သူတို့ကမ်းလှမ်းတဲ့ငွေထက် ကျွန်တော်နှစ်ဆပေးမယ်
Vol. 8 Ch. 115
"ဂလု…ဂလု"
ကျိုးတုန်းက တစ်ခွက်ပြီးတစ်ခွက် တစ်ကျိုက်တည်းနှင့် သုံးခွက်လောက်သောက်ပစ်လိုက်သည်။ ထို့နောက် သူက အားရကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သော်လည်း နောက်ထပ်ထပ်သောက်ချင်နေဆဲပင်။
ကျန်းမုန့်လောင်၏ခေါင်းအထက်မှာတော့ အနက်ရောင်မျဉ်းအများကြီး စီတန်းနေလေပြီ။ ယခုလိုသောက်သည့်နှုန်းဖြင့်ဆိုလျှင် သူ ဝလာသည်မှာလည်း ထူးတော့မထူးဆန်းပေ။ အရည်အချင်းရှိပြီး ကြည့်ကောင်းသော ကျောင်းတုန်းက သူ့ပုံရိပ်ကား ပျောက်ကွယ်သွားတာ ကြာလေပြီ။
"တောင်းပန်ပါတယ်။ ဒီနို့လက်ဖက်ရည်က အရမ်းအရသာရှိလို့"
ကျန်းမုန့်လောင်၏အကြည့်ကို သတိပြုမိသဖြင့် ကျိုးတုန်းလည်း အနည်းငယ်ရှက်သွားရသည်။
"ကျွန်တော်သောက်တာ နည်းနည်းများသွားတာလား"
တာ့ဟုန်းပေါင်လက်ဖက်ရွက်က တစ်နှစ်မှာ တစ်ကီလိုဂရမ်သာ ရိတ်သိမ်းကြောင်း ကျိုးတုန်းလည်း သိသည်။ တစ်ကြိမ်နှပ်ဖို့အတွက် တစ်ဆယ်ဂရမ်ဖြင့် တွက်ကြည့်လိုက်ပါက နှစ်စဉ်ရိတ်သိမ်းနှုန်းမှာ အကြိမ်တစ်ရာခန့်သာ နှပ်နိုင်လေသည်။
တာ့ဟုန်းပေါင်လက်ဖက်ရွက်ကို မျက်စိကျနေသူများမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များအပြင် နိုင်ငံတော်ထိပ်သီးအဆင့်ပုဂ္ဂိုလ်များပါ ပါဝင်လေသည်။ ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုနှင့်ဆိုလျှင်ပင် တစ်နှစ်ကို ဂရမ်ပေါင်းအနည်းငယ်ရနိုင်သည်ကပင် အလွန်အထင်ကြီးဖို့ကောင်းနေပြီမဟုတ်လား။
"မစ္စတာကျိုး.. ရှင်ကြိုက်တယ်ဆိုရင် အဲ့ဒါတွေကိုစိတ်မပူပါနဲ့"
ဟုန်းရီက ပြောလိုက်လေသည်။
"မစ္စတာကျန်းရဲ့ဘိုးဘေးတွေက ဟိုးအရင်ကတည်းက သူတို့ရဲ့ကိုယ်ပိုင်လက်ဖက်ခြံထဲမှာ ဒီထက်အရည်အသွေးပိုကောင်းတဲ့ လက်ဖက်ပင်တွေကို စိုက်ထားပါတယ်။ တစ်နှစ်ကိုလည်း အများကြီးထုတ်လုပ်နှုန်းရှိတဲ့အတွက် ကိုယ်ပိုင်သုံးစွဲမှုထက် အများကြီးပိုပါသေးတယ်။ မစ္စတာကျန်းသာ လက်ခံမယ်ဆိုရင် ရှင်ပြန်တဲ့အခါကျရင် နည်းနည်းလောက်ယူသွားနိုင်ပါတယ်"
"သောက်ကျိုးနည်း တကယ်ကြီးလား။ ငါ ဒါကို ဘယ်လိုလုပ်ပြီးမသိရတာလဲ"
ကျန်းမုန့်လောင်က ဟုန်းရီကို ကြည့်ကာ မေးလိုက်သည်။
"မစ္စတာကျန်း.. ရှင်က လက်ဖက်ရည်မကြိုက်တော့ ကျွန်မကို တစ်ခါမှမမေးဖူးဘူးလေ"
ဟုန်းရီ၏ပုံစံမှာ အပြစ်ကင်းစင်ဟန်ပေါက်လေသည်။
"အမှန်ပဲ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ငါတို့မှာ ဒီလောက်အရည်အသွေးကောင်းတဲ့အရာမျိုးရှိတယ်ဆိုရင် အလကားဖြုန်းတီးမပစ်သင့်ဘူး။ အခုကစပြီး တာ့ဟုန်းပေါင်လက်ဖက်ရွက်နဲ့ ငါ့ကို နို့လက်ဖက်ရည်ဖျော်ပေးတော့။ တစ်နေ့ကို သုံးခွက်တိတိနော်။ ဟားဟားဟား"
