← Chapters

ဒီနို့လက်ဖက်ရည်က တာ့ဟုန်းပေါင်လက်ဖက်ရွက်နဲ့နှပ်ထားတာပါ

Vol. 8 Ch. 114

ဒီနို့လက်ဖက်ရည်က တာ့ဟုန်းပေါင်လက်ဖက်ရွက်နဲ့နှပ်ထားတာပါ

Vol. 8 Ch. 114

ရက်ပေါင်းများစွာကြာအောင် လူရွေးပွဲများ ကျင်းပပြုလုပ်ပြီးနောက် ဒါရိုက်တာအဖွဲ့သည် သရုပ်ဆောင်ရွေးချယ်ရေးအဆင့်ကို ပြီးမြောက်ခဲ့လေပြီ။ ယခုတော့ ရိုက်ကူးရေးအစီအစဉ်ကို ပုံကြမ်းရေးဆွဲရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်၏။ အကျွမ်းကျင်ဆုံးသောအဖွဲ့ဝင်များ ပါဝင်ထားသည့်အတွက် ကျန်းမုန့်လောင်အနေနှင့် သိပ်စိုးရိမ်စရာမလိုပေ။

သီးသန့်လေယာဉ်တစ်စင်းက Magicစီတီးလေဆိပ်သို့ ဆင်းသက်လာပြီးနောက် တန်ဖိုးကြီးRolls-Royceကားတစ်စီးကလည်း အနောက်ဘက်ဆင်ခြေဖုံးဒေသသို့ ဦးတည်မောင်းနှင်နေလေသည်။

"ဟုန်းရီ.. ငါတို့ဘယ်သွားကြမလို့လဲ"

"ရှင့်အိမ်ကိုပေါ့။ ဘယ်နေရာရှိရမှာလဲ"

ဟုန်းရီက ပြောလိုက်သည်။

"ငါ့အိမ်လား။ ဆင်ခြေဖုံးဘက်မှာလား"

Magicစီတီးရှိ သူ့နေအိမ်က ဒဏ္ဌာရီလာFirst-gradeအဆောက်အဦးတွင် ရှိလိမ့်မည်ဟုသာ ကျန်းမုန့်လောင် ထင်နေခဲ့မိသည်။ ထိုနေရာသည် ဝတ္ထုများထဲတွင် မကြာခဏဖော်ပြလေ့ရှိသော အထင်ကရ အဆောက်အဦးတစ်ခုဖြစ်ပြီး အလွန်အမင်းချမ်းသာသူများ၏ သင်္ကေတအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ထိုကဲ့သို့သောနေရာမျိုးကသာ သူ့အဆင့်အတန်းနှင့် ကိုက်ညီသည်ဟု ထင်မိသည်။

"First-gradeမှာ ငါ့အိမ်မရှိဘူးလား"

ကျန်းမုန့်လောင် မမေးဘဲ မမေးနိုင်ချေ။

"မစ္စတာကျန်း..First-gradeအဆောက်အဦး၁ရဲ့ အကောင်းဆုံးအထပ်ငါးထပ်က သင့်ပိုင်ဆိုင်မှုတွေချည်းပါပဲ"

"လန့်သွားတာပဲ။ ငါက မပိုင်ဘူးလို့ထင်လိုက်မိတာ"

ကျန်းမုန့်လောင်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

"ဒါပေမဲ့ အနောက်ဘက်ဆင်ခြေဖုံးကို ဘာလို့သွားနေရတာလဲ"

"ဒီတစ်ခေါက် မစ္စတာကျန်းက ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံမှာဆိုတော့ သာမန်နေရာမျိုးမှာတော့ တွေ့လို့မဖြစ်ဘူးလေ"

ဟုန်းရီက ရှင်းပြလေသည်။

"သာမန်နေရာတဲ့လား။ First-gradeလိုနေရာမျိုးကိုတောင် သာမန်လို့ခေါ်နေတာလား"

