ကျွန်တော်က လျှော့ဈေးချထားတဲ့ပစ္စည်းတွေကို ဘယ်တော့မှမဝယ်ဘူး
Vol. 8 Ch. 118
"ငါးဆယ်ဘီလီယံ...."
မာဟွာသည် ရုတ်တရက်အထိတ်တလန့်ရေရွတ်လိုက်ရာ ခါးပင် မျက်သွားချေသည်။
စိတ်ပိုင်းဆိုင်ရာနစ်နာကြေးငါးဆယ်ဘီလီယံ တောင်းဆိုခြင်းမှာ ကြားပင်မကြားဖူးပေ။ ထို့ကြောင့် တင်းဆန်ရှီနှင့် သူ့သားတို့ ဈေးဆစ်ချင်နေကြသည်မှာ မဆန်းပေ။
ထိုပမာဏ၏ ငါးရာပုံတစ်ပုံသာဖြစ်စေကာမူ ပမာဏကား တစ်ဘီလီယံအထိ ရှိသေးသည်။ ဤသည်ကို စိတ်ပိုင်းဆိုင်ရာနစ်နာကြေးဟု ယူဆပါလျှင် အလွန်များပြားလှသော ငွေပမာဏတစ်ခုပင်။
"သူတို့ဘက်က အဲ့ဒီပမာဏမပေးလို့ သူတို့ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်နေတာလား။ ဒါကြီးက တအားအကျိုးအကြောင်းမသင့်ဘူးလားလို့"
"ကျွန်တော်က ဘာလုပ်မိလို့လဲ"
ကျန်းမုန့်လောင်က မကျေမနပ်ဖြစ်နေသောလေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဘာမှလုပ်စရာမရှိတာနဲ့ ပျင်းလွန်းလို့ အပန်းဖြေဖို့အတွက်ဆိုပြီး ဂီတပလက်ဖောင်းတစ်ခုကို ဖန်တီးလိုက်ရုံလေးပဲလေ။ လူလည်းမသတ်ဘူး။ ခိုးလည်းမခိုးခဲ့ဘူး။ မီးရှို့ခဲ့တာလည်းမဟုတ်ဘူး။ ကျွန်တော့်ကို အကျိုးအကြောင်းမသင့်တော်ဘူးလို့ ဘာလို့ပြောရတာလဲ"
"သူတို့ဘာသာ မူပိုင်ခွင့်တွေဝယ်ဖို့ ပိုက်ဆံမရှိလို့ ပလက်ဖောင်းဆက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရတာ ကျွန်တော့်အပြစ်လား"
"သူတို့ပြဿနာက ကျုပ်နဲ့ဘာဆိုင်လို့လဲ"
မာဟွား ငိုချမိတော့မည်။
ဝမ်လင်၏ ဂီတတောအုပ်လေးနှင့် နှိုင်းယှဉ်ပါက ထန်ရွှင်းဂီတသည် ပိုမိုရှည်လျားသော သမိုင်းကြောင်းတစ်ခုရှိသည်။ သို့သော် နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော်လည်း ဤကဲ့သို့သောတိုက်ခိုက်မှုမျိုးကိုတော့ ခံနိုင်ရည်မရှိချေ။ နာမည်အတိုင်းပင် ဂီတပလက်ဖောင်းတစ်ခုသည် ဂီတပလက်ဖောင်းတစ်ခုဟု သတ်မှတ်နိုင်ရန်အတွက် သီချင်းများကို လိုအပ်လေသည်။
ကျန်းမုန့်လောင်က သူ့လှည့်ကွက်များဖြင့် မိုဘိုင်းဂီတစျေးကွက်တစ်ခုလုံးကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ထားသည်။
သူ့ကို လက်ဝါးကြီးအုပ်မှုဖြင့် တရားစွဲလိုသလား။ သို့သော် ဂီတပညာရှင်များက ပိုက်ဆံစို့စို့ပို့ပို့ရထားပြီဖြစ်သောကြောင့် သူတို့၏မူပိုင်ခွင့်များကို အခြားသူများထံ မရောင်းချလိုပေ။ ဥပဒေအရ သူတို့ကို မူပိုင်ခွင့်အတင်းရောင်းခိုင်းခွင့်ရှိပါသလား။
ကျန်းမုန့်လောင်က စျေးကွက်ကို လက်ဝါးကြီးအုပ်နေကြောင်း လူတိုင်းသိသော်လည်း သူ့အပြုအမူတွင် မည်သည့်အမှားကိုမှ ရှာမတွေ့ချေ။ သူ့ကို ဘာလုပ်နိုင်မှာတဲ့လဲ။