ကျန်းမုန့်လောင်၏ အူမြူးနေသော အသွင်အပြင်ကိုကြည့်ရင်း ကျိုးတုန်းလည်း အနည်းငယ်အားကျသွားရလေသည်။ တာ့ဟုန်းပေါင်နို့လက်ဖက်ရည်ကို တစ်နေ့သုံးခွက်သောက်ရခြင်းမှာ ကောင်းကင်ဘုံ၌ စည်းစိမ်ခံစားခြင်းတစ်မျိုးပင်မဟုတ်လား။
"ဟုန်းရီ.. လက်ဖက်ရည်ကီလိုနည်းနည်းလောက် ပြင်ထားပေး။ မစ္စတာကျိုးပြန်တဲ့အခါ ယူသွားလို့ရအောင်လို့။ ဒီအထိလာခဲ့ရတာ အလကားမဖြစ်စေနဲ့"
"ကောင်းပါပြီ မစ္စတာကျန်း။ ရှင်တို့ ဆက်စကားပြောနှင့်ပါဦး။ ကျွန်မ သွားပြင်ဆင်လိုက်ပါ့မယ်"
"သွားပါ"
ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းပြလိုက်သည်။
"မစ္စတာကျိုး.. အခု အလုပ်အကြောင်းဆွေးနွေးကြရအောင်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဒီကိုလာတာ သီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့မလား"
"ဟုတ်တာပေါ့"
ကျိုးတုန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟူလူဂီတနဲ့ စာချုပ်ချုပ်ထားတာ သက်တမ်းပြည့်တော့မှာဆိုတော့ အခု ထန်ရွှင်းနဲ့ ဝမ်ယိတို့က ကျွန်တော့်သီချင်းတွေရဲ့မူပိုင်ခွင့်ကို ဝယ်ယူဖို့ကြိုးစားနေကြတယ်လေ။ ကျွန်တော် ဒီကိုလာခဲ့တာ သူတို့နဲ့စာချုပ်ချုပ်ဖို့ပါပဲ"
"သူတို့ ဘယ်လောက်နဲ့ကမ်းလှမ်းထားလဲဆိုတာ ကျွန်တော်မေးကြည့်လို့ရမလား"
ကျန်းမုန့်လောင်က မေးလိုက်လေသည်။
"လျှို့ဝှက်နေစရာ ဘာမှမရှိပါဘူး"
ကျိုးတုန်းက စနောက်လိုက်သည်။
"Tencentက ကျွန်တော့်သီချင်းတွေရဲ့မူပိုင်ခွင့်ဆယ်နှစ်စာအတွက် သန်း၅၇၀ပေးဖို့ ဆန္ဒရှိတယ်တဲ့"
"ဝမ်ယိကရော"
"နောက်ဆုံးဈေးနှုန်းကတော့ သန်း၄၈၀ပဲ"
"သူတို့မရောင်းနဲ့။ ကျွန်တော့်ကိုပဲရောင်းပါ"
ကျန်းမုန့်လောင်က ပြောလိုက်ချေသည်။
"သူတို့ ဘယ်လောက်ပဲကမ်းလှမ်းကမ်းလှမ်း ကျွန်တော် နှစ်ဆပေးမယ်"
"အဟွတ် အဟွတ် အဟွတ်"
ကျိုးတုန်းခမျာ လေးခွက်မြောက်နို့လက်ဖက်ရည်ကို သောက်ခါစရှိသေး။ ကျန်းမုန့်လောင်၏ "နှစ်ဆ"ဟူသော စကားကြောင့် ထိတ်လန့်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးရလေသည်။
ကျန်းမုန့်လောင်အတွက်မူ ငါးဘီလီယံနှင့် ဆယ်ဘီလီယံဆိုသည်မှာ ဘာကွာခြားမှုမှမရှိပေ။ သာမန်ကိန်းဂဏန်းများသက်သက်သာဖြစ်၏။ သို့သော် ကျိုးတုန်းနှင့် ဂီတကုမ္ပဏီများအတွက်မူ ၎င်းမှာ များပြားလှစွာသော ပမာဏများဖြစ်၏။
သန်း၄၈၀နှင့် သန်း၅၇၀တည်းဟူသော ဤပမာဏများမှာ နှစ်တစ်ဝက်လောက် အစည်းအဝေးပေါင်းများစွာထိုင်ပြီး ညှိနှိုင်းဆွေးနွေးပြီးမှ သတ်မှတ်ထားသောဈေးနှုန်းဖြစ်သည်။
