သီချင်းမူပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ခြင်း
Vol. 8 Ch. 113
"ပန်းတိုင်သေးသေးလေးတဲ့လား..."
ဝမ်လင်၏ပါးစပ်ကား မဲ့ရွဲ့သွားရလေသည်။
ဤစကားစုက ဝမ်လင့်အဖေ၏နာမည်ကြီးဒိုင်ယာလော့ပင် ဖြစ်ချေသည်။ သို့သော် ဝမ်လင့်အဖေအတွက်တော့ 'ပန်းတိုင်သေးသေးလေး'ဆိုသည်မှာ တစ်ဘီလီယံမျှသာဖြစ်ပြီး ဝမ်ယိဂီတ၏ဈေးကွက်တန်ဖိုးကမူ ဘီလီယံခုနစ်ဆယ်မှ ရှစ်ဆယ်အထိ ရှိလေရာ အဆပေါင်းငါးရာလောက် ကွာခြားပေသည်။
"မင်း ဘယ်လိုစီစဉ်ထားလဲ"
ဝမ်လင်က မေးလိုက်သည်။
"ဝမ်ယိဂီတက စာရင်းဝင်ကုမ္ပဏီတစ်ခုဆိုရင်တောင် ရှယ်ယာတွေအားလုံးကို တင်းဆန်ရှီ၊ တင်းယွီရှီနဲ့ တင်းဆန်ရှီရဲ့မိန်းမတို့ကိုင်ထားတာ။ အဲ့ဒါက သူတို့မိသားစုလုပ်ငန်းကြီးတစ်ခုနီးနီးပဲ။ မင်း ဘယ်လောက်ပဲချမ်းသာချမ်းသာ သူတို့သာမရောင်းဘူးဆိုရင် မင်းလည်းဝယ်လို့မရဘူးမလား"
"ဟင့်အင်း။ ဟင့်အင်း။ မင်း အခုထိ ငါ့ရည်ရွယ်ချက်ကို နားမလည်သေးဘူးပဲ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ငါ ဝမ်ယိဂီတကိုဝယ်မယ်ဆိုတာက ငါ တကယ်ဝယ်ချင်လို့မဟုတ်ဘူး။ အဲ့ဒါကို ဖြိုချပစ်ချင်လို့ပဲ။ ဝမ်ယိအုပ်စုတစ်ခုလုံးကို ငါ အလွယ်လေးဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို သူတို့သိသွားပြီး ငါ့ကို တောင်းပန်တဲ့အနေနဲ့ အဲ့ဒါကိုလိုလိုလားလားပေးချင်လာအောင်လုပ်မှာ"
"မင်းက တော်တော်ဉာဏ်များတာပဲ။ ဒါပေမဲ့ ငါသဘောကျတယ်"
ဝမ်လင်လည်း "ဖရဲသီး"စားရတော့မည်ဟု ခံစားလိုက်ရသည်။ ယခုတစ်ခေါက်တွင်တော့ သူ ရှေ့ဆုံးတန်းကနေ၍ ဖရဲသီးစားမည်သာ။
"ကျစ် ကျစ် ကျစ်.. စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။ မာဟွားရဲ့ထန်ရွှင်းဂီတတောင်မှ ဝမ်ယိဂီတကို ဖြိုချနိုင်ခဲ့တာမဟုတ်ဘူး"
"သူက တအားဆင်းရဲလို့ မလုပ်နိုင်ခဲ့တာလေ"
ကျန်းမုန့်လောင်ကလည်း ထိုသို့နှယ်ကြေညာလိုက်သည်။
"သောက်ကျိုးနည်း.. မာဟွားက ဆင်းရဲတယ်ပေါ့"
ထိုအဆိုပြုချက်က ဝမ်လင်၏ကမ္ဘာ့အမြင်တစ်ဝက်ခန့်ကို ပြိုလဲသွားစေသည်။ မာဟွာကိုသာ ဆင်းရဲသည်ဟု သတ်မှတ်ပါက ကမ္ဘာပေါ်မှာ ကျန်းမုန့်လောင်တစ်ယောက်တည်းကိုသာ ချမ်းသာသည်ဟု သတ်မှတ်ရပေလိမ့်မည်။
သို့သော် နောက်တစ်ကြိမ်ထပ်စဉ်းစားကြည့်ပါက သူတို့ မအောင်မြင်ခဲ့ခြင်းမှာ မူပိုင်ခွင့်ဈေးနှုန်းများက အလွန်မြင့်မားနေသောကြောင့်ပင်။
