဦးကိုစားပြ

Vol. 8 Ch. 111

အစကတော့ သူတို့က ညလယ်စာစားဖို့ အပြင်ထွက်လာရုံသာဖြစ်သော်လည်း အပြင်ရောက်လာနှင့်ပြီးပြီဖြစ်သောကြောင့် ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လည်း အကင်ဆိုင်သို့သွားစားရန် ဆုံးဖြတ်လိုက်သည်။ ရှားယိုကိုလည်း သူတို့နှင့် ခေါ်လာခဲ့သည်။

"မင်းသိလား.. သာမန်လူတွေစားတဲ့အစားအသောက်တွေကိုစားရတာက အမှတ်တရတွေကို ပြန်အောက့်မေမိစေနိုင်တယ်"

"မင်းပြောပုံက မသိရင် နေ့တိုင်းနေ့တိုင် သာမန်လူတွေမစားတဲ့ အစားအသောက်တွေကို စားနေရတဲ့အတိုင်းပဲ။ ကြက်သား၊ ဘဲသား၊ ငါး၊ အသားနဲ့ အသီးအရွက်တွေချည်းပါပဲ။ တခြားဘာများဖြစ်နိုင်မှာမို့လို့လဲ"

ဝမ်လင်က ကျန်းမုန့်လောင်၏မှတ်ချက်ကို ပြန်လည်အောက်မေ့နေသည့်အလား တုံ့ပြန်လိုက်သည်။

"အဲ့ဒီမှာ မင်းစမှားတာပဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါ မနက်တိုင်းသောက်တဲ့ဆန်ပြုတ်က အိုင်ယာခန်နိုင်ငံကရတဲ့ ကိုဘေးအမဲသားနဲ့လုပ်ထားတာ။ ငါစားတဲ့ငါးတွေကလည်း ဩစတြေးလျမှာ သီးသန့်မွေးမြူပြီး ကိုဘေးအမဲသားကျွေးထားတဲ့ငါးတွေ။ ငါစားတဲ့အသီးအရွက်တွေက ငါတို့မိသားစုစာချုပ်ချုပ်ထားတဲ့ လယ်ကွက်ထဲမှာစိုက်ထားတာ..."

"တော်ပါတော့ တော်ပါတော့။ ငါ မကြားချင်တော့ဘူး"

ဝမ်လင်ခမျာ သူ့နားသူ အလျင်စလိုကာထားလိုက်မိသည်။ ကျန်းမုန့်လောင်၏ သာမန်ကာလျှံကာ ထုတ်ပြောလိုက်ဟန်တူသော စည်းစိမ်ချမ်းသာကြွားဝါမှုက သူ့ဒေါသကို နှစ်ဆတိုးပွားလာစေသည်။

"ဒီနေ့ ကျွန်မကိုကူညီပေးတဲ့အတွက် ကျေးဇူးပဲ။ ဒီသောက်စရာက ရှင်တို့အတွက်ရည်ရွယ်တာပါ အစ်ကိုတို့"

ရှားယိုက အဝတ်အစားအသစ်များ လဲထားပြီးဖြစ်၏။ အနည်းငယ်အားနည်းနေသော်ငြား အရောင်အသွေးကတော့ ပိုကြည့်ကောင်းလာပြီဖြစ်၏။

"တအားယဉ်ကျေးမနေပါနဲ့။ မင်းက ငါ့ကို "အစ်ကို"လို့တောင်ခေါ်လိုက်ပြီဆိုတော့ သေချာပေါက် ငါကူညီရမှာပေါ့"

ဝမ်လင်က တက်တက်ကြွကြွဆိုလာလေသည်။

"ဟုတ်တယ်။ မင်းက အခု ငါတို့ရဲ့ဂီတပညာရှင်ဖြစ်သွားပြီ။ မင်းကိုလာရှုပ်ချင်တဲ့ ဘယ်သူမဆို ငါတို့နဲ့အရင်ရင်ဆိုင်ရမှာပဲ"