ကျန်းမုန့်လောင်ခမျာ ချက်ချင်းပင် ပြောစရာစကားကင်းမဲ့သွားရသည်။ First-gradeရှိ သာမန်တိုက်ခန်းတစ်ခန်းကပင် တစ်စတုရန်းမီတာလျှင် ၂၃၀၀၀၀ခန့် တန်ဖိုးရှိသည်ဖြစ်ရာ သာမန်အခန်းတစ်ခန်းကပင် သန်းဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းမျှ ကုန်ကျနိုင်ပေသည်။ ထိုကဲ့သို့သောနေရာမျိုးကို 'သာမန်'ဟု သတ်မှတ်နိုင်ပါလေသလား။

"ဒါဆို ငါတို့ ဘယ်သွားကြမှာလဲ"

"မစ္စတာကျန်း ကျွန်မတို့ရောက်တော့မှာပါ"

သူ စကားပြန်မပြောရသေးခင်မှာပင် ကားက ဗီလာနယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"သောက်ကျိုးနည်း... ဒါက ထန်နန်းတော်ဗီလာမလား"

သိသာထင်ရှားနေသော ဆိုင်းဘုတ်ကြီးကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။

"ဟုတ်ပါတယ် မစ္စတာကျန်း။ ရှင့်ဧည့်သည်တွေကို ဒီနေရာမှာ လက်ခံတွေ့ဆုံတာက ပိုသင့်တော်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်"

ဟုန်းရီက ခွန်းတုံ့ပြန်လိုက်သည်။

ထန်နန်းတော်ဗီလာသည် First-gradeကဲ့သို့ နာမည်ကြီးကျော်ကြားမှု မရှိသော်လည်း သူ့ဈေးနှုန်းမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပျမ်းမျှတန်ဖိုးကပင် တစ်စတုရန်းမီတာလျှင် သုံးသိန်းကျော်ရှိပြီး ဗီလာအားလုံး၏ အကျယ်အဝန်းကား ၁၀၀၀စတုရန်းမီတာကျော်ရှိ၏။ အဓိပ္ပာယ်မှာ ဤနေရာရှိ ဗီလာတစ်လုံး၏တန်ဖိုးသည် သန်းရာဂဏန်းရှိ၏။

"တကယ်ကိုပဲ။ ဒါက ငါ့အဆင့်အတန်းနဲ့ လိုက်ဖက်သားပဲ"

ကျန်းမုန့်လောင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေလိုက်သည်။

"ဒီနေရာမှာ ဗီလာစုစုပေါင်း၁၈လုံးပဲ ရှိတယ်။ ရှင် ဒီနေရာကို မကြာမကြာလာမှာမဟုတ်တဲ့အတွက် အလယ်နားကဗီလာကိုပဲ ဝယ်ထားလိုက်တာ။ သူ့အကျယ်အဝန်းက ၃၀၀၀စတုရန်းမီတာရှိတာမို့ ရှင့်အတွက် လုံလောက်မှာပါ"

"သေစမ်း။ အဲ့ဒါက တစ်ဘီလီယံနီးနီးပဲမလား"

ကျန်းမုန့်လောင် လုံးဝအံ့အားသင့်သွားရသည်။ ထိုကဲ့သို့သောနေရာမျိုးကို သာမန်လူများ အိပ်မက်ထဲမှာပင် မမက်နိုင်ကြပေ။

ဤဗီလာအတွင်းရှိ အလှဆင်မှုဟာ အလွန်တန်ဖိုးကြီးလှသည်။ နာမည်ကျော်ပန်းချီဆရာကြီးများ၏ ပန်းချီကားများကိုပင် ကျန်းမုန့်လောင် တွေ့နေရသည်။ ထိုပန်းချီကားများ၏တန်ဖိုးမှာ ဗီလာတန်ဖိုးထက်ပင် အဆပေါင်းများစွာပိိုနိုင်ကြောင်း သူ ခန့်မှန်းမိသည်။

