ပန်းတိုင်အသေးလေးတစ်ခုနှင့် စတင်ခြင်း
Vol. 8 Ch. 112
တကယ်တော့ ထိုစကားကိုပြောပြီးပြီးချင်းမှာပင် တင်းဆန်ရှီ နောင်တရနေပြီဖြစ်၏။ သိပ်မကြာသေးခင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဟွာရှားသို့ရောက်လာစဉ်က အကယ်၍ ကျန်းမုန့်လောင်သာ လိုအပ်လာပါက သူ့ပိုင်ဆိုင်မှုအားလုံးကို ကျန်းမုန့်လောင်အား မိနစ်ပိုင်းအတွင်း ပေးနိုင်ကြောင်း သတင်းထောက်များရှေ့မှာတင် ကတိပေးခဲ့သည်။
ပိုလာဒီ၏ပိုင်ဆိုင်မှုများက အမေရိကန်ဒေါ်လာ၁၈၀ဘီလီယံရှိသည်။ သူ့ဘက်ကသာ ဟွာရှားငွေကြေးငါးဆယ်ဘီလီယံကို ထုတ်ယူနိုင်သည်ဟု ဆိုလာပါက သူ တကယ်ထိုသို့လုပ်နိုင်ကြောင်း တင်းဆန်ရှီ ယုံကြည်လေသည်။
ထိုမျှသာမက ကျန်းမုန့်လောင်ပြောခဲ့သည့်စကားကိုလည်း သူမှတ်မိသေးသည်။
"အဲ့ဒီအကြွေတွေကို ခင်ဗျားပဲသိမ်းထားလိုက်ပါ"တဲ့လေ။
အမေရိကန်ဒေါ်လာ၁၈၀ဘီလီယံက ဘယ်တုန်းကများ အကြွေဖြစ်သွားရလေသလဲ။ ထို့ကြောင့် "အကြွေ"ဟူသောစကားလုံးမှာ အင်တာနက်Memeတစ်ခု ဖြစ်လာခဲ့သည်။
ဤသည်မှာ ကြော်ငြာမြှင့်တင်ရေးတစ်ခုသက်သက်ဟုသာ ဆိုကြသည်။ လူတစ်ယောက်က ကမ္ဘာ့စီးပွားရေးကို ပြောင်းပြန်လှန်ပစ်နိုင်သတဲ့လား။ ဖြစ်ရောဖြစ်နိုင်ရဲ့လား။
ကျန်းမုန့်လောင်မှာ ထိုမျှအထိအင်အားကြီးသောအဘိုးတစ်ယောက် တကယ်ရှိနေသည်ဆိုပါက သူ့ကို သမိုင်းမှတ်တမ်းထဲမှာ ဘာကြောင့်မှတ်တမ်းတင်မထားခဲ့သလဲ။ သူက ဘာကြောင့်များ လူမသိသူမသိဖြစ်နေရလေသလဲ။
ထို့ပြင် ထိုကိစ္စပြီးသွားသည့်နောက် ပိုလာဒီ၏ကုမ္ပဏီနှင့် ကျန်းမုန့်လောင်၏ Unicornနည်းပညာရှယ်ယာများမှာ ထိုးတက်သွားလေသည်။ ယခုဆိုလျှင် ပိုလာဒီ၏ပိုင်ဆိုင်မှုများမှာ အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံအထိ ရောက်သွားခဲ့သဖြင့် အရာအားလုံးက ဇာတ်တိုက်ထားသည့်ဒရမ်မာတစ်ခုများလားဟု လူအများက သံသယဖြစ်နေကြသည်။
သို့သော် မာဟွားနှင့် လီဟုန်းတို့၏သဘောထားကို ကြည့်ခြင်းအားဖြင့် ဤကိစ္စက အတိုင်းအတာတစ်ခုအထိ ယုံကြည်စိတ်ချမှုရှိကြောင်း တင်းဆန်ရှီ ယုံကြည်ထားသည်။ ကျန်းမုန့်လောင်အတွက်မူ ငါးဆယ်ဘီလီယံကို ငွေသားဖြင့် အမှန်တကယ်ထုတ်ပြနိုင်ဟန်တူလေသည်။
"ဒင်"