ကျန်းမုန့်လောင်ကလည်း ပြောလိုက်သည်။

"ငါက အရမ်းအစွဲအလမ်းကြီးတာ။ ဒီနေ့ဖြစ်ရပ်မျိုးနဲ့ တွေ့လိုက်ရပြီဆိုရင် ငါ ဒီိကိစ္စထဲကို ထဲထဲဝင်ဝင်ပါရမှာပဲ။ပြီးတော့ ခုနတုန်းက မင်းလည်းကြားလိုက်တာပဲ။ ငါက ဝမ်ယိအုပ်စုနဲ့ စာရင်းရှင်းချင်နေတာကြာပြီ။ ဒီတော့ အခုကိစ္စက ငါ့အတွက် အကြောင်းပြချက်တစ်ခုဖြစ်သွားတာပေါ့"

"ဖွီး"

ကျန်းမုန့်လောင်၏ မရိုးဖြောင့်သောအပြုံးကို မြင်လိုက်ရသောအခါ ရှားယိုက အကျယ်ကြီးအော်ရယ်မိလိုက်လေတော့သည်။ ကျန်းမုန့်လောင်က သူ(မ)ကို ဝန်ထုပ်ဝန်ပိုးဖြစ်သလို မခံစားရစေချင်သောကြောင့် ယခုလိုပြောနေမှန်း သူ(မ)သိသည်။

"ငါလည်း မင်းလိုပဲ။ ဒီနှစ်မှ စီနီယာကျောင်းသားတစ်ယောက်လေ။ ငါ မင်းရဲ့ပရိုဖိုင်းကို ကြည့်ပြီးပြီ။ မင်းက ငါ့ထက်တောင် လပိုင်းလောက်ငယ်တာပဲ။ ဒီတော့ "အစ်ကိုကျန်း"ဆိုတဲ့ဂုဏ်ပုဒ်ကို ငါ အရှက်မရှိလက်ခံလိုက်ပါ့မယ်လေ။ နောက်တစ်ခါကျရင် ငါ့အခန်းဖော်တစ်ယောက်နဲ့ မင်းကိုမိတ်ဆက်ပေးမယ်။ ဘယ်သူသိမှာလဲ။ တစ်နေ့နေ့ကျရင် မင်းက ငါ့သူငယ်ချင်းရဲ့ရည်းစား တကယ်ဖြစ်လာမလားဆိုတာကိုပေါ့"

ရှားယို၏မျက်နှာကား ရုတ်ခြည်းနီရဲသွားလေသည်။ ကျန်းမုန့်လောင်၏နောက်ပြောင်မှုက တစ်ခုပြီးတစ်ခု အလွန်ကြမ်းလှသည်။

"အစ်ကိုကျန်း..ဒီကိစ္စကို ဒီမှာတင်ထားလိုက်ပါတော့။ ဝမ်ယိက ကုမ္ပဏီသေးသေးလေးတစ်ခုမဟုတ်ဘူးလေ။ မစ္စတာတင်းက မကြာသေးခင်ကမှ ရှယ်ယာတွေအများကြီးဝယ်ထားတယ်လို့ ကျွန်မကြားထားတယ်။ အဲ့ဒီတော့ သူနဲ့သူ့သားပေါင်းလိုက်ရင် ရှယ်ယာ၇၀ရာခိုင်နှုန်းပိုင်တယ်တဲ့။ ရှင် ထိခိုက်သွားမှာစိုးတယ်"

"စိတ်မပူပါနဲ့။ ဝမ်ယိအုပ်စုဆယ်ခုပေါင်းရင်တောင် ဒီကောင့်ဆံပင်လေးတစ်ချောင်းကိုတောင် လာနှုတ်လို့မရဘူး"

ဝမ်လင်က ပလုတ်ပလောင်းဖြင့် ပြောလာသည့်အတွက် သူ့စကားများက ဗလုံးဗထွေးဖြစ်နေချေသည်။

"မင်းက ငါ့ကို "အစ်ကို"လို့ခေါ်နေမှတော့ ငါ မင်းအတွက် တရားမျှတမှုရအောင်လုပ်ပေးမယ်။ မင်းသိထားရမှာက တင်းယွီရှီလိုကင်ဆာမြစ်ပွားနာတစ်ကောင်က သေချာမဆုံးမဘူးဆိုရင် လူ့အဖွဲ့အစည်းထဲက တခြားမိန်းကလေးတွေကိုပါ လိုက်ဒုက္ခပေးမှာ"