"ညှိနှိုင်းလို့မရတော့ဘူးလား"
မာဟွားက မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပေ။ ကျန်းမုန့်လောင်သာ ဤအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လိုက်ပါက သူတို့အနေနှင့် သူ့ထက်ပိုများသော ငွေကြေးအင်အားကို မသုံးနိုင်ခဲ့လျှင် သူတို့ပလက်ဖောင်းပြိုလဲရမည်မှာ အနှေးနှင့်အမြန်ပင်။
"ကျွန်တော်ကဖြင့် ပိုက်ဆံတောင်သုံးထားပြီးပြီ။ ခင်ဗျား ဘယ်လိုထင်လဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဥက္ကဋ္ဌမာဟွား စိတ်ညစ်စရာမလိုပါဘူးဗျာ။ အချိန်ကျလာလို့ ဂီတတောအုပ်လေးက အခကြေးငွေကောက်ခံလာခဲ့ရင် ခင်ဗျားကို တစ်သက်တာဗီအိုင်ပီအခမဲ့သုံးစွဲခွင့် လက်ဆောင်ပေးမှာပါ"
"ကျုပ်က ဗီအိုင်ပီကြေးမတတ်နိုင်ဘူးလို့ ထင်နေတာလား"
မာဟွားခမျာ ရင်ဘတ်ထဲတွင် အမျက်မီးတောက်တစ်ခု တောက်လောင်လာသလို ခံစားနေရသည်။ ထန်ရွှင်းဂီတသည် အမေရိကန်ဒေါ်လာသုံးဆယ်ဘီလီယံနီးပါး တန်ဖိုးရှိပြီး ယခုအနေအထားသို့ ရောက်လာအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
မနက်ဖြန်စျေးကွက် ပြန်ဖွင့်ချိန်တွင် သူတို့၏စတော့ရှယ်ယာများ မည်မျှအထိ ကျဆင်းသွားမလဲဆိုသည်ကို သူ ကြိုတင်မြင်ယောင်နေပြီဖြစ်၏။ ကျန်းမုန့်လောင်ဘက်ကသာ လက်ရှိဗျူဟာကို လက်မလျှော့သရွေ့ ဤကျဆင်းမှုကလည်း ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။
ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ပလက်ဖောင်းတစ်ခုကို သူတို့ဘက်က ရောင်းချရန် ဆန္ဒရှိလျှင်တောင် မည်သူကမှ ဝယ်ချင်ကြမည်မဟုတ်ပေ။ အကြောင်းမှာမူ ကျန်းမုန့်လောင်နှင့် ယှဉ်ပြိုင်နေရသရွေ့ အနိုင်ရနိုင်စရာ အကြောင်းမရှိသောကြောင့်ပင်။
"တင်းဆန်ရှီ..မင်းရဲ့ဘိုးဘေးတွေကိုပါ ငါဆဲပစ်မယ်"
ကျန်းမုန့်လောင်အပေါ် အမျက်ထွက်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ ကျန်းမုန့်လောင်ကိုသာ ရန်စမိသွားပါက ငါးထောင်ဘီလီယံတန်ဖိုးရှိသည့် တန်ပြန်တိုက်ခိုက်မှုကြီးတစ်ခုကို ခံရနိုင်သည်။ ထိုပမာဏထက်ပိုများတာလည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် တင်းဆန်းရှီနှင့် သူ့သားကို ဒေါသထွက်ရုံသာ တတ်နိုင်လေသည်။
"ဥက္ကဋ္ဌမာ.. သိပ်လည်းဒေါသမထွက်ပါနဲ့"
ကျန်းမုန့်လောင်လည်း ရုတ်တရက်ဆိုသလို အကြံတစ်ခုရလိုက်သည်။ ဝမ်လင်၏ဂီတတောအုပ်လေးက အခြေခံအုတ်မြစ်ခိုင်မာမှုမရှိသလို ရှုထောင့်များစွာကလည်း ပြည့်စုံမှုမရှိသေးချေ။ သို့သော် ထန်ရွှင်းဂီတတွင် အပြီးပြည့်စုံဆုံးသော ထောက်ပံ့ရေးလုပ်ငန်းစုများ ရှိသည်။ ဤကုမ္ပဏီနှစ်ခုကိုသာ ပေါင်းစည်းလိုက်ပါက ပြဿနာအများအပြားကို ဖြေရှင်းနိုင်လိမ့်မည်သာ။