တင်းဆန်ရှီတစ်ယောက် သူပြောလိုက်မိသော စကားများအတွက် သူ့ကိုယ်သူဆူပူနေချိန်မှာပင် ကျန်းမုန့်လောင်ပို့လိုက်သော မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိလိုက်သည်။ ၎င်းမှာ ရုပ်သံအစုံမက်ဆေ့ချ်တစ်ခု ဖြစ်သည်။
ထိုမက်ဆေ့ချ်မှာ ဟွာရှားရှိ အကြီးဆုံးဘဏ်ဖြစ်သည့် လုံရှားဘဏ်မှ အကောင့်တစ်ခု၏ screenshotဖြစ်ပြီး သွင်းငွေပမာဏမှာ ဟွာရှာငွေကြေးငါးရာဘီလီယံ၊ အမေရိကန်ဒေါ်လာနှစ်ရာဘီလီယံ၊ ယူရိုငါးဆယ်ဘီလီယံ၊ ဗြိတိသျှပေါင်ခုနစ်ဆယ်ဘီလီယံဟု ပြသထားသည်။
"တင်"
နောက်ထပ်မက်ဆေ့ချ်တစ်စောင်ပင်။
ပျာယာခတ်သွားသော တင်းဆန်ရှီခမျာ ထိုမက်ဆေ့ချ်ကိုဖွင့်ကြည့်လိုက်သည်။ ဤတစ်ခေါက်တွင် ဟွာကုန်ဘဏ်မှ screenshotဖြစ်သည်။
"ဟွာရှားယွမ်လေးရာဘီလီယံ အမေရိကန်ဒေါ်လာ၂၅၀ဘီလီယံ ယူရို၁၂၀ဘီလီယံ…"
"မစ္စတာတင်းဆန်ရှီ.. ခင်ဗျား တခြားအကောင့်တွေကိုရော ကြည့်ချင်သေးလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"နိုင်ငံခြားဘဏ်အကောင့်တချို့ကို ပြပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
"မ..မလိုပါဘူး..ကျုပ်…"
တင်းဆန်ရှိ၏စိတ်အစဉ်ကား ယိမ်းယိုင်နေလေပြီ။ ဤအကောင့်အချက်အလက်များက အစစ်လား အတုလားဆိုသည်ကို သူမဆုံးဖြတ်နိုင်သော်ငြား တကယ်အစစ်သာဆိုပါက ကျန်းမုန့်လောင်က စင်စစ်မကောင်းဆိုးဝါးတစ်ကောင်ပင်။
ဟွာရှား၏ အကြီးဆုံးဘဏ်၏ပိုင်ဆိုင်မှုမှာ အများဆုံးပမာဏ အမေရိကန်ဒေါ်လာလေးထရီလီယံသာ ရှိသည်။ ကျန်းမုန့်လောင်၏ အကောင့်များထဲက တစ်ခုတည်းကတင် အမေရိကန်ဒေါ်လာတစ်ထရီလီယံကျော် ပိုင်ဆိုင်ထားလေသည်။ ဤသည်မှာ တစ်ကောင့်စာသာ ရှိသေးသည်။
သူက ဘဏ်မှာ ဘာလို့ပိုက်ဆံသိမ်းထားနေသေးတာလဲ။ သူ့အစွမ်းနှင့်သာဆိုလျှင် ကိုယ်ပိုင်ဘဏ်ပင် ထောင်လို့ရနေပြီမဟုတ်လား။ အဲ့လိုဆိုရင် ပိုကောင်းမှာမဟုတ်လား။
သို့သော် တင်းဆန်ရှီ သတိပြန်မဝင်သေးမှာပင် နောက်ထပ်ဘဏ်အကောင့်တစ်ခု ထပ်ရောက်လာသည်။ ဤဓာတ်ပုံထဲရှိစာကို သူမဖတ်တတ်သော်လည်း နံပါတ်ကတော့ ၈၀၀ဘီလီယံဟု ပြနေပေသည်။
ဤ၈၀၀ဘီလီယံက ဘာလဲ။ အမေရိကန်ဒေါ်လာလား။ ဗြိတိသျှပေါင်လား။ ယူရိုလား။ သို့သော် ၎င်းမှာ ထိုင်းဘတ်မဟုတ်ကြောင်းကိုမူ တင်းဆန်ရှီဘက်က သေချာသည်။