ထျန်ရွှင်းနှင့် ဝမ်ယိတို့က ထိုပိုက်ဆံကို မတတ်နိုင်သောကြောင့်မဟုတ်ပါဘဲ ရင်းနှီးမြှုပ်နှံမှုနှင့် အမြတ်အစွန်း၏အချိုးကို ထည့်သွင်းစဉ်းစားခဲ့ရသောကြောင့်ဖြစ်သည်။ သူတို့အနေနှင့် မူပိုင်ခွင့်ဝယ်ယူပြီး သူတို့ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့လျှင်တောင် ဗီအိုင်ပီစာရင်းသွင်းမှု၊ ဒေတာခနှင့် ကြော်ငြာခများမှရမည့် ပမာဏနည်းနည်းလေးက ဤကုန်ကျစရိတ်များကို မကာမိနိုင်ချေ။
သို့သော် ကျန်းမုန့်လောင်ကတော့ သူများနှင့်မတူပေ။ သူသည် ပိုက်ဆံဝင်မဝင်ကို လုံးဝဂရုမစိုက်ပေ။ သူက အပျော်သက်သက် လုပ်နေခြင်းသာ။ သူပျော်နေသရွေ့ နေ့တိုင်း ပိုက်ဆံဆုံးရှုံးနေလျှင်ပင် ပျော်နေနိုင်ဦးမည်သာ။ အကြောင်းမှာမူ သူ့အတွက်တော့ အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းက နည်းပါးလှသောပမာဏတစ်ခုဖြစ်ပေသည်။
"ဂီတပလက်ဖောင်းတွေကြားက ယှဉ်ပြိုင်မှုက မူပိုင်ခွင့်ပြိုင်ပွဲတစ်ခုပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ချလိုက်သည်။
"အခုထိရှင်သန်နေဆဲဖြစ်တဲ့ ဂီတပလက်ဖောင်းတချို့ကိုပဲ ကြည့်လိုက်။ သူတို့က လူကြိုက်အများဆုံးအဆိုတော်တွေရဲ့ သီးသန့်မူပိုင်ခွင့်တွေကို ရထားတယ်လေ။ ပရိသတ်တွေက ငွေပေးချင်နေသေးသရွေ့တော့ ထန်ရွှင်းပဲဖြစ်ဖြစ် ဝမ်ယိပဲဖြစ်ဖြစ် ဒီပလက်ဖောင်းတွေက ယိမ်းယိုင်သွားမှာမဟုတ်ဘူး။ သူတို့တွေက တချို့အဆိုတော်တွေရဲ့မူပိုင်ခွင့်ကိုရထားတာလေ"
"မင်း ဘာလုပ်ဖို့စီစဉ်ထားလဲ"
"တွေးကြည့်လိုက်လေ။ ပလက်ဖောင်းတစ်ခုက အဆိုတော်တွေအားလုံးရဲ့ မူပိုင်ခွင့်တွေအကုန်လုံးကို ဝယ်ထားပြီး အခမဲ့နားထောင်ခွင့်ပေးထားလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ အဲ့ဒါကို လူဘယ်နှယောက်လောက် သုံးကြလိမ့်မလဲ"
"သေစမ်း..မင်းက မူပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ်ဖို့စီစဉ်နေတာလား"
ဝမ်လင်ခမျာ ကျန်းမုန့်လောင်၏ဆိုလိုရင်းကို ရိပ်စားမိလိုက်ပုံရသည်။
"ဒါကို ဘယ်လိုလုပ်ပြီးလက်ဝါးကြီးအုပ်တယ်လို့ ပြောလို့ရမှာလဲ"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"အဲ့ဒီအဆိုတော်တွေ တခြားသူတွေကို မူပိုင်ခွင့်မပေးထားသရွေ့တော့ အဲ့ဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ။ မိုနိုပိုလီဥပဒေမှာ ဒါကို ဖော်ပြထားလားတော့မသိပေမဲ့ မင်း စားချင်တာစားလို့ရတယ်။ ခေါင်းတော့လာမစားနဲ့"