ဤသည်မှာ ကျိုးတုန်းဘက်က အဆမတန်ဈေးတင်ထားခြင်းမျိုးမဟုတ်ဘဲ သူ့သီချင်းများက ထိုမျှအထိဈေးကွက်တန်ဖိုးရှိနေသောကြောင့်ပင်။
အကြောင်းမှာ အစတုန်းက သူ့သီချင်းမူပိုင်ခွင့်များက သူ့ကုမ္ပဏီဟောင်းမှ ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သောကြောင့် သီချင်းမူပိုင်ခွင့်အများစုမှာ သူ ဆုံးဖြတ်၍ရနိုင်သောကိစ္စမဟုတ်ပေ။
တကယ်တမ်းတွင် သူ့ကုမ္ပဏီက ဤမျှမြင့်မားလှသော ဈေးနှုန်းကို တောင်းဆိုထားသည့်အတွက် သူကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုပမာဏကို သာမန်ကာလျှံကာဖြင့် နှစ်ဆမြှင့်လိုက်သည်။ ဒီနေ့ခေတ်လူချမ်းသာတွေကတော့ ငွေကို ဘယ်လိုဖြုန်းရမလဲဆိုတာ ကောင်းကောင်းသိကြတာပဲ။
"မစ္စတာကျန်း.. အဲ့ဒါက ဒီလောက်လွယ်မှာမဟုတ်ဘူးဗျ"
ကျိုးတုန်းက ပြောလိုက်သည်။
"ကျွန်တော့်ကုမ္ပဏီက သုံးဦးပိုင်အကျိုးတူသဘောတူညီချက်စာချုပ်ကို ချုပ်ထားပြီးပြီ။ ထန်ရွှင်းနဲ့ ဝမ်ယိကလွဲရင် တခြားကုမ္ပဏီတွေကို ကျွန်တော်တို့ မူပိုင်ခွင့်ပေးလို့မရဘူး။ ကျွန်တော်တို့သာ စာချုပ်ဖောက်ဖျက်ခဲ့မယ်ဆိုရင် လျော်ကြေးတစ်ဘီလီယံပေးရမှာ"
"စိတ်မပူပါနဲ့။ အဲ့ဒီတစ်ဘီလီယံကို ကျွန်တော့်စာရင်းထဲသာ ထည့်လိုက်ပါ"
ကျန်းမုန့်လောင်က ပူပင်ကြောင့်ကြကင်းစွာ ပြောလိုက်ပြန်သည်။
"မစ္စတာကျန်း.. အဲ့ဒါက သီးသန့်လိုင်စင်တစ်ခုဆိုတော့ ဈေးနှုန်းကလည်းကွာခြားမှုရှိလိမ့်မယ်"
ကျိုးတုန်းအနေနှင့် ထိုစကားကို အစဖော်ရန်ခက်ခဲနေသော်ငြား သူ့သီချင်းမူပိုင်ခွင့်မှာ သူ့ကုမ္ပဏီဟောင်းမှတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ပြောမှဖြစ်ပေလိမ့်မည်။
"ဒါဆိုလည်း အဲ့ဒါကို နှစ်ဆလုပ်လိုက်တာပေါ့"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ဘာအမူအရာမှ ရှိမနေချေ။
"နှစ်ဘီလီယံ.. ကျွန်တော် အွန်လိုင်းမူပိုင်ခွင့်ဆယ်နှစ်စာလိုချင်တယ်"
"အဟွတ် အဟွတ် အဟွတ်"
နှစ်ဘီလီယံကြောင့် ချောင်းဆိုးသံများမှာ ရပ်တန့်မသွားတော့ချေ။ ကျိုးတုန်းနှင့် သူ့လက်ထောက်လေးခမျာ ခေါင်းတွေချာချာလည်နေလေတော့သည်။
"မစ္စတာကျန်း… တဲ့တိုးပြောမိလို့ စိတ်မရှိပါနဲ့။ မူပိုင်ခွင့်ဝယ်ဖို့အတွက် နှစ်ဘီလီယံကို တကယ်ပဲသုံးချင်နေတာဆိုရင် အဲ့ဒီပိုက်ဆံကိုပြန်ရဖို့အတွက်ဆိုရင် အချိန်တော်တော်ကြာမယ်ထင်တယ်"
"ဒီသီချင်းမူပိုင်ခွင့်ကနေ ပိုက်ဆံရှာမယ်လို့ ကျွန်တော်မပြောမိပါဘူး"
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကိုကားပြလိုက်လေသည်။
"ဘာသဘောလဲဗျ"