ကျန်းမုန့်လောင်သာ ဟွာရှားယွမ်ငါးဆယ်ဘီလီယံကို ထုတ်ယူနိုင်ပါက သူ ဝမ်ယိအဆောက်အဦးကိုပင် စားပြမည်ဟု သူပြောလိုက်မိသည်။ ယခု သူ့ဘက်က ထုတ်ပြလာနိုင်ရုံသာမက ငါးဆယ်ဘီလီယံထက် အဆပေါင်းတစ်ထောင်၊တစ်သိန်းမက ရှိလေသည်။
"ခင်ဗျား ဝမ်ယိအဆောက်အဦးကိုစားပြမယ်လို့ ပြောလိုက်တာနော် ဟုတ်တယ်မလား။ ကျွန်တော် ခင်ဗျားကို ခက်ခဲအောင်မလုပ်တော့ပါဘူး။ အဆောက်အဦးတစ်ခုတည်းကို စားပြရုံနဲ့တင် လုံလောက်ပါတယ်။ လုပ်ပြတဲ့အချိန်ကျရင် ခင်ဗျား အဲ့ဒါကိုတိုက်ရိုက်ထုတ်လွှင့်ပြနော်။ ကျွန်တော် ခင်ဗျားကို ဒုံးကျည်တွေ ပြိုင်ကားတွေပေးမယ်။ ပြီးတော့ ခင်ဗျားအတွက် ချန်နယ်တစ်ခုလုံးကိုလည်း ကြေညာပေးထားမယ်။ အဲ့ဒါမှ အံ့ဖွယ်ကောင်းတဲ့ ဒီမြင်ကွင်းကြီးကို တစ်ကမ္ဘာလုံးမြင်နိုင်မှာ"
"ဘယ်သူက ဒီလိုအကွက်ရွှေ့လို့လဲ"
တင်းဆန်ရှီခမျာ မျက်ရည်မထွက်ဘဲ ငိုချင်လာသလို ခံစားလိုက်ရသည်။ ကျန်းမုန့်လောင်က တကယ်ပဲ ငါးဆယ်ဘီလီယံကို ထုတ်ပြလာနိုင်လိမ့်မည်ဟု သူ ဘယ်လိုလုပ်ပြီးထင်ထားမှာတဲ့လဲ။ ထို့ပြင် ငါးဆယ်ဘီလီယံမျှတင် မကပေ။
ရုတ်ခြည်းဆိုသလို တင်းဆန်ရှီတစ်ယောက် ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။ ကျန်းမုန့်လောင်၏အကောင့်များအားလုံးကသာ အမှန်ဆိုပါက ထိုနေ့တုန်းက ပိုလာဒီပြောခဲ့သည့်စကားများမှာ အမှန်တရားများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းမုန့်လောင်တွင် ဘဏ္ဌာရေးအင်အားတောင့်လွန်းလှသည့် မိသားစုတစ်ခုရှိပေသည်။
ထိုအမေရိကန်ဒေါ်လာ၁၈၀ဘီလီယံကို အကြွေဟု နာမည်တပ်ကာ သူ တကယ် လျစ်လျူရှုပစ်နိုင်ပေသည်။ ယခုထုတ်ပြလိုက်သည့် စည်းစိမ်များမှာလည်း သူ့အိတ်ကပ်ထဲရှိ အကြွေသာသာ ဖြစ်နေနိုင်သည်။
"တင်းယွီရှီ.. မင်း ဘယ်လိုမကောင်းဆိုးဝါးမျိုးကို သွားရန်စခဲ့တာလဲကွ"
ယခုတော့ တင်းဆန်ရှီခမျာ ပုဆိန်တစ်ချောင်းယူ၍ တုံးအလွန်းသည့် သူ့သားအရင်းကို ခုတ်ပစ်ချင်သလို ခံစားနေရသည်။
"မစ္စတာတင်း.. ကျွန်တော်တို့ တွေ့ကြည့်ကြရင်ရော ဘယ်လိုလဲ"
ကျန်းမုန့်လောင်က တင်းဆန်ရှီကို ပို၍ပင်ရွံရှာသွားစေလိုဟန်ဖြင့် ရယ်မောလိုက်လေသည်။