သူသာ ထန်ရွှင်းဂီတကို ဝယ်ယူနိုင်ပါက ဂီတတောအုပ်လေးကို လျင်မြန်စွာ အင်အားတောင့်တင်းလာစေရုံသာမက မာဟွားကိုပါ ကူညီရာရောက်ပေလိမ့်မည်။ နှစ်ဖက်စလုံးက သူ့အတွက် အကျိုးအမြတ်ရှိသော လုပ်ရပ်တစ်ခုပင်။ မာဟွားကို ကူညီပေးလိုက်ရသည်မှာ သူ့အတွက် သိပ်အသုံးမဝင်လေဟန်တော့ တူသည်။
"ဟား"
မာဟွားလည်း သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
"ကြည့်ရတာတော့ ထန်ရွှင်းဂီတရဲ့နေ့ရက်တွေက ကန့်သတ်ခံလိုက်ရပြီထင်ပါရဲ့"
ဂိမ်းများနှင့် အွန်လိုင်းထုတ်လွှင့်မှုက ထန်ရွှင်း၏အကြီးမားဆုံးသော ဝင်ငွေအရင်းအမြစ်ဖြစ်သော်လည်း သီချင်းများကလည်း အရေးပါသောကဏ္ဍတစ်ရပ်တွင် ပါဝင်လေသည်။ ဂီတပလက်ဖောင်း၏ကျရှုံးမှုက အပျက်အစီးအဆုံးအရှုံးလည်း များပြားသိသာပေလိမ့်မည်။
"ဥက္ကဋ္ဌမာ.. ကျွန်တော်က ကြင်နာတတ်တဲ့လူတစ်ယောက်ပါ"
ကျန်းမုန့်လောင်က မခံချိမခံသာဖြစ်စရာကောင်းသည့် လှောင်ပြောင်လိုဟန်လေသံဖြင့် ပြောလာခြင်းပင်။
"'နတ်ဘုရားတွေ'ကြားက တိုက်ပွဲက ခင်ဗျားတို့လို သေမျိုးတွေကိုထိခိုက်စေမှန်း ကျွန်တော်နားလည်ပါတယ်"
သူက စကားပြောခြင်းကို ခဏရပ်တန့်လိုက်သည်။
"အိုး..ဝမ်လင်ကိုတော့ 'နတ်ဘုရား'လို့ အင်တင်တင်နဲ့သတ်မှတ်ပေးလို့ရနိုင်ပါတယ်။ သူတို့က ကျွန်တော်အနိုင်ယူဖို့အတွက် တည်ရှိနေတဲ့ဖြစ်တည်မှုလေးတွေလေ"
"ဘာတွေပြောနေတာလဲ"
"ဥက္ကဋ္ဌမာသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ထန်ရွှင်းဂီတကို ဝယ်နိုင်ပါတယ်"
"တကယ်လား"
မာဟွား၏ မျက်ဝန်းအစုံကား တောက်ပလင်းလက်သွားရလေသည်။ ကျန်းမုန့်လောင်သာ ထန်ရွှင်းဂီတကို ဝယ်ယူရန် ဆန္ဒရှိနေသရွေ့ လွတ်လမ်းတစ်ခု ကျန်နေသေးသည်သာ။
ဈေးနှုန်းကတော့ အလွန်နှိမ်ခံရမည်ဆိုသော်ငြား လက်ထဲမှာတင် ပုပ်သိုးသွားမှာထက်စာလျှင် တော်သေးသည်။ သို့မဟုတ်ပါက တစ်ဝက်လောက်ပင် မရလိုက်ဘဲ ဖြစ်ချေတော့မည်။
"ဟုတ်တာပေါ့။ ကျွန်တော်တို့ရဲ့ဂီတတောအုပ်လေးကလည်း လုပ်ငန်းတိုးချဲ့လို့ရသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌမားရဲ့အဖွဲ့နဲ့ယှဉ်မယ်ဆိုရင် ကျွန်တော်တို့က အခြေမခိုင်သေးဘူးလေ"
ကျန်းမုန့်လောင် မြှောက်ပင့်နေခြင်းမျိုးမဟုတ်ပါဘဲ ဤသည်မှာ အမှန်တရားများပင်။
ကျန်းမုန့်လောင်အနေနှင့် ထန်ရွှင်းဂီတပြိုလဲချိန်အထိစောင့်ပြီး ထိုလူများကို အလုပ်ခန့်လိုက်လျှင်လည်း ရပါသော်ငြား စီမံခန့်ခွဲရေးပိုင်းဆိုင်ရာနှင့် ပတ်သက်လာလျှင် အစက ပြန်စဖို့ လိုပေလိမ့်မည်ဖြစ်ရာ တိုက်ရိုက်ဝယ်ယူပစ်လိုက်ခြင်းလောက် အဆင်ပြေချောမွေ့မှု မရှိနိုင်ချေ။