ကျိုးတုန်းခမျာ ယခုတော့ စိတ်ရှုပ်ထွေးသွားရလေပြီ။ သူ့သီချင်းမူပိုင်ခွင့်ကို ဝယ်ယူခြင်းမှာ ဈေးကွက်ကိုလက်ဝါးကြီးအုပ်ဖို့မဟုတ်လား။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြင်းမှာလည်း ပိုက်ဆံရှာဖို့အတွက်မဟုတ်လား။
"တင်းဆန်ရှီနဲ့သူ့သားက ကျွန်တော့်ကို ရန်လာစထားလို့ ကျွန်တော်မကျေမနပ်ဖြစ်နေတာ။ အဲ့ဒါကြောင့် ကျွန်တော် ဂီတလောကကိုသိမ်းပိုက်ပစ်မလို့။ ရှင်းရှင်းလေးပါ"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"ကျွန်တော် အဆိုတော်တိုင်းရဲ့သီချင်းတွေအားလုံးကို အွန်လိုင်းထုတ်လွှင့်ဖို့အတွက် မူပိုင်ခွင့်ဝယ်ချင်တယ်။ သူတို့ကို ချောင်ပိတ်ဖို့အတွက်ပေါ့"
ထိုစကားကိုကြားသောအခါ ကျိုးတုန်း၏အမူအရာမှာ တောင့်တင်းသွားလေတော့သည်။ ဤမျှများပြားသော မူပိုင်ခွင့်များကို ဝယ်ယူဖို့အတွက်ဆိုပါက ပိုက်ဆံအမြောက်အများကျသင့်ပေလိမ့်မည်။ ဤသည်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တစ်ခုကြောင့်သာ စိတ်ကျေနပ်မှုရရန် ရည်ရွယ်ပြီး ဘီလီယံပေါင်းများစွာသုံးစွဲနေခြင်းပင်။ ဒါက တန်ရောတန်ရဲ့လား။
"မစ္စတာကျန်း.. ဝမ်ယိအုပ်စုက ခင်ဗျား ရန်စခံခဲ့ရတဲ့အတွက် ခင်ဗျားရဲ့လုပ်ရပ်တွေက နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ ထန်ရွှင်းကရော။ မာဟွားနဲ့သူ့သားကရော ခင်ဗျားအပေါ် အမှားလုပ်ထားလို့လား"
"မလုပ်ထားပါဘူး"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။
"သူတို့ရဲ့ကံဆိုးမှုကိုပဲ အပြစ်တင်ရမှာပေါ့။ သူတို့သာ ဝမ်ယိဂီတကို စောစောစီးစီးကတည်းက သိမ်းပိုက်နိုင်ခဲ့ရင် အခုလိုတွေလည်းဖြစ်လာစရာမရှိဘူးလေ"
"အမတတိုက်ပွဲတွေမှာ သေမျိုးတွေက ထိခိုက်နစ်နာကြရတာပါပဲ"
ကျိုးတုန်းခမျာ မာဟွားအတွက် ချွေးမပြန်ဘဲ မနေနိုင်ပေ။
ကျန်းမုန့်လောင်၏အကြံအစည်သာ အောင်မြင်သွားခဲ့ပါက ဝမ်ယီဂီတတစ်ခုတည်းသာ နစ်မြုပ်မည်မဟုတ်။ ထန်ရွှင်းဂီတလည်း ဒေဝါလီခံသွားရနိုင်သည်။ ဤဈေးကွက်ကား ကြောက်မက်ဖွယ်ရာပင်။
သို့သော် မာဟွားက ဘာမှလုပ်မထားသည့်အတွက် သူ တင်းဆန်ရှီကိုပင် သတ်ပစ်ချင်စိတ်ပေါက်လောက်သည်။
ကျန်းမုန့်လောင်၏ဂီတပလက်ဖောင်းက လုံးဝအခမဲ့ဖြစ်နေသရွေ့ သူတို့လိုချင်သောသီချင်းများကို ရှာမတွေ့သောပရိသတ်များကလည်း ပလက်ဖောင်းပြောင်း၍ အားပေးကြပေလိမ့်မည်။ အင်တာနက်ဆယ်လီအသေးစားများနှင့် ကာဗာအဆိုတော်များအတွက်မူ စားကျက်ပြောင်းရုံသာရှိသည်။
"အိုး..ဟုတ်သားပဲ။ ကာဗာမူပိုင်ခွင့်အတွက် နောက်ထပ်ဘီလီယံတစ်ဝက်ထပ်ဖြည့်လိုက်။ ခင်ဗျားရဲ့သီချင်းတွေက အရမ်းအင်အားကြီးတော့ ကာဗာသီချင်းတွေကလည်း ဈေးကွက်ရှိမှာပဲ"