လုပ်ဆောင်ချက်က ကလိမ်ကကျစ်နိုင်လှသည်။
ဒါပေမဲ့ ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့ သားတစ်ယောက်ကို ပြုစုပျိုးထောင်လာပြီးတော့မှ သူ့လုပ်ရပ်တွေကို မဖော်ထုတ်ဖို့အတွက် ပိုက်ဆံသုံးပြီး ဖြေရှင်းချင်နေတာတဲ့လား။ ဆောရီးပဲ ကျန်းမုန့်လောင်က ဒီလိုဂိမ်းမျိုးကို မကစားဘူး။
"အဲ့ဒီအကောင့်တွေက အတုလားအစစ်လားဆိုတာ ဘယ်သူကသိမှာလဲ"
တင်းဆန်ရှီက ပြောင်ပြောင်တင်းတင်းငြင်းဆန်လျက် ပြောလိုက်လေသည်။
"ကျန်းမုန့်လောင်.. အခု ငါတို့က ငါ့သားပြဿနာကို ဖြေရှင်းနေကြတာလေ။ မင်း စကားလမ်းကြောင်းမလွှဲနဲ့"
"ဟား.. သမာသမတ်ကျချင်ယောင်ဆောင်ပြီး လိမ်လည်လှည့်ဖြားနေတာပဲ"
ကျန်းမုန့်လောင်က သရော်လိုက်သည်။
"ခင်ဗျားကလည်း လူအိုကြီးလုလိုပဲ။ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူ လူတွေကို ဘယ်လိုအကြွေးတင်နေလဲဆိုတာ မသိရှာဘူး။ ကောင်းပြီလေ။ ကျွန်တော်တို့ အခုလောလောဆယ်တော့ ဒီကိစ္စကို အသာထားပြီး ခင်ဗျားသားရဲ့ကိစ္စကိုပဲ အရင်အာရုံစိုက်လိုက်ကြရအောင်"
တင်းဆန်ရှီခမျာ လုပ်ပြုံးပြုံးလိုက်ရသည်။ ဤအကြောင်းကို နောက်မှပြောမည်ဆိုလျှင်ပင် သူ ဝမ်ယိအဆောက်အဦးကို မျိုချပြနိုင်မည်မဟုတ်ပေ။
"လုပ်စမ်းပါ တင်းဆန်ရှီရာ.. ခင်ဗျားသားရဲ့လုပ်ရပ်တွေက ထောင့်စေ့တယ်လို့ထင်နေတာလား။ ဘာဗီဒီယိုဘာအသံမှ မှတ်တမ်းတင်မထားပေမဲ့ အဲ့ဒါကိုသိတဲ့ တခြားလူတစ်ယောက်ယောက်သာ ရှိနေသရွေ့ ကျွန်တော့်ဘက်ကလည်း သေချာပေါက်သက်သေရှာနိုင်တယ်"
ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။
"အဲ့ဒီညတုန်းက တင်းယွီရှီ လူတစ်ယောက်ကို လွှတ်လိုက်တာ မှတ်မိသေးတယ်။ ခင်ဗျား အဲ့ဒီလူကို ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်ဆိုရင်လည်း လုပ်လိုက်ပေါ့။ အဲ့လိုမှမဟုတ်ရင် ကျွန်တော် သူ့ကို ပိုက်ဆံနဲ့ပစ်ပေါက်လိုက်မှာ။ တစ်ဘီလီယံ..မလောက်သေးဘူးဆိုရင် ဆယ်ဘီလီယံ.. ဆယ်ဘီလီယံနဲ့မှမလောက်သေးရင် တစ်ရာဘီလီယံပေးပစ်လိုက်မယ်။ စည်းစိမ်ချမ်းသာအတွက်ဆိုရင်တော့ သူ့ဆရာကိုလည်း သူ သစ္စာဖောက်နိုင်လိမ့်မယ်ထင်တာပဲ"
"မင်း…"