သို့သော် ယခုအချိန်တွင် ကျန်းမုန့်လောင်သည် သူ့ချမ်းသာကြွယ်ဝမှုများကို တဖြည်းဖြည်း လက်သင့်ခံနိုင်လာပြီဖြစ်သောကြောင့် အထူးတလည်အံ့အားသင့်နေခြင်းမျိုး မရှိတော့ပေ။ ဤအရာများမှာ ဘာမှထူးထူးခြားခြားမဟုတ်ပါဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ်များသာ။

"စကားမစပ် ကျိုးတုန်းက ဘယ်တော့လာမှာလဲ။ ဝမ်လင်ပြောတာတော့ ဒီနေ့ချိန်းပေးထားတယ်တဲ့"

ကျန်းမုန့်လောင်က ဆိုဖာပေါ်၌ လဲလျောင်းဇိမ်ခံရင်း ထဖို့ အင်တင်တင်ဖြစ်နေပေသည်။

"သူ မကြာခင်ရောက်တော့မှာပါ။ မစ္စတာကျိုးတုန်းရဲ့လေယာဉ်က ဆယ်နာရီဝန်းကျင် ဆင်းသက်မယ်လို့သိရပါတယ်။ သူ့ကိုသွားကြိုဖို့အတွက်လည်း ကျွန်မ တစ်ယောက်ယောက်ကို လွှတ်ပေးထားပြီးပါပြီ"

"စိတ်ချရသားပဲ"

ကျန်းမုန့်လောင်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျိုးတုန်းရောက်ဖို့ တစ်နာရီကျော်ခန့် ကြာဦးမည်ဟု ခန့်မှန်းကြည့်လိုက်သည်။ မနက်တုန်းက သူ ကောင်းကောင်းမအိပ်ခဲ့ရသောကြောင့် ခဏလောက်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကြီးထွားဖွံ့ဖြိုးဆဲအရွယ်သာ ရှိသေး၏။

...

"ကျိုးတုန်း.. ငါတို့ Magicစီးတီးမှာ ထန်ရွှင်းနဲ့ မူပိုင်ခွင့်ကိစ္စဆွေးနွေးဖို့လာခဲ့တာမဟုတ်ဘူးလား"

ကျိုးတုန်း၏လက်ထောက်က အလျင်အမြန်ရွေ့လျားသွားလာနေသောကားထဲတွင် ထိုင်၍ မာဖီးယားတစ်ယောက်အလား ဝတ်စားထားသော ဒရိုင်ဘာကို ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။

သူတို့ လေဆိပ်သို့ရောက်ခါစမှာပင် လူတစ်စုက သူတို့ကို လေဆိပ်မှာစောင့်နှင့်နေပြီး ကားထဲကိုဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ကျိုးတုန်း၏လက်ထောက်က ဘာအသိပေးချက်မှာ မရထားဖူးသောကြောင့် နားမလည်နိုင်ဖြစ်နေချေသည်။

"စိတ်ပူစရာမလိုပါဘူး။ ငါတို့က မိတ်ဆွေဖွဲ့ဖို့သွားမှာ"

ဤတွေ့ဆုံမှုသည် ဝမ်လင်နှင့် ကျိုးတုန်းတို့အကြား တိတ်တဆိတ်စီစဉ်ထားခြင်းဖြစ်လေရာ သူ့လက်ထောက်လည်း မသိပေ။

"မိတ်ဆွေဖွဲ့မှာလား"

ကျိုးတုန်း၏လက်ထောက်က တခစ်ခစ်ရယ်မောလိုက်သည်။

"မင်းလိုဘော့စ်မျိုးကို အပြင်ထွက်အောင်လုပ်နိုင်တဲ့လူက သာမန်လူတစ်ယောက်တော့မဟုတ်နိုင်ဘူး"

