ကျေနပ်ရင် ကိုယ့်ဘာသာသွားဝယ်လေ
Vol. 8 Ch. 116
ကျိုးတုန်းသည် ယခုအချိန်မှာ ပိုက်ဆံရှာဖို့ မလိုအပ်တော့ချေ။ ကျန်းမုန့်လောင်ကမ်းလှမ်းသော ပမာဏမှာ ငြင်းဆန်ရန် ခက်ခဲသော်ငြား သူ့ဦးစားပေးအရာများက လုပ်ငန်းမှ ဘဝနှင့်မိသားစုဆီသို့ ပြောင်းလဲသွားပြီဖြစ်၏။ သူ အလုပ်မလုပ်တော့လျှင်ပင် မီလျံနာတစ်ယောက်အဖြစ် ပျော်ပျော်ကြီးနေနိုင်သွားလေပြီ။ ထို့ကြောင့် သူ ကျန်းမုန့်လောင်၏ဖိတ်ကြားချက်ကို ငြင်းလိုက်လေသည်။
သို့သော် အနာဂတ်တွင် ဖျော်ဖြေပွဲတစ်ခု ကျင်းပပေးမည့်အကြောင်း ကျန်းမုန့်လောင်ကို သူ ကတိပေးလိုက်သည်။ သူ့အတွက် အကောင်းဆုံးထိုင်ခုံနေရာကိုလည်း ပြင်ဆင်ပေးမည်သာ။ သို့မဟုတ်ပါက သူတို့အချိန်ရသည့်အခါ အချင်းချင်းတွေ့ဆုံကြပြီး သိချင်းအတူဆိုလို့ရနိုင်သည်။
"ကောင်းပြီလေ။ ၂.၅ဘီလီယံကို ခင်ဗျားရဲ့အကောင့်ထဲထည့်လိုက်ပြီ။ အခွန်အခတွေပါ ကျွန်တော် ခင်ဗျားအတွက် ပေးထားပြီးပြီ"
"မစ္စတာကျန်းက အရမ်းရက်ရောတာပဲ"
၂.၅ဘီလီယံအတွက် အခွန်ပေးဆောင်ခြင်းမှာ အလွန်မြောက်များလှသော ပမာဏတစ်ခုပင်။ အဆိုတော်အများစုနှင့် သရုပ်ဆောင်များမှာ အခွန်အခကိုရှောင်တိမ်းရန်အတွက် နည်းလမ်းအမျိုးမျိုးကို သုံးကြသည်။ ကျန်းမုန့်လောင်ကတော့ အခွန်အခကို လိုလိုလားလားပေးဆောင်သည့်အပြင် သူ့အတွက် အခွန်ပေးဆောင်လိုက်ခြင်းမှာ တကယ်စိတ်လက်ပေါ့ပါးသွားစေသည်။
"ကျိုးတုန်း.. ပိုက်ဆံတွေ မင်းအကောင့်ထဲကိုရောက်နေပြီ"
ကျိုးတုန်း၏လက်ထောက်လေးက ပြောလာလေသည်။
၂.၅ဘီလီယံရောက်လာသည့်အတွက် ကျိုးတုန်းပင်လျှင် မပြုံးဘဲ မနေနိုင်ပေ။ သူ့ကုမ္ပဏီဟောင်းကို ဝေစုခွဲပေးရဦးမည်ဆိုလျှင်ပင် ဤပိုက်ဆံက သူ့ပိုင်ဆိုင်မှုကို နှစ်ဆတိုးသွားစေရန် လုံလောက်ပေသည်။ သဘောတူညီချက်တစ်ခုလေးက ယခင်က သူရှာထားခဲ့သော အားစိုက်ထုတ်မှုများနှင့် ညီမျှနေလေသည်။ သူ မပျော်ဘဲ နေနိုင်မည်တဲ့လား။