"ဒါကြီးက အရှက်မရှိတာပဲ"
ဤသီချင်းမူပိုင်ခွင့်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ စင်စစ်ဘက်လိုက်လွန်းလှသည်။ ငွေပေးထားပြီး ထိုအဆိုတော်များကလည်း မူပိုင်ခွင့်များကို အခြားလူတစ်ဦးတစ်ယောက်အား မပေးပစ်သရွေ့တော့ ကျန်းမုန့်လောင် တကယ်ပဲလက်ဝါးကြီးအုပ်ထားလျှင်ပင် မည်သူမှ သူ့ကို အပြစ်မတင်နိုင်ပေ။
"စကားမစပ်.. ဝမ်လင် မင်းဆီမှာလည်း ဂီတကုမ္ပဏီတစ်ခုရှိတယ်မလား"
"ဂီတတောအုပ်မီဒီယာလေ။ အသေးစားလုပ်ငန်းစုလေးပါ"
ဝမ်လင်က ခွန်းတုံ့ပြန်လိုက်လေသည်။
"ငါတို့ အင်တာနက်အဆိုတော်တချို့နဲ့ စာချုပ်ချုပ်ထားပြီးပြီ။ ဘာမှကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူး"
"မင်းတို့မှာ ကိုယ်ပိုင်appရှိလား။ ထန်ရွှင်းနဲ့ ဝမ်ယိအုပ်စုရဲ့ ဂီတပလက်ဖောင်းဆော့ဖ်ဝဲလ်လိုမျိုးလေ"
"ရှိတယ်"
"ကုမ္ပဏီတစ်ခုလုံးကို ငါ့ကိုရောင်းစမ်းပါ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"မင်းဘယ်လောက်လိုချင်လိုချင် ငါ နှစ်ဆပေးမယ်"
"မင်း ထပ်လုပ်ပြန်ပြီ"
ဂီတတောအုပ်လေးတွင် သူရင်းနှီးမြှုပ်နှံထားသည်မှာ အမေရိကန်ဒေါ်တစ်ဘီလီယံ သို့မဟုတ် နှစ်ဘီလီယံခန့်ရှိကြောင်း ဝမ်လင်သိထားသည်။ သို့သော် ယခုအထိ အကျိုးအမြတ်ပြန်မရသေးပေ။ လက်ရှိအခြေအနေကို ထောက်ဆကြည့်လိုက်ပါက ပိုက်ဆံဝင်ဖို့အတွက်ဆိုလျှင် နောက်ထပ်တစ်နှစ်နှစ်နှစ်ခန့် စောင့်ရပေလိမ့်ဦးမည်။ ကျန်းမုန့်လောင်ကသာ ထိုအရာကိုဝယ်ဖို့လိုလားပါလျှင် သူလည်း အချိန်တိုအတွင်း တစ်ဘီလီယံ၊ နှစ်ဘီလီယံလောက် ရနိုင်သည်။
"မရဘူး"
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ သားဖြစ်သည့်အတွက် ဝမ်လင့်မှာ စီးပွားရေးအမြင်ကောင်းတစ်ခုရှိသည်။
ကျန်းမုန့်လောင်အနေနှင့် သူ့ဂီတပလက်ဖောင်းကို လုံးဝအခမဲ့အသုံးပြုခိုင်းမည်ဟု ပြောလိုက်သော်ငြား ဤသည်မှာ အပေါ်ယံမျှသာဖြစ်သည်။ သုံးစွဲသူအရေအတွက် မြင့်တက်လာသည်နှင့် သုံးစွဲသူအရေအတွက်မှဖြစ်စေ ကြော်ငြာမှဖြစ်စေ များပြားလှစွာသော ဝင်ငွေတစ်ခုရလာလိမ့်မည်။
ဤပိုက်ဆံမှာ သီချင်းမူပိုင်ခနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေလို ကွာခြားသော်လည်း မူပိုင်ခွင့်အတွက် ထပ်ပေးစရာမလိုတော့သည့်အတွက် အမြတ်ငွေအားလုံးက သူ့အတွက်ပင်တည်း။