"စိတ်မပူပါနဲ့။ မင်း ဘာကိုစိတ်ပူလဲဆိုတာ ငါသိပါတယ်"

ရှားယို၏ပူပန်မှုကို ကျန်းမုန့်လောင် ချက်ချင်းရိပ်စားမိလိုက်သည်။

"ဝမ်လင်က မင်းအတွက် စောင့်ကြည့်မှတ်တမ်းကို ဖျက်ပေးလိမ့်မယ်။ တင်းယွီရှီကသာ မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်မဲ့ ဗီဒီယိုတစ်ခုခုကိုရိုက်ယူသွားခဲ့ရင် ငါ ကြည့်ရှင်းလိုက်မယ်။ ဒီနေ့ကိစ္စကို ငါတို့ကလွဲပြီး ဘယ်သူမှမသိစေရဘူး"

"ဒါဆို..ကျွန်မ ရှင့်စကားကိုနားထောင်ပါ့မယ်"

တင်းယွီရှီတစ်ယောက် သူနှင့်ထိုက်တန်သောပြစ်ဒဏ် ခံယူရတာကို သူ(မ)မမြင်ချင်ဘူးဟုဆိုပါက မမှန်ကန်ရာကျပေလိမ့်မည်။ သူ(မ)က ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မည့် နည်းလမ်းမရှိခဲ့ရုံသက်သက်သာ။ ယခုမူ ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က သူ(မ)အတွက် တရားမျှတမှုရအောင် လုပ်ပေးချင်နေသည်ဖြစ်သဖြင့် သူ(မ)ဘက်ကလည်း ဝမ်းသာမိသည်သာ။

...

"ဘာ? မင်း အဲ့ဒီကောင်လေးနဲ့ ပြဿနာတက်ခဲ့တာလား"

ဝမ်ယိအုပ်စု၏ ရုံးခန်းထဲတွင်မူ တင်းဆန်ရှီသည် နှစ်ပေါင်းများစွာတိုင်အောင် သူတည်ဆောက်ထားခဲ့သည့် စီးပွားရေးအင်ပါယာကြီးကို ခံစားပျော်ပါးနေခိုက် တင်းယွီရှီထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာလေသည်။

ကျန်းမုန့်လောင်နှင့် အခြားလူများ ထွက်သွားပြီးနောက်တွင် တင်းယွီရှီတစ်ယောက် တွေးကြည့်လေလေ တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားရလေလေပင်။ "မပြီးသေးဘူး"ဟူသည့် ကျန်းမုန့်လောင်၏စကားများက သူ့လည်ပင်းထဲတွင် ဆူးချွန်တစ်ခုအလား ခံစားရသည်။ အတော်ကြာကြာတွေဝေတုံ့ဆိုင်းနေပြီးနောက်မှာတော့ သူ့အဖေတင်းဆန်ရှီကို ဖုန်းဆက်လိုက်သည်။

"ငါ မင်းကို ဘယ်နှခါပြောရမလဲ။ မိန်းမရှုပ်လည်းရတယ်။ ဒါပေမဲ့ ဘောင်မကျော်နဲ့လို့။ မင်းကိုယ်မင်း ဘုရင်ကြီးများထင်နေတာလား"

"အဖေ.. ကျွန်တော် ဒီတစ်ခေါက်မထိန်းလိုက်နိုင်ဘူးဖြစ်သွားတယ်။ ကျွန်တော်မှားမှန်း ကျွန်တော်သိပါတယ်"

"မင်း ဘာမှမသိပါဘူးကွာ"