"ခင်ဗျားဘက်က ထန်ရွှင်းဂီတလက်ရှိဈေးကွက်တန်ဖိုးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ပေးဖို့ဆန္ဒရှိသရွေ့ ကျွန်တော့်ဘက်ကလည်း ခင်ဗျားကိုရောင်းပေးဖို့ ဆုံးဖြတ်ချက်ချလို့ရတယ်။ ကျွန်တော်တို့အုပ်စုထဲက ရှယ်ယာရှင်တွေလည်း ကန့်ကွက်လိမ့်မယ်လို့ မထင်ဘူး"
မာဟွားက ထိုသို့နှယ်ကြေညာလိုက်သည်။
"ရှစ်ဆယ်ရာခိုင်နှုန်း"ဟု ပြောလိုက်စဉ်တုန်းက မာဟွားလည်း စင်စစ်တွင် စိတ်မအေးလက်မအေးဖြစ်သွားရသည်။ အကြောင်းမှာ လက်ရှိအချိန်တွင် သူတို့၏ထန်ရွှင်းဂီတသည် စဉ်းတီတုံးပေါ်က ငါးတစ်ကောင်အလား ဖြစ်နေလေကြောင်း သူ ကောင်းစွာသဘောပေါက်ထားသောကြောင့်ပင်။ ကျန်းမုန့်လောင်ဘက်ကသာ လှုပ်ရှားလိုက်ပါက အတိဖြတ်ချခံလိုက်ရပြီဖြစ်လေရာ ဈေးနှုန်းကား ကျန်းမုန့်လောင်၏လက်ထဲတွင်သာ ရှိသည်။
ဤရှစ်ဆယ်ရာခိုင်နှုန်းမှာ အလွန်များပြားလှသော တောင်းဆိုမှုတစ်ခုဖြစ်၏။
"ဥက္ကဋ္ဌမာ.. ခင်ဗျား အရမ်းအနိုင်ကျင့်လွန်းအားကြီးတယ်လို့ မထင်ဘူးလား"
ထင်ထားသည့်အတိုင်းပင် ကျန်းမုန့်လောင်၏အသံမှာ အေးစက်ထက်ရှနေချေသည်။
"အဲ့ဒါက တကယ်လည်းဈေးမြင့်နေတာပါပဲ"
မာဟွားခမျာ ရုတ်ခြည်းဆိုသလို ပူပင်သောကရောက်သွားချေသည်။
"ဈေးနှုန်းက ညှိနှိုင်းလို့ရပါတယ်"
မာဟွားက မလုံမလဲရယ်မောလျက် ပြောလိုက်ချေသည်။
"သေစမ်း.. ခင်ဗျား ကျွန်တော့်ကို အထင်သေးနေတာလား"
ကျန်းမုန့်လောင်က စတင်ဆဲဆိုလေတော့သည်။
"ကျွန်တော် ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာနည်းနည်းလောက်ကို မတတ်နိုင်တဲ့လူများ ထင်နေလား။ ခင်ဗျား လိုက်မေးကြည့်လိုက်။ ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော်က ပစ္စည်းတစ်ခုဝယ်တဲ့အခါ ဘယ်တုန်းက လျှော့ဈေးတောင်းဖူးလို့လဲ"
"အာ ဒါက.."
ကျန်းမုန့်လောင်၏ ရပ်တည်ချက်ကြောင့် မာဟွားလည်း ခေါင်းခြောက်သွားရသည်။ သူက ဈေးတအားများတယ်ဆိုပြီး ကွန်ပလိန်းတက်ရမှာမဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့ သူက ဈေးတအားနည်းတယ်လို့ထင်နေပုံပဲ။
"ကိုးဆယ်ရာခိုင်နှုန်းဆိုရင်ရော"
မာဟွားလည်း ထပ်ကြိုးစားကြည့်လိုက်သည်။
"ဥက္ကဋ္ဌမာ. အဲ့ဒါလည်း တအားနိမ့်နေတုန်းပဲ"
ထိုအခိုက်ဝယ် မာဟွား၏လက်ထောက်က သူ့အား တိတ်တဆိတ်ဖုန်းထုတ်ပြလာလေသည်။
ဤသည်မှာ ဝမ့်တာအုပ်စုတွင် ကျန်းမုန့်လောင်တစ်ယောက် LVဆိုင်တစ်ဆိုင်လုံးကို ဝယ်ယူခဲ့စဉ်က အစီရင်ခံစာတစ်ခုဖြစ်၏။ ဤသတင်းဖြန့်ဖြူးမှုကို ခွင့်မပြုထားသော်လည်း တချို့လူများတွင် ဓာတ်ပုံတချို့နှင့် သတင်းအချက်အလက်ရေးသားထားတာမျိုး ရှိနေဆဲပင်။
"ဈေးညှိတာကိုပြောင်းပြန်လုပ်နေတာပဲ..."