"ဒီလိုလုပ်ရင်ရော.. ငါ မင်းကိုရောင်းတော့ရောင်းမပေးဘူး။ ပိုက်ဆံပဲ ရင်းနှီးမြှုပ်နှံလိုက်။ မင်းက အဲ့ဒီ့ပိုက်ဆံတွေကို ငါ့အတွက် ရှယ်ယာအဖြစ်ပြောင်းပေးလေ။ ဘယ်လိုသဘောရလဲ"
"မင်းက အရမ်းပါးနပ်တာပဲ"
သူ့လုပ်ငန်းများကို အင်အားကြီးမန်နေဂျာအဖွဲ့တစ်ဖွဲ့က စီမံပေးနေခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင်သိသည်။ သီချင်းနားထောင်ဖို့အတွက် အခကြေးငွေမကောက်ခံလျှင်ပင် ထိုလူတစ်သိုက်က တစ်နည်းနည်းဖြင့် ငွေရပေါက်ရလမ်းကို ရှာဖွေပေးလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်ထားသည်။ ဝမ်လင်က ရေရှည်အကျိုး မျှော်ကိုးနေခြင်းသာ။
"ဟားဟားဟား.. မင်းက အသားစားသွားမှတော့ ငါလည်း စွပ်ပြုတ်နည်းနည်းလောက်ဝင်သောက်တာ စိတ်မရှိဘူးမလား"
"ကောင်းပြီလေ။ အဲ့လိုပဲလုပ်ကြတာပေါ့။ ရှယ်ယာလွှဲပြောင်းရေးတွေဘာတွေ ကျော်လိုက်ရအောင်။ ငါ မင်းကို ရှယ်ယာသုံးဆယ်ရာခိုင်နှုန်း တိုက်ရိုက်လွှဲပေးမယ်"
"သဘောတူတယ်"
ဝမ်လင်ကလည်း ချက်ချင်းသဘောတူလိုက်သည်။ ဤသုံးဆယ်ရာခိုင်နှုန်းမှာ ရှုံးသည်ဟု ထင်ရသော်လည်း စဉ်းစားကြည့်လိုက်ပါက ကျန်းမုန့်လောင်သာ ထိုသီချင်းများအတွက် မူပိုင်ခွင့်ဝယ်ယူမည်ဆိုပါက ဆယ်ဘီလီယံနှင့်ပင် လောက်မည်မဟုတ်။ တိတိကျကျပြောရပါလျှင် သူ့အတွက် အလွန်ကောင်းသောအပေးအယူတစ်ခုပင်။
"ငါက လုပ်ငန်းပိုင်းဆိုင်ရာတွေ နားမလည်ဘူး။ အဲ့ဒါတွေကို တာဝန်လည်းမယူချင်ဘူး။ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ရန်ပုံငွေကိစ္စပဲ တာဝန်ယူမယ်"
"မင်းလုပ်နေတဲ့ပုံစံအရဆိုရင်လည်း အဲ့လိုကိစ္စမျိုးကို ကိုင်တွယ်မဲ့ပုံလည်းမပေါ်ပါဘူး"
ဝမ်လင်က မျက်ဆန်လည်ပြလိုက်သည်။
"မင်းအစား အဆိုတော်အများစုကို ငါတာဝန်ယူပေးမယ်။ မင်းက ပိုက်ဆံထောက်ပံ့ပေးနေရုံပဲ။ ဒါပေမဲ့ တချို့ကိစ္စတွေကတော့ ထင်သလောက်လွယ်မှာမဟုတ်ဘူးနော်။ ဥပမာ ကျိုးတုန်းရဲ့သီချင်းတွေပေါ့"
"ဟုတ်တယ်။ ဝမ်ယိအုပ်စုနဲ့ ထန်ရွှင်းအုပ်စုတို့က ကျိုးတုန်းရဲ့သီချင်းတွေကို မူပိုင်ခွင့်ရဖို့အတွက် ကြိုးစားနေခဲ့တာကြာပြီ။ လတ်တလောမှာ "ဟူလူ"ဂီတမှာပဲ မူပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ သက်တမ်းက သုံးနှစ်တည်းပဲ။ အချိန်တွက်ကြည့်လိုက်ရင် အဲ့ဒီမူပိုင်ခွင့် သက်တမ်းကုန်ဖို့ သုံးလပဲလိုတော့တာ။ သူတို့ အခု စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေတယ်လို့ကြားတယ်"