တင်းယွီရှီလုပ်သမျှ အခေါက်ခေါက်အခါခါလိုက်ဖုံးပေးနေရတာကို တင်းဆန်ရှီ ပင်ပန်းလှပြီ။ အတိတ်တုန်းကတော့ သူ့မျက်နှာကြောင့် လူတွေကလျှော်ပေးခဲ့ကြသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ သာမန်လူတစ်ယောက်မဟုတ်ချေ။ သူသည် ကောင်းကင်နှင့်မြေကြီးကိုတောင် အံတုရဲသူဖြစ်ပြီး ဝမ်လင်ကိုယ်တိုင်ပင် သူ့လောက်မကြမ်းပေ။

သူတို့လိုလုပ်ငန်းရှင်များအတွက် သူတို့ကွန်ယက်နှင့်သူတို့ရှိသည်။ ကျန်းမုန့်လောင်လိုလူတစ်ယောက် ထွက်ပေါ်လာချိန်မှာ လူတိုင်းက သူနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စတင်ရှာဖွေကြသည်။

တစ်ခါတုန်းက သူ မာဟွားနှင့် လီဟုန်းတို့ကို ကျန်းမုန့်လောင်ထံမှ တစ်ခါမျှရန်စခံလိုက်ရပြီးသည်နှင့် ဘာလို့ချက်ချင်းနောက်ဆုတ်လိုက်ရသလဲဟု မေးခဲ့ဖူးသည်။

မာဟွားနှင့် လီဟုန်းတို့က တိုက်ရိုက်ပြန်မဖြေပေ။ သူတို့က တင်းဆန်ရှီကို သူ့စီးပွားရေးအင်ပါယာကြီး မပြိုလဲစေချင်လျှင် ဤလူငယ်လေးကို ရန်သွားမစဖို့သာ သတိပေးခဲ့သည်။

အခြားတစ်ယောက်ယောက်သာ ယခုလိုစကားမျိုး လာပြောပါက ထိုစကားကို ဟာသတစ်ခုအနေနှင့်သာ မှတ်ယူလိုက်မည်ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းစုအကြီးစားကြီးနှစ်ခု၏ပိုင်ရှင်များကိုယ်တိုင် ထုတ်ပြောလာသည့်အတွက် ဤသည်မှာ အကြောင်းမဲ့သက်သက်ထွက်လာသော ကောလာဟလတစ်ခုမဟုတ်ကြောင်း သေချာတွေးတောချိန်ဆရန် လိုအပ်သွားပေသည်။

ကံကောင်းချင်တော့ သူသည် ကျန်းမုန့်လောင်နှင့် အဆက်အဆံမရှိပေ။ တစ်ဖက်လူက ရှိန်ချင်စရာကောင်းလျှင်တောင် သူတို့ကြုံကြိုက်ဖြစ်ဖို့ ရှားလှသည်။

ရုတ်တရက်ကြီးတော့ သူ ငါ့နောက် လိုက်မလာလောက်ပါဘူးနော်။

သို့သော် ဤရန်ငြိုးက ဟိုးယခင်အချိန်တွေကတည်းက မြှုပ်နှံထားခဲ့လေမှန်း သူ မသိထားပေ။ သူ့သားက ထိုလျှို့ဝှက်မြေမြှုပ်မိုင်းကိုမှ တည့်တည့်တက်နင်းမိခဲ့လေသည်။

"အဖေ.. ဒီလူက အဲ့ဒီလောက်တောင်အစွမ်းရှိတာလား။ ကမ္ဘာ့အချမ်းသာဆုံးလူ မစ္စတာပိုလာဒီကတောင် သူ့ကို တလေးတစားဆက်ဆံတယ်လို့ ကျွန်တော်ကြားထားတယ်"

"မင်းက ဒီအကြောင်းသိနေတာတောင် သူ့ကို ရန်သွားစရဲတယ်ပေါ့လေ"

တင်းဆန်ရှီခမျာ တင်းယွီရှီကို အသေရိုက်သတ်ပစ်ချင်သွားသည်။ ဟိုးယခင်ကတည်းက ဤပြဿနာများအားလုံးကို ကြိုတင်ကာကွယ်သည့်အနေနှင့် သူ့ကို နံရံမှာ ပစ်ပေါက်ခဲ့သင့်သည်။