"ကျန်းမုန့်လောင်တဲ့။ မင်း သူ့ကိုကြားဖူးလား"

လက်ထောက်လေးက ခေါင်းခါယမ်းပြလေသည်။

"မင်းက ပြည်တွင်းရေးရာတွေကို အာရုံမစိုက်တာ တော်တော်ကြာပြီပဲ"

ကျိုးတုန်းက ခပ်ပြုံးပြုံးလေး ပြောလိုက်ချေသည်။

"ဘယ်သူသိမှာလဲ။ ဒီတစ်ခေါက် ငါ့သီချင်းမူပိုင်ခွင့်က ထန်ရွှင်းတို့ ဝမ်ယိတို့ကို ရောင်းစရာမလိုတော့တာလည်း ဖြစ်သွားနိုင်တယ်"

"သူတို့အပြင် တခြားဘယ်ပလက်ဖောင်းက ဒီလိုဈေးနှုန်းမျိုးကို တတ်နိုင်မှာလဲ"

လက်ထောက်လေးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"မင်း မကြာခင်သိရပါလိမ့်မယ်"

လတ်တလောနှစ်များအတွင်း ကျိုးတုန်းသည် ဂီတလောကမှ ထွက်ခွာသွားလုနီးပါးဖြစ်နေခဲ့ပြီး မူပိုင်ခွင့်များနှင့် ကုမ္ပဏီများကို စီမံခန့်ခွဲနေခဲ့သည်။ သူ့ပိုင်ဆိုင်မှုမှာလည်း ဆယ်ဘီလီယံကျော်ရှိလေရာ သာမန်လုပ်ငန်းရှင်များဆိုလျှင် သူ့မျက်လုံးထဲ မတိုးပေ။ ဝမ်လင်၏ဖိတ်ကြားချက်ကိုလည်း သူ့အဖေ၏ဩဇာအာဏာကြောင့်သာမဟုတ်ပါက လက်ခံခဲ့မည်မဟုတ်။

သို့သော် ကျန်းမုန့်လောင်ဟုခေါ်သော ဤလူငယ်လေး၏ချမ်းသာကြွယ်ဝမှုက ကြောက်မက်ဖွယ်ကောင်းလွန်းကြောင်း သူသိထားသည်။ သူ့အတွက်ပင်လျှင် ယခုလိုအဖိတ်ခံရသည်မှာ ဂုဏ်ယူစရာကောင်းသော ကိစ္စတစ်ရပ်ဖြစ်၏။

"မစ္စတာကျိုး..ရောက်ပါပြီ"

ကားက ဗီလာရှေ့တွင် ဖြည်းဖြည်းချင်းထိုးရပ်သွား၏။

"ဝိုး.."

ကျိုးတုန်း၏နေရာကား လုံးဝတန်ဖိုးကြီးသည့်နေရာတစ်ခု ဖြစ်သော်ငြား ဤဗီလာကို မြင်လိုက်ရချိန်မှာတော့ သူ့လက်ထောက်လည်း မျက်လုံးမပြူးဘဲ မနေနိုင်ပေ။

"ဒါက ဘယ်လောက်တောင်ပေးရတာလဲမသိဘူး"

"မိုတုထဲမှာ ဈေးအကြီးဆုံး ထန်နန်းတော်ဗီလာလေ။ ဘယ်လောက်လို့ထင်လဲ"

ကျိုးတုန်းလည်း စိတ်ထဲမှာ တိတ်တိတ်လေးထိတ်လန့်နေမိသည်။ ပိုင်ဆိုင်မှုဆယ်ဘီလီယံရှိနေသည့်တိုင် သူသာ ဤဗီလာကိုဝယ်မည်ဆိုပါက သူ့ပိုင်ဆိုင်မှုများအားလုံးကို ထုခွဲရောင်းချရန် လိုအပ်ပေသည်။

"မစ္စတာကျိုး.. မစ္စတာကျန်းက အထဲမှာစောင့်နေပါတယ်"

အိမ်တော်ထိန်းဖြစ်ဟန်တူသော လူတစ်ယောက်က အပြင်ထွက်လာပြီး သူတို့ကိုနှုတ်ဆက်လေသည်။

"လမ်းပြပေးပါဦးဗျ"

...