တင်းဆန်ရှီခမျာ ယခုလိုဗျူဟာမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ဆုလာဘ်ကောင်းလျှင် ကိုယ့်လူသူ့ဘက်သားလည်း ဖြစ်နိုင်ကြောင်း သူသိပါသည်။ ထိုညတုန်းက သူ့သားက လူအချို့ကို စီစဉ်နေရာချထားခဲ့လေရာ တစ်ယောက်ယောက်ကတော့ သက်သေတချို့ကို တိတ်တိတ်လေးသိမ်းထားမည်ဖြစ်၏။ ကျန်းမုန့်လောင် ယခုလိုမျိုး ပိုက်ဆံနှင့်သိမ်းသွင်းလိုက်ပါက သူ့သား၏ မကောင်းသောလုပ်ရပ်များနှင့်ပတ်သက်ပြီး ဘူးပေါ်သလိုပေါ်လာနိုင်လေသည်။
"ခင်ဗျားရဲ့သားကို ထောင်ထဲကို ပို့ပစ်လိုက်လို့လည်းရတာပဲ။ အဲ့လိုမှ သူလည်း သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကို ခံယူရမှာ။ ဘာမှလိုက်ရှင်းနေစရာမလိုတော့ဘူး"
"ကျန်းမုန့်လောင် ပမာဏတစ်ခုသာပြောလိုက်။ မင်း ပိုက်ဆံဘယ်လောက်လိုချင်လဲ"
တင်းဆန်ရှီတွင် ဤသားလေးတစ်ယောက်သာ ရှိသည်။ တင်းယွီရှီကို သူ ဘယ်လိုလုပ်ပြီးတော့များ ထောင်ထဲပို့နိုင်မည်လဲ။ ထို့ပြင် သူ့အနေနှင့် ဆက်ဆွေးနွေးရန် စိတ်မရှည်တော့ပေ။
"ငါးဆယ်ဘီလီယံလို့ပြောပြီးပြီလေ။ တစ်ပြားမှမလျော့စေနဲ့။ အဲ့လိုမှမဟုတ်ရင် ဒီကိစ္စကိုမရပ်နိုင်ဘူး"
"အဲ့ဒါကတော့ မဖြစ်နိုင်ဘူး"
ငါးဆယ်ဘီလီယံကိုသာ ဆက်တိုက်ပြောနေသော ကျန်းမုန့်လောင်နှင့် ဘယ်လိုစကားဆက်ပြောရလေမှန်း တင်းဆန်ရှီ မသိတော့ပေ။
"ဒါဆို ကျွန်တော် ခင်ဗျားကို နောက်ထပ်ရွေးချယ်စရာတစ်ခုပေးမယ်။ ခင်ဗျားတို့ဝမ်ယိဂီတရဲ့ ဈေးကွက်တန်ဖိုးက ဟွာရှားဝမ်ငါးဆယ်ဘီလီယံလောက် ရှိတယ်မလား။ ရှားယိုဆိုတဲ့ကောင်မလေးအတွက် လျော်ကြေးပေးတဲ့အနေနဲ့ ဝမ်ယိဂီတရဲ့ရှယ်ယာတွေအားလုံးကို လွှဲပေးလိုက်လေ။ ဒါဆို ကျွန်တော် ဒီပြဿနာကို ဆက်သယ်မသွားတော့ဘူး"
"အိုး..နောက်ထပ်သဘောတူညီချက်တစ်ခုလည်းရှိသေးတယ်။ "အနောက်အရပ်သို့ခရီးသွားခြင်း"ဂိမ်းအတွက် တာဝန်ရှိသူကို တခြားတစ်ယောက်ပြောင်းလိုက်။ အရင်တုန်းက ကျွန်တော် အဲ့ဒီကစားပွဲတွေမှာ ပါဝင်ခဲ့တုန်းက အဆင့်မြင့်ရတနာမြေပုံကိုသုံးပြီး အဆင့်မြင့်မီးစွမ်းအားလေးကိုပဲ ရခဲ့တယ်လေ။ တအားစိတ်ပျက်လွန်းလို့ ကျွန်တော့်မှာ အိပ်တောင်မအိပ်နိုင်ခဲ့ဘူး"
"မင်း ရူးနေတာလား"
တင်းဆန်ရှီ နောက်ဆုံးတော့ ခပ်ဆတ်ဆတ်ပြောလိုက်လေသည်.