စာချုပ်မှာ လက်မှတ်ထိုးပြီးသွားသည်မှာ ယခုကစပြီး ကျန်းမုန့်လောင်၏ကုမ္ပဏီကလွဲလျှင် အခြားလူများက ကျိုးတုန်း၏သီချင်းများကို အွန်လိုင်းတွင် ဖြန့်ဝေခဲ့ပါက မူပိုင်ခွင့်ချိုးဖောက်ရာရောက်လိမ့်မည်ဟူသော သဘောပင်။ ထန်ရွှင်းဂီတပင်ဖြစ်စေ တခြားပလက်ဖောင်းများပင်ဖြစ်စေ ကျိုးတုန်း၏လွှမ်းမိုးမှုကြောင့် သူ့ပြိုင်ဘက်ကို အသာစီးမယူနိုင်တော့ပေ။
ကျန်းမုန့်လောင်က ကာဗာမူပိုင်ခွင့်ကို ဝယ်ယူသွားသည့်အတွက် သူတို့၏လက်ရှိမူပိုင်ခွင့်များ သက်တမ်းကုန်သွားပါက ထိုသီချင်းများလည်း အတင်းအကျပ်ဖြုတ်ချခံရမည်ဖြစ်၏။ သို့မဟုတ်ပါက သူတို့အနေနှင့် ကျန်းမုန့်လောင်ထံမှ ရှေ့နေသတိပေးစာကို ရလိမ့်မည်သာ။
"စကားမစပ်.. နောက်တစ်နေရာကိုသွားကြဦးမှာလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မသွားတော့ပါဘူး"
ကျိုးတုန်းက အပြုံးလေးဖြင့်ပြောလိုက်လေသည်။
မူပိုင်ခွင့်တွေကို မစ္စတာကျန်းဆီ ရောင်းပြီးသွားပြီဆိုမှတော့ သွားစရာမလိုတော့ဘူးလေ"
"ဒါနီ"
ကျိုးတုန်းက သူ့လက်ထောက်ကို ပြောလိုက်သည်။
"လက်မှတ်ဝယ်လိုက်တော့။ ငါတို့ပြန်ကြမယ်"
"အဲ့လိုလုပ်ဖို့မလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဟုန်းရီ.. ငါ့အတွက် စီစဉ်ပေးပါဦး။ မစ္စတာကျိုးကို ငါ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လိုက်ပို့ပေးလိုက်။ ပြီးတော့ ငါ့အတွက် မုန့်ကောင်ကြက်ဥခေါက်ကြော်ယူလာခဲ့ပေးဦး"
"မစ္စတာကျန်း… အဲ့လိုလုပ်ဖို့မလိုပါဘူး"
သူ့တွင် သန်းတစ်ရာတန်သည့် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး ရှိသည့်အတွက် ကျန်းမုန့်လောင်တွင်လည်း ရှိလိမ့်မည်ဖြစ်ကြောင် ကျိုးတုန်းတွေးမိထားသည်။ သို့သော် သူကတော့ ဧည့်သည်တစ်ယောက်ကို လိုက်ပို့ပေးဖို့အတွက်သာ သုံးနေပေသည်။
"စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်။ မိုတုမြို့မှာ ကျွန်တော့်ရဲ့ကိုယ်ပိုင်လေယာဉ်တွေတစ်ဒါဇင်ကျော်လောက်ရှိပါသေးတယ်"
"တစ်ဒါဇင်ကျော်.."