"မစ္စတာကျန်း..မစ္စတာကျိုးရောက်လာပါပြီ"

"နောက်ဆုံးတော့ ရောက်လာပြီပဲ"

ကျန်းမုန့်လောင်၏ အိပ်ချင်စိတ်က လျှပ်တပြက်ဆိုသလို တစ်ဝက်မျှလွင့်ပါးသွားရသည်။

"မစ္စတာကျိုး.. ဒါက ကျွန်တော်တို့ရဲ့မစ္စတာကျန်းပါ"

အိမ်တော်ထိန်းက မိတ်ဆက်ပေးလာလေသည်။

"ငယ်သေးတာပဲ"

ကျိုးတုန်း၏လက်ထောက်ခမျာ အံ့အားသင့်နေချေတော့သည်။ ငယ်ငယ်လေးနှင့် ယခုဗီလာတစ်လုံးပိုင်ဆိုင်ခြင်းမှာ တွေးကြည့်၍ပင်မရနိုင်အောင် နက်နဲလှသော နောက်ခံအသိုင်းအဝိုင်းတစ်ခု ရှိသည်ဟူသော အဓိပ္ပာယ်ပင်။

"မင်္ဂလာပါ မစ္စတာကျန်း"

ကျိုးတုန်းက လက်ဆန့်ထုတ်လိုက်သည်။

"ကျွန်တော် ခင်ဗျားအကြောင်းတွေ ကြားထားတာကြာပါပြီ။ ဒါပေမဲ့ အခုလိုလူကိုယ်တိုင်တွေ့လိုက်ရတော့မှပဲ ခင်ဗျားက ဓာတ်ပုံထဲကထက်တောင် ပိုနုနေတာပဲနော်"

"တအားယဉ်ကျေးမနေပါနဲ့ မစ္စတာကျိုး..။ ကျွန်တော်က ခင်ဗျားရဲ့သီချင်းတွေကိုနားထောင်ရင်း ကြီးပြင်းလာတာပါ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ထိုင်ပါဦး"

ကျိုးတုန်းနှင့် သူ့လက်ထောက်တို့က နေရာယူလိုက်ကြပြီး အနည်းငယ်နေရခက်နေဟန်တူသည်။ ကျန်းမုန့်လောင်က ရန်လိုသောအပြုအမူမျိုးမလုပ်ထားသော်လည်း ယခုလိုခမ်းနားလှသော အိမ်တော်ကြီးထဲတွင် တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ ခက်ခဲလွန်းလှသည်။

"ဟုန်းရီ.. နို့လက်ဖက်ရည်က အဆင်သင့်ဖြစ်ပြီလား"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ငါတို့ မစ္စတာကျိုးအတွက် အကောင်းဆုံးတွေကိုပဲ ဧည့်ခံရမှာနော်"

"ဟားဟား"

ကျန်းမုန့်လောင်၏မှတ်ချက်ကြောင့် လေထုအနေအထားမှာ အနည်းငယ်ပြေလျော့သွားပြီး ကျိုးတုန်းလည်း ကိုးရိုးကားရားရယ်လိုက်လေသည်။ စင်စစ်ပင် နှစ်တွေကြာလာသည်နှင့်အမျှ သူ့ပုံပန်းသွင်ပြင်မှာ နို့လက်ဖက်ရည်ကြောင့် ပို၍ပျက်စီးလာလေသည်။ သူ့ပရိသတ်များကပင် ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ပြောင်တတ်ကြသည်။