"ကျွန်တော်လည်းရန်မစချင်ပါဘူး။ ဒါပေမဲ့ သူက စကားပြောလိုက်တာနဲ့ ကျွန်တော့်ဆီက စိတ်ပိုင်းဆိုင်ရာနစ်နာကြေးငါးဆယ်ဘီလီယံတောင်းခဲ့တာလေ။ အဲ့ဒါ သူ သက်သက်ပြဿနာရှာတာမဟုတ်ဘူးလား"

"ငါးဆယ်ဘီလီယံလား။ ဓားပြသာသွားတိုက်လိုက်ပါတော့လား"

ရဲတင်းလှသော ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို ကြားသောအခါ တင်းဆန်ရှီလည်း မလှောင်ဘဲမနေနိုင်ချေ။

"ဆယ်သန်းဆိုတာက သူတောင်းစားကိုပေးသလောက်ပဲရှိတာလို့တောင် သူကပြောသေးတယ်။ ကျွန်တော့်ရှေ့မှာတင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုဝင်ပြီး ဆယ်သန်းမုန့်ဖိုးပေးပစ်လိုက်တာ"

ထိုပုံရိပ်က တင်းယွီရှီကို ယခုထိ အံ့ဩမှင်တက်အောင် ပြုစားနိုင်ဆဲသာ။

"ဟမ့်.. ကြည့်ရတာတော့ သူက လက်ဖွာတဲ့လူတစ်ယောက်ပါပဲ"

တင်းဆန်ရှီက ပြောလိုက်လေသည်။

"သူ့အကြီးအကဲတွေက ဘယ်သူပါလိမ့်။ ဟွာရှားမှာ ဒီလောက်အင်အားတောင့်တဲ့ လူချမ်းသာကျန်းမိသားစုတစ်ခုရှိတယ်လို့ ငါ လုံးဝမကြားဖူးဘူး"

"အဖေ ကျွန်တော်ဘာလုပ်ရမလဲ"

"ဒီကိစ္စကို ငါ့ကိုသာအပ်ထားလိုက်။ ဒီနေ့ကစပြီး မင်းကို အိမ်ထဲကအိမ်ပြင်ထွက်ခွင့် တစ်လပိတ်တယ်။ ပြဿနာထပ်မရှာနဲ့တော့"

...

နောက်တစ်ရက်တွင် ကျန်းမုန့်လောင်သည် သာမညောင်ညဇာတ်ကောင်များအတွက် ကျင်းပသည့် သရုပ်ဆောင်ရွေးချယ်ပွဲကို လူရွေးပွဲနေရာတွင် ဝမ်လင်နှင့်အတူ ကြည့်နေခဲ့သည်။ ထိုဇာတ်ကောင်များမှာ တစ်ခုမှမရွေးချယ်ရသေးပေ။ သို့တိုင် ထိုဇာတ်ကောင်အတွက် လူရွေးပွဲကပင် တိုက်တန််ကြီးများတိုက်ခိုက်နေသည့်အလား ပြင်းထန်လှသောမြင်ကွင်းမျိုးကို ဖန်တီးနေပေသည်။

"ဆက်ကြည့်နေဦး။ ငါ ဖုန်းပြောလိုက်ဦးမယ်"

ကျန်းမုန့်လောင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်လေရာ ဖန်သားပြင်ထက်တွင် မရင်းနှီးသောနံပါတ်တစ်ခု ပေါ်နေလေသည်။

"ဟယ်လို ဘယ်သူပါလဲ"

"အခုပြောနေတာ မစ္စတာကျန်းမုန့်လောင်ပါလား။ ဟယ်လို ကျုုပ်က တင်းဆန်ရှီပါ"

"သောက်ကျိုးနည်း ခင်ဗျားကိုး.."