"စိတ်မလေးပါနဲ့ဗျာ။ ကျွန်တော်လည်း ခုံးကောင်ကြက်ဥခေါက်ကြော်စားချင်နေတာ။ ခင်ဗျားတို့ကိုပြန်ပို့ပေးဖြစ်တာက တကယ်တိုက်ဆိုင်လို့ပါ"
ခုံးကောင်ကြက်ဥခေါက်ကြော်စစ်စစ်တစ်ပွဲဝယ်ဖို့အတွက်နှင့် ကိုယ်ပိုင်ဂျက်လေယာဉ်ကို သုံးသတဲ့လား။ လာနောက်နေတာလား။
ကျိုးတုန်းနှင့် သူ့လက်ထောက်လေးမှာ ကျန်းမုန့်လောင်လို လူတစ်ယောက်၏ တွေးခေါ်ပုံနည်းနာများကို ဘယ်တော့မှနားလည်နိုင်မည်မဟုတ်ပေ။
ဤမျှများပြားသောပိုက်ဆံများနှင့်ဆိုလျှင် သူ့အတွက် ခုံးကောင်ကြက်ဥခေါက်ကြော်ကို အချိန်ပြည့်ချက်ပြုတ်ပေးနိုင်မည့် စားဖိုမှူးတစ်ယောက်ကိုပင် အလုပ်ခန့်နိုင်လေသည်။
"ဟားဟား..တကယ်တော့ ကျွန်တော့်မှာ စားဖိုမှူးတစ်ယောက်ရှိပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"သူ့ကို ကျန်းနန်မြို့ကနေ ခေါ်လာဖို့မေ့သွားလို့။ ဒီမှာရှိတဲ့စားဖိုမှူးတွေကလည်း သူတို့မိသားစုကို တွေ့ဖို့အတွက် နှစ်ရက်လောက်အလည်သွားကြတယ်လေ"
"ကျွန်တော်..ဝိုး.. တကယ်မိုက်တာပဲ…"
"မစ္စတာကျန်း…ခင်ဗျားရဲ့အိန္ဒိယပေါင်မုန့်ရောက်လာပါပြီ"
ထိုအချိန်မှာပင် ကျန်းမုန့်လောင်၏ဝန်ထမ်းတစ်ယောက်က အပြေးရောက်ချလာသည်။
"ဟင်း.. လမ်းမပိတ်ဘူးမလား"
"လမ်းပိတ်တာတဲ့လား"
ကျိုးတုန်းခမျာ မျက်လုံးပြူးကျယ်သွားရသည်။ လမ်းပိတ်ဆို့မှုအကြောင်းပြောပြီး လူမျိုးတစ်ခုပါပြောလိုက်သလားလို့။
"နေပါဦး။ ဒီပေါင်မုန့်က ဘာများလဲ"
ကျိုးတုန်းခမျာ ကြောက်မက်ဖွယ်ကောင်းသောအတွေးတစ်ခုကို တွေးလိုက်မိသည်။
"မစ္စတာကျန်း.. ဒါက အိန္ဒိယကနေ သယ်လာတာတော့မဟုတ်ပါဘူးနော်"
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
ကျန်းမုန့်လောင်က ထိုဝန်ထမ်းကို ပြောလိုက်သည်။
"ဒါကို သွားကင်ထားလိုက်။ မကြာခင် ဥရောပအနောက်ပိုင်းပေါင်မုန့်လည်း ရောက်လာတော့မှာ။ ငါတို့ ဒီည အိန္ဒိယပေါင်မုန့်ကို ဥရောပအနောက်ပိုင်းပေါင်မုန့်နဲ့ လိပ်ပြီးစားကြမယ်။ သွားပြင်ချေ"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
"အာ.."
အစကတော့ သူ့ကိုယ်သူ မီလျံနာဟု ကျိုးတုန်းထင်ထားခဲ့သော်ငြား ယခုတော့မူ သူသည် အတော်ဆင်းရြလေကြောင်း သဘောပေါက်လိုက်လေပြီ။
...