မကြာခင်မှာ နို့လက်ဖက်ရည်ခွက်တချို့ရောက်လာသည်။ ရနံ့ကား ဖော်ပြ၍ပင် မစွမ်းသာချေ။ စိတ်ကိုကြည်လင်သွားစေသော သက်ရောက်မှုမျိုး ရှိဟန်တူ၏။

ပရိသတ်များက စနောက်ရတာကို သဘောကျကြသော်ငြား ကျိုးတုန်းကတော့ နို့လက်ဖက်ရည်ကို စင်စစ်သဘောကျလေသည်။ သူက တစ်ငုံအရင်သောက်ကြည့်လိုက်လေရာ ထူးကဲလှသော အနံ့အရသာကြောင့် လန်းဆန်းသွားရ၏။

"ဒါက ဘယ်လိုနို့လက်ဖက်ရည်မျိုးလဲ"

"ဟုန်းရီ. ဒါက ဘာနို့လက်ဖက်ရည်လဲ။ အရမ်းအရသာရှိလွန်းတယ်"

ကျန်းမုန့်လောင်လည်း သူ့အိမ်ရှိ နို့လက်ဖက်ရည်ကို ပထမဆုံးအကြိမ်အဖြစ် သောက်ကြည့်လိုက်သည်။ နို့လက်ဖက်ရည်များက အရသာတစ်မျိုးတည်းဟု သူ အမြဲထင်နေခဲ့မိသည်။ သို့သော် သူ့လက်ထဲရှိ နို့လက်ဖက်ရည်ကတော့ စင်စစ်ထူးခြားလှသည်။

"မစ္စတာကျန်း.. ဒီနို့လက်ဖက်ရည်က တာ့ဟုန်းပေါင်လက်ဖက်ရွက်နဲ့ အင်္ဂလန်က JUHLAတော်ဝင်နွားနို့ကိုသုံးပြီး နှပ်ထားလို့ အရသာထူးခြားနေတာပါ"

"ဘာ.. ဒီနို့လက်ဖက်ရည်က တာ့ဟုန်းပေါင်နဲ့နှပ်ထားတာပေါ့"

ကျိုးတုန်းလိုပင် ကျန်းမုန့်လောင်လည်း အံံ့ဩထိတ်လန့်သွားရသည်။ တော်ဝင်နွားနို့ကိုတော့ သူတို့မကြားဖူးသော်ငြား တာ့ဟုန်းပေါင်ကတော့ အလွန်နာမည်ကြီးသည်။ ၎င်းမှာ တစ်နှစ်မှာ တစ်ကီလိုထုတ်လုပ်ဖို့အတွက်ပင် ရှားပါးပြီး ခက်ခဲလွန်းလှ၏။ တော်ဝင်လက်ဆောင်ပဏ္ဏာများအဖြစ် ဆက်သဖို့တောင် မကြာမကြာပေါ်မလာတတ်ချေ။

လက်ဖက်ရည်ချစ်သူများအဖို့တော့ ၎င်းမှာ အလွန်အဖိုးထိုက်တန်လှသော်လည်း သူတို့မိသားစုကတော့ ထိုအရာကို နို့လက်ဖက်ရည်ချက်ဖို့အတွက် အသုံးပြုသတဲ့။

"ကျွန်တော် ထပ်သောက်ကြည့်မှပဲ"

ကျိးတုန်းသည် နို့လက်ဖက်ရည်အများကြီးကို မြည်းစမ်းကြည့်ခဲ့ဖူးသည်။ သို့သော် ယခုလိုနို့လက်ဖက်ရည်မျိုးမှာ တစ်သက်မှာတစ်ခါသာ မြည်းစမ်းနိုင်သည့် အခွင့်အရေးမျိုးပင်။ စိတ်ထဲတွင်မူ သူ မအံ့ဩဘဲ မနေနိုင်ချေ။

"ဒီနေ့ခေတ်လူချမ်းသာလေးတွေက ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ ကောင်းကောင်းသိကြတာပဲ"

.......

All Chapters