"ခင်ဗျားက သူတို့တွေကို အပြတ်ရှင်းနေတာပဲ"
ကျိုးတုန်းခမျာ ပြည်မကြီးထဲရှိ အရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ သိရှိထားသည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သူသာ ဤလူကိုမသိပါက ယနေ့တွင် ကျန်းမုန့်လောင်လက်ချက်ဖြင့် သူလည်း ပိတ်ဆို့ခံလိုက်ရပြီး ထိုအချိန်တွင် ထန်ရွှင်းဂီတနှင့် ဝမ်ယိဂီတတို့လည်း ပျက်ကိန်းဆိုက်ရပေလိမ့်မည်။
"ပြဿနာတစ်ခုခုရှိရင် ကျွန်တော်အခုချက်ချင်းငွေချေပေးပါ့မယ်"
"နေပါဦး ခဏနေပါဦး.."
ကျိုးတုန်းမှာ ယခုလိုစီးပွားရေးချဉ်းကပ်ပုံမျိုးနှင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ ဘာတွေဖြစ်ကုန်တာလဲ။ သဘောတူစာချုပ်တောင် လက်မှတ်မထိုးရသေးဘူးလေ။ သူက ပိုက်ဆံပေးဖို့တောင် အဆင်သင့်ဖြစ်နေပြီပေါ့။
"ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုရှိလို့လား"
"မရှိ..မရှိပါဘူး.."
"ကောင်းသားပဲ။ ကျွန်တော်တို့ရဲ့နို့လက်ဖက်ရည်ကို ပြီးအောင်သောက်ဖို့က ပိုအရေးကြီးတယ်လေ။ စာချုပ်ကိုတော့ သောက်ပြီးမှ လက်မှတ်ထိုးလည်းရပါတယ်"
"ကောင်းပါပြီ"
"စကားမစပ် မစ္စတာကျိုး.. နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်ဗျ"
ကျန်းမုန့်လောင်က ရုတ်ခြည်းဆိုသလို တစ်စုံတစ်ရာကို အမှတ်ရလိုက်လေသည်။
"ပြောပါ မစ္စတာကျန်း"
"ကျွန်တော့်ရည်းစားလောင်းလေးက ခင်ဗျားရဲ့အမာခံပရိသတ်လေ။ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့စာချုပ်ချုပ်ချင်တာ။ တခြားဘာမှလုပ်စရာမရှိဘူးဆိုရင် ခင်ဗျား ကျွန်တော်တို့အတွက် ဖျော်ဖြေပေးလို့ရမလား။ ဒါမှမဟုတ် ကာရာအိုကေမှာ နည်းနည်းလောက်လာအော်ပေးပေါ့။ ခင်ဗျား ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်ပါ့လား"
"ကျွန်တော်.."
ကျိုးတုန်း၏မျက်နှာကား ခါးသက်မှုများဖြင့် ပြည့်နှက်သွားရသည်။ ဒါက ဖျော်ဖြေရေးသမားတစ်ယောက်သာသာမဟုတ်လား။ သူသည် အလွတ်တမ်းဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီပေါင်းများစွာ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်လေရာ ပိုက်ဆံအတွက်နှင့် သူ့ဂုဏ်သိက္ခာကိုတော့ ရောင်းဖို့မလိုပေ။
"တစ်နှစ်ကို သန်းငါးရာ"
"မစ္စတာကျန်း.. အဲ့ဒါက သိပ်မသင့်တော်ဘူးဗျ။ ကျွန်တော်က ဖျော်ဖြေမှုလုပ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့မရောင်းပါဘူး"
"အဲ့လိုကိုး။ ဒါဆို ခင်ဗျား ဖျော်ဖြေပွဲတစ်ခုကျင်းပပေးမယ်ဆိုရင် ဘယ်လောက်ပေးရမလဲ"
ကျိုးတုန်း : "I#¥#¥#%#%¥..."
......