"ဘာ.. ကျိုးတုန်းက ငါတို့နဲ့စာချုပ်ဖျက်လိုက်ပြီပေါ့"
တင်းယွီရှီဆီသို့ စီးပွားရေးဌာနမှ ဖုန်းဝင်လာပြီး ပြောလိုက်သည့်စကားကြောင့် တဒင်္ဂမျှကြက်သေသေသွားရသည်။
"ဟုတ်ပါတယ်။ လျော်ကြေးလည်းပေးပြီးသွားပါပြီ"
"ထန်ရွှင်းကရော"
တင်းယွီရှီက မေးလိုက်ချေသည်။ ယခုဟွာရှားတွင် သူတို့၏ဝမ်ယိဂီတကို ယှဉ်နိုင်သောတ စ်ခုတည်းသောလုပ်ငန်းမှာ ထန်ရွှင်းအပြင် မရှိချေ။
"ကျွန်တော် အခုလေးတင်သွားမေးပြီးပါပြီ။ သူတို့ရဲ့သဘောတူစာချုပ်လည်း ဖျက်သိမ်းခံလိုက်ရတယ်တဲ့။ သူ့သီချင်းတွေအားလုံးရဲ့ သီးသန့်မူပိုင်ခွင့်တွေနဲ့ ကာဗာမူပိုင်ခွင့်တွေအားလုံးကို ဆယ်နှစ်သက်တမ်းနဲ့ ရောင်းလိုက်ပြီလို့ ကျိုးတုန်းရဲ့လက်ထောက်က ပြောတယ်တဲ့။
"ဆယ်နှစ်လား။ ပြီးတော့လည်း တစ်ဦးတည်းမူပိုင်ပေါ့"
ဤသည်မှာ ဘာအဓိပ္ပာယ်လဲဆိုသည်ကို တင်းယွီရှီ သိသည်။ ဤသည်မှာ နောက်ဆယ်နှစ်အတွင်းမှာ သူတို့ပလက်ဖောင်းအနေနှင့် ကျိုးတုန်း၏သီချင်းများကို ထုတ်လွှင့်ခွင့်မရှိတော့ဘူးဟူသော အဓိပ္ပာယ်ပင်။
၂၀၀၀ခုနစ်ဖွားများကတော့ ကျိုးတုန်းကို မသိကောင်းမသိနိုင်သော်ငြား သူ့သီချင်းများကို နားထောင်ရင်း ကြီးပြင်းလာသော ၈၀ခုနစ်နှင့် ၉၀ခုနစ်တွင် မွေးဖွားသူများက ယခုဆိုလျှင် ယနေ့ခေတ်လူ့အဖွဲ့အစည်းကြီး၏ ပင်မအင်အားစုများ ဖြစ်နေလေပြီ။
သူတို့မှာ ငွေကြေးအင်အားနှင့် သူ့သီချင်းများ၏မူပိုင်ခွင့်အခကြေးငွေကို ဝယ်ယူနိုင်သည့် ဝယ်နိုင်စွမ်းအားမျိုး ရှိသည်။ တော်တော်များများက သူ့သီချင်းများအတွက် ဗီအိုင်ပီဝင်ကြေးပင် ပေးဆောင်ရန် ဆန္ဒရှိကြသည်။ ထိုအထဲတွင် ဤအသက်အရွယ်အုပ်စုက တော်တော်များလေသည်။
"ဘော့စ်တင်း… ဝေးပေါ်ကိုကြည့်လိုက်ဦး။ ကျိုးတုန်းရဲ့မူပိုင်ခွင့်အားလုံးကို သူဝယ်လိုက်ပြီဆိုပြီး ကျန်းမုန့်လောင်က ပြောထားတယ်။ အဲ့ဒါတင်မကဘူး။ ရှုကျီထန်၊ လင်းကျွင်းကျယ်တို့ရဲ့မူပိုင်ခွင့်တွေရောပဲ။ ဘုရားရေ.. သူက ဟိုကိုရီးယားစူပါအဖွဲ့ရဲ့မူပိုင်ခွင့်ကိုတောင် ဝယ်ထားတယ်"
"ဘာ"
တင်းယွီရှီလည်း ဝေးပေါ်ကို ချက်ချင်းဖွင့်လိုက်လေရာ ကျန်းမုန့်လောင်၏ပို့စ်က ရှာဖွေမှုအများဆုံးစာရင်းထဲသို့ ဝင်နေလေသည်။