မာဟွားလည်း ထိုအကြောင်းအရာကို တစ်ချက်ကြည့်လိုက်လေရာ ကျန်းမုန့်လောင်က အလွန်ဈေးကြီးလှသော ပစ္စည်းများကိုဝယ်ယူထားကြောင်း တွေ့လိုက်ရသည်။ ဆိုင်ရှင်မှာ ဈေးနှုန်းကိုလျှော့ချပေးရန် တက်တက်ကြွကြွကမ်းလှမ်းခဲ့သော်ငြား ကျန်းမုန့်လောင်ကတော့ ဒေါ်လာရာဂဏန်းအထိပင် တိုးလိုက်သေးသည်။ အကြောင်းအရင်းမှာကား သူသည် အကြွေနည်းနည်းလေးကို သဘောမကျသောကြောင့်ပင်။
"သူကတော့ ဦးနှောက်ချောင်နေပြီပဲ"
မာဟွားက ကျန်းမုန့်လောင်ကို ထိုသို့နှယ် အမည်တပ်လိုက်သည်။
"ဒီလိုဆိုရင်ရော။ ထန်ရွှင်းဂီတရဲ့လက်ရှိဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ၂၇.၈ဘီလီယံရှိတယ်။ ခင်ဗျားကို အမေရိကန်ဒေါ်လာ ၂၈ဘီလီယံနဲ့ရောင်းမယ်ဆိုရင်ရော"
"ကျွန်တော်က အစွန်းထွက်နေတာတွေမကြိုက်ဘူး"
ကျန်းမုန့်လောင်က ထပ်ပြောလိုက်ပြန်သည်။
"သုံးဆယ်ဘီလီယံပဲ ထားလိုက်ရအောင်"
"အဟွတ် အဟွတ် အဟွတ်"
မာဟွားကတော့ အမေရိကန်ဒေါ်လာ၂ဘီလီယံတိုးလိုက်ခြင်းကိုပင် များလှပြီဟုထင်မှတ်နေခဲ့သည်။ သို့သော် ကျန်းမုန့်လောင်ဘက်က အမေရိကန်ဒေါ်လာနှစ်ဆယ်ဘီလီယံဖြင့် လက်စသတ်လိုက်လိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
"ဒီပိုက်ဆံတွေက အဆိပ်ရှိနေလို့လား။ ဘာလဲဟ"
မာဟွားခမျာ မျက်ရည်ကျလုမတတ်ပင်။ သူ့ကမ္ဘာ့အမြင်ကား ယနေ့မှာပင် ပြိုလဲလုမတတ်ဖြစ်သွားရသည်။
"ဒါဆို ပြေလည်သွားပြီနော်"
ကျန်းမုန့်လောင်က ဤသို့နှယ် ကြေညာလိုက်သည်။
"မနက်ဖြန်မနက်ကျရင် ကျွန်တော် ရှယ်ယာလွှဲပြောင်းမှုကိစ္စအတွက် လူတစ်ယောက်လွှတ်လိုက်မယ်"
"မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တချို့က နိုင်ငံခြားမှာပါ။ သူတို့ ချက်ချင်းပြန်လာမယ်ဆိုရင်တောင် ဘာလေယာဉ်မှမရှိမှာစိုးရတယ်။ ဖြစ်နိုင်တာက..."
"သူတို့ ဘယ်မှာလဲ။ ကျွန်တော် သူတို့ကိုသွားခေါ်ဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်စီစဉ်ပေးမယ်"
ကျန်းမုန့်လောင် စိတ်မရှည်တော့ပေ။
"ကျွန်တော်တို့ မြန်မြန်ဆန်ဆန်လေးလုပ်လို့မဖြစ်ဘူးလား။ တင်းဆန်ရှီနဲ့ သူ့သားကို ကျွန်တော့်ဆီ လာတောင်းပန်စေချင်လှပြီ"
မာဟွား : "ငါ့စိတ်အစဉ်ကတော့ နောက်တစ်ခါထပ်ပြိုလဲသွားရပြန်ပြီ..."
.........