သူ့ကို စက်ဆုပ်ရွံရှာစေသော တင်းယွီရှီကို ဘယ်လိုကိုင်တွယ်ရမလဲဟု ကျန်းမုန့်လောင် အဖြေမရှာသေးနိုင်သေးခင်မှာပင် သူ့အဖေဖြစ်သူတင်းဆန်ရှီက သူ့ဆီကို တံခါးလာခေါက်နေလေပြီ။

"ဘာကိစ္စလဲ"

ကျန်းမုန့်လောင် ထိတ်လန့်သွားသော်လည်း ခပ်မြန်မြန်ပင် ပြန်လည်တည်ငြိမ်အောင်လုပ်လိုက်သည်။

"မစ္စတာကျန်း.. ကျုပ်ရဲ့သားနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတာလေးတစ်ခုခု ရှိမယ်ထင်တယ်။ မနေ့တုန်းက ထိခိုက်ခဲ့ရတဲ့မိန်းကလေးကို တွေ့ဖို့အဆင်ပြေမယ်ဆိုရင် ကျုပ်သားအစား တောင်းပန်နိုင်ပါတယ်

"ခင်ဗျားတောင်းပန်ချင်တယ်ဆိုရင် ကိုယ်တိုင်လာခဲ့လေ။ တခြားတစ်ယောက်ကိုလွှတ်လိုက်ရင်တော့ စိတ်ရင်းမပါတာပဲ။ ထားလိုက်ပါတော့"

ကျန်းမုန့်လောင်က ဒေါသတကြီးပြန်ဖြေလိုက်သည်။

တင်းဆန်ရှီ၏မျက်နှာကား ဒေါသကြောင့် နီမြန်းသွားရလေသည်။ သူက ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည့်တိုင် သာမန်မိန်းကလေးတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်လိုက်သည်။ ဤသည်မှာ စိတ်ရင်းမစစ်ဘူးတဲ့လား။

"ဒါဆို မစ္စတာကျန်း..စိတ်ရင်းလုံလောက်သွားအောင် ဖြည့်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"

တင်းဆန်ရှီက မေးလိုက်လေသည်။

"အဲ့ဒီမိန်းကလေးကို တောင်းပန်ဖို့အတွက် ကျုပ် တစ်ဘီလီယံပေးချင်ပါတယ်"

"တစ်ဘီလီယံလား။ ခင်ဗျားနဲ့ခင်ဗျားသားက ပိုက်ဆံပေးရင် အရာရာကိုဖြေရှင်းနိုင်ပြီလို့ ဘာလို့ထင်နေကြတာလဲ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ကောင်းပြီလေ။ ခင်ဗျားက ပိုက်ဆံနဲ့ဖြေရှင်းချင်တယ်ဆိုမှတော့ ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် မနေ့ကပြောခဲ့တဲ့အတိုင်း ငါးဆယ်ဘီလီယံမှရမယ်။ တစ်ပြားမှ မလျော့စေနဲ့။ အဲ့လိုမှမဟုတ်ရင် ဒီကိစ္စကိုမရပ်ပေးနိုင်ဘူး"

"ငါးဆယ်ဘီလီယံတဲ့လား။ မင်းမှာ ကောင်းကင်ဘုံနဲ့မြေကြီးဘဏ်တိုက်ကြီးများ ရှိတယ်ထင်နေတာလား။ အဲ့ဒီလောက်ပိုက်ဆံကိုသာ မင်း ထုတ်ပြနိုင်ခဲ့ရင် ငါ ဝမ်ယိအဆောက်အဦးကြီးကိုတောင် စားပြလိုက်မယ်"

"ငွေသားငါးဆယ်ဘီလီယံကို ချက်ချင်းထုတ်ပြနိုင်ဖို့ဆိုရင် ဟွာရှားမှာရှိတဲ့ ဘယ်သူမှလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်"

"အိုး..ကောင်းပြီလေ"

ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်သည်။

"ကျွန်တော် အရင်ကတော့ အဆောက်အဦးကြီးတစ်ခုကို စားပြတဲ့လူမျိုး မမြင်ဖူးသေးဘူး။ နောက်ထပ်ငါးဆယ်ဘီလီယံထပ်ဖြည့်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒါဆို ခင်ဗျား နောက်ထပ်အဆောက်အဦးတစ်ခုထပ်ဆောက်ပြီး စားပြမှာလား။ ဘယ်လိုလဲ"

......

All Chapters