"သူငယ်ချင်းတို့.. သတင်းကောင်းလေးတစ်ခုကြေညာချင်လို့။ ကျွန်တော် မကြာသေးခင်ကပဲ ဂီတတောအုပ်လေးလို့ခေါ်တဲ့ ဥက္ကဋ္ဌဝမ်ရဲ့ဂီတပလက်ဖောင်းအသစ်နဲ့ အကျိုးတူပူးပေါင်းထားတယ်။ ဒီAppမှာ ခင်ဗျားတို့ သီချင်းတွေကိုအလကားနားထောင်ပြီး ဒေါင်းလုတ်လုတ်လို့ရပါတယ်။ မူပိုင်ခွင့်အားလုံးကိုလည်း ဝယ်ထားပြီးပြီ။ ပြီးတော့ ဗီအိုင်ပီကြေးလည်း သွင်းစရာမလိုဘူး။ တကယ်လို့ ကျွန်တော်တို့မူပိုင်ခွင့်မဝယ်ရသေးတဲ့ အဆိုတော်တွေရှိရင်လည်း ဖောက်သည်ဝန်ဆောင်မှုရေးရာကို အသိပေးပေးပါဦး။ ကျွန်တော်ဝယ်ပေးပါ့မယ်"
"သေစမ်း"
တင်းယွီရှီမှာ သူ့ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်မိသည်။ ပြည်တွင်းအနုပညာရှင်များ၏ မူပိုင်ခွင့်များကို ဝယ်ယူခြင်းမှာ မခက်ခဲလှပေ။ သို့သော် နိုင်ငံခြားအနုပညာရှင်မူပိုင်ခွင့်ကတော့ မတူတော့ပေ။ အခြားအရာများ မဆိုထားနှင့်။ လွန်ခဲ့သည့်နှစ်နှစ်တုန်းက ပြည်တွင်းပလက်ဖောင်းများက ""Big Bang"ဟုခေါ်သော အဖွဲ့၏မူပိုင်ခွင့်များကို ဆုံးရှုံးထားရပြီးဖြစ်၏။
သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့၏မူပိုင်ခွင့်ကို ဆယ်နှစ်သက်တမ်းဖြင့်ဝယ်ယူနိုင်ခဲ့ပေသည်။
"မိုက်လိုက်တာ။ ဘော့စ်ကျန်းကတော့ ဘော့စ်ကျန်းပါပဲ။ အရမ်းဩဇာညောင်းတာပဲ"
"သောက်ကျိုးနည်း…သောက်ကျိုးနည်း.. နောက်ဆုံးတော့ ဒီလိုပလက်ဖောင်းမျိုး ပေါ်လာပြီပဲ။ ငါ ဒါကို နှစ်ပေါင်းများစွာစောင့်နေခဲ့တာ"
"သီချင်းနားထောင်ဖို့ ဗီအိုင်ပီကြေးလည်း သွင်းစရာမလိုဘူးတဲ့။ ဗီအိုင်ပီဝယ်ရမယ်ဆိုရင်တောင်မှ ငါ နားထောင်ချင်တုန်းပဲ"
"ဝူးဝူး.. ငါ့ငယ်ရွယ်မှုလေးတော့သွားပါပြီ"
"အိုကေ ငါ ထန်ရွှင်းဂီတနဲ့ ဝမ်ယိဂီတတို့ကို ဖျက်ပြီးသွားပြီ"
"အပေါ်ကတစ်ယောက်ရေ… ငါလည်းဖျက်ပြီးသွားပြီ။ ပြီးတော့ ကြယ်တစ်လုံးတည်းနဲ့ Bad Reviewတောင် ရေးခဲ့သေးတယ်"
"ဟားဟားဟား"
"သေစမ်း.. ဂီတတောအုပ်လေးက မပေါက်သေးဘူးလား"
သူက ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲ။ ဒီလောက်အများကြီးသုံးထားပြီး အခကြေးငွေမတောင်းဘူးပေါ့"
"မင်း ရေမချိုးလို့ ပစ်မှတ်ထားနေတာလေ"
"မင်းက ချောလို့ ပစ်မှတ်ထားနေတာ"
...
"ဘော့စ်တင်း.. ကျွန်တော့်တို့appရဲ့ဒေါင်းလုတ်လုပ်နှုန်းက ကျသွားပြီ"
"Ratingလည်း ထိုးကျသွားတယ်"
"ဘော့စ်တင်း.. တစ်ခုခုအမြန်စဉ်းစားပါဦး။ ကျွန်တော်တို့ရဲ့မူပိုင်ခွင့်သက်တမ်းကုန်သွားတဲ့အခါကျရင် ကျွန်တော်တို့ပလက်ဖောင်းလည်း ပြိုလဲသွားလိမ့်မယ်"
"သူက တကယ်ရူးနေတာပဲ"
တင်းယွီရှီက ကျန်းမုန့်လောင်၏စကားကို ရုတ်တရက်အမှတ်ရလိုက်သည်။ ဤကိစ္စမှာ ဖြေရှင်းရလွယ်ကူလိမ့်မည်မဟုတ်ပေ။
..........