"ဒီတောင်းဆိုမှုကရော ခုနကနဲ့ ဘာများကွာသွားလို့လဲ"
"ဘာမှမကွာဘူးလေ"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
"အိုး ဟုတ်သားပဲ။ ခင်ဗျား အခုလေးတင် ကျွန်တော့်ကိုစော်ကားလိုက်တယ်နော်။ ခင်ဗျား ကျွန်တော့်ကိုတောင်းပန်ချင်တယ်ဆိုရင် နောက်ထပ်ငါးဆယ်ဘီလီယံပေးရမယ်။ စုစုပေါင်းတစ်ရာဘီလီယံပေါ့။ ခင်ဗျား ဝမ်ယိဂီတကိုရောင်းထုတ်ပစ်ပြီး အဲ့ဒီပိုက်ဆံနဲ့ ချေလိုက်လို့ရတာပဲ"
"သေစမ်း"
တင်းဆန်ရှီက ချက်ချင်းဖုန်းချပစ်လိုက်တော့သည်။ ကျန်းမုန့်လောင်နှင့် စကားဆက်ပြောနေလျှင် မွန်းကြပ်လွန်း၍ သေသွားနိုင်လောက်သည်။
"ဟူး.. စိတ်ကြီးလိုက်ပုံများတော့..အဆုံးကျရင် သူ ငါ့ကိုလာတောင်းပန်ရမှာပါပဲ"
ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ချေ။
"ဘာဖြစ်နေတာလဲ။ ဘယ်သူခေါ်တာလဲဟ"
"အိုး..တင်းဆန်ရှီပါကွာ။ ရှားယိုကို တောင်းပန်ဖို့အတွက် တစ်ဘီလီယံပေးချင်တယ်တဲ့"
"မင်း လက်ခံလိုက်လား"
"ဟင့်အင်း.. ငါးဆယ်ဘီလီယံထက်နည်းရင် လက်မခံဘူးလို့"
"ဟားဟားဟား ကြမ်းတယ်ဟေ့"
ဝမ်လင်က ဒုက္ခရောက်နေသူကို ဝါးကူထိုးရခြင်းအား သဘောကျသည်။
"သူ သေချာပေါက်လက်မခံဘူးမို့လား။ မင်း ဘာစီစဉ်ထားလဲ။ လူမိုက်ဆက်လုပ်မှာလား"
"လူမိုက်ဆိုတာက ဘာသဘောလဲကွ။ ငါက ဂုဏ်သိက္ခာမြင့်မားတဲ့လူတစ်ယောက်လေ။ ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ဆိုတာ ပြဿနာတွေကို ဂုဏ်သိက္ခာရှိတဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းသင့်တာပေါ့"
"မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ"
"အရင်ဆုံး ပန်းတိုင်အသေးလေးတစ်ခုချမှတ်လိုက်မယ်။ ဝမ်ယိဂီတကို ဖြုတ်ချပစ်မယ်"
......