"အိုး.. တခြားပလက်ဖောင်းတွေကရော"
"ဟီးဟီး.. ကျိုးတုန်းက အခု ကလေးအဖေဖြစ်နေလို့ သီချင်းသစ်မထုတ်နိုင်ပေမဲ့ သူ့သီချင်းဟောင်းတွေက ခေတ်ကာလကန့်သတ်ချက်မရှိဘူးနော်။ ကျိုးတုန်းရဲ့သီချင်းတွေကိုသာ မူပိုင်ခွင့်ရထားရင် ဂီတပလက်ဖောင်းလောကမှာ တော်တော်သြဇာရှိသွားမှာ"
"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
"အတွင်းလူတချို့ရဲ့စကားအရဆိုရင် ထန်ရွှင်းက ကျိုးတုန်းရဲ့သီချင်းမူပိုင်ခွင့်သုံးနှစ်သက်တမ်းကို ဝယ်ယူဖို့အတွက် ငါးဘီလီယံပြင်ထားတဲ့ပုံပဲ။ ဝမ်ယိကလည်း အဲ့ဒီလောက်ပမာဏပဲ ပြင်ထားတာ။ 'ဟူလူ'ဂီတကတော့ အခမဲ့တင်ပေးနေတာဆိုတော့ အဲ့ဒီထိပ်တန်းလုပ်ငန်းစုကြီးတွေကိုတော့ ယှဉ်နိုင်မှာမဟုတ်ဘူး။ ကြည့်ရတာတော့ သူတို့ နောက်ဆုံးပွဲစဉ်အတွက် အရှိန်ယူနေကြပုံပဲ"
"ဟားဟားဟား.. ဒါဆို ငါ သူတို့တွေအကုန်လုံးကို စိတ်ပျက်အောင်လုပ်ရတော့မယ်"
ကျန်းမုန့်လောင်က ရက်စက်လိုဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
"ဒီသဘောတူညီမှုကို မင်း ကြားဖြတ်လုနိုင်မဲ့အနေအထားရှိလား"
"တိုက်ဆိုင်ချင်တော့ နောက်လအစပိုင်းမှာ ကျိုးတုန်းက သူ့သီချင်းအယ်လ်ဘမ်အသစ်ကို ပရိုမိုးရှင်းဆင်းဖို့အတွက် မိုတုကိုသွားမှာလေ။ နောက်ဆုံးတော့ သူက သီချင်းသစ်တွေရေးနေပြီ။ သူက အခု နည်းနည်းဝနေပြီဆိုရင်တောင် သူ့ပရိသတ်တွေကဖြင့် သူတို့ကိုယ်တိုင်ပွဲဦးထွက်တော့မတတ်ပဲ"
ဝမ်လင်က ထေ့လုံးငေါ့လုံးဖြင့် မှတ်ချက်ပေးလိုက်သည်။
"ဒါဆို ငါ မင်းအတွက် တွေ့ဆုံလို့ရအောင် စီစဉ်ပေးမယ်။ ငါ့အဖေရဲ့သြဇာအာဏာနဲ့ဆိုရင် ပြဿနာတော့မရှိပါဘူး။ ကျန်တဲ့ညှိနှိုင်းဆွေးနွေးရေးကိစ္စတွေကတော့ မင်းနဲ့ပဲဆိုင်တယ်"
"ကောင်းပြီလေ။ အဲ့လိုပဲလုပ်ကြရအောင်"
ကျန်းမုန့်လောင် ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ လုရီယောင်က ကျိုးတုန်း၏အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး တစ်ခါတုန်းက ထိုဖျော်ဖြေပွဲကို အတူသွားတက်ကြဖို့ပါ ပြောခဲ့ဖူးသည်။
"စကားမစပ် ကျိုးတုန်းကို ငါ့အိမ်မှာ နေ့တိုင်းဖျော်ဖြေပွဲကျင်းပပေးခိုင်းဖို့အတွက် စာချုပ်ချုပ်မယ်ဆိုရင် ကုန်ကျစရိတ် ဘယ်လောက်ရှိမယ်လို့ထင်လဲ"
ဝမ်လင်ကလည်း ကျန်းမုန့်လောင်ကို စိတ်တိုတိုနှင့် လက်ခလယ်ထောင်ပြလိုက်သည်။
"သေလိုက်လေ"
........